Tuesday, January 1, 2013

ငွေလရောင် ဖိတ်စင်ခြင်း



လ၀န်းသည် ညဥ့်နက် လာသည်နှင့် အမျှ တရိပ်ရိပ်မြင့်တက် လာခဲ့ပြီ။ လ၀န်း ထွက်ပြူစ အချိန်မှာ အလင်းအားနည်း သည်မှာ သဘာဝ ကျပါသည်။ လ၀န်းက ကောင်းကင်ရဲ့ အနိမ့်ပိုင်းမှ စတင် မွေးဖွား လာခဲ့ ရသည် မဟုတ်လား။

ယခု အချိန်မှာ ကောင်းကင်ရဲ့ အလယ်ဗဟို ရောက်လု နီးပါး ချဉ်းကပ် လာပြီပဲ။ သို့သော် အလင်းအား တောက်ပခြင်း မရှိ။ ဘာကြောင့်လဲ။

ဦးနှောက် ယိုစီးခြင်း(Brain Drain)

ဦးနှောက်ယို စီးခြင်းတဲ့။ သည်ဝေါဟာရ လေးကို ကြားခဲ့ ဖူးတာ ကြာလှပြီ။ နိုင်ငံ တစ်နိုင်ငံရဲ့ ထူးချွန် ထက်မြက်သော ပညာရှင်တွေ တိုင်းတစ်ပါးမှာ ပညာဖြင့် အသက် မွေးမြူကာ အခြေချ နေထိုင်ခြင်း ဖြစ်ရပ်မျိုးနဲ့ တွဲပြီး တော့ပေါ့။ ဤဖြစ်ရပ်မျိုး သည် နိုင်ငံ တစ်နိုင်ငံ အတွက် ကောင်းမွန်သော အနာဂတ် အလားအလာကို မမွေးဖွား နိုင်တာ သေချာပါသည်။ နိုင်ငံ တစ်နိုင်ငံ ကို ယနေ့ ဦးဆောင်နေသူ များက စံပြု ထိုက်ဖွယ် ထုံးတမ်း အစဉ် အလာများနှင့် စနစ် ကျသော အုပ်ချုပ်ရေး မဏ္ဍိုင်များ ချန်ရစ်ထား ခဲ့နိုင်ပြီး ပညာရှင်များက လူသားကို အကျိုးပြုသော တီထွင် ဖန်တီးမှုများ ချန်ရစ်ထားခဲ့ နိုင်၍ စာရေး ဆရာများက လူသားရဲ့ နှလုံးသားကို နူးညံ့ သိမ်မွေ့အောင် ပြုပြင် ပေးသော ရသ စာပေနှင့် အသိပညာ၊ အတတ်ပညာ ဝေမျှပေးသော သုတ စာပေများ ချန်ရစ် ထားခဲ့ နိုင်ပါသည်။

တစ်ချိန်မှာ ထိုအရာ တွေကို မူလ အနေအထား အတိုင်း ပျက်ယွင်းမှု မရှိအောင် ပိုမို ကောင်းမွန် လာအောင် ထိန်းသိမ်း ပြုပြင်ပေးနိုင် သူများက ယနေ့ လူငယ်များ ဖြစ်၏။ အထူးသဖြင့် ထူးချွန် ထက်မြက်သော လူငယ်များ ဖြစ်ပေသည်။ သူတို့သည် အနာဂတ် နိုင်ငံကို ပိုမို ပြည့်စုံ ကြွယ်ဝအောင် ပြုလုပ်နိုင်စွမ်း ရှိသူများ ဆိုလျှင်လည်း မမှားပါ။ မိမိ နိုင်ငံကို ချစ်မြတ်နိုးသော စိတ်အခံလေး ရှိဖို့တော့ လိုပါ လိမ့်မည်။ အဲဒါကြောင့်လည်း ခက်ခဲ နက်နဲသော ပညာရပ် များကို ဦးနှောက်ဖြင့် သင်ယူ နိုင်သော်လည်း မိမိနိုင်ငံ အပေါ် ချစ်မြတ်နိုး စိတ်ရှိ လာဖို့ အတွက်တော့ နှလုံးသား ဖြင့်သာ သင်ယူ၍ ရနိုင်သည်ဟု ပြောကြတာ ဖြစ်မည်။

ဘယ်လိုပဲ ဖြစ်ဖြစ် ထူးချွန် ထက်မြက်သော ပညာရှင်များ မိမိ နိုင်ငံကို စွန့်ခွာလျက် တစိမ်း နိုင်ငံမှာ ရင်ငွေ့ ခိုလှုံနေကြ ခြင်းသည် မိမိနိုင်ငံ အပေါ် မချစ်တတ်၍ မဟုတ်နိုင်။ လူသားတိုင်း မွေးဖွားလာ ကတည်းက မိခင် အပေါ်ချစ်ခင် တွယ်တာခြင်း ဟူသည့် မိမိနှင့် အနီးစပ်ဆုံး သွေး သားရင်း အပေါ် ချစ်ခင် မြတ်နိုးစိတ် အခြေခံ လေး ပါလာကြတာပဲ။ အမိမြေ ဆိုတာ သွေးသား ရင်းပဲ မဟုတ်လား။

အဲသည် ချစ်မြတ်နိုး စိတ်ကို ကိုယ်ပိုင် အသိဉဏ်ဖြင့် မည်သည့် အကြောင်း ကိစ္စကို မဆို ဝေဖန် ဆန်းစစ် နိုင်သည့် အရွယ်မှာ မိမိနိုင်ငံ အပေါ် မရွှေ့ပြောင်းနိုင် ခဲ့ခြင်းအတွက် တစ်ဦး တစ်ယောက် ချင်းဆီမှာ နောက်ခံ အကြောင်းရင်းများစွာ ရှိနိုင် သည်။

ရှေးတုန်းကတော့ တိုင်းပြည် အသီးသီးတွင် ပညာရှင်များ အတွက် အေးချမ်း ဆိတ်ငြိမ်သော၊ ပြည့်စုံ ကြွယ်ဝသော၊ စိတ်နှလုံး ညွတ်နူး သာယာဖွယ် ကောင်းသော၊ ပူပန် ကြောင့်ကြမှု ကင်းသော၊ စိုးရိမ် ထိတ်လန့် စရာ အလျဉ်း မရှိသော နေရာလေး များ ဖန်တီး ပေးထားလေ့ ရှိသည်ဟုဖတ်ဖူးသည်။ သို့မှသာ လူမှုဒုက္ခ ပူပန်မှု ကင်းဝေးသော ပညာရှင် များသည် ခက်ခဲသော ပြဿနာ များနှင့် ရင်ဆိုင် ဖို့အတွက် လွတ်လပ်စွာ ဖြန့်ထွက် တွေးတောခြင်း အမှုကို ပြုလုပ်ထား နိုင်မည် မဟုတ်လား။ အဲသည်လို ဆိုလျှင် နိုင်ငံရပ်ခြား ရောက် နေသော ပညာရှင် တိုင်းအတွက် မွေးရပ်မြေ နိုင်ငံသည် ပညာဉာဏ် ကွန့်မြူး ချစ်စရာ ကောင်းသော အရပ် ဒေသ တစ်ခု မဖြစ်ခဲ့ ဘူးလား။ ဤမေးခွန်း အတွက်တော့ အဖြေ အမျိုးမျိုး ရှိလာလိမ့်မည် ထင်သည်။
ယနေ့ခေတ် ကာလတွင် နိုင်ငံ အချို့ရဲ့ အကြီး အကဲများ ကိုယ်တိုင်က မိမိနိုင်ငံ မှရွှေ့ပြောင်း ပညာ သည်များအား နေရပ်ထံ ပြန်လာပြီး ပညာ ရပ်ဆိုင်ရာ လုပ်ငန်းများတွင် ဦးနှောက် အရင်း အနှီးမြှုပ်နှံဖို့ ကမ်းလင့် ကြိုဆိုလျက် ရှိကြောင်း သတင်း အချို့တွင် တွေ့ရသည့် အခါ အတိုင်းအဆ မဲ့ ကြည်နူး ၀မ်းသာ ရသည်။ Brain Drain ဖြစ်ခြင်း ကို လိုအပ်စွာ ထိန်းသိမ်းလိုက် ခြင်းသည် အနာဂတ် နိုင်ငံ ရှုမျှော်ခင်း ပန်းချီ ကားချပ် အတွက် ဒေါက် တိုင်များ ကြိုတင်တပ် ဆင်လိုက်ခြင်း ပင်ဖြစ် သည်။

ဦးနှောက် မရှိသူ(Bird-Brain)

သည် ဝေါဟာရလေးကို တွေ့လိုက် ရရုံနဲ့ လူတိုင်း မနှစ်သက်မှာ သေချာ ပါသည်။ နိုင်ငံ တစ်နိုင်ငံ တည်ဆောက်ဖို့ ဆိုတာ အသာထားဦး။ လုပ်ငန်း တစ်ခု ဆောင်ရွက်သော အခါမှာပင် ပညာ မရှိ သူတစ်ဦးထက် ဦးနှောက် မရှိသူ တစ်ဦး နှင့် တွဲဖက် လုပ်ဆောင် ရခြင်းက အလွန် စိတ်အနှောင့် အယှက်ဖြစ်ဖွယ် ကောင်းပါသည်။ ပြီးတော့ လုပ်ငန်း တိုးတက်မှု မရှိဘဲ သိသာစွာ ဆုတ်ယုတ် လာတာကို တွေ့ရမှာပါ။ ဦးနှောက် မရှိသူရဲ့ မှား ယွင်းသော ဆုံးဖြတ်ချက်တိုင်းက မှန်ကန်သော စီရင်ချက် တစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ပါ။

ဖတ်ဖူးသော ဟာသ တစ်ပုဒ် ရှိသည်။ တစ်ခါ က ဦးနှောက် လေလံပြိုင်ပွဲ တစ်ခု ကျင်းပကြ သတဲ့။ နိုင်ငံ ပေါင်းစုံက ဦးနှောက် မျိုးစုံ ခင်းကျင်း ပြသ ထားတာပေါ့။ ဦးနှောက် တစ်ခုနှင့် တစ်ခု ဈေးအနိမ့် အမြင့် ကွာခြားမှု ရှိကြသည်။ ထူးခြား တာက အဲသည် အထဲမှာ မြန်မာ နိုင်ငံက ဦးနှောက် က ဈေးအကြီးဆုံး ဖြစ်နေတာပဲ။ သည် တော့ လေလံဆွဲ ယူသူတွေ ထဲက တစ်ယောက်က စဉ်း စားသည်။ အခြား နိုင်ငံများနှင့် ယှဉ်ရင် ကမ္ဘာမှာ မြန်မာ က လူသိ သိပ်မများ ဘဲနဲ့ ဘာကြောင့် ဈေး ကြီးရ သလဲပေါ့။ မနေနိုင် တော့သည့် အဆုံးမှာ သူက လေလံပစ် သူကို ထမေးလိုက် ပါသည်။

လေလံပစ်သူ ရဲ့အဖြေကို ကြားလိုက် ရချိန် မှာတော့ သူတင် မဟုတ်ဘဲ အခြားသူ များပါ ငြင်း ချက် ထုတ်မရအောင် ဖြစ်သွား ခဲ့ရသည်။
“ဟုတ်တယ်၊ တခြား နိုင်ငံတွေက ဦးနှောက် တွေက အသုံးချမှု များခဲ့တဲ့ အတွက် ပစ္စည်း အဟောင်းဖြစ် သွားပြီ။ ဒီတော့ ဈေးချိုတယ်။ မြန်မာနိုင်ငံက ဦးနှောက်က တစ်ခါမှ အသုံး မချရ သေးတဲ့ ပစ္စည်း အသစ် ဆိုတော့ ဈေးကြီးတာ ပေါ့” တဲ့။

ရုတ်တရက် ကြည့်လျှင် ရယ်စရာကောင်း ပေမယ့် သေချာ စဉ်းစား ကြည့်လျှင်တော့ ရင်နာစရာ ကောင်းပါသည်။ အဲသည် ဟာသထဲက အတိုင်း မဖြစ်ချင် ရင်တော့ လူငယ်များရဲ့ အနာ ဂတ်လမ်းမှာ ပညာ မီးအိမ် ထွန်းညှိပေးဖို့ အားလုံး မှာ တာဝန် ရှိပါသည်။

အသုံးမချ ရသေးသော ဦးနှောက် (Unused Brain)

ယခု အသုံးမချ ရသေးသော ဦးနှောက် ဆိုတာ စောစောက ဟာသနှင့် မသက်ဆိုင်ပါ။ တစ်နည်း အားဖြင့် အသုံးချခွင့် မကြုံရ သေးသော ဦးနှောက် ဟု ဆိုနိုင်သည်။
ဆရာမင်းလူ ရေးခဲ့သော သရော်စာ တစ်ပုဒ်ကို အမှတ်ရ မိသည်။ ဆရာဝန် ဘွဲ့ရ တွေများပြီး အလုပ် နေရာ ရှားပါးချိန် ကို မှန်းမျှော် ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။ အဲသည် အချိန်မှာ ဆရာဝန်တွေ လက်မှာ ဆေးအိတ်လေး တွေဆွဲပြီး တစ်အိမ် တက်ဆင်းနဲ့ သွေးပေါင်ချိန် ဦးမလား ခင်ဗျာ။ ဖျားနာပြီး နေထိုင် မကောင်းဘူး ဆိုရင် ဆေးထိုး လို့ ရပါတယ်။ ဒါမှမဟုတ် ပါရာစီ တမောဖြစ်ဖြစ်၊ သောက်ဆေး အစုံတွဲလေး တွေဖြစ်ဖြစ် တွဲပေးလို့ ရပါတယ်ဟု လိုက်မေး နေရတာမျိုး ဖြစ်လာနိုင် သည်တဲ့။ အဲသည်လို ဆိုရင် အင်ဂျင်နီယာ တွေလည်း တစ်အိမ် တက်ဆင်းနဲ့ နောက်ဖေး အဖီဆွဲ ဦးမလား။ အိမ်ရှေ့က တံတားလေး ကျိုးနေတာ တွေ့လိုက်တယ်။ ပြန်ပြင်ဦး မလား ခင်ဗျာ။ လွှ၊ တူ၊ သံ၊ သစ်သား အားလုံး အဆင်သင့် ပါပါတယ်ဟု လိုက်မေး ရနိုင် တာပဲဟု ဆက်တွေး နေမိ သည်။ ဘယ်လိုပဲဖြစ်ဖြစ် ရှာရှာကြံကြံ တွေးတတ်သော ဆရာရဲ့ ဟာသ အပြင်မှာ လက်တွေ့ ဖြစ်မလားဖို့ ဆုတောင်း ရမှာပေါ့။

ဖတ်ခဲ့တာ ကြာပြီ ဖြစ်သော ခရီးသွား ဆောင်းပါး တစ်ပုဒ်ကို ပြန်သတိရ မိတော့ ရင်ထဲမှာ မသက်သာ လှပါ။ ဆောင်းပါးမှာ စာရေးသူ(အမည်မမှတ်မိ ပါ)က အိန္ဒိယမြို့ထဲ လျှောက်သွားရင်း တက္ကစီ တစ်စီး လှမ်းတား ကာစီးပါ သည်တဲ့။ ဒရိုင်ဘာနဲ့ စကားစမြည် ပြောဖြစ် ကြရင်း ဒရိုင်ဘာက သူရရှိ ခဲ့သော ဘွဲ့ကို ပြောပြသော အခါ စာရေးသူ ခင်ဗျာ ဂုဏ်ယူရ မလို၊ သနားရ မလိုဖြစ် သွားရပါ သတဲ့။ တက္ကစီ ဒရိုင်ဘာက ဆရာဝန် တစ်ယောက် တဲ့လေ။ ကျွန်တော် တို့ဆီ မှာတော့ အဲသည်လို အဖြစ်မျိုး မရှိနိုင်ဘူး ထင်ပါရဲ့။

အသုံးချခွင့် မကြုံရ သေးသော ဦးနှောက် ပိုင်ရှင်တွေ နေရာ အနှံ့အပြားမှာ ရှိနိုင်သည်။ ရှိနေဆဲ ဖြစ်ဦး မှာပါ။ သူတို့သည် နိုင်ငံက အသိအမှတ်ပြုသော အတိုင်းအတာ တစ်ခု သို့မဟုတ် အတိုင်း အတာ တစ်ခုထက် ကျော်လွန်သော ပညာရပ် တစ်ခုခု တတ်မြောက် ကျွမ်းကျင်ပြီး သူများ ဖြစ်သည်။ သူတို့သည် နှစ်ရှည်လများ ဆည်းပူး ထားသော ပညာရပ်များကို ထုတ်ဖော် အသုံးချ ခွင့် မရသေး သူများ ဖြစ်သည်။ သူတို့သည် မိမိ တတ်မြောက် ထားသော ပညာရပ် များဖြင့် မိမိနိုင်ငံ အပေါ် အကျိုးပြု လိုသော်လည်း အခွင့်မသာ သူများဖြစ် သည်။ သူတို့သည် နိုင်ငံတစ်ခု တည်ဆောက် ရာတွင် မရှိမဖြစ် လိုအပ်သော အုတ်ချပ်လေး များ ဖြစ်သည်။ ထို့အတူ နိုင်ငံရဲ့အနာဂတ် မိုးကောင်းကင်မှာ ထွန်းလင်း ခွင့်မရ သေးသော ကြယ်ပွင့် ငယ်လေးများ ဆိုလျှင်လည်း မမှားပါ။

လ၀န်းသည် နက်ပြာရောင် ကောင်းကင်တွင် လှပစွာ ထွန်းလင်းနေ သည်။ သို့သော် ပြည့်စုံကြွယ်ဝ သော လရောင်ခြည်စစ်စစ်ကို ရရှိခြင်းမရှိပါ။ လရောင်ခြည်တချို့တစ်ဝက်တော့ အခြားနေရာများမှာ ဖိတ်စင် ကုန်ပြီနဲ့တူ သည်။ တချို့ကိုတော့ တိမ်ဖုံးချင် ဖုံးနေမှာပေါ့။


ရဲစွမ်းနေ
(Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)

No comments: