သီတင်းကျွတ်လမြန်မာတစ်ပြည်လုံး ပွဲလမ်းသဘင်တွေ ရှိသည်။ ထိုအထဲတွင် ကျောက်ဆည်မြို့ ဆင်ပွဲတော်မှာလည်း တစ်ခုအပါအ၀င်ဖြစ်သည်။ ဆင်ပွဲတော်နှင့် ဆင်ရုပ်ချိုးအနုပညာအကြောင်းကို လေ့လာမိခဲ့သည်ကို အခါခွင့်သင့်သည့် အချိန်တွင်ပြန်လည်ဖော်ပြပေးမိပါသည်။ မြန်မာ့အနုပညာ ဆင်ရုပ်ချိုးပညာနှင့် ဆင်အကပညာအကြောင်း စိတ်ပါဝင်စားပါက အချိန်ပေးပြီး ဖတ်စေချင်ပါသည်။
ကျောက်ဆည်မြို့သည် မြန်မာပြည်အလယ်ပိုင်းရှိ မန္တလေးတိုင်းဒေသကြီးအတွင်းမှ ခရိုင်မြို့တော် ဖြစ် သည်။ စိုက်ပျိုးရေးကောင်းမွန်သည့်ဒေသဖြစ်သလို စက်မှုလက်မှုလုပ်ငန်းများလည်း ထွန်းကားသည်။ ဘိလပ် မြေ စက်ရုံကြီးများစွာကို တည်ထောင်ထားသည်ကိုတွေ့ရသည်။ ကျောက်ဆည်နှင့်ပတ်သက်၍ အထင်ကရ ပြောစမှတ်တွင်ရသည့် လုပ်ငန်းတစ်ခုရှိသည်။ ယင်းမှာ ဆင်ရုပ်ချိုးလုပ်ငန်းဖြစ်သည်။ လူများဝင်ရောက်ကပြ ဖျော်ဖြေသည့် ဆင်ရုပ်ကြီးများကို ပြုလုပ်သည့် လုပ်ငန်းဖြစ်သည်။ ဆင်အကပြိုင်ပွဲ၊ ဆင်လှုပွဲသည် မြန်မာ တွင်သာမက ကမ္ဘာနိုင်ငံများကပါ စိတ်ဝင်တစားလေ့လာကြသည့် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ ရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်ပေသည်။ ကျောက်ဆည်မြို့တွင် နှစ်စဉ်မပြတ်တမ်း သီတင်းကျွတ်လပြည့်ရောက်ပြီဆိုသည်နှင့် ဆင်ပွဲ တော်ပြုလုပ်လေ့ရှိသည်။ သီတင်းကျွတ်လ အင်္ဂလိပ်လို အောက်တိုဘာလပိုင်းရောက်ပြီဆိုသည်နှင့် အနယ်နယ် အရပ်ရပ်ရောက်နေသော ကျောက်ဆည်သားများ နေရပ်ပြန်ကာ ဆင်ပွဲတော်နွှဲရန် ပြင်ဆင်ကြပြီဖြစ်သည်။ နိုင်ငံ ရပ်ခြားရောက်နေ သူများအဖို့လည်း ယင်းလပိုင်းသည် မိဘဆွေမျိုးများနှင့်တွေ့ဆုံရန်နှင့် ပွဲတော်နွှဲပျော်ရန် ကြိုးစားပြီးပြည်တော်ပြန်လာကြသည်။ မြန်မာပြည်၏ တစ်ခုတည်းသော ဆင်မြို့တော်ဟုတင်စားခေါ် ရသည့် ကျောက်ဆည်မြို့သို့ အောက်တိုဘာလ၊ မြန်မာလိုသီတင်းကျွတ်လ အစပိုင်းတွင် တိုက်တိုက်ဆိုင်ဆိုင် ခရီး ရောက်ဖြစ်ခဲ့ပါသည်။ ထိုသို့ရောက်ခိုက် ဆင်ရုပ်ချိုးနေကြသည့် လုပ်ငန်းများ သို့ ရောက်အောင်သွားပြီး ဆင် အကပြိုင်ပွဲအကြောင်းနှင့် ဆင်ရုပ်ချိုးလုပ်ငန်းများအကြောင်းကို စိတ်ဝင်တစား လေ့လာစူးစမ်းကြည့်မိ ပါသည်။
အနော်ရထာ၏ကျိန်စာ
ပုဂံပြည့်ရှင်အနော်ရထာ၏ စောင့်ရှောက်သည့်မြို့ဖြစ်ခြင်းကြောင့် ထိုမင်း၏ ကုသိုလ်ကောင်းမှုများ အ ဖြစ် ဘုရားစေတီပုထိုးများစွာ ကို ကျောက်ဆည်တွင်တွေ့မြင်နိုင်သည်။ ထို့အပြင် အနော်ရထာနှင့် ကျောက်ဆည် ဆင်ပွဲသည် ခွဲမရအောင် ဆက်စပ်မှုရှိနေသည်။ မင်းကြီးလက်ထက်တော်ကတည်းက ဆင်အလှူပွဲဟူ၍ ရှိခဲ့ပြီး ယင်းအလှူ စဉ်ဆက်မပြတ် ကျောက်ဆည်မြို့တွင် ရှိနေစေရန် နှစ်စဉ်ပွဲတော်ပြုလုပ်ရမည်ဟု မိန့်မှာခဲ့သည်ဟု သိရသည်။ အနော်ရထာမင်းက ဆင်အလှူပွဲ နှစ်စဉ်မပြတ်တမ်းပြုလုပ်ရမည်၊ ပျက်ကွက်ပါက ဘေးအန္တရာယ် များ ကျရောက်စေရန် ကျိန်စာများတိုက်ခဲ့သည်ဟု ဒေသခံများကယုံကြည်ကြသည်။ ကျိန်စာကိုကြောက်ခြင်း အားဖြင့် လည်းကောင်း၊ ဘာသာရေး ယုံကြည်မှုအရလည်းကောင်း၊ နှစ်စဉ်ကျင်းပသည့် ဘုရားပွဲအစဉ်အလာကို ထိန်းသိမ်းခြင်းအားဖြင့်လည်းကောင်း၊ ကျောက်ဆည်နှင့်ဆင်အကခွဲမရသည့် ရိုးရာအမွေကို ဆက်လက် ထိန်းသိမ်း လိုခြင်းကြောင့်လည်းကောင်း၊ ဘ၀ရပ်တည်မှုအတွက် အလုပ်အကိုင်စီးပွားတစ်ခု ဖြစ်ခြင်းကြောင့် လည်းကောင်း ယုံယုံကြည်ကြည် ကြိုးကြိုးစားစားဖြင့် ဆင်ရုပ်ချိုးလုပ်ငန်းကို လုပ်ကိုင်ကြခြင်းဖြစ်ကြသည်။ ကျိန်စာအရ ချောင်းများ၊ မြှောင်းများ ကန်းမည် တိမ်ကောသွားမည်ကို မလိုလားကြပေ။ ကျောက်ဆည်မြို့ တွင်းသို့ စီးဝင်နေသာ ချောင်းငယ်များကိုတွေ့ရသည်။ ယင်းချောင်းများကို ကျောက်ဆည်သားများ က မြှောင်း ဟု ခေါ်ကြသည်။ ထိုမြှောင်းများသည် ရေကောင်းရေသန့်ဖြစ်ခြင်းကြောင့် အသုံးပြုနိုင်ကြသည်။ အနော်ရထာ ၏ ကျိန်စာတွင်လည်း ထိုမြှောင်းများ ကန်းပါစေ (ပျောက်ကွယ်ပါစေ) ဟု ပါရှိသည်ဟု ဆိုကြသည်။ ဇော်ဂျီ၊ တမုတ်၊ မင်းရဲ၊ ပန်းလှောင်၊ စမုံ၊ ဇီးတော၊ ဒုဌ၀တီ စသည့် မြစ်ချောင်းများသည် မြို့နှင့် ဆက်စပ်နေပြီး အကျိုး ပြုလျက်ရှိသည့် သဘာဝအရင်းအမြစ်များဖြစ်သည်။
တစ်နှစ်မှ မပြတ်တမ်း ဆင်ပွဲတော်ပြုလုပ်ခဲ့သည်ဟု ဆိုသော်လည်း ၁၉၈၈ ခုနှစ်တွင် အရေးအခင်း ကာလနှင့် ကြုံသဖြင့် မြို့ရွာတည်ငြိမ်မှုအားနည်းခြင်း၊ ကြိုတင်ပြင်ဆင်မှုမရှိခြင်းနှင့် အခြားသောအခက်အခဲ အမျိုးမျိုးကြောင့် ပွဲတော်မပြုလုပ်နိုင်ခဲ့ပေ။ ကျိန်စာမှန်ကန်ခြင်းလား၊ တိုက်ဆိုင်ခြင်းကြောင့်လားမသိ မြို့တွင်းသို့ စီးဝင်နေသော ချောင်းများက တစ်မြို့လုံးသို့ ရေကြီးရေလျှံမှုဖြစ်ခဲ့သည်။ အဖျားအနာများလာခဲ့သည်။ ထို့ အတွက် ဘုရားလူကြီးများ၊ မြို့မိမြို့ဖများ၊ ရပ်ရွာလူထုများစုစည်းကာ ရှေးခေတ်ကပြုလုပ်ခဲ့သည့်အတိုင်း ဆင်ရုပ်ကလေးများ၊ ကန်တော့ပွဲများဖြင့် ရွှေသာလျောင်းတောင်ပေါ်တက်ပြီး ဆင်လှူပွဲအဖြစ် ပြုလုပ်ပေးခဲ့ကြ ရသည်။ ထိုအခါမှ သာ ရေကြီးရေတက်နေသော ချောင်းများအားလုံး ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်ဟု ကြုံခဲ့ရ သူများက ပြောပြပါသည်။ ဆင်လှူပွဲတော်ဆိုသည်မှာ ယခုအချိန်တွင်မရှိတော့သည့် ပျောက်ကွယ်ခဲ့သော အလေ့တစ်ခုဖြစ်သည်။ ရှေးယခင်က ဆင်အကပွဲတော်၊ ဆင်လှူပွဲတော်ဟုသာရှိပြီး ယခုကဲ့သို့ ပြိုင်ပွဲတော် မရှိပေ။ ခေတ်ကာလ ရွေ့လျောလာပြီး အုပ်ချုပ်သည့်အဖွဲ့အစည်းများ၊ ဒေသခံများ၏ အစီအစဉ်များဖြင့် ပြိုင်ပွဲ ပုံစံသို့ပြောင်းလာခြင်းဖြစ်သည်။ ဆင်အလှူပွဲဆိုသည်မှာ အနော်ရထာမင်းကြီး တည်ထားတော်မူသော ရွှေသာလျောင်းတောင်ပေါ်ရှိ ရွှေသာလျောင်းစေတီတော်သို့ ဆင်အရုပ်ကလေးများ ပြုလုပ်ကာ လှူဒါန်းကြခြင်း ဖြစ်သည်။ ယင်းနေ့တွင် ဆင်ရုပ်ကလေးများကို မလေးလံသော်လည်း လူငယ်များကမချီထမ်းပိုးပြီး ရှေ့မှနေကာ နောက်မှလှူဒါန်းဖွယ်ပစ္စည်းများ၊ ရပ်ရွာမှပူဇော်ပွဲလိုက်ပါကြသူများဖြင့် အစီအရီဖြင့် တောင်ပေါ်တက်ရောက်ကြ ရခြင်းဖြစ်သည်။ တောင်ပေါ် ဘုရားစေတီရှေ့တွင် ဆင်ရပ်ကလေးများ ညီညာစီတန်းချထားပြီး ဆရာတော်များ ထံမှ ရေစက်ချတရားနာယူ လှူဒါန်းကြရသည်။ အနော်ရထာမင်းကြီးနှင့် တကွ ၃၁ ဘုံသားများ အားလုံးကို အမျှအတန်း ပေးဝေကြသည်။ လှူထားသည့် ဆင်ရုပ်ငယ်လေးများအားလုံးကို ပွဲပြီးသည့်အခါ ဘုရားသုံးပတ် ပတ်၍ပူဇော်ကာ ရွှေသာလျောင်းတော် တစ်ဖက်တစ်ချက်စီမှဆင်သချိုင်္င်းဟု အမည်ပေးထားသည့် တောင် အောက်သို့ စွန့်ပစ်လိုက်ရသည်။ ဆင်အလှူပွဲကို ယင်းကဲ့သို့နှစ်စဉ်မပြတ် ပြုလုပ် လာခဲ့သော်လည်း တိမ်ကော ပျောက်ကွယ် သွားခဲ့ရသည်မှာ အနှစ်လေးဆယ်ကျော်ပြီဟု ဒေသခံ ဆင်ပညာရှင်ကြီးတစ်ဦးက ရှင်းပြပါသည်။ ဆင်ရုပ်များပြုလုပ်သည့်အခါ ရိုးရာအရ ဥတေန နတ်မင်းကိုပွဲထိုးပူဇော်ရသည့် ဓလေ့ကိုလည်း ထပ်မံ တွေ့ရ သေးသည်။ ပွဲထိုးသည့်အခါ ငှက်ပျောစိမ်း၊ အုန်းစိမ်းဖြင့် ပြုလုပ်ရမည်ဖြစ်သော် လည်း ကျောက်ဆည် ဆင်ပွဲ အတွက်မူ ငှက်ပျောအမှည့်ကိုသာ အသုံးပြုကြရသည်။ ငှက်ပျောစိမ်းကို ပွဲထိုးပါက ယင်းဆင်ရုပ်ကို ကသည့် အဖွဲ့ ပြဿနာပေါ်တတ်သည်။ အမှားအယွင်းများတတ်သည်၊ အထိအခိုက်အနာတရ ဖြစ်တတ်သည်ဟု အယူ အဆရှိကြသည်။ ဆင်ရုပ်ကို ကျောက်ဆည်မှ အဝေးမြို့များသို့ သယ်ယူသွားမည့် ဆိုပါလျှင်လည်း ရိုးရာမပျက် ဥတေန နတ်မင်းအတွက် ပွဲထိုးပေးရသည်။ ရွှေသာလျောင်း တောင်ခြေရှိနတ်ကွန်းတွင် ပွဲထိုးရခြင်းဖြစ်ပြီး ထို နေရာသို့မသွားနိုင်ပါက လုပ်ငန်းခွင်ရှိရာအရပ်မှ လှမ်း၍ဦးတိုက်ပြုလုပ်နိုင်ကြသည်။ ဥတေနမင်းသည် ဆင် အပေါင်းကို နိုင်နင်းသည့် ဘုရင်တစ်ပါးဖြစ်ခြင်းကြောင့် ဆင်ရုပ်လုပ်ငန်းများနှင့် ဆင်ပွဲတော်တို့အတွက် အလေး အမြတ်ထား ပူဇော်ကြခြင်းဟုသိရသည်။
ကျောက်ဆည်နှင့်ဆင်အက
ဆင်အကပညာ၊ဆင်ရုပ်ချိုးလုပ်ငန်းဆိုသည်နှင့် ကျောက်ဆည်မြို့ကိုပြေးမြင်ကြမည်ဖြစ်သည်။ ဆင် မြို့တော်ဟူ၍ပင် ပြောဆိုခိုင်းနှိုင်းကြ သည်။ ကျောက်ဆည်မှစတင်ပြီး မြန်မာနိုင်ငံအနှံ့သို့ ဆင်အကပညာ သည် ပြန့်နှံ့စွာရောက်ရှိနေပြီဖြစ်ပြီး အခြားသောမြို့ရွာများတွင်လည်း ဆင်အကဖြင့် အလှူမင်္ဂလာပွဲများတွင် ဖျော်ဖြေ ကြသည်။ ဆင်အကနှင့်ပတ်သက်၍အကကွက်မျိုးစုံစွာ ဖျော်ဖြေနိုင်ခြင်းကြောင့်
ကျောက်ဆည် တွင် ဆင်အက သမားများ လာရောက်ငှားရမ်းပြီး ဖျောဖြေခြင်းများလည်းရှိသည်။ ကကွက်များတွင် စားပွဲဝိုင်းများအဆင့်ဆင့် တင်ပြီးကခြင်း၊ ပီပါလုံးများဆင့်ကခြင်း၊ ကုန်းဘောင်လျောက်ကခြင်း စသည့် အကများသည် ထင်ရှားသည်။ စားပွဲများကို ခုနှစ်လုံးရှစ်လုံးအဆင့်ဆင့်အထပ်ထပ်၏ ထိတ်ပေါ်တွင် တက်ကာ ခုနှစ်ထွေအက၊ ပန်းမြိုင်လယ် အမည်ရသည့်အကများကို ဆင်ရုပ်ကြီးဖြင့် တက်ကရသည့်ဖျော်ဖြေမှုမှာ အမြင်တွင်မလွယ်သလောက် တကယ် ပြုလုပ်ရသည်မှာလည်း များစွာခက်ခဲလှပေသည်။ အခြားမြို့ရွာများက ဆင်အကကိုသင်ယူပြီး တုပ၍ ကပြကြ သော်လည်း ကျောက်ဆည်ကဲ့သို့ အကွက်စုံလင်အောင် လှပဆန်းကြယ်အောင်မကတတ်ပေ။ ကျောက်ဆည် ကမူ တစ်မြို့လုံးနီးပါးက ဆင်ကကွက်များနှင့် ရင်းနှီးမှုရှိနေကြသည်။ ကစားတတ်သည့် ယောင်္ကျားကလေး ငယ်များ ဆော့ကစားသည့်အခါတွင် ဆင်အရုပ်ကလေးများ ဆင်ဦးခေါင်းကလေးများကို ကိုယ်တွင်စွပ်ကာ လူကြီးများကဲ့သို့ ပြုလုပ်ကစားတတ်ကြသည်။ ထို့အတွက် အရွယ်ရောက်လာသည့်အခါ အထူးတလည် သင်ယူ စရာမလိုဘဲ အနည်းငယ်ပြုပြင်ပြသရုံဖြင့် ဆင်အကကိုတတ်ကျွမ်းလေ့ ရှိသည်။
ကျောက်ဆည်သားမှန်သည်နှင့် ဆင်အကကို ရင်းနှီးမှုရှိကြသည်ဟုဆိုရမည်။ ဆင်ရုပ်ကြီးများ မြို့သို့လှည့်လည် ဖျော်ဖြေသည်ဆိုလျှင် ကလေး သူငယ်များက ဆင်ရုပ်ကလေးများဖြင့်တုပပြီး လိုက်လံကကြခြင်းဖြင့် အတုမြင်အတတ်သင် တတ်မြောက်သွား ကြခြင်းဖြစ်သည်။ ကလေးငယ်အရွယ် ကတည်းက ဆော့ကစားသည့် ဓလေ့ရှိခြင်းကြောင့် ဆင်အကပညာရပ်မှာ တိမ်ကောမသွားဘဲ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းနိုင်လျက်ရှိသည်။ ကျောက်ဆည်တွင် ဆင်ရုပ်ချိုးပညာရှင် ၇ ဦးရှိသည်ဟု သိရသည်။ တစ်ဦးချင်းစီ၌ ကိုယ်ပိုင်အလုပ်ရုံရှိကြပြီး ပညာဆက်ခံမည့် တပည့်သားမြေးများရှိကြသည်။ ဆင်အကကို အခြားဒေသများမှာ တတ်မြောက်လို၍ သင်ယူလိုလျှင်လည်း ယင်းဒေသများသို့ သွားရောက်ကာ သင်ကြားပေးကြသည်။ သင်တန်းကြေးမှာ စားရိတ်ငြိမ်း သုံးသိန်းခွဲကျပ် ပေး ရသည်။ ဆင်အကကို သွားရောက်ကပြရမည်ဆိုပါ ညှိနှိုင်းနှုန်းထားများဖြင့် အဆင်ပြေစေရန် ဆောင်ရွက် ပေးလေ့ရှိသည်။ ကျောက်ဆည်ဆင်ပြိုင်ပွဲတွင် မြို့ခံဆင်အဖွဲ့များ ပြိုင်ပွဲမ၀င်ဖြစ်ပါက မြို့မဈေးကြီးကို မိမိ တို့ အလှပြဆင်ဖြင့် သုံးခေါက် ပတ်ရသည့်ဓလေ့ရှိသည်။ ပြိုင်ပွဲမ၀င်ဖြစ်သော်လည်း ဆင်ပွဲတော်တွင် ပါဝင်သည့် အနေဖြင့် မြို့ကိုလှည့်လည် ဖျော်ဖြေသည့် ပုံစံမျိုးဖြစ်သည်။ ယခုနှစ်ဆင်ပွဲတော်တွင် ၀င်ရောက်ဆင်နွှဲမည့် ဆင်အကောင်ရေ ၈၀ ခန့်ရှိသည်ဟုခန့်မှန်းရသည်။ ၂၅ စီးက ပြိုင်ရန် စာရင်းပေးထားသည့်အတွက် မပြိုင်သည့် ဆင် ၅၀ ကျော်က ဈေးကိုပတ်ကာ ဖျော်ဖြေရသည်။ ဆင်ပွဲတော်ဖြစ်မြောက်ရေးကော်မတီက ဈေးပတ် ဆင်များ ကို ဆုကြေးချီးမြင့်ပေးသည့်နည်းတူ ကမ္ဘောဇဘဏ်ကလည်း ထပ်ဆောင်းပေးသည်။ ထို့အတူ ကော်မတီက ပထမ၊ ဒုတိယ၊ တတိယ ဆုများအတွက် ဆုကြေးငွေပေးရာတွင် ထိုနှုန်းထားအတိုင်း ကမ္ဘောဇ ဘဏ်က ဆတူ ချီးမြင့်ခြင်းဖြင့် ပြိုင်ပွဲဝင်များအတွက် အားတက်စရာဖြစ်စေခဲ့သည်။ ဆင်ပြိုင်ပွဲအတွက် ပြင်ဆင်ရသည်မှာ ၀ါတွင်းသုံးလခန့်ကြာမြင့်တတ်သည်။ ဆင်ရုပ်ချိုးခြင်း၊ ဆင်အကတိုက်ခြင်း၊ ပြိုင်ပွဲအတွက် ငွေစု ဆောင်းခြင်း၊ မိတ်ဆွေ သူငယ်ချင်းများ၊ ထောက်ပံ့လိုသူများထံမှ အကူအညီရှာရခြင်းတို့ဖြင့် သုံးလခန့်အချိန်ပေး ရသည်။ ပြိုင်ပွဲကာလပြီးဆုံးပြီဆိုသည်နှင့် အနယ်နယ်အရပ်ရပ်မှ ပွဲများအတွက် အလှူမင်္ဂလာပွဲများ အတွက် လက်လံ ဆောင်ရွက်ပေးလေ့ရှိသည်။ ဆင်ရုပ် အပိုင်ဝယ်ယူလိုသူများအတွက်လည်း နိုင်သည့်နှုန်းထားများ အတိုင်း ညှိနှိုင်းလုပ်ကိုင်ပေးကြရသည်။ ဆင်ရုပ်ငှားမည်ဆိုပါက ဘော်ကြယ်ဆင် တစ်ရက်ငှားခ ၅၀၀၀၀ ကျပ် အခြေခံသတ်မှတ်ထားပြီး ရိုးရာဆင်အတွက် ၃၀၀၀၀ ကျပ် ပေးရသည်။ ဆင်ထဲဝင်ကမည့် လူငယ်လေးများ အတွက် တစ်ရက် ၄၀၀၀၀ ကျပ် ပေးရသည်။ ငွေကြေးကို အတိအကျသတ်မှတ်ထားခြင်း မဟုတ်ဘဲ တစ်ဦးနှင့် တစ်ဦး အဆင်ပြေသည့်နှုန်းကို ညှိနှိုင်းဆောင်ရွက်ပေးလေ့ရှိသည် ဟု သိရသည်။
ဆင်ကရာတွင် လူငယ်နှစ်ဦး မှ ဆင်ရုပ်အတွင်းသို့ဝင်ကာ ညီညီညာညာဖြင့် ကကွက်ဖော်ရခြင်းဖြစ်သည်။ ဦးခေါင်းပိုင်းမှနေရာယူသည့် သူ က ဆင်ခေါင်းကို လှုပ်ရမ်းသည့် တာဝန်ကိုယူရကာ နောက်ပိုင်းတွင်နေရသူက ကိုယ်လုံးပိုင်း ကပြမှုကို ဆောင်ရွက်ရသည်။ နောက်ခြေနှစ်ချောင်းတည်းဖြင့် မတ်တပ်ရပ်နေသည့် ကကွက်မျိုးဆိုလျှင် နောက်မှလူ၏ အပေါ်သို့ ရှေ့ကလူက တက်နေရပြီး ကင်းမြီးကောက်ထောင် သည့် ပြကွက်မျိုး အတွက် ရှေ့မှလူပေါ် နောက်က လူက ခွစီးထားရသည့် အနေအထားဖြစ်သည်။ အရုပ်အတွင်း ပြုလုပ်နေသည့် လှုပ်ရှားမှုများဖြစ်ခြင်းကြောင့် ပြင်ပမှ ကြည့်ရှု့နေသူများ က တွေ့မြင်နိုင်ခြင်းမရှိပေ။ ဆင်ရုပ်ကြီး လှုပ်ရှားမှုမျိုးစုံဖြင့် ကပြဖျော်ဖြေနေသည်ကို ရှု့ချင်စဖွယ်မြင်တွေ့ရမည်ဖြစ်သည်။ ဆင်ရုပ်ကြီး၏ အလေးချိန်ကိုလည်း ထိန်းထားရပြီး စည်းချက်ကျနအောင် ကကွက်ဖော်ရခြင်းမှာ လွယ်သည်တော့ မဟုတ်လှပေ။
ကျောက်ဆည်ဆင်ပွဲတော်
သီတင်းကျွတ်လပြည့်နေ့တွင် နှစ်စဉ်ကျင်းပသည့် ဆင်ပွဲတော်ကို ပြုလုပ်လေ့ရှိသည်။ ထိုပွဲတော်သို့ အ နယ်နယ်အရပ်ရပ်သို့ ရောက်ရှိနေသော ကျောက်ဆည်သားများ မြို့သို့အရောက်ပြန်လာကြသည်။ ဆွေမျိုး မိတ်ဆွေများစုံသည့်ပွဲလည်းဖြစ်သည်။ မြန်မာတစ်ပြည်လုံးမှ ၀ါသနာရှင်များ၊ ခရီးသွားများ၊ ဘုရားဖူး ဧည့်သည် များ သာမက ပြည်ပခရီးသွားများကပါ စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှုကြသည့် ပွဲကြီးဖြစ်သည်။ နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်ခြင်းနှင့် အများစိတ်ဝင်စားမှုရှိသောကြောင့် ကျောက်ဆည်ဆင်ပွဲသည် တိုး မပေါက်အောင် စည်ကားသိုက်မြိုက်လှသည်။ ပြိုင်ပွဲအနေဖြင့် သီတင်းကျွတ်လဆန်း ၁၄ ရက် နေ့တွင် ကျင်းပ လေ့ရှိသည်။ မန္တလေး၊ ကျောက်ဆည်မြို့တို့မှ မြန်မာမှုပညာရှင်များ၊ ဆင်ရုပ်ချိုးနှင့်ဆင်အက ပညာရှင်ကြီး များက ဒိုင်အဖြစ်ဆောင်ရွက်ပေးကြသည်။ ဆုရရှိသည့်ပြိုင်ပွဲဝင်ဆင်အဖွဲ့များကို ယင်းနေ့ညတွင်ပင် ထိုက်ထိုက် တန်တန် ချီးမြင့်ပေးကြသည်။ ပြိုင်ပွဲများကိုတစ်ရက်တည်းကျင်းပပြီးစီး သည့်နောက် နောက်ရက်ဖြစ်သည့် သီတင်းကျွတ် လပြည့်နေ့နံနက်တွင် ရွှေသာလျောင်းတောင်သို့တက်ရောက်ကြပြီး ဆင်ရေစက်ချအလှူပွဲ ပြုလုပ်ကြသည်။ ပြိုင်ပွဲတွင် ကလေးတန်း၊ လူကြီးတန်း၊ ဘော်ကြယ်တန်းဟူ၍ သုံးတန်းခွဲခြားသတ်မှတ် ထား သည်။ ကလေးတန်းဆိုသည်မှာ အလယ်တန်းကျောင်းသားအရွယ် လူငယ်များက ဆင်အကောင်သေးများဖြင့် ၀င်ရောက်ယှဉ်ပြိုင် ရခြင်းဖြစ်သည်။ လူကြီးတန်းတွင် ဘော်ကြယ်တန်းနှင့် ရိုးရိုးတန်းဟူ၍ခွဲထားသည်။ ရိုးရိုး တန်းမှာ ပြင်ပမှဆင်ပုံစံအတိုင်း အမည်းရောင်ဖြစ်ပြီး ဘော်ကြယ်တန်းမှာ ဆင်ဖြူတော်ပုံစံဖြစ်သည်။ ဘော်ကြယ်တန်းတွင် အရောင်စုံအလှစုံ စီချယ်အသုံးပြုလေ့ရှိသဖြင့် ငွေကုန်ကြေးကျအလွန်များသည်။ ဆင်ကို ပြင်လျှင်ပြင်သလို ချဲ့လျှင်ချဲ့သလို ကုန်ကျစရိတ်တက်လာသည်။ ဘော်ကြယ်ဆင်တစ်စီးတန်ဖိုးမှာ ရှစ်သိန်းခွဲ မှ တစ်ဆယ့်နှစ်သိန်းအထိ တန်ဖိုးရှိသည်။ ယင်းထက်လည်း ပြင်ဆင်သည့် အလှကုန်ပေါ်မူတည်ကာ တန်ဖိုး မြင့်သွားတတ်သည်။ ရိုးရာဆင်ရိုးရိုးတန်းတစ်စီးအတွက် တစ်သိန်းခွဲမှ နှစ်သိန်းအတွင်း တန်ဖိုးရှိသည်။ ကလေးဆင်မှာ ခြောက်သောင်းကျပ် မှ ရှစ်သောင်းကျပ်အတွင်း ကုန်ကျစရိတ်ရှိတတ်သည်။ ပြိုင်ပွဲဝင်အဖွဲ့များ အနေဖြင့် တစ်ပွဲအတွက် ကုန်ကျစရိတ်မှာ သိန်း ၅၀ နီးပါး ရှိသည်ဟုသိရသည်။ မိမိစရိတ် စိုက်ထုတ်ရ ခြင်းကြောင့် အသုံးငွေကို သေသေချာချာ ပြင်ဆင်သုံးစွဲကြရသည်။ သို့မဟုတ်ပါက စိုက်ရမည့် ငွေပမာဏမှာ လွန်စွာများလှသည်။ အချို့ကလည်း ကုန်ကျစရိတ် မတတ်နိုင်သဖြင့် မိတ်ဆွေများကို အကူအညီတောင်းရ သည်။ ရိုးရာပွဲဖြစ်ခြင်းနှင့် အားပေးကူညီလိုကြခြင်းကြောင့် နိုင် သလောက်ထောက်ပံ့ပေးကြသည်။ ယခုခေတ် ပိုင်းတွင် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များက ကြော်ငြာသည့်အနေဖြင့် စပွန်ဆာပေးခြင်းများရှိလာခဲ့သည်။ ကျောက် ဆည်မြို့မှ ကမ္ဘောဇဘဏ်ဆိုလျှင် ဆင်ပွဲ အတွက် ကမကထပြုလုပ် ဦးဆောင်သည့်သူဖြစ်သည်။
ဆင်ရုပ်ချိုးလုပ်ငန်း
ဆင်အကနှင့်ကျောက်ဆည်မြို့အကြောင်း၊ ပြိုင်ပွဲဓလေ့အကြောင်းကို တင်ပြပြီးသည့်နောက် ဆင်ရုပ်ပြု လုပ်သည့် နည်းလမ်းအချို့နှင့် ကုန်ကျစရိတ်အကြောင်း လေ့လာဖြစ်သည်များကို ဆက်လက်ဖော်ပြပေးလို ပါသည်။ ဆင်ရုပ်ပြုလုပ်ရာတွင် အမြင်လွယ်သလောက် အလုပ်ခက်ပါသည်။ အဆင့်ပေါင်းများစွာ ဖြတ်သန်း လုပ်ကိုင်ရသည်။ ၀ါးကိုအဓိကကုန်ကြမ်းအဖြစ်သုံးသဖြင့် နှီးထိုးနှီးဖြာခြင်း ၀ါးကိုင်တွယ်ခြင်း ခွဲစိတ်ဖြတ် တောက်ခြင်းများကို ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုအပ်သည်။ သို့မဟုတ်ပါက ၀ါးကြောပြတ်ခြင်း၊ နှီးပြတ်ခြင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဆင်ပြုလုပ်ရန် လူများစွာမလိုသော်လည်း လူအင်အားဖြင့် ၀ိုင်းဝန်းလုပ်ဆောင်ပါက လုပ်ငန်းတွင်ကျယ်သည်။ နေရာကျယ်ကျယ် တွင်လွတ်လွတ်လပ်လပ် ပြုလုပ်ရလျှင် အဆင်ပြေသည်။ နေလှမ်း ရသည့် အဆင့်များပါဝင်သောကြောင့် မိုးလေလွတ်သောရာသီတွင် လုပ်ငန်းပိုမိုတွင်ကျယ်သည်။ အဓိက ကုန်ကြမ်းဖြစ်သည့် တင်းဝါးကို ပျဉ်းမနားဒေသမှရရှိသည်။ ပျဉ်းမနားတင်းဝါးဟုခေါ်ကြသည်။ ကျောက်ဆည် တွင် ဆင်ပြုလုပ်ရန်အတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို မပြတ်တမ်းရောင်းချပေးသည့် ဆိုင်များ ရှိသဖြင့် ကုန်ကြမ်းအတွက်စိတ်ပူရန်မလိုပေ။ဆင်တစ်ကောင်ပြုလုပ်ရန် အတွက် ၀ါးတစ်လုံးလျှင် ၇၀၀ ကျပ်ဖြင့် ပျဉ်းမနားတင်းဝါးသုံးလုံး၊ ၅၀၀ ကျပ်တန်မျှင်ဝါးနှစ်လုံး၊ တစ်လုံးလျှင် ၁၅၀၀ ကျပ်ဖြင့် ကြက်သောင်းဝါးနှစ်လုံး၊ ၁၈၀၀ ကျပ်ပေးရသည့် ချည်နှီး တစ်ပိဿာ၊ အရွက် ၅၀ ပါ မှိုင်းကိုင်စက္ကူ တစ်ထုတ်အတွက် ၆၅၀၀ ကျပ်၊ တစ်ရွက် တစ်ရာတန် ဘိလပ်မြေ စက္ကူ အရွက်ကြီး ၁၅ ရွက်၊ A4 စက္ကူ တစ်ထုတ်၊ ရွှေစက္ကူစာရွက် ၁၅ ရွက် နှင့် အဏုမြူဆေးရောင်စုံ ၃ ဗူး တို့ အသုံးပြုရသည်။ ဆင်ပြုလုပ်သည့်ပုံစံမှာဦးစွာ ၀ါးဝယ်ယူလာပြီးသည်နှင့် ခွေဝါးနှင့်တန်းဝါး နှစ်မျိုးရစေရန် စိတ်ဖြာရသည်။ ခွေဝါးဆိုသည်မှာ ဆင်ရုပ်ပြုလုပ်ရာ ကိုယ်လုံးကိုယ်ထည်ပုံ ပေါ်စေရန်ခွေပတ်ရသည့် ၀ါးအပြားကိုခေါ်ခြင်းဖြစ်သည်။ တန်းဝါးဆိုသည်မှာ ခွေပြားကို လိုက်လံထိန်းချုပ်သည့် အဖြောင့်လိုက်ထည့်သွင်းရသော ၀ါးကိုခေါ်ခြင်းဖြစ်သည်။ ခွေဝါးသည် အပြားလိုက်ဖြစ်ပြီး တစ်လက်မအကျယ် ရှိသည်။ တန်းဝါးမှာ ပတ်လည် ၅ မူးလုံးထုရှိသည်။ ခွေဝါးနှင့်တန်းဝါးတို့ကို အချောသပ်ပြီးသည်နှင့် ယက္ကန်းစင် ပေါ်တွင် ဆင်ကိုယ်လုံး သဏ္ဍာန်ဖြစ်စေရန် ပြုလုပ်ရသည်။ ယက္ကန်းစင်ဆိုသည်မှာ အခြေခံတိုင်လေးတိုင် ထောင်ပြီး ပြုလုပ်ထားသည့်စင်ဖြစ်သည်။ ယင်းစင်ကိုအခြေပြုကာ ခွေဝါး၊ တန်းဝါး တို့ဖြင့် ဆင်ရုပ်လုပ်ရခြင်း ဖြစ်သည်။ ကိုယ်ထည်အကြမ်းပြုလုပ်ပြီးသည်နှင့် ယင်းအပေါ်၌ ဇကာကွက်များကို အပြည့်ကပ်ရသည်။ ၀ါး ဇကာကွက်အတွက် ကြက်သောင်းဝါးကို အသုံးပြုရသည်။ တစ်ထောင့်ထွာအရှည်ရှိသော ကြက်သောင်းဝါးကို နှီးဖြာပြီး နှစ်လက်မပတ်လည် ဇကာကွက်ရက်လုပ်ရခြင်းဖြစ်သည်။ ဇကာကွက်များ ကိုယ်ထည်ပေါ်တွင် အပြည့်တပ်ပြီးလျှင် အစွန်းအထွက်များအား ကပ်ကြေးဖြင့်ဖြတ်ပေးရသည်။ ထပ်ထားသည်များခိုင်ခံ့မှုရှိစေရန် နှီးအသုံးပြုချည်နှောင်ရသည်။ နှီးကို ကိုယ်တိုင်ထိုးကြသလို ပိဿာဈေးဖြင့် ၀ါးဆိုင်မှလည်းဝယ်ယူနိုင်သည်။ ထိုအဆင့်အပြီးတွင် မှိုင်းခံစက္ကူကော်သုတ်၍ အရုပ် တစ်ကိုယ်လုံးကိုကပ်ရသည်။ ကော်မှာ ကိုယ်တိုင်ကြိုရသည့် ဆန်ကြမ်းကော်ဖြစ်သည်။ လိုအပ်သလို အပျော့အမာပြုလုပ်နိုင်ခြင်းကြောင့် ဆန်ကြမ်းကော်ကိုသာ အသုံးပြု ကြခြင်းဖြစ်သည်။ မှိုင်းခံစက္ကူကော်သုပ်ထားသည်ကို ခြောက်သွေ့သွားစေရန် နေလှမ်းရသည်။ နေရောင် ကောင်းကောင်းတွင် တစ်နေခန့်ပြလိုက်လျှင် နောက်တစ်ဆင့် ဆက်လက်လုပ်ကိုင်နိုင်ပြီဖြစ်သည်။ နေရောင် ကောင်းစွာမရလျှင် ထင်းမီးဖြင့် အပူပေးအခြောက်ခံရသည်။ သို့သော် ဆင်ရုပ်ချိုးပညာရှင်များက မင်္ဂလာဆင် ဖြစ်ခြင်းကြောင့် မီးဖြင့်မြိုက်ခြင်းကိုအားမပေးကြပေ။ မဖြစ်မနေအရေးတကြီးလိုအပ်မှသာ မီးဖြင့်အပူပေးကြ သည်ဟု သိရသည်။ မှိုင်းခံစက္ကူခြောက်သွားလျှင် နောက်ထပ်တစ်ဆင့် ကပ်ထူစက္ကူကပ်ရန်လိုအပ်သည်။ ဘိလပ်မြေအိတ်များတွင် အတွင်းမှခံသည့် စက္ကူအမျိုးအစားဖြစ်သည်။ စက္ကူအထူကိုလည်း မှိုင်းခံစက္ကူကဲ့သို့ ပင် ကော်သုပ်၍ တစ်ကိုယ်လုံး အပြည့်ကပ်ရပြီး နေဖြင့်ခြောက်အောင် လှမ်းရသည်။ တစ်နေကုန် အချိန်ပေးနေ ပြသည့် အချိန်တွင် နောက်ထပ်အရုပ်များအတွက် နှီးဖြာခြင်း၊ ၀ါးကပ်ရက်ခြင်း၊ ခွေဝါးတန်းဝါးများအသုံးပြု၍ ဆင်ရုပ်ထပ်မံပြုလုပ်ခြင်း၊ ကော်ကြိုခြင်း၊ ဆင်ဦးခေါင်းပြုလုပ်ခြင်း စသည်တို့ကို တစ်ခုပြီးတစ်ခု အဆင်သင့်နေ စေရန် လုပ်ကိုင်ကြရသည်။ သို့မှသာ လိုအပ်သည့် အရုပ်အရေအတွက်ကို အချိန်မှီ ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ကပ်ထူစက္ကူကပ်ထားသည့် ဆင်ရုပ် ကော်ခြောက်သွားသည်နှင့် ရိုးရာဆင်အတွက်ဆေးခြယ်သည့် အပိုင်းကို ဆက်လက်လုပ်ကိုင်ကြရသည်။ ဘော်ကြယ်ဆင်အနေဖြင့် အလှပြုပြင်ရန် လိုအပ်ခြင်းကြောင့် တစ်ကိုယ်လုံးကို A4 စက္ကူအဖြူ ထပ်ကပ်ရန်လိုအပ်သည်။ အောက်ခံအဖြူစက္ကူပေါ်မှ ဆေးအဖြူရောင်ကိုသုတ်လိမ်းမှသာ ဆင်ဖြူတော်ကဲ့သို့ ခန့်ငြားထည်ဝါနေပေလိမ့်မည်။ ထိုဆင်ရုပ်၏အပေါ်မှထပ်ကာ ရွှေစက္ကူ၊ ငွေစက္ကူတို့ကို ပန်းဒီဇိုင်းဆွဲပြီး အလှဆင်ရသည်။ ကတ္တီပါ၊ ပိုးစများ၊ ကျောက်မျိုးစုံ၊ ဘော်ကြယ်၊ စီးကွင့် စသည်များအား သင့်တော်သလို ထည့်သွင်းလေ့ရှိသည်။
ဆင်အရုပ်တွင် ခေါင်းနှင့်ကိုယ် တစ်ခုစီပြုလုပ်ရသည့် အတွက် ခေါင်းပိုင်းကိုလည်းအရုပ်ချိုးသည့်နည်းအတိုင်း ဆောင်ရွက်ရသည်။ အစွယ်အတွက်သစ်ကြီးသား၊ ကုက္ကိုဠ်သား တို့နှင့်လုပ်ရသည်။ သစ်ကြီးသားသည် အစိုဓာတ်ကုန်၍ ခြောက်သွေ့သွားသည့်အခါ အလေးချိန်မစီးဘဲ ပေါ့ပါး သွားသောကြောင့် ကုက္ကိုဠ်သားထက် သစ်ကြီးသားကို အသုံးပြုကြသည်။ ခေါင်းနှင့်ကိုယ်ထည် ဆက်သည့် အခါ အရေးကြီးသည်။ ခေါင်းသည် ဆင်အကကသည့်အခါ မပြတ်လှုပ်ရမ်းနေရခြင်းကြောင့် ခိုင်မြဲနေရန် လိုအပ် သကဲ့သို့ သွက်သွက်လက်လက် လှုပ်ရှားနေနိုင်ရန်လည်း လိုအပ်သည်။ ဆက်သည့်အခါ ၁၄ လက်မအရှည် ၆မူးလုံး ပိုက်၊ ၂၇ လက်မအရှည်ရှိသည့် ၆မူး သံလုံးတို့ကိုအသုံးပြုကာ တွင်ခုံဆရာ၏ အကူအညီဖြင့် ဆက်ရ ခြင်းဖြစ်သည်။ ခေါင်းပိုင်းနှင့်ကိုယ်ထည်ပိုင်းအတွက် ၀ါးကိုအဓိကထား ပြုလုပ်ရပြီး အောက်ပိုင်းမှ ခြေထောက် ပိုင်းကို ပိတ်စအသုံးပြုကြသည်။ လွတ်လွတ်လပ်လပ် ကပြနိုင်စေရေးအတွက် ဆင်ကိုယ်ခန္ဓာ နှင့် ကိုက်ညီမည့် ဘောင်းဘီပွကြီးများကို ချုပ်လုပ်ရသည်။ ကျောက်ဆည်မှ အပ်ချုပ်ဆိုင်များက ကျွမ်းကျင်ပိုင်နိုင်စွာ ချုပ်လုပ် နိုင်ကြသဖြင့်အဆင်ပြေသည်။ ခြေထောက်အတွက် ဆင်ပေါ်တွင်မူတည်ပြီး ပိတ်စရွေးချယ်ခြင်း၊ အရောင်ထည့် သွင်းခြင်း ကို ဆောင်ရွက်ကြရသည်။ ဘော်ကြယ်ဆင်အတွက် ခြေထောက်အမည်း သုံးလျှင် အဆင်မပြေသလို ရိုးရာဆင်တွင် ခြေထောက်အဖြူကို တပ်ထားမည်ဆိုပါက သင့်တော်မည်မဟုတ်ပေ။ ဆင် တစ်ကောင်ပြုလုပ် သည့် ကြာချိန်မှာ လူငါးယောက် လက်ဆယ်ဖက်ကိုအသုံးပြုလျှင် ၀ါးခွဲသည်မှ ဆေးခြယ် အလှပြုပြင်ပြီးသည် အထိ ၅ ရက်တာကြာမြင့်ခြင်းကြောင့် အလုပ်လက်ခံလျှင် ဆင်တစ်ကောင်အတွက် ၇ ရက် တစ်ပတ်မှ ၁၀ ရက် အတွင်း အချိန်တောင်းရလေ့ရှိသည်။ မိသားစုဝိုင်းဝန်းလုပ်ကိုင်နိုင်သည့် လုပ်ငန်းဖြစ်သော်လည်း လိုအပ်ချက် ရှိလာသည့်အခါ စားရိတ်ငြိမ်း သုံးထောင်ကျပ်ဖြင့် နေ့စားခေါ်ယူကြရသည်။
ကျောက်ဆည်မြို့မှ ဆင်ရုပ်ချိုးအားသာချက် အနေဖြင့် မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာကြသည့် လုပ်ငန်းတစ်ခုဖြစ်ခြင်း၊ ဘာသာရေး နှင့် ဆက်စပ်မှုရှိနေခြင်း၊ အရုပ်ပြုလုပ်ရန်လိုအပ်သည့် ကုန်ကြမ်းပစ္စည်းပေါများစွာရှိခြင်း၊ အုပ်ချုပ်သူအဖွဲ့ အစည်းများ၏ ချီးမြင့်မြောက်စားမှုရှိခြင်း၊ ကျွမ်းကျင်ပညာရှင်ကြီးများရှိနေခြင်း၊ လက်ဆင့်ကမ်းအမွေ ယူဆောင်မည့် မျိုးဆက်များ ရှိနေခြင်းတို့ကြောင့် ရှေ့အနာဂတ်တွင် ဆင်ရုပ်ချိုးပညာရပ်၊ ဆင်အကပညာရပ်များသည် တိမ်ကောသွားမည့် အလားအလာမတွေ့ရပေ။ ခေတ်ပြောင်းစနစ်ပြောင်းသွားသည့် အခါများတွင်လည်း တစ် ခေတ်ထက်တစ်ခေတ် ဆက်၍ဆက်၍ နှောင်းလူတို့က ထိန်းသိမ်းစောင့်ရှောက်သွားကြမည့် ပညာရပ်အဖြစ် သာ ရှု့မြင်မိပါသည်။
အဆုံးသတ်အနေဖြင့် ကျောက်ဆည်မြို့မှ ဆင်ရုပ်ချိုးလုပ်ငန်း၊ ဆင်အကနှင့် ဆင် ပွဲတော် တို့သည် သမာအာဇီဝကျပြီး အများလက်ခံသည့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုအနေဖြင့် မြန်မာ့မြေတွင် တည်ရှိနေမည်ဖြစ်ပါကြောင်း ဂုဏ်ယူစွာ တင်ပြရေးသားလိုက်ပါသည်။
(ဆောင်းပါးရေးနိုင်ရန်အတွက် အကူအညီပေးပါသော ကျောက်ဆည်မြို့မှ ဆင်ရုပ်ချိုးပညာရှင် ဦးသိန်းအောင် အား အထူးကျေးဇူး တင်ရှိပါသည်။ )
ကိုလှမင်းနိုင်
*** ကိုလှမင်းနိုင် နှင့် ဆင်ရုပ်ချိုးလုပ်ငန်းစာသားလေးတွေမှာ မူလတင်ထားတဲ့ Page နဲ့ လင့်ခ်ချိတ်ထားပါတယ်။ ကလစ်နှိပ်ပြီးသွားကြည့်နိုင်ပါတယ်။
No comments:
Post a Comment