Thursday, May 3, 2018

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ဘာကြောင့်ဝင်မလာသလဲ

ပြည်သူတွေ
စီးပွားရေးမလုပ်ဘဲ
ငွေတွေဘဏ်မှာအပ်ပြီး ထိုင်စားနေတာနဲ့

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ
ဘာကြောင့်ဝင်မလာသလဲ သိချင်ဖတ်ကြည့်ပါ။

😂😂😂😂😂😂😂😂😂😂😂😂

🤑🤑🤑🤑🤑ထမင်းဘူးပုံပြင်🤑🤑🤑🤑


#SME-myanmar

ထမင်းဗူးပုံပြင် ၁ ( MaungMyint )
=========။
******
တန်ဖိုးသင့်နေ့လည်စာအဖွဲ့က ဒေါက်တာ သန္တဝင်းက ထမင်းဘူးလေးတွေလိုအပ်လို့ လှမ်းမေးတဲ့အခါ ပြည်တွင်းမှာ ထုတ်လုပ်ဖို့ မလွယ်ပါဘူးလို့
တိုတိုပဲ ပြန်ဖြေလိုက်ပါတယ်။

တဆက်တည်း ဘယ်လိုအကြောင်းတွေကြောင့် မလွယ်တာပါလို့ ပြောပြချင်စိတ်ရှိပေမယ့် ကိုယ့်ညာလက်ညှိုးလေး ပြန်ကြည့်တော့ နည်းနည်းတိုဝင်သွားနေသလိုရှိလို့ မေ့ထားလိုက်ပါတယ်။

တိုင်းပြည် ဆင်းရဲမွဲတေမှုကို ပြုပြင်နိုင်မယ့် အချက်တွေ SME တွေ တိုးတက်လာစေဖို့ သိသင့်တာတွေ ပြင်သင့်တာတွေ ပါလို့ စေတနာရှိပေမယ့် တကယ့်လူတွေ ဖတ်တာမဟုတ်လို့ပါပဲ။

နောက်တော့ ပြောစရာရှိတာပြော ကျန်တာလွှတ်ချထားလိုက်ရင် dutiful citizen ဖြစ် တော်ပါပြီလို့ တွေးပါတယ်လေ။

****

ခပ်လွယ်လွယ်တွေးရင် ဒီထမင်းဗူး ထုတ်လုပ်တယ်ဆိုတာ နိုင်ငံခြားက Injection moulding extrusion machine တစ်ခု precission mould တစ်ခု တစ်ခုမက တင်သွင်း စက်ရုံနဲ့ အလုပ်သမားရှိရင် ဖြစ်ပြီလေ။

ဘာခက်လို့တုန်း။ ဘာမှမခက်ပါဘူး။

ဒါပေမယ့် ဒီတိုင်းပြည်မှာ ခက်နေယ်။

ကဲ ဘာတွေခက်နေသလဲ။

*****

ကုန်ပစ္စည်းတစ်ခု ထုတ်ရင် အခြေခံ M တွေလိုတယ်။

နံမည်မှာပါတဲ့ M M M နဲ့တင် ထုတ်လို့မရဘူးလေ။

Mibdset
Money
Machine
Man Power
Method ( rules and regulations တွေပေါ့)
Market
Municipal (ဒါက ဒီနိုင်ငံက သီးသန့်လိုအပ်ချက်)

ဒါတွေကို ထောင့်တိုင်းမှာ အဆင်ပြေပြေ ချောချောမွေ့မွေ့ သက်သက်သာသာ ဖြတ်သန်းနိုင်မှ နိုင်ငံတကာဈေးကို ယှဉ်ပြိုင်ရောင်းချနိုင်မယ်။ အလုပ်အကိုင် အသစ် ဖန်တည်းနိုင်မယ်။ အခွန်ငွေရမယ်။ သွင်းကုန်အစားထိုး ပြည်ပသုံးငွေ foreign currency expenditure လျှော့ချနိုင်မယ်။

ဒီလောက် ကောင်းမွန်တာ ဘာလို့ မဖြစ်တာပါလိမ့်။

ပထမဆုံး Mindset က ဒီအလုပ်တွေအတွက် ဌာနဆိုင်ရာ အဆင့်ဆင့်တွေ ဖြတ်သန်းတဲ့အခါ လူလိမ်တွေ အမြတ်ကြီးစား အရင်းရှင်တွေလို့မြင်တယ်။ ဂျပိုးသူခိုးတွေလို ဆက်ဆံတယ်ဗျ။

အစစ အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးတာထက် အဆင့်တိုင်း ညစ်ထား ထစ်ထားတတ်တယ်။

ဒီဒါဏ်ကို ကျွန်တော်တို့ မခံစားနိုင်ဘူး။

ဒီတော့ လုပ်ငန်းတည်ထောင် လုပ်ကိုင်ဖို့  အားမသန် မလုပ်ဘူးပေါ့လေ။

(ဒါ ကိုယ့်အမြင်ပါပဲ)

(ဆက်ရန်)

ထမင်းဗူး ပုံပြင် (၂)

*****

ကိုင်း စိတ်ကူးလေးနဲ့ တစ်ခါသုံး ထမင်းဗူးလေး ထုတ်လုပ်ကြည့်ရအောင်။ လက်ရှိဈေးကွက်မှာ တရုပ်က အံ၃ခု ၂၈၀ စင်္ကာပူက အံ ၄ခု ၃၅၀

ကော်အလေးချိန် အကြမ်းတွက်တော့ တဗူး 0.072 lb လောက်ပေါ့။ အလေအလွင့် ဆောင်းရင် 0.1 lb ပဲထားပါစို့။

ကော်တပေါင် ၈၀၀ / ၉၀၀ နှုန်းလောက်ထားရင် ကုန်ကြမ်းတန်ဖိုး ၈၀ ကျပ်လောက်

ဒီတော့ ခန့်မှန်းအမြတ်အစွန်းအရ သိပ်စိတ်ကူးယဉ်လို့ ကောင်းပါတယ်။ စိတ်ကူးလေးနဲ့ တည်ထောင်ကြည့်ရအောင်။

*****

"Money"

M တွေပြောတဲ့အခါ အပိုင်းတိုင်းမှာ အခြား M တွေ လာဝင်ရောက်နေ တာတော့ သတိပြုရမယ်။

စက်ရုံမြေနေရာ အဆောက်အဦ စက်တွေ ကုန်ကြမ်းတွေ ရင်းရမှာမို့ သိန်း ၃၀၀၀ လောက်နဲ့ ချိန်ကြည့်ရအောင်။

ဒီအလုပ်တွေ လူနေရပ်ကွက်မှာ လုပ်ခွင့်မရှိ။ စက်ရုံ ငှားရင် မလိုဖယ်ခိုင်းတာတချက် မြေပိုင်ရင် မြေတန်ဖိုးရှိတာမို့ ငှားတာကို အားမသန်သလို ငှားခကလည်း အသားတင် အခြားသူ လုပ်ကျွေးသလိုမို့ အပိုင်ဝယ်ရအောင်။

စက်မှုဇုန်မြေဈေး မြင့်လို့ 80 x 60 မြေအတွက် သိန်း ၂၀၀၀ အဆောက်အဦ စက်တွေအတွက် သိန်း ၁၀၀၀ ဆိုချင်တာပါ။ ဒိရင်းနှီး မြှုပ်နှံငွေ မရှိရင် ဘဏ်က ချေးရပါမယ်။ ဘဏ်ချေးငွေ လွယ်လွယ်မရပါဘူး။

မြေဂရန် အမည်ပေါက်ရမယ်။ အုတ်အဆောက်အဦဖြစ်ရမယ်။ မီးအာမခံ ထားရမယ်။ ၃နှစ်ဆက်တိုက် အရှုံးမရှိ အခွန်ဆောင်ထားရမယ်။ တခြားတခြားတွေ 'မ' စရာတွေ ရှိတယ်။

ကိုယ်ပိုင် လုပ်ရည်ကိုင်ရည် ကတိတည်ကြည်မှုကို ဘဏ်က အပေါင်ပစ္စည်းယူပြီး ငွေမချေးပါဘူး။ (1990 က ဒီအရည်အချင်းကို အပေါင်ပစ္စည်းထားပြီး ငွေချေးဖို့ ကိုယ်တိုင် တက်ဆွေးနွေးဖူးပါတယ်။ အာရှဓနဘဏ်မှာလေ။ အဟိ)

ဘဏ်တိုး ၁၃ % ဆိုတော့ တနှစ် သိန်း ၃၉၀ ပေးရမယ်။ အခြားစားရိတ်မပါ တလ ၃၂သိန်းခွဲ ရှိတယ်။ တလ သိန်း၅၀ အမြတ်ပေါ်မှ စားရိတ်ကျေရုံ။

ဒီတော့ တစ်ဗူး ၁၅၀ အမြတ်ကျန်မယ်ဆိုတောင် ဗူး ၃၃၀၀၀ တစ်လ ရောင်းအားရှိရမယ်။

ကိုယ်ပိုင်ငွေရင်းမယ်ဆို သိန်း ၃၀၀၀ fixed depisit ဘဏ်တိုး 10% မို့
တစ်နှစ် သိန်း ၃၀၀ ထိုင်နေပြီးရချိန်မှာ ဒိအလုပ်လုပ်မယ်ဆိုရင် တန်ဖိုးလျှော့ စက်တွေနဲ့ အလုပ်သမား ပြဿနာတွေနဲ့ ဈေးကွက်ဝေစုတွေနဲ့ ဌာနဆိုင်ရာ အထွေထွေ စိတ်ညစ်ရတာတွေနဲ့ ရင်ဆိုင်ရမယ်ဆို ဘယ်လောက်ရမှ အဆင်ပြေမလဲ။

ကိုင်း ဒီအဆင့်ကို တွက်ပြီးရင် သိန်း ၃၀၀၀ ရင်းပြီး လုပ်ငန်းလုပ်ကိုင်ဖို့ ဆက် စိတ်ကူးယဉ်နိုင်ပြီလား။

ကျွန်တော်ထင်ပါတယ် ဒီအဆင့်မှာ ၂၀ % လောက် စာဖတ်သူက နောက်ဆုတ်သွားလောက်တယ်။ ကျန်သူတွေနဲ့ အပိုင်း ၃ ဆက်ပြီး စိတ်ကူးယဉ်ကြပါစို့။

(ဆက်ရန်)

ထမင်းဗူး ပုံပြင် (၃)

******

တိုင်းပြည်က နိုင်ငံခြား သုံးငွေ မယိုဖိတ်အောင် ထမင်းဗူး ဆက်ထုတ်ဦးမယ့် နိုင်ငံ့သားကောင်းတွေ ရှိတော့ "Machine and Material" အပိုင်း ဆက်ကြရအောင်။

ပထမအပိုင်းမှာ မြေအတွက် ရင်းနှီးမြှုပ်နှံတာဟာ တန်ဖိုးလျှော့ မရှိဘဲ ကာလရှည်မှာ အကျိုးအမြတ်ရှိပါတယ်။ ဒီတော့ စက်ရုံဆောက်မယ်ဆို ဂရန်အမည်ဖောက်ရမယ်။

ဒီအခါ သိန်း ၂၀၀၀ နဲ့ ဝယ်ထားတာမို့ တစ်ဦးချင်းအမည် ဒါမှမဟုတ် ကုမ္ပဏီ အမည်ခံရပါမယ်။
ကုမ္ပဏီမရှိရင် ထောင်ပါ။ memorandum တို့ article of association တို့ရေးပါ။ လိုင်စင်လျှောက်ပါ။

ဘယ်လိုဖြစ်ဖြစ် ဒီငွေဟာ ရလမ်းဖော်ပြနိုင်ထားမှ ဖြစ်မယ်။ မဖော်ပြနိုင်ရင် တည်ဆဲဥပဒေအ ရလမဖ ခေါင်းစဉ်အောက်ကနေ သိန်း ၂၀၀၀ အတွက် ၁၅% သိန်း ၃၀၀ သွားဆောင်ပါလေ။ (၁၅% က တကယ် သက်သက်သာသာ ပေးထားတာပါ)

တဦးတည်းပိုင် ကုမ္ပဏီပိုင် အားသာချက် အားနည်းချက် အခွန်ကိစ္စ ရောက်မှ ရှင်းပြပါမယ်။

၁၉၉၉ သြဂုတ် ၁၂ ရက် ကာကွယ်ရေးဦးစီးချုပ်ရုံး အစည်းအဝေး ၂/ ၉၉ မှာ ပြည်တွင်းစက်မှုလက်မှု တိုးတက်ရေးအတွက် နိုင်ငံသားတွေ ရင်းနှီးမြှုပ်နှံမှုကို ဘယ်ကရလဲ မစိစစ်ဘဲ သက်သာခွင့် ပေးခဲ့ဖူးပါတယ်။

ခုတော့ မသိပါ။

****

အဆောက်အဦဆောက်တဲ့ အခက်အခဲတွေ ဒီအတိုင်း ကျော်ဖြတ်လိုက်ရအောင်။

Injection moulding extrusion machine နဲ့ precission mould ဝယ်ရမယ်။

ဒါတွေဟာ နှစ်အလိုက် တန်ဖိုးလျှော့ depreciation ရှိတယ်။ စက်နဲ့ mould ဟာ အလုပ်သမား ပညာပြလို့ ပျက်စီးနိုင်တယ်။ တစုံမက ဝယ်ထားသင့် ဝယ်ရမှာပါပဲ။

ဒီအခါ import permit လျှောက်ပြီးတင်သွင်းပေါ့။

custom အရာရှိဟာ သွင်းကုန်အစားထိုးပစ္စည်းထုတ်မှာမို့ တိုင်းပြည်အကျိုးမို့ အခွန်သက်သာခွင့် မပေးနိုင်ပါ။ ဥပဒေအရ ကောက်မှာပါပဲ။ လွတ်ချင်ရင် ဝန်ကြီးထံစာတင် cabinetမှာ ခြွင်းချက်နဲ့ လွတ်ကောင်းလွတ်ပါမယ်။ မလွတ်တာ သေချာပါတယ်။ ကိုယ်တွေ့လေ။

သေချာတာက invoice မှာ ပြထားတဲ့ စက်ရဲ့တန်ဖိုး အမှန်ဟုတ်သလား သံသယမျက်လုံးနဲ့ အကြည့်ခံရမယ်။ အကြည့်ခံလိုက်ပါ့မယ်။ ခံသင့်တာကိုး နော့။

ဘာကြောင့် စက်မှုဇုန် ရောက်ရလဲဆိုရင် လူနေရပ်ကွက် မလုပ်ရ။ စည်ပင် လိုင်စင်မရှိမလုပ်ရ။ အိမ်သုံးမီတာနဲ့ မလုပ်ရ ဥပဒေရှိတယ်။

၁၉၉၀ က မိတ်ဆွေထံမှာ ၂၀ စီစီ ဆေးပုလင်း ကော်ဗူးလေးတွေ သွားအပ်တော့ သူ့အိမ်မှာ ၆ပေပတ်လည် အမြင်း ၅ ပေ မြေကျင်းတူး အင်္ဂတေ ကိုင်ပြီး စက်ကလေး ဖွက် အလုပ်လုပ်ရတယ်။ စည်ပင် လျှပ်စစ်က လာရင် ကြမ်းခင်းအောက်မှာ ပုန်းနေရတယ်။ မီတာခ သံသယမဖြစ်အောင် aircon တွေဘာတွေ မဖွင့်နိုင်ဘူး။

ဒီလို ခိုးကြောင်ခိုးဝှက်မဟုတ်ဘဲ။ ဥပဒေနဲ့ အညီ လုပ်နိုင်ဖို့ မြေဝယ်ရတာ သဘောပေါက်ပါလေ။ ကဲပါလေ မြေ အဆောက်အဦ စက်တော့ ရလာပြီ ထားပါတော့။

Raw Material ကတော့ သိပ်မခက်လှပါဘူး။ ကိုယ်တိုင် တင်သွင်းချင်လည်း permit လျှောက် မဟုတ်ရင် ဈေးကွက်ထဲ အမြတ်ပေးဝယ်ပေါ့။ consumption နည်းတုန်း ဈေးကွက်မှာ ဝယ်ကြမယ်လေ။ နောင်မှ container လိုက် တင်သွင်းတဲ့ စိတ်ညစ်ရမှုနဲ့ အကျိုးအမြတ် ချိန်တာပေါ့။

ခင်ဗျားတို့အစား သက်ပြင်ရှည်ကြီး ချပေးထားပါတယ် ။

" ဟ င်းးးး "

(ဆက်ရန်)

ထမင်းဗူးပုံပြင် (၄)

Man power အပိုင်းက အင်မတန် ဦးနှောက်ခြောက်မယ့် အပိုင်းပဲ။

ဘယ်လိုလူတွေရွေးခန့်မလဲ ဘယ်လို procedure တွေအရ ခန့်ရမလဲအကြောင်း ခဏကျော်ပြီး ခန့်ထားတဲ့ လူတွေအကြောင်း သိထားဖို့လိုတယ်။

လောလောဆယ် အလုပ်သမားအခွင့်အရေးတောင်းဆိုဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ ပေါင်း ၂၀၀၀ ကျော်ရှိတယ်။ အလုပ်ရှင်အဖွဲ့က ခုဂဏန်းပဲ။

အခွင့်အရေးအတွက်က ပြောမယ်ဆိုတာချည်းပဲ။ အရည်အချင်း concept အတွက် လေ့ကျင့်ပေးနေတာမရှိဘူး။

ဒီတော့ အလုပ်တက်ဆင်း အချိန်မှန်ရမယ် လုပ်ငန်းခွင်စည်းကမ်းတွေ လိုက်နာရမယ် safety precaution တွေဂရုစိုက်ရမယ်။

အဝတ်အစား မပြိုင်ဖို့ ထမင်းချိုင့်မပြိုင်ဖို့ ဖုန်းမပွတ်ဖို့အပြင် အိမ်သာတက်ချိန် ကြာချိန်ပါ ပြောရတယ်။

တနေရာမှာ အိမ်သာထဲဝင်နေကြာလို့ တခါးမှာ ၂-x ၁ သစ်သားနဲ့ ပိတ်ရိုက်တာတို့ ထမင်းကို စားသလောက်ယူပါ။ အမှိုက်ပုံးထဲ ပစ်ရင် ဒါဏ်ငွေ ၅၀၀ ပစ်တာကိုတွေ့လျှက် မတိုင်သူ ၁၀၀၀ စတာတွေ ဖြစ်တယ်။

ဒီနေ့ overtime ၂ဆပေးရင်ဆင်းတယ်။ နောက်ရက် ပုံမှန်နေ့ ပျက်တယ်။ ဒီနေ့ bonus ထုတ်ပေးရင် နောက်နေ့ မိုးအလင်းပွဲကြည့်ပြီး အလုပ်မဆင်းဘူး။

job discription အတိအကျ လုပ်ခိုင်းတာ မကိုက်လို့ ဒါဏ်ရိုက်ရင် သတိထားရတယ်။

extrusion machine ထဲ သိန်းရာချီတန် precission mould ထဲ သံချောင်းတချောင်းထည့်ရင် အကြီးစား ဆုံးပြီ။ ဂွလွတ်ကျလို့ မီးလောင်ရာက ဒေါ်လာ ၂သန်းဖိုး ဆုံးရတဲ့ ဥပမာရှိတယ်။

ညစောင့်ခန့်ထား နိုးနိုးကြားကြားရှိလား သိနိုင်ဖို့ CCTV တပ်ပြီး တည လေးငါးကြိမ် စစ်ရမယ်။ အိပ်ကောင်းခြင်း မအိပ်ရပေါ့။

အလုပ်ထုတ်မယ်ဆိုရင် တလကြိုပြောရတယ်။ မကျေနပ်လို့ သပိတ်မှောက်မှာ သတိထားရတယ်။ သူတို့ထွက်ချင်ရင် ကောက်ခါငင်ကာ ထွက်လေတော့ အရန် အလုပ်သမား ဆောင်းထားရတယ်။

အလုပ်ခန့်စဉ် နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်က good standing  certificate ရမှ ခန့်တဲ့ စံနစ်မရှိတော့ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက် ဦးနှောက်ခြောက်ရတယ်။

တဘက်မှာ ဆိုးတဲ့အလုပ်ရှင်တွေလည်းရှိပါတယ်။

အလုပ်ရှင်အလုပ်သမား ဆက်ဆံရေး ပြေလည်မှ အလုပ်တိုးတက်တာမို့
၂ဘက်ညီဖို့လိုပါတယ်။ ပြောရရင် ဟိုဘက်ဒီဘက် အများကြီးပါ။

ခုတော့ ထမင်းဗူး စက်ရုံထောင်မိပြီဆိုတော့ အားပေးစကား တခွန်းရှိတယ်။

"အရာရာ သည်းခံလော့ ငါ့ရှင်"

(ဆက်ရန်)

ထမင်းဗူး ပုံပြင် (၅)

စက်ရုံလည်းရပြီ။ စက်တွေလည်း ဆင်ပြီးပြီ။ အလုပ်သမားတွေလည်း အဆင်သင့်ဆိုတော့ Method လို့ပဲ ပြောရမယ့် တည်ဆဲဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အလုပ်လုပ်ရတော့မယ်။

ဥပဒေ နည်းဥပဒေ ဌာနဆိုင်ရာတွေဆက်ဆံရတော့မယ်။

၆၆ ကိုကြောက်ရသေးတော့ အစကတည်းက "ပုံပြင်" လို့ ပြောထားပြီး စိတ်ကူးနဲ့ စက်ရုံထောင် စိတ်ကူးနဲ့ ဌာန ဆိုင်ရာလူတွေ ဆက်ဆံတာပါနော်။ အာဘွား အကြီးကြီး ပေးပါတယ်။

****

စစချင်း လျှပ်စစ်မီတာကိစ္စ စက်မှုဇုန်ဆိုတော့ ပါဝါမီတာရယ် အိမ်သုံးရယ် ၂ခုတပ်ပေးပါတယ်။

မီတာခ လား။ ရပ်ကွက်သုံးထက်များပါတယ်။ စီးပွားရေးလုပ်ငန်းသုံးတော့ ရုံးခန်း air con လေးဖွင့်တောင် စက်မှုသုံးနဲ့ ကောက်တာ။ ဒါကြောင့်ချွေတာရမယ်။ ပူပူလောင်လောင်ထဲ ငုတ်တုပ် ထိုင်ကြရအောင်။

စက်တွေနဲ့ မီတာက ပေးထားတဲ့ မြင်းကောင်ရေ ကိုက်ရမယ်။ ပိုရင် ဒါဏ်ရိုက်မယ်။ အကောင် ၂၀ ပေးထားရင် အကောင် ၂၀ ထက်ပိုမသုံးရဘူး။

ဟာ စက်တိုးလာမှာလို့ မီတာကောင်ရေတိုးပေးပါ သွားလျှောက်ရင် ခု စက်သုံးနေတာ အကောင်မပြည့်သေးလို့ မရဘူး။ ဒီတော့ စက်တိုးပြီး ကောင်ရေကျော်မှလာလျှောက် ကျော်တော့ ကျော်ပြီဆိုပြီး ဒါဏ်ရိုက်မယ်။ ဒါက်ရိုက်ခံဖို့ ဇာတာမှာ ပါသွားပြီ။

တခါ စက်မှုဇုန်မှာ ဆိုတော့ ခိုးသုံးလေမလား အခါအားလျှော်စွာစစ်တတ်တယ်။ နေပြည်တော်က အထူးအဖွဲ့ ဆိုတာ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က လာစစ်ဖူးတယ်။

ဘယ်ကအဖွဲ့တွေလဲ မေးလို့ စိတ်ဆိုးကြသေး။ ကိုယ့်ဝင်းထဲ ဝင်မှာ ဘယ်သူလဲ မေးခွင့်ရှိတာပေါ့။ ရှိတဲ့စက်တွေဖွင့်ခိုင်းပြီး amp ကျော်လား ဂွနဲ့ ထောက်တာပေါ့။ ကိုယ်တွေက ပါးသမျှ profile photo မှာ micro meter တင်ထားတာကြည့်တော့။

အကောင် ၂၇ ခွင့်ပြုတာ ၁၀ကောင်တောင်မပြည့်ဘူး။ ကိုယ်တော်တွေက လူကို သူခိုးသာသာ ဆက်ဆံတာ အခု ကိုယ့်အလှည့်ရောက်ပြီ။

"ဒီမှာမောင်ရင်တို့ အန်ကယ် ဒီမီတာတွေ အမည်ပြောင်း လျှောက်ထားတာ ခွင့်ပြုပြီးပြီ။ ပေးသွင်းရမယ့် ငွေ သွင်းပြီးပြီ။ အမည်မပြောင်းဘဲ bill ထွက်နေတာ တနှစ် ၄လကြာပြီ။ မောင်ရင်တို့ဌာန အလုပ်မလုပ်တာ ဒီမှာသက်သေ ခုဘာလုပ်ပေးမလဲ" မေးလိုက်တယ်။ ကိုယ်တော်တွေ မျက်စိမျက်နှာပျက်ရော။ ဒီလိုပါဆို။

ဝန်အားမနိုင်တဲ့အခါ စက်မှုဇုန်က ဦးစားပေး မီးဖြတ်တယ်။ ၇နှစ်လောက်က ၂၄နာရီ ရက်ပေါင်း ၅၀ ဖြတ်ဖူးတယ်။

ဒီတော့ ညဖက် လုံခြုံရေးမီးမရှိ မှောင်မည်းမည်းထိုင်ရလို့ batteery 2လုံး inverter နဲ့ နေ့ခင်းမီးစက်လည်ချိန် အားသွင်းရတယ်။ သင်္ကြန်ပိတ်တော့ ဘယ်မှ မလည်ပတ်နိုင် ကီလို မီတာ ၂၀လောက်ကားမောင်းသွားပြီး 30KVA မီးစက်ကြီးဖွင့်လို့ 120 AmpH battery 2လုံး အားသွင်းရတယ်။ ခုတော့ ဆိုလာပြားတွေနဲ့ ပြောင်းထားပြီ။

ဒီတော့ ထမင်းဗူးစက်ရုံအတွက် လုံခြုံရေးမီး CCTV တပ်ဖို့ solar ၆ချပ် battery ၄လုံး သိန်းအစိတ် ပေးပါ။

အံမယ်မီးစက်မောင်းလို့ ဒီဇယ်လှောင်ခွင့်မရှိဘူး။ ၅ဂါလန်လားမသိ ကျော်ပြီး လှောင်ထားရင် ဥပဒေအရ ဖမ်းလို့ရတယ်။ ဘာမှတ်လဲ။ ဒါပြီးရင် EI electrical Inspection လျှပ်စစ် စစ်ဆေးရေး လျှပ်စစ်စစ်ဆေးရေးက ဘေးကင်းအောင် လူဓါတ်လိုက်တာ မဖြစ်အောင် စစ်ဆေးတာပါ။

နှစ်စဉ် EI လိုင်စင် အပူပေးကိရိယာပါတော့ ဘွိုင်လာလိုင်စင် ပြီးတော့ လျှပ်စစ်မီးမမှန်လို့ ကိုယ်ပိုင်မီးစက်လေး ကိုယ့်ဝင်းထဲထားရင် လိုင်စင်ယူ နှစ်စဉ်အခွန်ပေးရတယ်။

သူတို့လည်း ဂွနဲ့စစ်တာပေါ့။ ကျွန်တော်က heater coil watt 700 ဆိုတဲ့အခါ ဟုတ်လားပေါ့ ဒီမှာ Nicrome wire 6 ohm ၂၂ ကိုက် ကိုယ်တိုင်ပတ်ထားတာ ခွကြည့်လေ။ ဟောဟိုမှာ စက်တိုင်း ELCB ရှိတယ်။ ဝါယာရှော့ လူသေတာ ကျွန်တော်တို့လည်း ကြောက်ပါတယ်ဆိုတော့ တော်တော်သဘောပေါက်သွားပုံပဲ။ ဆက်ဆံရေးပြေလည်တယ်။

တချိန်မတော့ အင်ဂျင်နီယာမ တစိယောက်က ခပ်တည်တည် breaker တစ်ခု ထပ်တပ်ခိုင်းတယ်။ မတပ်ဘူးဗျ လို့ ခပ်ပြတ်ပြတ်ပြောမှ ရစ်မရမှန်း သဘောပေါက်တယ်။

ပြီးရင် စက်မှုလိုင်စင် အလုပ်အကြီးအသေးလိုက်လို့ အသေးစား အလတ်စား အကြီးစား လိုင်စင်ယူရတယ်။ နှစ်စဉ် လိုင်စင်ကြေးနဲ့ သက်တမ်းတိုးရတယ်။

ဒီလိုပဲ စည်ပင်ဌာနက လုပ်ငန်းလိုင်စင် ကျန်းမာရေးလိုင်စင် နှစ်စဉ် လိုင်စဉ်ကြေးသွင်းရတယ်။ စစချင်းမှာ ချာတိတ်တယောက် လာပြီး ဟောက်နေလို့ ဘယ်သူဘယ်ဝါ မင်းဘာလဲ ငါဘာလဲ ပြောရတယ်။

စက်မှုဇုန်အခွန် သာယာရေးတွေ လုံခြုံရေးတွေ အမှိုက်ခွန်တွေ ပေးဆောင်ရပါတယ်။ ရှေ့က အများပြည်သူလမ်းမ အနောက်က ဇုန်အတွင်းလမ်း ပြင်ကြတဲ့အခါ မင်းတို့က လုပ်ငန်းရှင်တွေ သိန်းချီထည့်ပါတဲ့။ ထည့်ပါတယ် ထည့်ပါတယ်။ လမ်းခင်းတာ ကုသိုလ်ရတယ် မဟုတ်လား။

အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန တည်ဆဲဥပဒေအရ အလုပ်သမားလိုချင်ရင် စာချိတ် ခေါ်ခွင့်မရှိ။ လေဘာရုံးကို လိုအပ်ချက်တွေနဲ့ စာပို့ရမယ်။ ၁၆ နှစ်အောက် မခန့်ရ။ လေဘာကဒ် မရှိသူ မခန့်ရ။ ခန့်ရင် ပုံစံ ၇ ထုတ်ယူရမယ်။

ခန့်ပြီးရင် အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ် ချုပ်ရမယ်။ ဒီစည်းကမ်းတွေ မဖောက်ရ။ အလုပ်ထုတ်ရင် တလခပေး အကြောင်းကြားရမယ်။

အလုပ်သမားဌာန အငြိမ်းစားတစ်ယောက်က ဒါတွေရှင်းလင်းတဲ့အခါ အလုပ်ရှင်တွေကို "ခင်ဗျားတို့ ဒီတချက်ချင်း လိုက်နာရမယ်။ မလိုက်နာလည်း နေပါ။ ဖောက်ဖျက်ရင် မလိုက်နာရင် တချက်ချင်းအတွက် အင်းစိန်တောရမှာ ၃ လ နဲ့ ဒါဏ်ငွေ ၅သိန်းပဲ"

ကိုယ်တွေမှာ ကျော်ဇောမှုရှိတဲ့ ရာဇဝတ်သားတွေဖြစ်လို့။ ညအိပ်ယာဝင်တိုင်း ဆုတောင်းရတယ်။ ငါ့တရားအစွဲမခံရပါစေနဲ့။ ထောင်နံ့ကို နံလို့ အိမ်သားတွေနဲ့ သီးသန့် ခွဲအိပ်ရတယ်။။

ပြီးတော့ လူမှုဖူလုံရေး အလုပ်သမားတိုင်းအတွက် လစာရဲ့ ၃% လစဉ် အလုပ်ရှင်က ပေးသွင်းရမယ်။ အလုပ်သမားနောင်ရေး ဆေးကုဖို့ ပင်စင်ရဖို့ မီးဖွားဖို့။ အလုပ်ရှင်က ကျန်းမာတယ်။ မီးမဖွားပါဘူး။ ပင်စင်မယူပါဘူး။

အဲဒီမှာလည်း ထောင် ၃ လ ၆လ ဒါဏ်ငွေ ၅သိန်းအောက်ထစ်တွေချည်း။ ဟုတ်ပါတယ်။ လိုက်နာရတာပေါ့။ အားလုံးကောင်းဖို့လေ။

ဌာနဆိုင်ရာလူတွေက သန့်သန့်ရှင်းရှင်း အဂတိ လိုက်စားတာမရှိတော့ လုပ်ငန်းရှင်တွေကို ဂျပိုးသူခိုးတွေလို ဆက်ဆံချင် ဆက်ဆံမှာပေါ့လေ။

ပုံပြင်ပါဆို။

ကုမ္ပဏီများဆိုင်ရာကိစ္စ ဖွဲ့ပြီဆို ပုံစံ ၆ တို့  ၂၂ တို့ form E တို့တင် နှစ်စဉ် သင်းလုံးကျွတ် အစည်းအဝေးလုပ် အရှုံးအမြတ် ရှင်းတမ်းထုတ်ပေါ့။

စစချင်းပြောသလို တဦးတည်းပိုင်ဆို အခွန်ကောက်ခံတဲ့ ရာနှုန်းဟာ အမြတ်ငွေနည်းရင်နည်းသလို များရင် ရာနှုန်း များသလို ကောက်ပါတယ်။

ကုမ္ပဏီမတော့ အမြတ်နည်းနည်းများများ ၂၅% ကောက်ပါတယ်။ ပထမသုံးနှစ်မှာ ကင်းလွတ်ခွင့် ပေးပါတယ်။ ဒါပြီးရင် တနှစ်ထက် တစ်နှစ် မြတ်ပါပြီ။ စီးပွားရေး အညွှန်းကိန်းက အတက်ပဲဖြစ်ရမှာ မဟုတ်လား။

ပစ္စည်းထုတ်လုပ်တာဆိုတော့ ကုန်သွယ်လုပ်ငန်းခွန် ၅% ပေးရမယ်နော်။ အမြတ်ခွန်နဲ့ မဆိုင်ဘူး။ ရောင်းလို့ရှုံးမြတ်တာ သပ်သပ် ဒါက ရောင်းရငွေအပေါ်က ဆောင်ရမှာ။

ထမင်းဗူးက တစ်ဗူး ၂၅၀ နဲ့ တလဗူး ၃၀၀၀၀လောက်ဆို ၇၅ သိန်းမို့ တလ ၃၇၅၀၀၀/တစ်နှစ် ၄၅ သိန်း ကုန်သွယ်လုပ်ငန်းခွန်ဆောင်ရမယ်။

ဟိုးအရင်ကဆို ၁၀% ကောက်တာလေ ဦးသိန်းစိန် အစိုးရ နောက်ဆုံးနှစ်မတိုင်မှာ ၂% ချပေးခဲ့ပြီး ပြောင်းတော့မယ်ဆိုတော့ ၅% ပြန်ထားပေးသွားတာပါ။

အခွန်ဘဏ္ဍာ ဝန်ကြီးဌာနက ပြည်တွင်း လုပ်ငန်းရှင်တွေ အသက်ရှုချောင်ဖို့ ကြေညာချက် ၁၄၃/ ၉၉ ထုတ်ဖူးတယ်။ နိုင်ငံသား လုပ်ငန်းရှင် ဖြစ်ရမယ်။ စက်မှုဇုန်က ထုတ်ရမယ်။ သွင်းကုန်အစားထိုး ပစ္စည်းဖြစ်ရမယ်။

ဒါတွေညီညွတ်ရင် ကျသင့်သော ကုန်သွယ်လုပ်ငန်းခွန်ရဲ့ ၁၀% သာ ပေးဆောင်ရမယ်။ ဒီညွှန်ကြားချက် တစ်နှစ်တစ်ခါ သက်တမ်းတိုးတာမို့ ခု တည်ဆဲလား မပြောတတ်ပါဘူး။

မယုံရင် ပုံပြင်မှတ်နော်။ အစကတည်းက ထမင်းဗူး ပုံပြင်ပါဆို။

(ဆက်ရန်)

ထမင်းဗူးပုံပြင် (၆)

ဘာပြောပြောလေ တည်ဆဲဥပဒေတွေအရ လိုက်နာစရာရှိတာလိုက်နာ ပေးစရာရှိတာပေး (လုပ်အားခတွေ ခွင့်ရက်တွေ ပြောပါတယ်) ဖားတန်တာဖား သည်းခံတာ သည်းခံလို့ ကုန်ချောထွက်ပြီဆိုပါစို့။

Market ဆိုတာ ဘာအလုပ်လုပ်လုပ် လုပ်သမျှရဲ့ key point ပဲ။ လုပ်ငန်းတစ်ခု တည်တာ လည်ပတ်တာ Market Drive ပဲ။ ဒီတော့ break even point တလ ဗူး ၃၀၀၀၀ ရောင်းရဖို့အရေး ဈေးကွက်အနေအထား တောက်ရတော့မယ်။

အော် ဒီအချိန်ရောက်တော့ Market share အများစုရထားတဲ့ သူတွေက သိပ် သဘောပေါက်တာပေါ့။

အသစ်မတိုးနိုင်အောင် ဈေးချဖို့ပြင်ပြီလေ။ အစကတည်းက နယ်စပ်ကုန်သွယ်ရေးမှာ အလွန်တော်စွာလုပ်ထားလေတော့ ပြိုင်ဘက်ကို သတ်နည်းသတ်ကွင်းသိပြီးသား။

တစ်ယောက်က ၂ယောက်ဖြစ်လာတယ်။ ပြိုင်ဆိုင်မှု တိုးလာတယ်။ ဈေးကွက်ကို ချဲ့ကြမယ်။ တစ်ယောက်တစ်ယောက် အသေသတ်ကြရမှာ။

ကျန်သူက ကြီးမားတဲ့ ဈေးကွက်ကြီးနဲ့  ကျန်ရစ်မှာလေ။ သူက ခြေလှမ်းဦးထားတော့ ကိုယ့်မှာ ပြာဖို့သေချာတယ်။

ဒီတော့ ရောင်းဈေးချ နိုင်ဖို့ production cost ချချွေတာကြပါဟ အပျက်အစီးနည်းအောင် လုပ်ကြပါဟ ထုတ်ကုန်တိုးအောင် လုပ်ကြပါဟ အရည်အသွေးထိန်းကြပါဟ အော်ရတော့မယ်။ quality နဲ့ price ဟာ အသေအကြေ ပြိုင်ရပြီ။

ကိုင်း မသန္တာ တစ်လ ထမင်းဗူး ဘယ်လောက်ယူမှာလဲ။ ဒါလေး သမီးမွေးနေ့လက်ဆောင်နော် ဈေးလျှော့ပေးတယ်နော် ပညာကုန် ထုတ်သုံးရပြီ။

ယူချင်ယူ မယူချင်နေ ဈေးတော့ မပြင်ဘူးဆိုတဲ့ sale girl အပြောအဆိုလေးတွေက ပံ့ပိုးပေးဦးမှာ။

ဘာဖြစ်ဖြစ် တည်မိမှ လဒနားနားပေါ့။

ဒီတော့ တစ်လ ဗူး ၃၀၀၀၀ ရောင်းရဖို့အရေး ကို Zin Zae Lwin ရဲ့ ဘော်ဒါတွေမေးပြီး Multilevel Marketing လုပ်ရကောင်းမလား

ဟော ပြောဖို့ကျန်သွားတယ်။ စရင်းတုန်းက သိန်း ၃၀၀၀ ကို ငွေလဲနှုန်း ၁၃၄၀ နဲ့ တွက်ထားရင် ရင်းနှီးမြုပ်နှံတာက ဒေါ်လာ 2.24 သိန်းလောက် နှစ်စဉ်ဘဏ်တိုးက သိန်း ၃၀၀ ဒီတော့ ၂နှစ်နေလို့ အသားတင်ကျန်ငွေ ဒေါ်လာ 2.24 သိန်းနဲ့ မြန်မာငွေ သိန်း ၆၀၀ ကျန်မယ်ဆိုရင် အရင်းပဲရှိသေးတယ်။

ဘာပြောတယ် မြေကြီးက ဈေးတက်မှာပါ ဟုတ်လား

ဒီမှာ မောင်ရင်မသိသေးတာပြောပြဦးမယ်။ ဟိုးတခါက စက်ရုံကို စည်ပင်ဌာနက လာပြီး property tax ကောက်မယ်ပြောပါတယ်။ ၁၀နှစ်လောက်ရှိရောပေါ့။

"ဒီမှာဆရာ စက်ရုံတန်ဖိုးပေါ်က ---% မြေတန်ဖိုးပေါ်က --- % စက်တန်ဖိုးပေါ်က --- %  စုစုပေါင်း ၉% ကို property tax ပေးရမယ်" တဲ့။

"တကြိမ်တည်းလားဆိုတော့ မဟုတ်ဘူး နှစ်စဉ်ဆိုပဲ။"

"ဒီမှာ ကိုယ်တော်တွေ နှစ်စဉ် ၉% ဆောင်ရရင် ၁၁ နှစ်နေရင် ငါပိုင်တာ အခွန်ဆောင်လို့ ပြောင်ပြီ။ မင်းဘိုးအေမှပဲ။ မဆောင်ဘူးကွာ" ပြောလွှတ်ရတယ်။

ကိုင်း စက်ရုံထောင်မယ့်စိတ်ကူး သားလာမှ ကိစ္စပြီးတယ်။ "ဒီမှာ အဖေ သိန်း ၃၀၀၀ ရင်း စက်ရုံထောင် အလုပ်တွေလုပ် အခွန်တွေဆောင်တာ နောက်ဆုံးရည်မှန်းချက်က ငွေရဖို့မဟုတ်လား"

"စက်ရုံထောင် အသက်တိုပါတယ်။ သား ကို သိန်း ၄၀၀ လောက်ပေး"

"ကုန်ကို တရုပ်လှမ်းမှာ ရိုက်သင့်တာတွေရိုက် Box ကားတစင်းဝယ်မယ်။ ညောင်ပင်လေးဈေး လမ်းဘေးရပ် ကုန်လှောင်ထား အစောင့် တယောက်ခန့် အိမ်က ထိုင်ရောင်း ပြေစာ ပြရင် ကုန်ထုတ်ပေးလိုက်။
ဘာလိုင်စင်မှမလို မကိုက်တဲ့နေ့ လျှော့ဈေးနဲ့ရောင်းထုတ်လိုက် ပြီးပြီ။"

"အဖေ အလုပ်တွေလုပ် အခွန်ဆောင်တယ်မဟုတ်လား။ သိန်း ၁၀၀ အခွန် ၂၅သိန်းဆောင် ငွေဖြူ ၇၅ သိန်းပေါ်တယ်။

ဟော ဝယ်စရာရှိတော့ ဆောင်ထားတဲ့စာရင်း လုပ်ပေးပါဆို လုပ်မပေးဘူး။ ခု ရလမ်းမဖော်ပြ ၁၅သိန်းပေးရုံ  ငွေဖြူ သိန်းတရာ တင်းတင်းရတယ်။ အလုပ်ရှုပ်ခံလို့ အဖေရာ"

"အဖေ နေမကောင်းတော့ အခွန်တွေဆောင်ထားလို့ လာ ဒီspecial ခန်းမှာနေ ဒီမှာ အထူးကု သူကြည့်ပေးမှာမဟုတ်ဘူး" "သားကျောင်းတက်တော့ အခွန်ဆောင်ထားလို့ အဆောင်ခ မပေးနဲ့ အလကား ရလို့လား"

"အခု စာရေးတာတောင် အဖေ့စာတွေ ပြောင်းလဲပေးနိုင်သူတွေဖတ်လို့လား"

"ညာလက်ညှိုးတိုတာနဲ့ bill ကုန်တာသာ ကျန်တာပဲ"

"ဒါပေမယ့် အကျိုးမယုတ်အောင် ဒီမှာတင်ရပ်ပြီး internet bill ဖိုးလေး
ရေစက်ချ အမျှဝေလိုက်ပါအဖေရယ်။"

ဒါကြောင့်ပြောပါတယ်။ ထမင်းဗူး ပုံပြင်ပါလို့။

"ကြားကြားသမျှ အမျှ အမျှ အမျှ ပါဗျို့။"

 😀  😀  😀

Credit: Maung Maung Myint

No comments: