ဆောင်းပါးတစ်ပုဒ်မှာ
ငါးပိသံနဲ့ဂုဏ်ယူစွာအင်္ဂလိပ်စကားပြောကြပါစို့ လို့ရေးသားခဲ့ဖူးပါတယ်။ အင်္ဂလိပ်စာသင်ကြားပေးသူတစ်ယောက်အနေနဲ့ကျွန်တော့်ရဲ့နံပါတ်တစ်ဦးစားပေးဟာ
ကျောင်းသားတွေအင်္ဂလိပ်စကားပြောထွက်ဖို့၊ ကြောက်နေတဲ့စိတ်ကို
ရဲဆေးတင်ပေးဖို့ဖြစ်ပါတယ်။ စတင်လေ့လာကာစအချိန်မှာ pronunciation & accent
အသံထွက်နဲ့လေယူလေသိမ်းကို သိပ်အလေးထားလွန်းရင်ပြောင်းပြန်ရလဒ် backfire
တွေနဲ့အချိန်ကုန်လူပန်းဖြစ်မှာစိုးတဲ့ အတွက်ပါ။
ဒါပေမယ့်လည်း အသံထွက်ကောင်းမွန်ခြင်း၊
လေယူလေသိမ်းတစ်ခုရှိခြင်းဆိုတာမလိုလားအပ်တဲ့အရာ တစ်ခုမဟုတ်ပါဘူး။ သူသူငှာငှာ
အင်္ဂလိပ်စကားပြောကြတဲ့အခါ တတ်နိုင်သမျှတော့ ဌာနေဘာသာစကားပြောသူတွေရဲ့လေသံနဲ့တူချင်ကြတာပါပဲ။
ဥပမာ ကျွန်တော်တို့ရဲ့ international figure ကြီး ဒေါ်အောင်ဆန်းစုကြည်
အင်္ဂလိပ်လိုပြောတာကို အားကျကြတယ်မဟုတ်လား။ သူဒီလိုပြောနိုင်တာကို
ဂုဏ်ယူကြတယ်မဟုတ်လား။ သူ့လေသံဟာ တကယ့်အင်္ဂလိပ်၊ အမေရိကန် လေယူလေသိမ်းမဟုတ်ပေမယ့် အသံထွက်ကတော့
ကမ္ဘာ့အဆင့်အင်္ဂလိပ်အသံထွက်ဖြစ်တဲ့အတွက် နားထောင်လို့ကောင်းပါတယ်။ အခြေခံအဆင့်၊
အလယ်အလတ်အဆင့်ကနေကျော်လွန်တက်လှမ်း ချင်တဲ့လေ့လာသူတွေ၊
ကိုယ့်ရဲ့မိခင်ဘာသာစကားကြောင့် အင်္ဂလိပ်စကားပြောဆိုတဲ့အခါ strong accent
ရှိသူတွေအတွက် အရမ်းမ၀ဲအောင် accent reduction နဲ့ အသံထွက်ပီသအောင် improve
pronunciation လုပ်နိုင်မယ့်နည်းလမ်းတစ်ချို့ရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်။
အင်္ဂလိပ်စကားကိုမိခင်ဘာသာစကားအဖြစ်ပြောသူတွေကိုနားထောင်ပါ။
အရိုးရှင်းဆုံးနဲ့ထင်သာမြင်သာအရှိဆုံးနည်းလမ်းပါ။
ကလေးငယ်တွေစကားစသင်ပုံကိုတစ်ချက် လောက်တွေးကြည့်လိုက်ရင်
ကလေးငယ်ဟာသူ့ပတ်ဝန်းကျင်ကလူတွေပြောတဲ့စကား၊ အသံထွက်နဲ့လေယူလေသိမ်းကို
သူကြားတဲ့အတိုင်းပြန်တုပပြောဆိုတာပဲမဟုတ်လား။ ဒါကြောင့် ရန်ကုန်မှာမွေးတဲ့ကလေးနဲ့
အညာမှာမွေးတဲ့ကလေး ဗမာစကားပြောတာခြင်း လေယူလေသိမ်းမတူတာပဲပေါ့။ ဒီတော့
ကိုယ်နှစ်သက်တဲ့လေယူလေသိမ်းမျိုးကွဲတစ်ခုကိုရွေးချယ်ပြီး စွဲစွဲမြဲမြဲနားထောင်ပါ။
တကယ်တော့သင်အများကြီးရွေးချယ်စရာမလိုပါဘူး။ အင်္ဂလိပ်တို့ရဲ့ BBC အသံထွက်ရယ်
အမေရိကန်တို့ရဲ့ VOA, CNN အသံထွက်ရယ်တစ်ခုခုပေါ့။များများနားထောင်၊
ကိုယ်ကလည်းလိုက်ဆိုကြည့်ပါများရင်အထာကျလာပါလိမ့်မယ်။ အင်တာနက်မှာ ရုပ်သံသတင်းတွေ၊
ဆွေးနွေးခန်းတွေ၊ youtube video တွေ၊ Podcast
တွေနဲ့နားထောင်လို့မကုန်အောင်မှီငြမ်းစရာတွေပေါလှပါတယ်။
IPA နဲ့အင်္ဂလိပ်ဘာသာ၏
စကားသံတို့ကိုလေ့လာပါ။
IPA ဆိုတာ International Phonetic
Alphabets ကိုခေါ်တာပါ။ ပြင်သစ်ဘာသာဗေဒပညာရှင် Paul Passy
ဦးဆောင်တဲ့ဗြိတိသျှနဲ့ပြင်သစ်ပညာရှင်တစ်စုက ၁၈၈၆ မှာစတင်တည်ထောင်ခဲ့တဲ့
International Phonetic Association ကနေတည်ထွင်ခဲ့တဲ့အသံထွက်သင်္ကေတစနစ်ဖြစ်ပါတယ်။
IPA ဟာမည်သည့်ဘာသာစကားကိုမဆို အသံထွက်လေ့လာရာမှာအသုံးဝင်တဲ့အတွက်ကြောင့်
ဘာသာစကားလေ့လာသူတိုင်းလေ့လာတတ်မြောက်ထားသင့်တဲ့အရာတစ်ခုပါ။ အသံထွက်တစ်ခုကို
မကြားဖူးပေမယ့်လည်း IPA သင်္ကေတနဲ့အနီးစပ်ဆုံးဖြစ်အောင်ထွက်ဆိုနိုင်ပါတယ်။
နောက်တစ်ခုက stress, pitch, volume, intonation စတဲ့ features
တွေကိုပါလေ့လာထားသင့်ပါတယ်။
စကားသံတို့မှာ ဗျည်း (consonants) နဲ့
သရ (vowels)ဟူ၍ရှိရာမှာ သရသံတို့ကပို၍အထွက် ခက်တတ်ပါတယ်။ဗမာစကားမှာမရှိတဲ့ဗျည်းနဲ့သရသံတွေအင်္ဂလိပ်စကားမှာရှိတဲ့အတွက်အဲဒါတွေ
ကိုအထူးဂရုပြုလေ့ကျင့်ရပါမယ်။ ဥပမာ - /f/ သံမရှိတဲ့အတွက် father ဟာ “ဖားသား”, /v/
သံ မရှိတဲ့အတွက် video ကနေ ဗွီဒီအို၊ /ʒ/သံမရှိတဲ့အတွက် television က
တယ်လီဗစ်ရှင်း ဆိုပြီးဖြစ်သွားလေ့ရှိပါတယ်။ ယေဘုယျအားဖြင့်အင်္ဂလိပ်စကားမှာ vowels
12 လုံး၊ သရတွဲ diphthong 8 လုံးရှိရာမှာ
သရတွဲတွေကဗမာစကားပြောသူတွေအတွက်ခက်ခဲပါတယ်။ နောက်တစ်ခုက ဗမာစကားမှာမရှိတဲ့
consonant cluster လို့ခေါ်တဲ့ဗျည်းတွဲတွေပါပဲ။ st အတွဲ၊ cls
အတွဲတွေကိုသေချာလေ့လာပါ။ ခေတ်ဟောင်းက မြန်မာရုပ်ရှင် “ဖတ်စကလပ်” ဆိုတာ first class
ကို ဗျည်းတွဲတွေမသုံးတတ်တဲ့ဗမာစကားပြောသူရဲ့အသံထွက်ကိုခေါင်းစဉ်ယူထား တယ်ဆိုတာ
ပြုံးချင်စဖွယ်တွေ့ရမှာပါ။
စကားလုံးအသစ်တစ်လုံးလေ့လာမိတိုင်းအသံထွက်အမှန်ကိုပါတွဲမှတ်ပါ။
ဒါဟာအင်မတန်အရေးကြီးပါတယ်။ စလေ့လာကတည်းကအသံထွက်အမှားကြီးကိုမှတ်ထားမိရင် အချိန်ကြာအတော်ကြာတဲ့အထိအမှားကိုပဲအမှန်ထင်နေတတ်ပါတယ်။ ကျွန်တော်လည်း ဒီလိုအမှတ်မှားတွေအများကြီးပေါ့။ မနေ့တစ်နေ့ကအထိ conscience ကို ကွန်ဆိုင်းယင့် လို့ထင်နေတုန်းပဲ။ IPA နဲ့မကြည့်ဘဲအပျင်းကြီးပြီးကိုယ့်ဘာသာ စာလုံးပေါင်းကိုလိုက်အသံထွက်မိတာလေ။ သိပ္ပံဆိုတဲ့ science က ဆိုင်းယင့်လို့ထွက်ခဲ့တာကိုး။ တကယ်တော့ ကွန်းရှန့်စ် /ˈkɒnʃ(ə)ns/ လို့ထွက်ရမှာ။ ဆရာမောင်ဆုရှင်ရဲ့ လူမှုဝေါဟာရများစာအုပ်ဖတ်မိမှအမှန်ကို သိရတာ။ ဆရာက သူလည်းဒီလိုဖြစ်ဖူးတယ်လို့ရေးထားတာ။ ကျွန်တော့်အဖြစ်နဲ့ထပ်တူပေါ့။
ဒါကြောင့်စကားလုံးအသစ်တစ်လုံးမှတ်သားရင်အဘိဓါန်ကအသံထွက်ကိုကြည့်ဖို့မပျင်းပါနဲ့။ နားနဲ့ဆတ်ဆတ်နားထောင်ကြည့်ဖို့မပျင်းပါနဲ့လို့တိုက်တွန်းချင်ပါတယ်။

ကိုယ်ပြောတဲ့စကားကိုအသံသွင်းထားပြီးပြန်နားထောင်ကြည့်ပါ။
ကိုယ်ပြောတဲ့စကားကို ကိုယ့်နားကနေ့တိုင်းကြားနေရပေမယ့် အသံသွင်းထားပြီးတော့ ပြန်နားထောင်ကြည့်တဲ့အခါ အင်မတန်ထူးဆန်းစွာအသံက တစ်မျိုးဖြစ်နေတာကြုံဖူးပါတယ်။ recording ကိုပြန်လေ့လာမှ ကိုယ်ဘယ်နေရာတွေမှာလိုအပ်နေတယ်၊ ဘယ်အသံကိုတော့ဖြင့်လေ့ကျင့်ဖို့လိုတယ်၊ အဖြတ်အတောက်ကို ဘယ်လိုထားသင့်တယ်ဆိုတာ နားလည်လာပါလိမ့်မယ်။ ဥပမာ mp3 podcast တစ်ခုကိုနားထောင်ပြီး အဲဒီအထဲက စာတစ်ပိုဒ်ကို ကိုယ်တိုင်ပြောပြီးအသံသွင်းထားပါ။ ကိုယ့်အသံနဲ့ မူရင်း podcast ထဲကအသံ နှိုင်းယှဉ်ကြည့်ပြီး လိုအပ်တာတွေကိုများများလေ့ကျင့်ပါ။ ကိုယ့်ထက်ကျွမ်းကျင်သူတွေကိုပေးနားထောင်ကြည့်ပါ။ ဝေဖန်ဖို့ဖိတ်ခေါ်ပါ။

အင်္ဂလိပ်စကား၏ဂီတသံကိုလေ့လာပါ။
အင်္ဂလိပ်စကားကို stress timed language ဟုခေါ်ကြသည်။ ဘာသာစကားအတော်များများမှာ syllable လို့ခေါ်တဲ့ ၀ဏ္ဏသံများလေ ပြောချိန်ကြာလေဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားမှာတော့ syllable တွေဟာတစ်ခုနဲ့တစ်ခုကြာချိန်မတူကြပါဘူး။ အောက်ပါနမူနာလေးလေ့လာကြည့်ပါ။

Dogs chase cats.
The dogs chase cats.
The dogs chase the cats.
The dogs will chase the cats.
The dogs will be chasing the cats.
ဒီဝါကျတွေကို
ကြာချိန်အတူတူဖြစ်အောင်ရွတ်ဆိုလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဝါကျတွေမှာ
စကားလုံးတွေ ပမာဏမတူပေမယ့် stress လုပ်ရတဲ့စကားလုံးကတော့ dogs, chase, cats
ဆိုတဲ့စကားလုံးသုံးလုံးပဲရှိတာအတူတူပဲဖြစ်တယ်။ စာရွက်ပေါ်မှာစာလုံးတွေများလာပေမယ့်
ရွတ်ဆိုချိန်ကိုတူအောင် ‘the’, ‘will’, စတာတွေကိုအတိုအရှည်ဆွဲပြီးရွတ်ဆိုနိုင်တယ်။
အသံနဲ့နားထောင်ချင်ရင် youtube က Xansworld channel က syllable time vs
stress timed languages ကိုရှာပြီးနားထောင်ကြည့်ပါ။ ဗမာစကားကတော့ monosyllabic
စကားသံတစ်လုံးချင်းကို ရွတ်ဆိုပြီးပြောတဲ့ ဘာသာစကားဖြစ်တဲ့အတွက်
တက်သံကျသံမရှိဘဲပြောလို့ရတဲ့ ဘာသာစကား ဖြစ်တယ်။ ဒါကြောင့်
အင်္ဂလိပ်စကားရဲ့ဂီတသံလို့ခေါ်ရမယ့် stress, intonation စတာတွေကိုလေ့လာမထားရင်
ဒီနေ့ရုပ်မြင်သံကြားကအင်္ဂလိပ်ပိုင်းသတင်းကြေငြာသူတွေရဲ့ အင်္ဂလိပ်စာဖတ်သံလို
အရမ်းပျင်းစရာကောင်းတဲ့ monotone ဖြစ်သွားပါလိမ့်မယ်။ အင်္ဂလိပ်စကားရဲ့ stress timed
ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုသိချင်ရင် She’ll be coming ‘round the mountain
ဆိုတဲ့သီချင်းလေးရှာနားထောင်ကြည့်ပါ။ သဘောပေါက်သွားပါလိမ့်မယ်။
အချုပ်ပြောရရင်
သက်တောင့်သက်သာနဲ့ဖြစ်အောင်လေ့ကျင့်ပါ။ တမင်လုပ်ယူတဲ့လေသံမျိုးထက်
အလိုလိုသဘာဝကျတဲ့လေသံဖြစ်အောင် များများနားထောင်၊ များများရွတ်ဆိုပါ။
လူတိုင်းမှာကိုယ်ပိုင် လေယူလေသိမ်းရှိတတ်ပါတယ်။
ကိုယ်မွေးဖွားကျင်လည်ခဲ့ရာအရပ်ကလေသံကိုဖျောက်ဖို့ထက် လျှော့ချနိုင်ဖို့၊
အင်္ဂလိပ်အသံထွက်တိုးတက်ဖို့ကိုသာရည်မှန်းပါ။ ကိုယ့်အားနည်းချက်ကိုရှာဖွေပါ။
မိတ်ဆွေအပေါင်းအသင်းများကိုထောက်ပြခိုင်းပါ။ လိုအပ်တဲ့အပိုင်းကိုအကြိမ်များများ
လေ့ကျင့်လိုက်ရင် ကမ္ဘာ့အဆင့်မီအသံထွက်နဲ့လေယူလေသိမ်းကိုပိုင်ဆိုင်ဖို့
မဝေးတော့ဘူးလို့ အားပေးလိုက်ပါရစေ။
ဇာနည်(MyWay!)
No comments:
Post a Comment