Sunday, January 27, 2013

ဆိတ်ဆိတ်နေထောင်တန်သတဲ့လား (ဒေါက်တာဆန်းမြင့်)


ဆရာ/မမျိုးဆက်တွေကလည်း တစ်ဆက်ပြီးတစ်ဆက် ဖြတ်သန်းသွားကြပါတယ်။ ရှေ့မျိုးဆက်များမှ မိမိတို့ရဲ့ မြတ်နိုးစရာကောင်းတဲ့ အကျိုးရှိတဲ့ လုပ်ငန်းများကို မျိုးဆက်သစ် ဆရာ/မများဆီ လက်ဆင့်ကမ်းသွားကြပါတယ်။ အိုလံပစ်စကားနဲ့ ပြောရရင် မီးရှူးတိုင်ကြီးကို လက်ဆင့်ကမ်းဖို့ အချိန်တန်ပါပြီ။ လှုပ်ရှားတက်ကြွ တိုးတက်ကြတဲ့ မျိုးဆက်သစ် ဆရာ/မလေးများကို တွေ့ရတာဖြင့် တကယ့်ကိုပဲ အားရစရာကောင်းလှပါတယ်။

ဆရာဖြစ်သင်တန်းတွေတက်လို့၊ အလုပ်ရုံဆွေးနွေးပွဲများမှာ ပါဝင်ကြလို့၊ ပြီးတော့ လေ့လာခဲ့သမျှ မိမိတို့ရဲ့ သင်ကြားရေးလုပ်ငန်းတွေမှာ ပြန်ပြီး လက်တွေ့အသုံးချကြလို့ နေကြပါတယ်။ သွေးသစ်လောင်းထားတဲ့ ဆရာ/မလေးတွေဆီမှ ပြန်လည်ကြားရတဲ့ စကားများမှ ကျွန်တော့်ကို စိတ်လှုပ်ရှားတက်ကြွမှု မလွဲမသွေဖြစ်စေပါတယ်။ သူတို့အတွက်ကော၊ သင်ကြားကြတဲ့ ကလေးများရဲ့အနာဂတ်အတွက်ကောပေါ့။ ဒီ့အပြင် မိမိကိုယ်တိုင်ရဲ့အတွေ့အကြုံနဲ့ အထွေထွေပညာရေးရှုခင်းကိုလည်း သုံးသပ်မိပါတယ်။

ဆိတ်ဆိတ်နေတော့ ထောင်တန်သတဲ့။ (အင်္ဂလိပ်အဆိုအရ "Silence is golden") တိတ်ဆိတ်ငြိမ်သက်ခြင်းကြောင့် မိမိစိတ်၊ မိမိကိုယ်တွင်း နက်နဲစွာ ဆင်ခြင်သုံးသပ် တွေးတောနိုင်ပါသတဲ့။ အတိတ်ကော။ အနာဂတ်အပါအ၀င်ပါ။ ဆရာတစ်ဦးပြောဖူးပါတယ်။ "ငါ့အဖိုးက ဘာသာစကား(၉)မျိုးနဲ့ ဆိတ်ဆိတ်နေတတ်တယ်ကွ"။ စကားအတော်များများ တတ်ပေမယ့် မလိုအပ်ရင် မပြောဖူးဆိုတဲ့ သဘောပါ။ ဘယ်စကားတတ်တတ် မလိုအပ်ပဲ စကားများတာတော့ မကောင်းပါဘူး။ ဘာသာစကား(၉)မျိုးတတ်မြောက်ထားပေမယ့် အဲဒီအဖိုးက မလိုအပ်ပဲ စကားမပြောပါဘူး။ ဒီလိုနေရာမျိုးဆိုရင်တော့ ဆိတ်ဆိတ်နေတာ ကောင်းတယ်လို့ ဆိုကြတာပေါ့။ လူတွေဘာဖြစ်လို့ ဆိတ်ဆိတ်နေကြပါလိမ့်။ ပညာရှိလို့ပေါ့။ အဲဒီလိုပဲ ထင်ကြမြင်ကြရတာပါပဲ။

မြန်မာအယူအဆတစ်ခုရှိပါတယ်။ ပညာရှိများသည် မိမိတို့ရဲ့ ဗဟုသုတနဲ့ ဥာဏ်ပညာများကို ကြောင်များလက်သဲဝှက်သလို ၀ှက်တတ်ကြပါသတဲ့။ ဥာဏ်ပညာကိုလည်း ထုတ်ဖေါ်ကြွားဝါခြင်း မရှိပါဘူးလို့ဆိုပါတယ်။ အခြေအနေအရ မလိုအပ်ရင် မိမိတို့ရဲ့ ဗဟုသုတ၊ ကျွမ်းကျင်မှုတွေကို သုံးလေ့မရှိပါ။ မေးသူမရှိရင် ဖြေသူလည်း မရှိရပါ။ မတီးပဲနဲ့ မြည်တဲ့ ခေါင်းလောင်းလို မဖြစ်ရပါ။ အကောင်းဖက်မှကြည့်ရင် ဒီအဆိုကြောင့် ဗဟုသုတကို သင့်တော်တဲ့ နေရမှာသာလျှင်သုံးရမယ်၊ သူများအထင်သေးလောက်အောင် စကားမများရဖူး စသည်ဖြင့် သိမြင်ရပါတယ်။

မလိုအပ်တဲ့နေရာမှာ လူတကာသိမြင်အောင် မိမိသိထား၊ တတ်ထားတာတွေကို ထုတ်ပြ၊ ကြွားဝါခြင်းမပြုရဖူးဆိုတာ လျှော်ကန်သင့်မြတ်တဲ့စကားပါ။ အမောင်ယောင်လို့ တောင်မှန်း မြောက်မှန်းမသိလောက်အောင် ဥာဏ်ပညာကို နေရာတကာ မခွဲမခြား သုံးလို့မဖြစ်ဖူးလေ။ ဒါပေမယ့် ကြောင်များလက်သဲဝှက်သလို အသိပညာတွေ ၀ှက်တာများသွားရင်၊ ကြောင်တွေက အချိန်မရွေး လက်သဲထုတ်နိုင်ပေမယ့် လေ့ကျက်ခြင်း၊ လက်တွေ့အသုံးချခြင်းကင်းတဲ့ အသိပညာဆိုတာ တိုးတက်မှု ရပ်တန့်ပြီး ပညာစဉ်မမှီဖြစ်တတ်ပါတယ်။ သစ်ပင်ထဲမှာစီးဆင်းတဲ့ သစ်စေးတွေလိုပဲ ဥာဏ်ပညာတွေလည်း အစီးရပ်သွားပြီး အဆုံးမှာ ကျောက်ဖြစ်ရုပ်ကြွင်းတောင် ဖြစ်နိုင်ပါတယ်။ ပညာရှိများရဲ့ လျှာဖျားမှာ ဥာဏ်ပညာတွေတာထွက်ဖို့ ဟန်ပြင်နေကြပါလိမ့်မယ်။ သူတို့လက်ချောင်းထိပ်ဖျားတွေမှာ တွဲလဲခိုစီးနေပါလိမ့်မယ်။ ဒါပေမယ့် လွယ်လင့်တကူတော့ ချော့မော့ခေါ်ထုတ်လို့ မရနိုင်တော့ပါဘူး။

အတွေးအမြင်ဆိုတာ ဒီအတိုင်းဆို သူ့ပင်ကိုယ်အတိုင်း ငြိမ်သက်နေတတ်ပါတယ်။ မိမိတို့မှ နှိုးဆွပေးရပါတယ်။ စိတ်မှကြံစည်တွေးတောပြီးနောက် နှုတ်နှင့်သော်လည်းကောင်း၊ ကိုယ်နှင့်သော်လည်းကောင်း လှုပ်ရှားကြတာပဲလေ။ နောက်ပိုင်းရလာဒ်တွေ ဘာဖြစ်မယ်လို့ မသိနိုင်ပေမယ့် စိတ်နဲ့ စိတ်ရဲ့တွေးတောကြံစည်မှုတွေက မူလအစဆိုတာတော့ ထင်ရှားပါတယ်။ အကျိုးရှိမဲ့၊ အလုပ်ဖြစ်မယ့်အတွေးတွေ ပေါ်ပေါက်လာအောင် နည်းမျိုးစုံနဲ့လုပ်ရတာပဲ။ ဒါကြောင့်မို့လည်း အင်္ဂလိပ်စကားမှာ "thought-provoking" (အတွေးကို နှိုးဆွပေးသော)ဆိုတဲ့ အသုံးအနှုံးရှိရတာပဲ။

လူဆိုတာ ပေါင်းသင်းဆက်ဆံတဲ့ သတ္တ၀ါပါ။ အပြန်အလှန် တုန့်ပြန်ဆက်ဆံဖို့ အတွေးတစ်ခုတည်းနဲ့တော့ မဖြစ်နိုင်ပါဘူး။ ပြောစကား၊ စာအရေးအသားများနဲ့ ဆက်ဆံရတာပဲ။ ဒါတွေကို မျက်နှာအမူအယာ၊ ခြေဟန်လက်ဟန်၊ ကိုယ်ဟန်နေထား စသည်ဖြင့် လူသားဆန်အောင် အားဖြည့်ပေးကြပါတယ်။ ဘာသာစကား စတင်လေ့လာသူများအတွက် "ဆိတ်ဆိတ်နေခြင်း" ဆိုတဲ့ အဆင့်တစ်ဆင့်ကို မဖြစ်မနေ ဖြတ်သန်းရပါတယ်။ စကားကို မိမိကိုယ်တိုင်ထုတ်ပြောဖို့ အဆင်သင့်မှ မဖြစ်သေးတာ။ စာအုပ်ထဲက ၀ါကျတွေ စာပိုဒ်အတိုအထွာတွေကို ဖတ်နိုင်ပြီ ဆိုပေမယ့် စကားကိုမှတ်သားဖို့၊ ကိုယ်တိုင်ထုတ်ဖို့ အချိန်ယူရပါသေးတယ်။ စတင်လေ့လာသူများသည် "ဆိတ်ဆိတ်နေခြင်း" ဆိုတဲ့အဆင့်ကို ဘာသာစကားသင်ကြားရေး အစိတ်အပိုင်းတစ်ခု အနေနဲ့ တွေ့ကြုံကြရပါတယ်။

"ဆိတ်ဆိတ်နေုခြင်း" အဆင့်ကို လွန်မြောက်သွားတဲ့ လေ့လာသူများသည် စကားစတင်ပြောတဲ့ ကနဦးအပိုင်းကို ဖြတ်သန်းရပါမယ်။ အမှားအယွင်းတွေလည်း အများကြီးပေါ့။ နောက်ပိုင်းကျတော့ စကားလုံးတစ်လုံးခြင်း၊ စကားစုတစ်စုခြင်း၊ ၀ါကျတိုများ၊ ရိုးရိုးရှင်းရှင်းစကားများ စသည်ဖြင့် စီတန်းပြီး ပေါ်ပေါက်လာကြပါတယ်။ မိခင်ဘာသာနဲ့ လေ့လာနေနဲ့ဘာသာကြား စပ်ကူးမတ်ကူးအဆင့် (intermediate stage)ဆီရောက်သွားတဲ့ အခါကျတော့ ကလေးတွေလည်း ဆိတ်ဆိတ်နေတာ နည်းလာပြီး စကားပိုပြီးပြောလာကြပါတယ်။ အဲဒါပြီးတော့ ပိုမိုတိုးတက်တဲ့ စကားပြောတဲ့အဆင့်ဆီ ရောက်သွားပါတယ်။ ဒီကာလအတွင်း ငယ်ရွယ်သူကလေးများ၊ သင်ကြားနေတဲ့စကားကို မိခင်ဘာသာအနေနှင့်ပြောတဲ့ ဒေသမှာ နေထိုင်သူများဟာ မိခင်ဘာသာစကားပမာ ပြောဆိုနိုင်တဲ့ ကျွမ်းကျင်မှုတိုင်အောင် ဆက်လက်တိုးတက်ဖို့ မျှော်လင့်ရပါတယ်။ မည်သည့်ဘာသာစကား လေ့လာသူများမဆို ဖြတ်သန်းရမယ့် ခရီးပဲဖြစ်ပါတယ်။

လေ့လာနေတဲ့ နိုင်ငံခြားဘာသာစကားဖြင့် အစပိုင်းမှာ မပြောနိုင်ရင် အခြားကျွမ်းကျင်မှုတွေ သုံးရမှာပေါ့။ စကားကိုအာရုံစိုက်နားထောင်ပြီး အထိအတွေ့၊ အတွေ့အကြုံရအောင် လုပ်ရမှာပေါ့။ ဗဟုသုတတွေ စုဆောင်းပြီး ပြောနိုင်တဲ့ အတိုင်းအတာလောက် ပြောရမှာပေါ့။ စကားလုံး တစ်လုံးစနှစ်လုံးစ၊ လွယ်လွယ်ရှင်းရှင်း စကားများဖြင့် ပြောဆိုရမှာပေါ့။

ဒါပေမယ့် ဆိတ်ဆိတ်နေမယ် ဆိုရင်ကော၊

ဒီအခြေအနေမှာတော့ "ဆိတ်ဆိတ်နေထောင်တန်" တော့ မဖြစ်တော့ပါဘူး။

အပြန်အလှန် တုန့်ပြန်ပြောဆိုကြတဲ့အခါမှာ လှုပ်ရှားတက်ကြွမှု၊ အစုန်အဆန်ပြောဆိုမှုနဲ့ အရေးအကြီးဆုံးက ခံစားချက်တွေ ရှိကြပါတယ်။ ပညာရှင်များမှ affective factors လို့ခေါ်တဲ့ ခံစားချက်များသည် မိမိတို့ကို လူသားဆန်စေတဲ့ အခြင်းအရာများဖြစ်ပါတယ်။ ခံစားချက်များ နောက်ကွယ်မှာ မိမိတို့ ပုန်းကွယ်နေရင် ဆိတ်ဆိတ်ပဲ နေကြရတော့မှာပေါ့။ ဆောင်းပါးအစမှာ ပြောခဲ့တဲ့ လူကြီးမင်းနဲ့ မတူတဲ့အချက်က တိတ်ဆိတ်ရတဲ့ အကြောင်းရင်းသည် ပြောစရာစကား မရှိလို့ကို ဖြစ်နိုင်ပါတယ်။

ဆရာသခင်များသည် ကလေးတွေ "ဆိတ်ဆိတ်နေခြင်း" အဆင့်ကို ကျော်လွန်နိုင်အောင် စိတ်ရှည်ရှည်နဲ့ ပံ့ပိုးပေးရပါမယ်။ တစ်ဆက်ထဲမှာ တစ်ချိန်ချိန် တစ်နေရာရာမှာ "ဆိတ်ဆိတ်နေခြင်း" အဆင့် (silent stage)မှ ပေါ်ထွက်လာဖို့ ဖေးမပေးရပါမယ်။ ကျွန်တော့်အမြင်မှာ အရေးအကြီးဆုံးအချက်က ကလေးတွေကို မသင်မီ မိမိတို့ကိုယ်တိုင် ဆိတ်ဆိတ်နေခြင်းအဆင့်မှ ရုန်းကန်လွတ်မြောက်နိုင်ရပါမယ်။ ဒီနည်းအားဖြင့် နောင်လာမဲ့မျိုးဆက်သစ်တွေကို ထိန်ထိန်ညီးအောင် တောက်နေတဲ့ မီးရှူးတိုင်အား လက်ဆင့်ကမ်းနိုင်မယ်ဖြစ်ပါကြောင်း။


ဒေါက်တာဆန်းမြင့် 

No comments: