Graphics (γραφικός graphikos ဆိုတဲ့ ဂရိစာလုံးကလာပြီး ပုံဆွဲခြင်းနဲ့သက်ဆိုင်သောလို့ အဓိပ္ပာယ်ရ) ဆိုတဲ့ စကားလုံးဟာ နံရံတွေ၊ ကင်းဗတ်စတွေ၊ စခရင်တွေ၊ စာရွက်တွေ နဲ့ ကျောက်တုန်းတွေပေါ်မှာ အသိပေးခြင်း၊ ပုံဖော်ခြင်း ဒါမှမဟုတ် ဖျော်ဖြေရေးအတွက် ထွင်းထားတဲ့ပုံရိပ်ယောင်တွေ ဒါမှမဟုတ် ဒီဇိုင်းတွေဖြစ်ပါတယ်။ လတ်တလောအသုံးပြုမယ်ဆိုရင်တော့ သူ့မှာ ကွန်ပျူတာအသုံးပြု ဒီဇိုင်းဖန်တီးခြင်းနဲ့ ထုတ်လုပ်ခြင်းလိုပဲ ဒေတာတွေကို ရုပ်ပုံတွေအနေနဲ့ ဖော်ပြထားတာမျိုး၊ စာလုံးစီခြင်း နဲ့ ဂရပ်ဖစ်အနုပညာတွေ၊ ပညာရပ်ပိုင်းဆိုင်ရာနဲ့ ပြန်လည်ဖန်တီးမှုပိုင်းဆိုင်ရာပညာရပ်တွေ ပါဝင်ပါတယ်။ ကွန်ပျူတာကနေ ထုတ်လုပ်ပေးလိုက်တဲ့ ရုပ်ပုံတွေကို ကွန်ပျူတာ ဂရပ်ဖစ်လို့ခေါ်ပါတယ်။ ဥပမာအားဖြင့် ဓာတ်ပုံ၊ Drawing ပုံ၊ လိုင်းအနုပညာ၊ ဂရပ်ဖ်တွေ၊ ဒိုင်ယာဂရမ်တွေ၊ typography တွေ၊ နံပါတ်တွေ၊ သင်္ကေတတွေ၊ ပထဝီဆိုင်ရာဒီဇိုင်းတွေ၊ မြေပုံတွေ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာပုံတွေနဲ့ အခြားသောပုံပေါင်းများစွာတို့ဖြစ်ပါတယ်။ ဂရပ်ဖစ်တွေဟာပုံသဏ္ဍန်အမျိုးရှိနိုင်ပါတယ်။
တစ်ခါတလေမှာ စာသားတွေ၊ ပုံရိပ်တွေနဲ့ အရောင်တွေကို ပေါင်းစပ်ထားပါတယ်။ ဂရပ်ဖစ်ဒီဇိုင်းတွေမှာ brochureတွေ၊ လက်ကမ်းစာစောင်တွေ၊ ပိုစတာတွေ၊ ဝက်ဘ်ဆိုက်ဒ်တွေ နဲ့ စာအုပ်တွေမှာ အခြားသော ဘယ်လိုပေါင်းစပ်မှုမျိုးမှမလိုအပ်ဘဲ နှစ်သက်ရာကို သတ်မှတ်ရွေးချယ်ခြင်းတွေ၊ ဖန်တီးမှုတွေ ဒါမှမဟုတ် Typography ဖန်တီးမှုတွေပါဝင်ပါတယ်။ အဓိကရည်ရွယ်ချက်ဟာ ရှင်းလင်းပြတ်သားမှု ဒါမှမဟုတ် ထိရောက်တဲ့ ပြောဆိုဆက်သွယ်လိုမှု ဖြစ်နိုင်ပေမဲ့လည်း အခြားသော ယဉ်ကျေးမှုဆိုင်ရာ အရာတွေနဲ့တွဲဖက်လိုက်ခြင်းနဲ့ပဲဖြစ်စေ၊ တစ်ခုတည်းအနေနဲ့ ဖြစ်စေ၊ ထူးခြားဆန်းသစ်တဲ့ ဖန်တီးမှုတွေကိုလည်း ဖန်တီးနိုင်ပါတယ်။ ဂရပ်ဖစ်တွေကို အသုံးချဖို့ပဲဖြစ်စေ၊ အနုပညာလက်ရာတစ်ခုအနေနဲ့ပဲဖြစ်စေ မြင်နိုင်ပါတယ်။ အနုပညာအနေနဲ့ဆိုရင်တော့ ဓာတ်ပုံတွေလို မှတ်တမ်းမှတ်ရာတွေ၊ ဒါမှမဟုတ် သိပ္ပံပညာရှင်တစ်ယောက်က မရှိမဖြစ်လိုအပ်တဲ့ အရာတွေကို ထင်ရှားစေလိုတဲ့အခါမျိုးမှာဖြစ်စေ၊ ဒါမှမဟုတ် အနုပညာရှင်တစ်ယောက်အနေနဲ့ဆိုရင်တော့ ထူးခြားတဲ့ စိတ်ကူးယဉ်ပုံရိပ်တွေကို ပုံဖော်တဲ့အခါမျိုးမှာအသုံးပြုနိုင်ပါတယ်။ ဗိသုကာပညာရပ်တွေမှာလည်း ဂရပ်ဖစ်ကို အသုံးပြုနိုင်ပါတယ်။
ဂရပ်ဖစ်ဒီဇိုင်းရဲ့ သမိုင်းကြောင်း
သမိုင်းမတင်မီခေတ်ကို လေ့လာနေတဲ့ မနုဿဗေဒပညာရှင်တွေ တွေ့ခဲ့တဲ့ အစောဆုံးဂရပ်ဖစ်ဒီဇိုင်းတွေကတော့ BC 40,000 မှ BC 10,000 ကာလအတွင်း ကျောက်ခေတ်ဦးပိုင်းမှာဖြစ်စေ၊ အဲဒီထက်စောပြီးဖြစ်စေ၊ ဂူတွေထဲဆွဲခဲ့တဲ့ နံရံခြစ်ပန်းချီတွေ၊ ကျောက်တုံးကြီးတွေ၊ အရိုးတွေ၊ ဆင်စွယ်တွေ နဲ့ သမင်ချိုတွေပေါ်က အမှတ်အသားတွေဖြစ်ပါတယ်။ ဒီအရာတွေထဲက အများစုကတော့ နက္ခတ်ဆိုင်ရာ၊ ရာသီဥတုဆိုင်ရာ နဲ့ အဖြစ်အပျက်တွေကို အသေးစိတ်မှတ်တမ်းတင်ထားတဲ့ အရာတွေဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လက်ရှိကာလကနေ အစောဆုံးတွေ့ရှိထားတဲ့ ဂရပ်ဖစ်တွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ထောင်လောက်က ဆွဲထားခဲ့တဲ့ ကျောက်စာတွေနဲ့ ကြွေတံဆိပ်တုံးတွေဖြစ်ပါတယ်။ သမိုင်းတစ်ခေတ်အစပြုခဲ့တဲ့ အမှတ်အသားတွေနဲ့ စာရင်းအင်းအတွက် မှတ်တမ်းမှတ်ရာတွေအတွက် မှတ်သားခဲ့တာတွေဖြစ်ပါတယ်။ အီဂျစ်လူမျိုးတွေက ပိရမစ်တွေဆောက်ဖို့ ပလန်တွေကို Papyrus (ကျူစက္ကူ) လို့ခေါ်တဲ့ စာရွက်တစ်မျိုးနဲ့ အထက်ပါနည်းလမ်းတွေကို အစောဆုံးအသုံးပြုခဲ့တယ်လို့ ယူဆရပါတယ်။
သုံးစွဲတဲ့အခါမှာ (Materials) အဖြစ် ထုံးကျောက်နဲ့ သစ်သားပြားတွေကို အသုံးပြုခဲ့ပါတယ်။ BC 600 နဲ့ 250 ကြားမှာ ဂျီသြမေတြီပညာရပ်ကို အဓိကထားလေ့လာခဲ့တဲ့ ဂရိတွေက သူတို့ရဲ့ စက်ဝိုင်း သီအိုရမ်၊ ပိုက်သာဂိုးရပ်စ်သီအိုရမ် အစရှိတဲ့ သင်္ချာပညာရပ်ဆိုင်ရာ သီအိုရီတွေကို ဖော်ပြဖို့အတွက် ဂရပ်ဖစ်ကို အသုံးပြုခဲ့ပါတယ်။ အနုပညာမှာဆိုရင်တော့ ပန်းချီရေးသားခြင်းပညာနဲ့ ဆန့်ကျင်ဘက်ဖြစ်အောင် မိုနိုတုန်းတွေနဲ့ လိုင်းတွေကို ပြုလုပ်ရာမှာ ထင်ရှားအောင် အသုံးပြုခဲ့ပါတယ်။
Graphic ထဲမှာ တချို့ကို အကြမ်းဖျဉ်းခွဲခြားပြပါ့မယ်
Drawing (ပုံဆွဲသားခြင်း)
Drawing ဆိုတာက မျက်နှာပြင်တစ်ခုပေါ်မှာ ကိရိယာတစ်ခုကို သုံးပြီး ဖိခြင်း ဒါမှမဟုတ် ပစ္စည်းကို မျက်နှာပြင်တစ်လျှောက်ရွှေ့လျားခြင်းအားဖြင့် အရာထင်ကျန်အောင် ပြုလုပ်တဲ့ နည်းပညာလို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ ဒီပညာရပ်မှာ အသုံးပြုရတဲ့ ပစ္စည်းတွေကရှိကိုရှိရမှာဖြစ်ပါတယ်။ Graphical Drawing ဆိုတာက ကိရိယာတွေသုံးပြီး ဆွဲရတဲ့ ပုံဆွဲခြင်းနည်းတစ်ခုဖြစ်ပါတယ်။
Printmaking
Woodblock Printing လို့ခေါ်တဲ့ သစ်သားပုံနှိပ်စာကတော့ တရုတ်မှာ (AD 105 လောက်က) စာရွက်တွေ တီထွင်ခဲ့ပြီးတဲ့နောက် ပထမဆုံးတွေ့ရတဲ့ ပုံတွေပါ ပါဝင်တဲ့ ပုံနှိပ်စာဖြစ်ပါတယ်။ အနောက်တိုင်းမှာ အဓိကအသုံးပြုတဲ့ နည်းစနစ်တွေကတော့ ပုံထွင်းခြင်း၊ ပန်းတမော့ နဲ့ အက်ဆစ်နဲ့စားခြင်း (etching) အပြင် အခြားသော နည်းလမ်းတွေလည်း ရှိပါသေးတယ်။
Etching
Etching ဆိုတာကတော့ သတ္တုပြားတစ်ခုပေါ်မှာ အက်ဆစ်ကို သုံးပြီး ပုံရိပ်ထွင်းတဲ့ Intaglio နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အက်ဆစ်က သတ္တုကိုစားလိုက်ပြီး ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေကို ချန်ထားခဲ့ပါတယ်။ ဒါမှမဟုတ် အက်ဆစ်နဲ့ ထိတွေ့တဲ့ မျက်နှာပြင်က ပါးလွှာလွန်းနေတယ်ဆိုရင်တော့ သတ္တုပြားရဲ့ မျက်နှာပြင်ပေါ်မှာ လိုင်းတစ်ခုပဲ စားသွားတာမျိုးပါ။ Printmaking မှာ ဒီနည်းလမ်းကို စတင်အသုံးပြုခဲ့တာက ဂျာမနီနိုင်ငံ Augsburgက ဒယ်နီယယ်လ် ဟော့ပ်ဖာ (Daniel Hopfer: 1470-1536) ဖြစ်တယ်လို့ ယူဆရပါတယ်။ သူက သူ့ရဲ့ ချပ်ဝတ်တန်ဆာမှာ ဒီနည်းလမ်းကိုသုံးပြီး တန်ဆာဆင်ခဲ့ပါတယ်။ Etching ကို ပုံဖော်ထားပြီးသားဆားကစ်ပြားတွေ၊ ပြီးတော့ Semiconductor ပစ္စည်းတွေ ထုတ်လုပ်တဲ့အခါမှာ အသုံးပြုပါတယ်။
Line Art
Line Art ဆိုတာက အများအားဖြင့် နောက်ခံပေါ်မှာ အရမ်းကို ထင်ရှားနေတဲ့ လိုင်းတွေ၊ အကွေ့အကောက်တွေ ပါဝင်တဲ့ ပုံရိပ်တွေကို ဖော်ပြရာမှာ အသုံးပြုတဲ့ ယေဘုယျသုံး စကားလုံးဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ ပုံရိပ်ဖော်ခြင်း (အမှောင်) သို့မဟုတ် အရောင်တွေကို မသုံးဘဲ နှစ်ဘက်မြင် ဒါမှမဟုတ် သုံးဘက်မြင်အရာဝတ္ထုတွေကို ပုံပေါ်စေဖို့ အသုံးပြုပါတယ။် Line Art မှာတော့ များသောအားဖြင့် အရောင်တစ်မျိုးတည်းကို သုံးပေမဲ့ မျဉ်းတွေကတော့ အရောင်ကွဲတွေဖြစ်နိုင်ပါတယ်။
Illustration (ပုံရိပ်ဖော်ခြင်း)
ဇာတ်လမ်းတစ်ခုက ဇာတ်ကောင်တစ်ခုကို ပုံဖော်တယ်ဆိုတာကလည်း စိတ်ကူးယဉ်ပုံရိပ်တွေကို ပုံဖော်တာပါပဲ။ Illustration ဆိုတာကတော့ Drawing၊ ပန်းချီကားတွေ၊ ဓာတ်ပုံတွေနဲ့ အခြားသော အနုပညာလက်ရာတွေကို ပုံစံထက်စာရင် အကြောင်းအရာတွေကို ပိုပြီးအလေးပေးတဲ့ အနုပညာကို အတွေးထဲမြင်ယောင်လာစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Illustration ရဲ့ ရည်ရွယ်ချက်ကတော့ ဇာတ်လမ်းတစ်ခု၊ ကဗျာတစ်ပုဒ် ဒါမှမဟုတ် သတင်းတစ်ပုဒ်၊ အကြောင်းအရာတစ်ပုဒ်ကို တန်ဆာဆင်ဖို့ ဒါမှမဟုတ် ရှင်းလင်းစေဖို့ ဖြစ်ပါတယ်။ စာသားမှာဖော်ပြထားတဲ့ အရာတစ်ခုကို ပုံရိပ်ဖော်ပေးလိုက်ရုံပါပဲ။ နိုင်ငံရေးကာတွန်းတွေဟာ နိုင်ငံရေးရာ ဒါမှမဟုတ် လူမှုရေးရာ သတင်းစကားတစ်ခုခုပါဝင်နေတဲ့ Illustration ပဲ ဖြစ်ပါတယ်။ Illustration တွေကို ကျယ်ပြန့်လွန်းတဲ့ အကြောင်းအရာတွေနဲ့ အသုံးပြုပုံတွေကို ဖော်ပြနိုင်ဖို့အတွက် သုံးနိုင်ပါတယ်။ ဥပမာအားဖြင့် ဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ မျက်နှာတွေကို ပုံဖော်ခြင်း၊ ကျောင်းသုံးစာအုပ်တွေမှာ ဖော်ပြထားတဲ့ ပစ္စည်းတွေကို ဥပမာပေးတဲ့အခါမျိုးတွေမှာ အသုံးပြုခြင်း (Typology)၊ နည်းပညာလက်စွဲစာအုပ်တွေမှာ တစ်ဆင့်ချင်းလုပ်ဆောင်ရမယ့် ညွှန်ကြားချက်တွေကို ဖော်ပြပေးခြင်း၊ ဇာတ်လမ်းသွားတစ်ခုရဲ့ သိမ်မွေ့တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို ချိတ်ဆက်ပေးခြင်း၊ Brands တွေကို လူတွေရဲ့ ခံစားချက်တွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေ၊ တစ်ယောက်စီရဲ့ အတွေးတွေနဲ့ ချိတ်ဆက်ပေးခြင်း၊ စာဖတ်သူတွေကို ပြုံးစေ၊ ရယ်မောစေအောင် လုပ်နိုင်ခြင်းနဲ့ ပျော်ရွှင်ရယ်မောနိုင်စေခြင်း စတာတွေ ဖြစ်ပါတယ်။
Graph သို့မဟုတ် Chart
ဂရပ်ဖ် ဒါမှမဟုတ် ချပ်တွေကတော့ ဇယားကွက် ဒါမှမဟုတ် ကိန်းဂဏန်းအချက်အလက်တွေကို ဖော်ပြပေးထားတဲ့ Information Graphic တစ်ခုဖြစ်ပါတယ်။ ချပ်တွေကိုတော့ ဒေတာ ပမာဏအများကြီးနဲ့ ဒေတာထဲမှာ ပါဝင်တဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေကြားထဲက ဆက်သွယ်ချက်တွေကို နားလည်ရလွယ်ကူစေဖို့ အသုံးပြုပါတယ်။
Diagram
Diagram ဆိုတာကတော့ Concepts တွေ၊ အိုင်ဒီယာတွေ၊ တည်ဆောက်ပုံတွေ၊ ဆက်သွယ်ချက်တွေ၊ စစ်တမ်းကောက်ယူခြင်းတွေ အစရှိတဲ့ အရာတွေကို မြင်ယောင်လာစေဖို့ အသုံးပြုတဲ့ ရိုးရှင်းပြီး စနစ်တကျ တည်ဆောက်ထားတဲ့ ပုံရိပ်တစ်ခုပါ။ ခေါင်းစဉ်ကို ပိုပြီးရှင်းလင်းဖို့နဲ့ မြင်ယောင်လာစေဖို့အတွက် အသုံးပြုတာပါ။
Symbol (သင်္ကေတ)
သင်္ကေတတွေကတော့ အခြေအားဖြင့်ဆိုရင် ယူဆချက်တစ်ခု ဒါမှမဟုတ် အရေအတွက်တခုကို ကိုယ်စားပြုဖို့အတွက် အသုံးပြုတဲ့ အရာတစ်ခုပါ။ ဆိုလိုတာက အိုင်ဒီယာတစ်ခု၊ အရာတစ်ခု၊ Concept တစ်ခု၊ ဒါမှမဟုတ် အရည်အသွေးတစ်ခုအစရှိသဖြင့်ပါ။ စိတ်ပညာဆိုင်ရာနဲ့ အတွေးအခေါ်ပညာဆိုင်ရာ စကားရပ်အနေနဲ့ ပြောမယ်ဆိုရင်တော့ တွေးမြင်ယူဆချက်တွေရဲ့ သဘာဝမှာကို သင်္ကေတွေရှိနေပြီးတော့ သင်္ကေတဆိုင်ရာ အဓိပ္ပာယ်တွေ သို့မဟုတ် သင်္ကေတဆိုင်ရာ ယုံကြည်မှုတွေကို ဖော်ပြတဲ့အခါမှာ လျှို့ဝှက်ပစ္စည်းတွေကို သုံးပြီး ဖော်ပြတယ်လို့ အဓိပ္ပာယ်ရပါတယ်။
Map (မြေပုံ)
မြေပုံဆိုတာက နေရာတစ်ခုကို ရိုးရှင်းစွာ ဖော်ပြပြီး နေရာတစ်ခုအတွင်းမှာရှိနေတဲ့ အရာတွေကြားထဲက ဆက်သွယ်ချက်တွေကို ထင်ရှားအောင် ပြဆိုပေးတဲ့ သွားလာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် မြေပုံတွေက နှစ်ဘက်မြင်ပုံရိပ်တွေသာ ဖြစ်သော်လည်း ပထဝီအနေအထားအရ သုံးဘက်မြင်နေရာတွေကို တိကျစွာ ဖ်ာပြပေးနိုင်ပါတယ်။ Waldseemullerဆိုသူက ပထမဆုံးခေတ်မီမြေပုံတွေထဲက တစ်ခုကို တီထွင်ခဲ့တဲ့သူပါ။
ဓာတ်ပုံ
ဓာတ်ပုံပညာနဲ့ အခြားသော ဂရပ်ဖစ်တွေကြားက ကွာခြားချက် တစ်ခုကတော့ အခြားသော အဓိပ္ပာယ်တွေ မပါ ဝင်ဘဲ ဓာတ်ပုံဆရာက လက်ရှိဖြစ်ပေါ်နေတဲ့ အဖြစ်တွေထဲက ဖြစ်ရပ်တစ်ခုကိုပဲ မှတ်သားထားတာ ဖြစ်ပါတယ်။ဒါပေမဲ့ ဓာတ်ပုံဆရာကမြင်ကွင်းတွေ။ ရိုက်မယ့်ထောင့်တွေနဲ့ အခြားသောနည်းလမ်းတွေဖြစ်တဲ့ မှန်ဘီလူးတွေကို သုံးပြီး မြင်ကွင်းကို ဝေဝါးအောင်လုပ်ခြင်း၊ Filter သုံးပြီး အရောင်တွေကို ပြောင်းလဲလိုက်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ မကြာသေးခင် အချိန်ကပဲ ဒစ်ဂျစ်တယ်ဓာတ်ပုံပညာက မြန်ဆန်ပြီး ကောင်းမွန်လွန်းတဲ့ ဖန်တီးမှုတွေပြုလုပ်နိုင်စေခဲ့ပါပြီ။ ဓာတ်ပုံပညာရဲ့ အစောပိုင်းကာလတွေမှာတောင် စစ်ပွဲတွေလို ရိုက်ဖို့ ခက်ခဲတဲ့ ဖြစ်ရပ်တွေကို ပြန်လည်ဖန်တီးယူရိုက်ကူးပြီး တကယ်ဖြစ်ပျက်ခဲ့တယ်လို့ လက်တွေ့ ဖော်ပြလိုက်တဲ့အခါမှာ အငြင်းပွားစရာတွေ ဖြစ်လာခဲ့ပါတယ်။ ဒီတော့ အနည်းငယ်လောက်သာ အဆိုးမြင်ဘက်က ရိုက်ကူးလိုက်မယ်ဆိုရင်တောင် ကြည့်ရှုသူတွေအတွက် အကျိုးသက်ရောက်မှု အကြီးကြီးဖြစ်သွားနိုင်စေပါတယ်။ မြင်ကွင်းကို ရွေးချယ်တာကလည်း ပြင်းထန်တဲ့ အကျိုးသက်ရောက်မှုတစ်ခုကို ဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖြစ်အပျက်တစ်ခုမှာ မလိုချင်တဲ့အစိတ်အပိုင်းတွေကို ဖြတ်ထုတ်လိုက်ခြင်း၊ ဒါမှမဟုတ် ရှောင်ရိုက်ခြင်းအားဖြင့် ဖြစ်ရပ်မှန်တစ်ခုကို ဖုံးကွယ်လိုက်သလို ဖြစ်သွားစေနိုင်ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းဟာ အမှန်တရားဆိုတာ ဘာလဲလို့ ပြန်မေးရလောက်တဲ့အထိ စိတ်ပိုင်းဆိုင်ရာမေးခွန်းတွေ ဖြစ်ပေါ်လာစေပါတယ်။ လူသားတွေရဲ့ ဦးနှောက်တွေဟာ ရရှိလာတဲ့ အချက်အလက်တွေကို ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ မြင်စေချင်တဲ့အရာတွေကိုသာ မြင်ခိုင်းလိုက်တဲ့အမျိုးပါ။ ဓာတ်ပုံပညာကလည်း ဒီလိုပါပဲ။ ဓာတ်ပုံဆရာက မြင်ကွင်းအတိုင်း၊ ဖြစ်ရပ်မှန်အတိုင်း ရိုက်လိုက်ရင်တောင် လူတွေက တွေးချင်ရာတွေးပြီး မြင်လိုက်ကြတာမျိုးပါ။
Engineering Drawing
အင်ဂျင်နီယာရပ်ပိုင်းဆိုင်ရာ Drawing တွေကတော့ သဘာဝကိုက နည်းစနစ်ကျကျဖြစ်နေတဲ့ Drawing ပုံစံတစ်မျိုးပါ။ ဒါကိုတော့ ပစ္စည်းတစ်ခုထုတ်လုပ်ဖို့ လိုအပ်ချက်တွေကို ပြည့်စုံရှင်းလင်းအောင် ဖော်ပြရာမှာ သုံးပါတယ်။ Layout (ပုံဖော်မှု) တွေ၊ Nomenclature (စာလုံးဖွဲ့စည်းပုံ) တွေ၊ ဘာသာပြန်ဆိုမှုတွေ၊ သူတို့ရဲ့ ပုံပန်းသဏ္ဍာန်တွေ ဖြစ်တဲ့ စာလုံးပုံစံတွေ၊ မျဉ်းကြောင်းပုံစံတွေ၊ အရွယ်အစားတွေ စတာတွေကို စံပြုသတ်မှတ်ထားတဲ့ သဘောတူညီမှုတွေအရ ဖန်တီးရတာဖြစ်ပါတယ်။
Computer Graphics
ကွန်ပျူတာ ဂရပ်ဖစ်မှာ နှစ်မျိုးရှိပါတယ်။
၁။ Raster Graphics
Pixel တစ်ခုချင်းစီကို သီးခြားသတ်မှတ်ပေးထားတာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်လ် ဓာတ်ပုံတွေလိုပါပဲ။
၂။ Vectors Graphics
သင်္ချာဖော်မြူလာတွေကို အသုံးပြုပြီး လိုင်းတွေ၊ ပုံစံတွေကိုသုံး၍ ဆွဲသားပြီး ပုံရိပ်ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။
Vectors တွေကို အသုံးပြုခြင်းအားဖြင့် ပြတ်သားကောင်းမွန်တဲ့ ဂရပ်ဖစ်တွေကို ရရှိပြီး ဖိုင်ဆိုက်ဒ်လည်း သေးပါတယ်။ ဒါပေမဲ့ ရှုပ်ထွေးတဲ့ Vectors တွေကို သုံးတဲ့အခါမှာတော့ ကြည်လင်ပြတ်သားအောင်လုပ်ဖို့ အချိန်ကြာပါတယ်။ ယှဉ်ကြည့်မယ်ဆိုရင်တော့ Raster ဂရပ်ဖစ်ထက် ဖိုင်ဆိုဒ်က ကြီးနေပါလိမ့်မယ်။ ၁၉၅၀မှာ MIT ရဲ့ Whirlwind I ကွန်ပျူတာမှာ ပထမဆုံး ကွန်ပျူတာအသုံးပြု Display တစ်ခုကို တွဲဖက်ပေးခဲ့ပါတယ်။ သူ့နောက်မှာတော့ MIT ရဲ့ TX-0 နဲ့ TX-2 က လိုက်လာပြီး ၁၉၅၀နောက်ပိုင်းမှာ ကွန်ပျူတာ ဂရပ်ဖစ်တွေပေါ်မှာ စိတ်ဝင်စားမှုမြင့်တက်လာစေတဲ့ Interactive Computing ကို ရရှိစေခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ Ivan Sutherland က Sketchpad ကို တီထွင်ခဲ့ပါတယ်။ Sketchpad ဆိုတာက ကွန်ပျူတာတွေနဲ့ ဆက်စပ်အသုံးပြုတဲ့နည်းလမ်းတွေကို လွှမ်းမိုးမှုအရှိဆုံး ခေတ်ရှေ့ပြေး ပရိုဂရမ်တစ်ခုဖြစ်ခဲ့ပါတယ်။ ၁၉၆၀ အလယ်ပိုင်းတွေမှာတော့ ကြီးမားတဲ့ ကွန်ပျူတာ ဂရပ်ဖစ် သုတေသနပရောဂျက်တွေကို MIT, General Motors, Bell Labs Lockheed Corporation တွေမှာ စတင်လုပ်ဆောင်ခဲ့ပါတယ်။ MIT ရဲ့ Douglas T. Ross က ဂရပ်ဖစ် ပရိုဂရမ်းမင်းအတွက် အဆင့်မြင့် ပေါင်းစပ်ပေးတဲ့ ဘာသာစကားတစ်ခု (Compiler Language) ကိုတီထွင်ခဲ့ပါတယ်။ MIT မှာပဲ S.A. Coons နဲ့ ဘိုးအင်းက J.C. Ferguson တို့က ပုံဖော်ထားတဲ့မျက်နှာပြင်တွေကို စပြီး လုပ်ဆောင်ခဲ့ပါတယ်။ GM က သူတို့ရဲ့ DAC-1 စနစ်ကို ဖော်ဆောင်ခဲ့ပြီး အခြားကုမ္ပဏီတွေဖြစ်တဲ့ Douglas, Lockheed နဲ့ McDonnell တို့က တစ်မူထူးခြားတဲ့ တိုးတက်မှုတွေ ရအောင် ပြလုပ်နိုင်ခဲ့ပါတယ်။
၁၉၆၈ခုနှစ်မှာတော့ IBM Research Center, Yorktwon Heights , N.Y (1) က Arthur Appel က Rendering နည်းလမ်းတစ်ခုဖြစ်တဲ့ Ray Tracing ကို ပထမဆုံး ဖော်ပြခဲ့ပါတယ်။ ၁၉၇၀နောက်ပိုင်းတွေမှာတော့ တစ်ကိုယ်ရည်သုံးကွန်ပျူတာတွေက အခြေခံပုံတွေပဲဖြစ်ဖြစ်၊ ရှုပ်ထွေးတဲ့ ပုံတွေပဲ ဖြစ်ဖြစ် ဆွဲနိုင်သည်အထိ အစွမ်းပိုထက်လာခဲ့ပါတယ် ။ ၁၉၈၀ပြည့်နှစ်တွေမှာတော့ အနုပညာရှင်တွေနဲ့ ဂရပ်ဖစ် ဒီဇိုင်နာတွေက တစ်ကိုယ်ရည်သုံး ကွန်ပျူတာတွေဖြစ်တဲ့ Commodore Amiga နဲ့ Macintosh ကို အလေးအနက်ထားရမယ့် ဒီဇိုင်း Tool တစ်ခုအဖြစ် စပြီး မြင်လာကြပါပြီ။ အချိန်ကုန်သက်သာစေပြီး အခြားသောနည်းလမ်းတွေနဲ့စာရင် ပိုပြီး တိကျအောင် ဆွဲပေးနိုင်ခြင်းကြောင့်လည်း ဖြစ်ပါတယ်။ ၁၉၈၀နှောင်းပိုင်းမှာ အစွမ်းထက်တဲ့ SGI ကွန်ပျူတာတွေကြောင့် 3D ကွန်ပျူတာ ဂရပ်ဖစ်တွေကို စတင်ရေးဆွဲလာနိုင်ပါပြီ။ ဒါတွေကိုပဲ နောက်ပိုင်း Pixar ကနေပြီး ပထမဆုံး ကွန်ပျူတာကိုအသုံးပြုခဲ့တဲ့ ဇာတ်လမ်းတိုတွေကို ဖန်တီးဖို့ အသုံးပြုခဲ့ပါတယ်။
Macintosh ကတော့ ကွန်ပျူတာ ဂရပ်ဖစ်ဒီဇိုင်း စတူဒီယိုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကွန်ပျူတာဂရပ်ဖစ်အတွက် လူကြိုက်အများဆုံး ကိရိယာတစ်ခုအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ ၁၉၈၀နဲ့ နောက်ပိုင်း မော်ဒန်ကွန်ပျူတာစနစ်မှာ ဒေတာတွေနဲ့ သတင်းအချက်အလက်တွေကို စာသားနဲ့ဖော်ပြမယ့်အစား သင်္ကေတတွေ၊ Icon တွေ၊ ရုပ်ပုံတွေကို GUI(Graphical User Interface) ကို သုံးခဲ့ပါတယ်။ Multimedia နည်းပညာတွေမှာ ဂရပ်ဖစ်တွေက အခြေခံအကျဆုံးအချက် ၅ချက်ထဲက တစ်ချက်အပါအဝင်ဖြစ်ပါတယ်။ 3D ဂရပ်ဖစ်တွေက ၁၉၉၀ပြည့်နှစ်တွေမှာ ဂိမ်းတွေ၊ Multimedia တွေနဲ့ animation တွေမှာ ပိုပြီး လူကြိုက်များလာပါတယ်။ ၁၉၉၆မှာတော့ ပထမဆုံး 3D နည်းပညာသုံး ဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ Quake ကို ထုတ်လုပ်ခဲ့ပါတယ်။
၁၉၉၅ခုနှစ်မှာတော့ ပထမဆုံး ကွန်ပျူတာ နည်းပညာသုံး animation ရုပ်ရှင်တစ်ခုဖြစ်တဲ့ Toy Story ကို ရုပ်ရှင်ရုံတွေမှာ စတင်ပြသခဲ့ပါတယ်။ အဲဒီအချိန်ကနေ စပြီး ကွန်ပျူတာ ဂရပ်ဖစ်တွေက ပိုပြီး တိကျလာပြီး အသေးစိတ်လုပ်ဆောင်လာနိုင်ပါတယ်။ ပိုအစွမ်းထက်လာတဲ့ ကွန်ပျူတာတွေနဲ့ ပိုကောင်းတဲ့ 3D modeling software applications တွေဖြစ်တဲ့ Maya, 3D Studio Max နဲ့ Cinema 4D တွေကြောင့်ဖြစ်ပါတယ်။ ကွန်ပျူတာဂရပ်ဖစ်တွေကို Screensaver အနေနဲ့လည်း အသုံးပြုကြပါတယ်။ နဂိုမူလရည်ရွယ်ချက်ကတော့ အရေးပါတဲ့ GUI Layout တွေကို ကွန်ပျူတာဖန်သားပြင်ပေါ်မှာ အချိန်အကြာကြီး ဖော်ပြနေခြင်းမှ ကာကွယ်ဖို့ အတွက်ဖြစ်ပါတယ်။ Screensaver တွေက အဲ့ဒီအချိန်ကစပြီး အနုပညာလက်ရာတွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။ သူတို့ရဲ့ နဂိုမူလရည်ရွယ်ချက်က မှေးမှိန်သွားပြီး ခေတ်မီဖန်သားပြင်တွေမှာတော့ ဒီလိုတွေ ကာကွယထားဖို့မလိုတော့ပါဘူး။ ၁၉၉၀ ပြည့်နှစ်တွေမှာတော့ အင်တာနက် မြန်နှုန်းတက်လာတာနဲ့အမျှပုံရိပ်တွေကို ကြည့်ရှုနိုင်တဲ့ အင်တာနက်ဘရောက်ဆာတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ပထမဆုံးကတော့ Mosaic ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်ဒ်တွေက သေးငယ်တဲ့ ဂရပ်ဖစ်တွေဖြစ်တဲ့ banners တွေ၊ ကြော်ငြာတွေ၊ Navigation buttons တွေကို ဖော်ပြဖို့အတွက် webpage တွေမှာ GIF Format တွေကို အသုံးပြုခဲ့ပါတယ်။ ခေတ်မီ Web Browser တွေကတော့ Webpages တွေပေါ်မှာ GIF တွေအပြင် JPEG, PNg နဲ့ ခုနောက်ပိုင်းမှာတော့ SVG ပုံတွေကို ဖော်ပြပေးလာနိုင်ပါပြီ။ SVG နဲ့ VML တွေကို အချို့သော ခေတ်မီ Web Browser တွေမှာ ထောက်ပံ့ပေးလာနိုင်ပြီး Vector Graphic တွေကို ဘယ်အရွယ်အစားမဆို ရှင်းလင်းပြတ်သားနေအောင် ဖော်ပြပေးလာနိုင်ပါပြီ။ Plugins တွေကလည်း Web Browsers တွေရဲ့ လုပ်ဆောင်ချက်တွေကို ကျယ်ပြန့်လာစေပြီး SWF နဲ့ X3D အစရှိတဲ့ ဖိုင်ဖောမက်တွေထဲမှာ ပါဝင်နေတဲ့ အပြန်အလှန်ဆက်သွယ်နိုင်ပြီး Animated လုပ်ထားတဲ့ 3D Graphic တွေကို ဖော်ပြလာနိုင်ပါတယ်။ Web Forum တွေမှာ အသုံးပြုတဲ့ Signature Artများ
ခေတ်မီ Web Graphics တွေကို Adobe Photoshop, the GIMP သို့မဟုတ် Corel Paint Shop Pro အစရှိတဲ့ ဆော့ဖ်ဝဲလ်တွေနဲ့ ပြုလုပ်လာနိုင်ပါပြီ။ MS window အသုံးပြုသူတွေကတော့ လုပ်ဆောင်ချက် မပြည့်စုံဘူးလို့ ထင်ရတဲ့ MS Paint သာ ရှိပါတယ်။ MS Paint ဟာ Drawing အတွက် ဖန်တီးထားတာဖြစ်ပြီး ဂရပ်ဖစ်အတွက် ဖန်တီးထားတာ မဟုတ်လို့ပါ။
ဂရပ်ဖစ်အနုပညာရှင်တွေနဲ့ သူတို့ရဲ့ အဖွဲ့အစည်းတွေကို စုစည်းပေးဖို့အတွက် များပြားလှတဲ့ ပလက်ဖောင်းတွေနဲ့ ဝက်ဘ်ဆိုက်ဒ်တွေကို ထူထောင်ထားပေးပြီးပါပြီ။ ဓာတ်ပုံပြုပြင်ဖန်တီးခြင်းနဲ့ ကြီးမားတဲ့ ဂရပ်ဖစ်တွေ အစရှိတဲ့ ဒစ်ဂျစ်တယ် အနုပညာတွေနဲ့ User ရဲ့ ပို့စ်အနောက်မှာ ပေါ်လာတတ်တဲ့ အင်တာနက်ဖိုရမ် signatures တွေကို လူတွေက ဖန်တီးအသုံးပြုလာပါပြီ။ ကွန်ပျူတာဂိမ်းဖန်တီးသူတွေက သူတို့ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေပေါ်မူတည်ပြီး ကိုယ်ပိုင်အဖွဲ့အစည်းတွေကို ဖန်တီးလာကြပါတယ်။ များပြားလှစွာသော ဝက်ဘ်ဆိုက်ဒ်တွေကလည်း Fans တွေအတွက် ဂရပ်ဖစ်တွေထပ်ပြီး ဖြည့်ဆည်းပေးနိုင်ဖို့အတွက်နဲ့ User တွေက သူတို့ရဲ့ Gaming Profile တွေကို သုံးပြီး အဆိုပါဂိမ်းတွေကို နှစ်သက်ကြောင်း ပြနိုင်ဖို့အတွက် ဖန်တီးနိုင်ခဲ့ပါပြီ။
(ထွန်းလင်းနောင်)
Ref; Internet
Ref; ဆရာဆန်နီငြိမ်း ဂရပ်ဖစ်အနုပညာ
Ref; ဆရာကြီးဦးဝင်းဖေ (2017 ဂရပ်ဖစ်ဒီဇိုင်းပြပွဲ ဟောပြောမှုမှ)
Ref; ဆရာမောင်မောင်လှမြင့် (2017 ဂရပ်ဖစ်ဒီဇိုင်းပြပွဲ ဟောပြောမှုမှ)
No comments:
Post a Comment