Thursday, May 17, 2018

ဘဏ်တစ်ဘဏ်၏ ပြိုလဲဖို့မလွယ်ကူသောအကြောင်းများ



ပထမဦးဆုံး SME Loan ဆိုတဲ့အကြောင်းကို ပြောချင်ပါတယ်။ တကယ်တော့ SME Loan (Small & Medium Enterprise Loan (အသေးစားနဲ့အလတ်စားချေးငွေ) ဆိုတာကို ဘဏ်တွေကထုတ်ချေးတဲ့အခါမှာ ကျွန်တော်တို့သိထားတဲ့ ပြည်သူတွေရဲ့ အပ်ငွေကနေ ထုတ်ချေးတာမဟုတ်ဘူးဆိုတာပါ။ ဒီငွေတွေကို ထုတ်ချေးဖို့ ဘယ်ကနေ ရသလဲဆိုရင် သတ်မှတ် စည်းကမ်းနဲ့အညီ ခွင့်ပြုပေးထားတဲ့ နိုင်ငံခြားဘဏ်တွေ (ဥပမာ - Asia Development Bank (ADB)) လိုဘဏ်မျိုးတွေကနေ ထုတ်ပေးတဲ့ ငွေတွေကို SME တွေထုတ်ပေးတာဖြစ်ပါတယ်။ အဲဒီဘဏ်တွေက အလကားပေး တာတော့မဟုတ်ပါဘူး သတ်မှတ်အတိုးနှုန်းတစ်ခု (ဥပမာ - ၃% ၊ ၄%) လောက်နဲ့ ထုတ်ပေးပါတယ်။ ဒါကို ပြည်တွင်းမှာရှိတဲ့ဘဏ်တွေကနေ ပုံမှန်ချေးငွေအတိုးနှုန်းထက် သက်သာတဲ့ နှုန်းထားနဲ့ (၈.၅%) လောက်နဲ့ ထုတ်ချေးပေးတာဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ SME ချေးငွေဟာ ပြည်သူတွေအပ်ငွေတွေ ကိုပြန်ချေးတာ မဟုတ်ဘူးဆိုတာပါပဲ။
(ဒီလောက်ဆို SME Loan ဆိုတာကိုသဘောပေါက်မယ်ထင်ပါတယ်။)

နောက်တစ်ခု ကတော့ အပ်ငွေနဲ့ချေးငွေအကြောင်းပါ။ ကျွန်တော်တို့ဘဏ်တွေမှာ အကျိုးအမြတ် (Return) ရဖို့အတွက် ဆုံးရှုံးနိုင်ခြေတွေ (Risks) တွေကိုတွက်ချက်ပြီး ချေးငွေတွေကို ထုတ်ချေးရပါတယ်။ ဒီလိုထုတ်ချေးတဲ့ နေရာမှာ ဘဏ်တွေဟာ လက်လွတ်စလွယ်ထုတ်ချေးတာမျိုးမဟုတ်ဘဲနဲ့ ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှုတွေအောက်မှာ ထုတ်ချေးရတာဖြစ်ပါတယ်။ ဒီနေရာမှာ ဗဟိုဘဏ်ရဲ့ သတ်မှတ်ထားတဲ့ အချိုးတွေကို အနည်းငယ် ကိုးကားတင်ပြ ပါမယ်။ ဗဟိုဘဏ်ကနေပြီးတော့ ဘဏ်တွေရဲ့ ရပ်တည်မှုခိုင်မာဖို့အတွက် သီးသန့်ငွေသားအချိုး (Reserve Ratio) ၊ငွေကြေးလွယ်ကူမှုအချိုး (Liquidity Ratio) ၊ ချေးငွေနှင့်အပ်ငွေအချိုး (Loans to Deposit Ratio) ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒီအချိုးနဲ့ စာရင်းတွေကို ဘဏ်တွေကနေ နေ့စဉ်နေ့တိုင်း ဗဟိုဘဏ်ကို ပေးပို့ရပြီးတော့ ဗဟိုဘဏ်က အမြဲတန်းစောင့်ကြည့် စစ်ဆေး ကြီးကြပ်မှုတွေ လုပ်ဆောင်နေပါတယ်။

 သီးသန့်ငွေသား အချိုးဆိုတာကတော့ ဘဏ်များအနေနဲ့ အများပြည်သူတွေက အပ်နှံထားတဲ့ ငွေတွေဖြစ်တဲ့ အချိန်ဆိုင်းအပ်ငွေ (Time Deposit)၊ တောင်းခံလျှင်ချက်ချင်း ပြန်လည်ပေးရမည့်အပ်ငွေ (Demand Deposit) စတဲ့ အပ်နှံငွေစုစုပေါင်းနဲ့ ဗဟိုဘဏ်မှာရှိတဲ့ငွေနဲ့ ဘဏ်ရဲ့ လက်ဝယ်ရှိတဲ့ငွေတွေကို အချိုးချထားခြင်းပဲဖြစ်ပါတယ်။ ဘဏ်တွေက စောစောက ဖော်ပြထားတဲ့ အပ်ငွေတွေစုစုပေါင်းရဲ့ ၅% နှုန်းကို ဗဟိုဘဏ်မှာထားရပါတယ်။ အဲဒီ ၅% အပ်ငွေတွေရဲ့ ၇၅ % အာက်ကို ရောက်ရှိသွားမယ်ဆိုရင် ဗဟိုဘဏ်ကနေ လျော့နည်းသွားတဲ့ ပမာဏအလိုက် အဲဒီဘဏ်ကို ဒဏ်ကြေး ကောက်မှာဖြစ်ပါတယ်။ ဒီအချိုးဟာ ဘဏ်တွေမှာ အပ်နှံငွေတွေကို ပြန်တောင်းလာတဲ့ အခါမှာ ပေးနိုင်ဖို့ ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှုပဲဖြစ်ပါတယ်။

နောက်အချိုးတစ်ခုဖြစ်တဲ့ ငွေဖြစ်လွယ်မှုအချိုးဆိုတာကတော့ ငွေဖြစ်လွယ်သောရရန်ပိုင်ခွင့် (Liquid Assets) တွေဖြစ်တဲ့ အပေါ်မှာဖော်ပြထားတဲ့ သီးသန့်ငွေသား၊ လက်ဝယ်ရှိငွေတွေ၊ ထုတ်ချေးထားတဲ့ချေးငွေတွေနဲ့ ၀ယ်ယူထားတဲ့ အစိုးရ ငွေတိုက် စာချုပ်တွေရဲ့ တန်ဖိုးကိုတွေစုစုပေါင်းကို ချက်ချင်းပေးရန်တာဝန် (Current Liabilities) တွေနဲ့ အချိုးချထားတဲ့အချိုးဖြစ်ပါတယ်။ အဲဒီအချိုးကိုလည်း ၂၀% အောက်မကျအောင် ဗဟိုဘဏ်ကနေ ထိန်းချုပ်ထားပါတယ်။ အဲဒီထက်နည်းရင်လည်း ဗဟိုဘဏ်ကနေ ဒဏ်ကြေးကောက်မှာဖြစ်ပါတယ်။

နောက်အချိုးတစ်ခုဖြစ်တဲ့ ချေးငွေနဲ့အပ်ငွေအချိုးဆိုတာကတော့ ထုတ်ချေးထားတဲ့ ချေးငွေပမာဏ စုစုပေါင်း ကို အပ်နှံငွေ ပမာဏစုစုပေါင်းနဲ့ အချိုးချထားခြင်းဖြစ်ပါတယ်။ အဲဒီအချိုးကို ဗဟိုဘဏ်ကနေ ၇၀% နဲ့ ၈၀% အတွင်း ရှိရမယ်လို့ သတ်မှတ် ထားပါတယ်။ ဒါကြောင့် ဘဏ်တွေဟာ ချေးငွေထုတ်ချေးဖို့အတွက် အပ်ငွေရရှိမှသာ ထုတ်ချေး လို့ရမှာဖြစ်ပါတယ်။ အပ်ငွေမရရင်တော့ ချေးငွေထုတ်ချေးလို့ရမှာမဟုတ်ပါဘူး။

နောက်တစ်ခုအနေနဲ့ကတော့ မတည်ရင်းနှီးငွေအကြောင်းပါ။ ဗဟိုဘဏ်ဥပဒေမှာ ကူးသန်းရောင်းဝယ်ရေး ဘဏ်တစ်ခုရဲ့ ကနဦးမတည်းငွေရင်းမှာ (၂၀) ဘီလီယံ ဖြစ်ပါတယ်။ ဒါ့အပြင် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ အပိုဒ် ၃၅ (က) အရ နှစ်စဉ် အသားတင်အမြတ်ရဲ့ ၂၅ ရာခိုင်နှုန်းကို အထွေထွေ သီးသန့်ငွေ အဖြစ်ထားရှိရမှာဖြစ်ပြီး အဲဒီလိုထားရှိမှုဟာ မတည်ရင်းနှီးငွေနဲ့ ပမာဏတူညီတဲ့အထိထားရမှာဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ အချိုးသုံးခုနဲ့ ဗဟိုဘဏ်ရဲ့ အမြဲမပြတ် ထိန်းကျောင်းမှု၊ မတည်ရင်းနှီးငွေ နဲ့ အထွေထွေသီးသန့်ငွေ တွေရှိနေတဲ့အတွက် ဘဏ်တစ်ဘဏ်ဟာ အလွယ်တကူ ပြိုလဲဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။

နောက်တစ်ခုတွက်ပြချင်တာကတော့ အိမ်ခြံမြေဈေးနှုန်းနဲ့ ဘဏ်တွေမှာ ကျင့်သုံးတဲ့ ချေးငွေပေါ်လစီရဲ့ အတင်းအကြပ် ရောင်းဈေး (Forced Sale Value) အကြောင်းပါ။ ဘဏ်တွေမှာ ငွေချေးတဲ့အခါမှာ အတင်းအကြပ် ရောင်းဈေးရဲ့ ၄၀ ရာခိုင်နှုန်း ကနေအလွန်ဆုံး ၆၀ ရာခိုင်နှုန်းအထိသာ ထုတ်ချေးပါတယ်။ အဲဒီနေရာမှာ အတင်းအကြပ်ရောင်းဈေး ကိုတွက်တဲ့နေရာမှာ ကာလတန်ဖိုး (Market Price) ရဲ့ ၈၀ ရာခိုင်နှုန်းတွက်ပါတယ်။ ဘဏ်တွေက အဲဒီ ၈၀ ရာခိုင်နှုန်းရဲ့ အပေါ်မှာပဲ ၄၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းကြားသာ ငွေထုတ်ချေးတာဖြစ်ပါ တယ်။ ဥပမာ အနေနဲ့ တွက်ချက်ပြပါမယ်။ ကာလပေါက်ဈေး သန်း (၁၀၀၀) တန်ဖိုးရှိတဲ့ အိမ်ခြံမြေတစ်ခု ကို ငွေထုတ်ချေးတဲ့အခါမှာ အတင်းအကြပ်ရောင်းဈေး အဖြစ် သန်း (၈၀၀) အပေါ်မှာ စဉ်းစားမှာဖြစ်ပါတယ်။ ဒါကြောင့် သန်း (၈၀၀) အပေါ်မှာ ဘဏ်အနေနဲ့ အမြင့်ဆုံးဖြစ်တဲ့ ၆၀ ရာခိုင်နှုန်း ထုတ်ချေးခဲ့မယ်ဆိုရင်တောင် ထုတ်ချေးတဲ့ငွေဟာ သန်း (၄၈၀) ပဲဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကာလတန်ဖိုးဟာ ထက်ဝက် လျော့ကျသွားခဲ့သည့်တိုင်အောင် ချေးငွေကို (Cover ဖြစ်နေမှာ) ကာမိနေဦးမှာဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့က ဘဏ်တွေ ဟာ ငွေချေးရင် ဆ/ဥ (အဆောက်အဦး) ပ်ါမှာတင်မတွက်ပါဘူး။ မြေဈေးရဲ့ တစ်စတုရန်ပေ (1 Square Feet) နဲ့ ဆ/ဥ တန်ဖိုး နှစ်ခုစလုံးကိုတွက်ချက်ပြီးလေ့ရှိပါတယ်။

နောက်ဆုံးတစ်ခုအနေနဲ့ ဆွေးနွေးချင်တာကတော့ ဒေ၀ါလီခံတယ် ဆိုတဲ့ကိစ္စပါ။ ၂၀၀၃ ခုနှစ်ဘဏ်များ အကြပ်အတည်း ဖြစ်စဉ် ကာလကနေစပြီးတော့ ယနေ့အချိန်အထိ ဘဏ်တွေဟာ စနစ်တကျဖျက်သိမ်းခဲ့ခြင်းသာ ဖြစ်ပါတယ်။ မည်သည့်ဘဏ်နဲ့ မည်သည့်ဘဏ်ပိုင်ရှင်၊ ရှယ်ယာရှင်မျှ ဒေဝါလီခံခြင်းမရှိပါဘူး။ ဒီလိုစနစ်တကျ ဖျက်သိမ်းတဲ့လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ ဝင်ရောက်ဆောင်ရွက် ပေးရတာဖြစ်ပါတယ်။ ဘဏ်တစ်ခုကို ဖျက်သိမ်းတဲ့အတွက် အပ်နှံငွေတွေအပ်နှံထားတဲ့ အများပြည်သူတွေနစ်နာမှု လုံးဝမရှိပါဘူး။ ဘာကြောင့် လဲဆိုရင် အပ်ငွေတွေကို ဗဟိုဘဏ်ကနေ စနစ်တကျ ပြန်လည် ထုတ်ပေးပါတယ်။ သတင်စာတွေမှာ ကြော်ငြာပြီး ထုတ်ပေးတာဖြစ်ပါတယ်။ သွားရောက်မထုတ်တဲ့သူတွေသာ ဆုံးရှုံးတာဖြစ်ပါတယ်။ ဒီလိုကိစ္စတွေအတွက် ငွေရေး ကြေးရေးအဖွဲ့အစည်းများဥပဒေ (၂၀၁၆) အခန်း (၁၂) ကနေ အခန်း (၁၇) အထိ အတိအလင်း တိကျသေချာစွာ ပြဋ္ဌာန်းထားပါတယ်။ ဘဏ်ဖျက်တဲ့တွက် ဘဏ်ဝန်ထမ်း တွေကိုလည်း လစာ (၃) လစာ ပေးလျှော်ခဲ့ခြင်းနဲ့ အခြား လုပ်ငန်းတွေကို ပြောင်းရွှေ့ပေးခဲ့တာလဲ ကြားဖူးပါတယ်။ ဒါကြောင့် ဘဏ်တွေဖျက်သိမ်းခဲ့ရင်တောင် ငွေအပ်တဲ့ ပြည်သူတွေ နစ်နာဆုံးရှုံးမှုမရှိနိုင်ပါဘူး။

နိဂုံးချုပ်ဆွေးနွေးလိုတာကတော့ ဘဏ်တွေဟာ စတင် တည်ထောင်တဲ့ အချိန်ကနေစပြီး ဥပဒေ၊ နည်း ဥပဒေတွေကို တိကျစွာ လိုက်နာရတဲ့ အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။ ဒါကြောင့် အထက်မှာ ဖော်ပြဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကြောင့် ဘဏ်တစ်ခုဟာ အလွယ်တကူ ပြိုလဲပျက်စီးဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ တကယ်လို့ ပြိုလဲ ပျက်စီးခဲ့မယ်ဆိုရင်တောင် ဗဟိုဘဏ်ကနေ ဥပဒေအရ ကြားဝင်ဆောင်ရွက်ပေးရတဲ့အတွက် ငွေ အပ်နှံထားတဲ့ အများပြည်သူတွေဆုံးရှုံးနစ်နာမှုတွေ လုံးဝဖြစ်မှာမဟုတ်ဘူးဆိုတဲ့အကြောင်း ဆွေးနွေးပြောကြား လိုက်ရပါတယ်။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဦးထိပ်ထားလျက်

LMML
3.5.2017

ကျမ်းကိုး
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေ (၂၀၁၃)
ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ (၂၀၁၆)

#Credit - Lwin Mg MgLwin

No comments: