Sunday, May 27, 2018

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်လိုက်သဖြင့် ...
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲


တင်ဝင်း

မြန်မာနိုင်ငံတွင် ဘိန်း၊ ဆေးခြောက်၊ ကိုကင်းနှင့် ဘေးဖြစ်စေတတ်သော ဆေးဝါး စသည်တို့ကို သုံးစွဲခြင်း၊ လက်ဝယ်ထားခြင်း၊ ရောင်းချခြင်းကိစ္စရပ် များကို ကိုလိုနီခေတ်က ဘိန်းဥပဒေနှင့် ဘေးဖြစ်စေတတ်သောဥပဒေအရ အရေးယူဆောင်ရွက်ပြီး လွတ်လပ်ရေးရပြီးနောက် ဘိန်းခန်းနှိပ် ကွပ်ရေးဥပဒေ နှင့် ဘိန်းရှူစားသုံးသူများမှတ်ပုံမတင် မနေရဥပဒေဖြင့် လည်း အရေးယူ ဆောင်ရွက်ပါသည်။

ဆိုရှယ်လစ်ခေတ်တွင် ၁၉၇၄ ခုနှစ် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ် သော ဆေးဝါးများ ဥပဒေကို ပြဋ္ဌာန်း၍လည်းကောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အုပ်ချုပ်သောကာလ ၁၉၉၃ ခုနှစ်တွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ (မူး/စိတ် ဥပဒေ) ကိုပြဋ္ဌာန်း၍လည်းကောင်း လူသားအားလုံးဘဝကို ပျက် သုဉ်းစေနိုင်သော မူးယစ်ဆေးဝါးအန္တရာယ်ကို တိုက်ဖျက်လာခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည်။

ယခု ဒီမိုကရေစီအစိုးရလက်ထက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် (၆/၂ဝ၁၈) ဖြင့် ၁၄-၂-၂ဝ၁၈ ရက်က မူးယစ်ဆေးဝါးနှင့်စိတ် ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူး/စိတ် ပြင်ဆင်ဥပဒေ)ကို ပြဋ္ဌာန်းခြင်းသည် မူးယစ်ဆေးဝါး အန္တရာယ် တိုက်ဖျက်ရေးအရှိန်မြှင့်တင်ခြင်းဟု ဆိုနိုင်ပါသည်။

▲▲ တင်းတင်းကျပ်ကျပ်ကိုင်တွယ် ▲▲

တစ်ဆက်တည်းပင် နိုင်ငံတော်သမ္မတကြီး၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက် စကားမှ ကောက်နုတ်ဖော်ပြလိုပါသည်။

''မူးယစ်ဆေးဝါးကိုပိုမိုနှိမ်နင်းနိုင်ဖို့ အဓိကထုတ်လုပ်၊ ဖြန့်ဖြူး၊ သိုလှောင် တဲ့ လက်ကြီးသမားတွေကို ဦးစားပေးနှိမ်နင်းရန်ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးတွေ ဖောဖောသီသီ ရောင်း ဝယ်ဖောက်ကား နေတာတွေကို မသိချင်ယောင်ဆောင်ထားတဲ့ သိလျက်နဲ့ လွှတ်ထားတဲ့ ဖြစ်စဉ်မျိုးတွေ ဖြစ်လာရင်လည်း အဓိကတာဝန်ရှိသူကို ဦးစားပေးပြီး အရေးယူမှုတွေ ပြုလုပ်ရမှာဖြစ်သလို ကွင်းဆက်ပျောက် သွားတဲ့ ပိုင်ရှင်မဲ့ ဖြစ်သွားတဲ့ မူးယစ်ဆေးဖမ်းဆီးရမှုတွေကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရပါလိမ့်မယ်။ မူးယစ်ရဲတွေရဲ့ လုပ်ပိုင်ခွင့်ကို မြှင့်တင်ပေးပြီး တစ်ဖက် မှာလည်း ဆုပေးဒဏ်ပေးစနစ်ကို ထိထိရောက်ရောက်ဖြစ်အောင် ပြင်ဆင် ပေးရမှာဖြစ်ပါတယ်။ အခြေအနေအရလိုအပ်ပါက ဗဟိုတွင် လျှပ်တစ်ပြက် ဖမ်းဆီးနိုင်တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့တစ်ဖွဲ့ထားရှိပြီး ဆောင်ရွက် ရပါမယ်။''

ဤသည်မှာ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် သို့မဟုတ် အများပြည်သူ အကျိုးအတွက် လုပ်ငန်းလမ်းညွှန်အဖြစ် ခံယူ၍ ဖော်ဆောင်ရမည့် အချက်ဖြစ်ပါသည်။

▲▲ အညွန့်တုံးစေနိုင်  ▲▲

မူး/စိတ်ဥပဒေ၏ အဓိကရည်ရွယ်ချက်မှာ လူသားတို့အား အညွန့် တုံးစေနိုင် သည့် တာဝန်အဖြစ် တားဆီးကာကွယ်ရန် ဖြစ်ပါသည်။

မူး/စိတ်ပြင်ဆင်ဥပဒေအရဖြည့်စွက်သော အောက်ပါရည်ရွယ်ချက် လေးရပ် ကို အလေးဂရုပြုရန် ဖြစ်ပါသည်-

(၁) မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားသည့် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တရားမဝင် သယ်ဆောင်ရောင်း ဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းများပါ ပြဋ္ဌာန်းချက်များကို အကောင် အထည်ဖော်ဆောင်ရွက်ရန်၊

(၂) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ထိန်းချုပ်ရေးဆိုင်ရာ ကွန်ဗင်းရှင်းများနှင့်အညီ ပြည်တွင်းမူဘောင် များချမှတ်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ သုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သယ်ယူ ပို့ဆောင်ခြင်းနှင့် ထုတ်လုပ်ခြင်းတို့ကို တားဆီးကာကွယ်ရန် ကမ္ဘာ့နိုင်ငံများ၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊

(၃) ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို အသုံးပြု၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများတိုက်ဖျက် နှိမ်နင်းရေးနှင့် တားဆီးကာကွယ် ရေးကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ပေးရန်၊

(၄) ဘိန်းအစားထိုးသီးနှံများစိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါးထိန်းချုပ်မှု ဆိုင်ရာ မူဝါဒများ ချမှတ်ခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းစဉ်များ၊ ရေတို၊ ရေရှည်စီမံကိန်းများနှင့် ရည်မှန်းချက်ပန်းတိုင်များ ချမှတ်အကောင်အထည်ဖော်ခြင်းဖြင့် တရားမဝင်စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ဖောက်ကား ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများနှင့် ဆက်စပ်လျက်ရှိသည့် လူမှု စီးပွားရေးပြဿနာများအား ဖြေရှင်းရန်။

▲▲ အသိပညာပေး ▲▲

မူလ မူး/စိတ်ဥပဒေပါ ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များတွင် ဆေးဝါး သုံးစွဲသူများအား အသိပညာပေးခြင်းပါဝင်ပြီး ပြည်သူများအား အသိပညာ ပေးခြင်း မပါရှိပါ။ မူး/စိတ် ပြင်ဆင်သည့် ဥပဒေအရ ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို လူမှုရေးမီဒီယာများနှင့် အခြားသော သတင်းမီဒီယာများမှတစ်ဆင့် ကျောင်းအတွင်း ကျောင်းပြင်ပနှင့် လုပ်ငန်းခွင် နေရာများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်ရန် ဗဟိုအဖွဲ့က ကြီးကြပ်လမ်းညွှန်သည့်အချက် ပါဝင်ပါသည်။

အလားတူပင် ဆိုးကျိုးများကို ပြည်သူများသိရှိနိုင်ရေးအတွက် အသိပညာ ပေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ရန်လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေး၊ ပညာရေးနှင့် ဥပဒေအရ အကောင် အထည်ဖော်ရေး ဆိုင်ရာ တာဝန်ရှိသူများက ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်နိုင်ရန် လည်းကောင်း ဗဟိုအဖွဲ့က ကြီးကြပ်လမ်းညွှန်ရန်အချက်ကိုလည်း မှတ်သားသင့်ပါသည်။

▲▲ ပြန်လည်ထူထောင် ▲▲

မူး/စိတ် ဥပဒေ ပုဒ်မ ၆ ကို မူး/စိတ် ဥပဒေကို ပြင်ဆင်သည့်ဥပဒေဖြင့် အစားထိုးသည့် ပုဒ်မ ၆၊ ပုဒ်မခွဲ(က)၊ (င) နှင့် (စ) တို့သည် ဗဟိုအဖွဲ့၏ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ခြင်း အပြင် ဆေးဝါးသုံးစွဲ သူများကို ပြန်လည်ထူထောင်ပေးရေးတို့ကို ဖော်ညွှန်းပါသည်။

(၁) မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ မူဝါဒချမှတ်ခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ နေပြည်တော် ကောင်စီ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသဦးစီးအဖွဲ့များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

(၂) ဆေးဝါးသုံးစွဲသူများအား စာရင်းကောက်ယူ၍ ဆေးကုသပေးရေး၊ အသိပညာပေးရေး၊ ပညာပေးလှုံ့ဆော်ရေးနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများသုံးစွဲခြင်းကြောင့် ဖြစ်ပေါ် လာသည့် အန္တရာယ်လျှော့ချပေးရေးတို့နှင့် စပ်လျဉ်း၍ အစီအစဉ် ချမှတ်ဆောင် ရွက်ခြင်း၊

(၃) ဆေးဝါးသုံးစွဲသူများကို ပြန်လည်ထူထောင်ပေးရေးနှင့်စပ်လျဉ်း ၍ စီမံချက်များ ချမှတ်ပြီး စည်းရုံးလှုံ့ဆော်ခြင်း၊ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊ သင့်လျော်သော ကူညီထောက်ပံ့မှုများပေးခြင်း၊ ကောင်းမွန်သော လူနေမှုဘဝသို့ ပြန်လည်ရောက်ရှိစေရန် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှုပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်း။

အလျဉ်းသင့်၍ တင်ပြလိုသည်မှာ နှစ်သစ်ကူးအခါသမယ နေ့ထူးနေ့မြတ် တွင် ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထား၍ ပြစ်ဒဏ်ကျခံ နေရသူများအား နိုင်ငံတော် သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ မူးယစ်ဆေးဝါးနှင့်ပတ်သက် သည့် ပြစ်ဒဏ်ကျခံနေရသူများ ပါဝင်ပါသည်။

မူးယစ် ပုဒ်မ ၁၅ (သုံးစွဲမှု) ဖြင့်ပြစ်ဒဏ်ကျ ၁၄၆ဝ ကျော်၊ ပုဒ်မ ၁၆ (ဂ) (မူးယစ်ဆေးဝါး အလွန်နည်းစွာ လက်ဝယ်ထားမှု)ဖြင့် ပြစ်ဒဏ်ကျ ၃၂ဝဝ ကျော်၊ ပုဒ်မ ၁၅/၁၆ (ဂ)အရ ပြစ်ဒဏ်ကျ ၁၆ဝဝ ကျော်တို့မှာ ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ရခဲ့ပြီးဖြစ်၍ ပြင်ပတွင်ကောင်းမွန်စွာ အသက်မွေးခြင်းဖြင့် မိမိ ဘဝကို ပြန်လည်ထူထောင်နိုင်ကြပြီ ဖြစ်ပါသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများသည် ယခင်က မှတ်ပုံတင်ရသော်လည်း ဥပဒေကို ပြင်ဆင်လိုက်သဖြင့် ယခုအခါ မှတ်ပုံမတင်ရတော့ပါ။ သို့ရာတွင် ၎င်းတို့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်သည့် ဌာန ဂေဟာ သို့မဟုတ် ဤကိစ္စအလို့ငှာ အစိုးရအသိအမှတ်ပြု ဆေးကုသဌာန၊ ဂေဟာတွင် ဆေးကုသမှုခံယူရမည်ဖြစ်ပါသည်။ ဆေးကုသမှုပြီးဆုံး သည့်အခါ သက်ဆိုင်ရာက ပြုစုပျိုးထောင်ရေးစခန်းသို့ လွှဲပြောင်းပေးပို့ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ဆေးဝါးသုံးစွဲသူများအား ပြုစုပျိုးထောင်ရေးနှင့် ပြန်လည်ထူထောင်ရေး တို့နှင့်စပ်လျဉ်း၍ -

(၁) ဆေးကုသမှုခံယူနေသူများနှင့် ၎င်းတို့အား မှီခိုနေသော မိသားစု များအား တတ်စွမ်းသမျှ ကူညီစောင့်ရှောက်ရပါမည်။

(၂) ဆေးကုသမှုခံယူပြီးသူများအား ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိ ရေးအတွက် ပြန်လည်ထူထောင်ပေးခြင်း၊ လိုအပ်သော အသက် မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်း၊ ပြန်လည်နေရာ ချထားပေးခြင်းနှင့် ဆက်လက်စောင့်ရှောက်ခြင်း ပြုရပါမည်။

(၃) ဆေးဝါးသုံးစွဲသူများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ စနစ်တကျနှင့် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် သက်ဆိုင်ရာ ပုဂ္ဂိုလ်များအား ကျွမ်းကျင်မှုသင်တန်း များ ပေးရပါမည်။

ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန များသည် ကာကွယ်ရေး၊ ကုသရေး၊ စောင့်ရှောက်ရေး၊ ပြန်လည် ထူထောင်ရေးနှင့် လူမှုအဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့် မြန်မာနိုင်ငံက သဘောတူ လက်မှတ် ရေးထိုးထားသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တရားမဝင်သယ်ဆောင် ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းများတွင် ပါဝင်သည့် ရည်ရွယ်ချက်များ၊ ပြဋ္ဌာန်းချက်များ နှင့် ကိုက်ညီစေရေးကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည် ဖြစ်ပါသည်။

သို့ဖြစ်ရာ မူး/စိတ် ပြင်ဆင်ဥပဒေတွင် မူးယစ်ဆေးဝါးသုံးစွဲသူများကို ပြန်လည်ထူထောင်ပေးရန်ကဏ္ဍအား ပြည့်စုံစွာ ပြဋ္ဌာန်းထားသည်ဟု ဆိုနိုင် ပါသည်။

▲▲ သတင်းပို့ခြင်း၊ ရဲတပ်ဖွဲ့လုပ်ငန်းနှင့် တရားရုံးအမိန့် ▲▲

ဆေးဝါးသုံးစွဲသူသည် ဆေးကုသမှုမခံယူဘဲ တိမ်းရှောင်နေ၍မရပါ။ ဆေးဝါးသုံးစွဲသူ သို့မဟုတ် ဆေးဝါးသုံးစွဲကြောင်း သံသယရှိသူနှင့် စပ်လျဉ်း၍ မည်သူမဆို ရဲတပ်ဖွဲ့သို့ သတင်းပေးပို့ အကြောင်းကြားနိုင် ပါသည်။

ရဲတပ်ဖွဲ့ဝင်သည် ဆေးဝါးသုံးစွဲကြောင်း သံသယရှိသူအား ပဏာမ ဆေးစစ်ချက်ခံယူရန်နှင့် ဆေးဝါးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိပါက ဆေးကုသမှုခံယူနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ် ထားသည့်ဌာန၊ ဂေဟာ သို့မဟုတ် ဤကိစ္စအလို့ငှာ အစိုးရက အသိအမှတ်ပြု ထားသည့် အနီးဆုံးဆေးကုဌာန၊ ဂေဟာသို့ ဆောလျင်စွာ ပို့အပ်ရမည်ဖြစ်ပါ သည်။ ထို့ပြင် သက်ဆိုင်ရာရဲအရာရှိသည် ပဏာမဆေးစစ်ချက်ခံယူရန်နှင့် ဆေးကုသမှုခံယူရန် ပျက်ကွက်သူအား စိစစ်ပြီးလိုအပ်ပါက ခံဝန်ချုပ်ချုပ်ဆို စေသည့် အမိန့်ချမှတ်နိုင်ရန် သက်ဆိုင်ရာ တရားရုံးသို့ လျှောက်ထားရမည် ဖြစ်ပါသည်။

တရားရုံးသည် လျှောက်ထားခံရသူအား ဆေးစစ်ချက်ခံယူနိုင်ရေးနှင့် ဆေးကုသမှုခံယူနိုင်စေရေးအတွက် သတ်မှတ်ချက်များနှင့်အညီ ခံဝန်ချုပ် ချုပ်ဆိုစေသည့် အမိန့်ချမှတ်နိုင်ပါသည်။

သို့သော်လည်း ဆေးဝါးသုံးစွဲသူသည် တရားရုံးကချမှတ်သော အမိန့်နှင့်အညီ ခံဝန်ချုပ်ချုပ်ဆိုခြင်း မပြုလျှင်ဖြစ်စေ၊ ချမှတ်သောခံဝန်ချုပ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်ဖြစ်စေ ၎င်းအား ဆေးကုသမှု ခံယူရေးနှင့် ပြုစုပျိုးထောင်ရေးတို့အတွက် ဤကိစ္စအလို့ငှာ ဖွင့်လှစ် ထားသော သက်ဆိုင်ရာ ပြုစုပျိုးထောင်ရေးစခန်း သို့မဟုတ် ပြန်လည် ထူထောင်ရေးစခန်းသို့ ခြောက်လ ပို့အပ်သည့်အမိန့် ချမှတ်မည်ဖြစ်ပါသည်။ (ပုဒ်မ ၉၊ ပုဒ်မခွဲ (ဆ))

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း သက်ဆိုင်ရာ ပြုစု ပျိုးထောင်ရေး စခန်း သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့အပ် ရောက်ရှိသော ဆေးဝါးသုံးစွဲသူအား ပြန်လည်ထူထောင်ရေးကာလအတွင်း လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုအတွက် တာဝန်ယူကုသပေးမည် ဖြစ်ပါသည်။

မူးယစ်ဆေးဝါးသုံးစွဲခြင်းကို အနည်းငယ်ရှင်းပြလိုသည်မှာ

မူလ မူး/စိတ်ဥပဒေ ပုဒ်မ ၁၅ အရ ဆေးဝါးသုံးစွဲသူသည် ဆေးကုသ ဂေဟာတွင် မှတ်ပုံမတင်လျှင်ဖြစ်စေ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန်သော ညွှန်ကြားချက်ကို မလိုက်နာလျှင်ဖြစ်စေ ထောင် ဒဏ် သုံးနှစ်မှ ငါးနှစ်အထိ ချမှတ်ခံရနိုင်ပါသည်။ ယခု မူး/စိတ် ပြင်ဆင် ဥပဒေအရ အဆိုပါပုဒ်မ ၁၅ ကို ပယ်ဖျက်လိုက်သဖြင့် တရားရုံးက ဆေးဝါး သုံးစွဲသူကို လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်စေပါသည်။ ဖြည့်စွက်ပြဋ္ဌာန်း သည့် ပုဒ်မ ၁၅ မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

၁၅။ ဆေးဝါးသုံးစွဲသူသည် ပုဒ်မ ၉၊ ပုဒ်မခွဲ(ဆ) အရ ဤကိစ္စအလို့ငှာ ဖွင့်လှစ်ထားသော ပြုစုပျိုးထောင်ရေးစခန်း သို့မဟုတ် ပြန်လည် ထူထောင်ရေးစခန်းသို့ ပို့အပ်ထားသည့်ကာလအတွင်း သက်ဆိုင်ရာ ပြုစုပျိုးထောင်ရေးစခန်း သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် လူမှုအကျိုးပြုလုပ်ငန်းများဖြစ်သည့် သစ်ပင်ပန်းမန် စိုက်ပျိုးခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ လမ်း တံတားများ ပြုပြင်ခြင်း၊ လူမှုရေးအဖွဲ့များနှင့်ပူးပေါင်း၍ အကျိုးပြု လုပ်ငန်းများဆောင် ရွက်ခြင်း စသည့် လုပ်ငန်းများကို ကြီးကြပ်သူ ရှေ့မှောက်၌ နှိမ့်ချခြင်း၊ ခွဲခြား ဆက်ဆံခြင်းသဘော မသက်ရောက် သည့် သတ်မှတ်ထားသော ဝတ်စုံကို ဝတ်ဆင်လျက် တစ်ရက် နှစ်နာရီဖြင့် အနည်းဆုံး နာရီ ၂၄ဝ မှ အများဆုံး နာရီ ၃၆ဝ အထိ ကိုယ်တိုင်လုပ်အားဖြင့် အခမဲ့ လုပ်ကိုင် ဆောင်ရွက် ရမည်။

အထက်ပါ ပြဋ္ဌာန်းချက်သည် ပြစ်ဒဏ်ပေးသည့်သဘောမဟုတ်ဘဲ ဆေးဝါးသုံးစွဲသူများအား ပြုစုပျိုးထောင်ရေးနှင့် ပြန်လည် ထူထောင်ရေး အတွက် ဦးတည်သည့်အချက်ဟု ဆိုနိုင်ပါသည်။

ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတို့ကလည်း ပုဒ်မ ၁၅ အရ လူမှု အကျိုးပြုလုပ်ငန်း ဆောင်ရွက်စေသော ဆေးဝါးသုံးစွဲသူအား လိုအပ်ပါက ပြန်လည်ထူထောင်ရေး စခန်းသို့ ပြန်လည် ပို့ဆောင်ပေးခြင်း ကိုသော် လည်းကောင်း၊ အသက်မွေးဝမ်း ကျောင်းပညာရပ်များ သင်ကြားပေးခြင်း ကိုသော်လည်းကောင်း သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ပေး မည်ဖြစ်ပါသည်။

▲▲ လက်ဝယ်ထားခြင်း ▲▲

လက်ဝယ်ထားသည့် ဆေးဝါးအလေးချိန် သို့မဟုတ် ပမာဏသည် မည်မျှပင်သေး ငယ်စေကာမူ ထောင်ဒဏ်အနည်းဆုံး ငါးနှစ်မှ အများဆုံး ၁ဝ နှစ်အထိ ချမှတ်ခံရမည်ဖြစ်သည်ကို လူတိုင်း သတိချပ်နားလည် ရန်လို ပါသည်။

မူး/စိတ် ဥပဒေပုဒ်မ ၂၆ ကို ပြင်ဆင်လိုက်သဖြင့် လက်ဝယ်ထားသည့် အလေးချိန်၊ ပမာဏ သို့မဟုတ် အရေအတွက် ပြောင်းလဲသွားပါသည်။ မြင်သာရန် ဇယားဖြင့် ဖော်ပြပါသည်။

မည်သူမဆို ဇယားပါ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးကို သတ်မှတ်အလေးချိန်ဖြစ်စေ၊ ယင်း သတ်မှတ်ချက်ထက်ပို၍ဖြစ်စေ၊ လက်ဝယ်ထားလျှင် ရောင်းချရန် လက်ဝယ် ထားသည်၊ သယ်ယူသည်၊ ပေးပို့သည်၊ လွှဲပြောင်းသည်ဟု မှတ်ယူခြင်း ခံရမည်ဖြစ်ပါသည်။ ဤသို့ လုပ်ဆောင်မှုအတွက်ပြစ်ဒဏ်မှာ အနည်းဆုံး ထောင်ဒဏ် ၁ဝ နှစ်မှ အများဆုံး နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ဖြစ်ရာ ''ဆေးဝါး သုံးဂရမ် ထောင်ဒဏ် ၁ဝ နှစ်''ဆိုသည့် အသိဖြင့် မူးယစ်ဆေးဝါးကို ရှောင်ရှားရန်လိုပါသည်။

ဤနေရာတွင် ဆက်စပ်တင်ပြလိုသည်မှာ မူးယစ်ဆေးဝါးဆိုလျှင် ဘိန်းမှ မဟုတ်၊ မော်ဖင်းမှမဟုတ်၊ ဘိန်းဖြူမှမဟုတ်၊ စိတ်ကြွရူးသွပ်ဆေးများ၊ အက်ဖီဒရင်း၊ မက်အက်ဖီတမင်း၊ အိုက်စ် စသည်တို့လည်း ကောင်း ကျိုးမပေး ဘေးဖြစ်စေတတ်သော ဆေးဝါးများဖြစ်ပါသည်။ ယင်းပစ္စည်းများကို သုံးစွဲခြင်း၊ သယ်ဆောင်ခြင်း၊ လက်ဝယ် ထားခြင်းများ အား ဖမ်းဆီးရမိကြောင်း သတင်းစာ များတွင် အမြဲဖတ်ရှုနေရပါသည်။ ဥပမာအားဖြင့်-

(၁) ၂ဝ၁၈ ခုနှစ် ဧပြီ ၁၄ ရက်က တနင်္သာရီတိုင်းဒေသကြီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉ဝဝ ကျော်နှင့် အိုက်စ် ၁ ဒသမ ဝ၂ ကီလို ဖမ်းမိခြင်း၊

(၂) ၂ဝ၁၈ ခုနှစ် ဧပြီ ၁၈ ရက်က အင်းတော်မြို့နယ်တွင် ဘိန်းဖြူ ၂ ဒသမ ၂ ကီလို (သိန်း ၂ဝဝဝ ကျော်ဖိုး) ဖမ်းမိခြင်း၊

(၃) ၂ဝ၁၈ ခုနှစ် ဧပြီ ၁၉ ရက်က တာချီလိတ်မြို့နယ်တွင် အိုက်စ် ကီလို ၂ဝဝ (သိန်း ၄ဝဝဝ ကျော်ဖိုး) ဖမ်းမိခြင်းများ ဖြစ်ပါသည်။

ပစ္စည်းများ သိမ်းဆည်းရမိပုံမှာ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်တို့နှင့် သယ်ဆောင်စဉ် အများဆုံးဖြစ်ပြီး တရားခံများမှာလည်း ယောက်ျားများနှင့် တန်းရည်တူ အမျိုးသမီးများပါဝင်လာကြောင်းတွေ့ရှိရပါသည်။

▲▲ ရှောင်တခင် ▲▲

မူးယစ်တပ်ဖွဲ့စုများသည်NGOအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြည်သူ များကို မူးယစ်ဆေးဝါးအန္တရာယ် ပညာပေးဟောပြောခြင်း၊ မူးယစ် ဆေးဝါးရောင်းဝယ်ဖောက်ကားသူများကို သတင်းရယူစုံစမ်းဖော်ထုတ်ခြင်း နှင့် ရှောင်တခင်လမ်းကြောင်းပိတ်ဆို့ရှာဖွေခြင်းများ လိုအပ်ပါသည်။

လက်ရှိအခြေအနေတွင် မူးယစ်တပ်ဖွဲ့စု ၅ဝ က နယ်မြေခံ ရဲတပ်ဖွဲ့၊ NGOအဖွဲ့များ၊ နယ်မြေခံပြည်သူများနှင့်ပူးပေါင်း၍ မူးယစ်ဆေးဝါး တားဆီးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကလည်း ဟန့်တားထိရောက်သည့် ပြစ်ဒဏ်များ ပြဋ္ဌာန်းထားသည်ကို လေ့လာတွေ့ရှိရပါသည်။

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဥပဒေကို ပြင်ဆင်ပြဋ္ဌာန်း လိုက်သည့် အတွက် ဗဟိုအဖွဲ့သည် ပြစ်မှုနှင့်သက်ဆိုင်သည့် ငွေကြေးနှင့် ပစ္စည်း ကို သိမ်းဆည်းသည့်ဘဏ္ဍာရန်ပုံငွေမှ အသုံးပြုနိုင်ပြီး နိုင်ငံတော်က ထောက်ပံ့ သောပစ္စည်းများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ စေတနာရှင် များက လှူဒါန်းသောငွေကြေးများဖြင့် ရန်ပုံငွေ ထူထောင်ခြင်း အပြင် လှူဒါန်း သော ပစ္စည်းများကိုလက်ခံ၍ လုပ်ထုံး လုပ်နည်းများနှင့် အညီ စီမံခန့်ခွဲနိုင်သည့် လုပ်ပိုင်ခွင့်များ ရရှိလာပါသည်။ ထို့ကြောင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဗဟိုအဖွဲ့သည် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်၊ ကွန်ဗင်းရှင်းများပါ ပြဋ္ဌာန်းချက်၊ ပြည်တွင်း မူဘောင်များ နှင့်အညီ သက်ဆိုင်ရာ အဖွဲ့အစည်း များ၊ ပြည်သူများပါဝင်စေလျက် မူးယစ် ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက် ကားခြင်းနှင့် ထုတ်လုပ်ဖြန့်ဖြူးသိုလှောင် ခြင်းများကို နှိမ်နင်းရန် ဖြစ်ပါကြောင်း အနှစ်ချုပ်တင်ပြအပ်ပါသည်။ ။

Credit: ဥပဒေရေးရာ သုတအဖြာဖြာ

No comments: