ဒီဇင်ဘာ ၁၀ရက်နေ့က ရွှေဂုံတိုင်တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများတက်ရောက်ကာ မြန်မာနိုင်ငံ၏ လက်ရှိလူ့အခွင့်အရေး
အခြေအနေနှင့်ပတ် သက်ပြီး သုံးသပ်ဆေးနွေးကြရာတွင် အဆိုပါပုဂ္ဂိုလ်များက ၎င်းတို့ လက်ရှိရပ်တည်နေသောနေရာများမှ
လူ့အခွင့်အရေး အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် မည်ကဲ့သို့ ကြိုးစားဆောင်ရွက်၍
ရနိုင်မည်ဆိုသည်များကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် နေပြည်တော် ဇဗ္ဗူသိရိမဲဆန္ဒနယ်မှ
ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းကလည်း gender တန်းတူအခွင့်အရေးနှင့်ပတ်သက်ပြီး
ပြောဆိုဆွေးနွေးရာ၌ အမျိုးသမီးအခွင့်အရေးအတွက် မတရားသဖြင့် ရှိနေသော ဥပဒေများကို လွှတ်တော်အတွင်းမှ
ပြင်ဆင်ပြောင်းလဲနိုင်ရန် ကြိုးစားသွားမည် အကြောင်းကို ပြောဆိုဆွေးနွေးခဲ့သည်။ သို့ရာတွင်
မီဒီယာအချို့က ပြန်လည်ဖော်ပြရာ၌ အဓိကဆိုလို ရင်းနှင့် ကွဲလွဲနေခြင်းနှင့် ပတ်သက်ပြီး
မြန်မာပို့ဂလိုဘယ်က သွားရောက်တွေ့ဆုံမေးမြန်းစဉ် ပြန်လည် ရှင်းလင်း ပြောကြားခဲ့သည်များကို
ပြည်သူအများ သုံးသပ်လေ့လာနိုင်စေရန် တင်ပြလိုက်ပါသည်။
ပြည့်တန်ဆာတွေကို တရားဝင်လိုင်စင်လျှောက်ထားခွင့်ရအောင် လွှတ်တော်အတွင်းမှာ ဆောင်ရွက် သွားမယ်ဆိုပြီး ဂျာနယ်အချို့မှာ ရေးသားတာ တွေ့နေရတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။
ကျွန်မ လူ့အခွင့်အရေးနေ့က ပြောလိုက်တာက မြန်မာအမျိုးသမီးတွေရဲ့အခွင့်အရေး၊ gender အနေနဲ့ ဒီကိစ္စကို တစ်ပိုင်းတစ်စ ပြောခဲ့တာပါ။ ဒါပေမဲ့ အဲ့ဒီနေ့ကစပြီး ယနေ့ကာလအထိ ထုတ်ဝေတဲ့ဂျာနယ်တွေမှာ “ဒေါ်စန္ဒာမင်းကနေပြီးတော့ ပြည့်တန်ဆာလိုင်စင် တရားဝင်ချပေးဖို့ လွှတ်တော်မှာ ပြောမယ်”ဆိုတဲ့ သဘောနဲ့ ရေးကြပါတယ်။ အဲ့ဒီနေ့တုန်းကလည်း မီဒီယာတွေကို ကျွန်မ သေသေချာချာ ပြောခဲ့ပါတယ်။ အခုတက်ရတော့မဲ့ လွှတ်တော်မှာ တင်ဖို့လည်း မဟုတ်ပါဘူး။ အဆိုတစ်ခုကို တင်သွင်းတယ်ဆိုတာ ခေတ်နဲ့၊ စနစ်နဲ့ လျော်ညီတဲ့ အချိန်ကာလ ရောက်တဲ့ အချိန်ကျရင်တော့ တင်ရမှာပါ။ တင်တယ်ဆိုတဲ့နေရာမှာလည်း လိုင်စင်ချပေးဖို့ တင်မှာ မဟုတ်ပါဘူး။ အခု သူများတွေ အထင်အမြင် လွဲမှားနေတာက ဒေါ်စန္ဒာမင်းက ပြည့်တန်ဆာလိုင်စင်လျှောက်ပြီးတော့ပဲ အခန်းထောင်မဲ့သူလိုပဲထင်ပြီး (ရယ်လျက်) သဘောမတူတဲ့သူတွေက ဒီလိုမျိုးတွေ ပြောနေကြတာပါ။ အမှန်တော့ ကျွန်မတို့ဆွေးနွေးခဲ့တဲ့ issue ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဒီကိစ္စကို ရှုထောင့်တစ်နေရာ၊ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဆွေးနွေးခဲ့တာပါ။ ကျွန်မတို့ရဲ့တိုင်းပြည်ဟာ ဗုဓ္ဒဘာသာတိုင်းပြည်ဆိုတာ ကျွန်မနားလည်ပါတယ်။ ဒီကိစ္စကိုလည်း တရားဝင်ကြီး၊ ပေါ်ပေါ် ထင်ထင်ကြီးလုပ်ဖို့၊ လိုင်စင်ကြီးတွေ ချပေးဖို့ ဆိုတဲ့သဘောနဲ့ ပြောခဲ့တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံတွင်း မှာရှိတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းဖို့ပါ။ ဒီဥပဒေပြဋ္ဌာန်းတဲ့နေရာမှာလည်း ဒီပြည့်တန်ဆာဥပဒေဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါသွားတာပါ။ ကျွန်မပြောချင်တာက ဒီ အခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုတဲ့ အမျိုးသမီးတွေဘက်မှာ လိင်ပိုင်းဆိုင်ရာအနေနဲ့ ကျူးကျော်မှုတွေ ခံစားရတာတွေရှိတယ်၊ မတရားသဖြင့် လုပ်ခံရတာတွေရှိတယ်၊ နောက်တစ်ခုက မတရား လူကုန်ကူးခံရမှုတွေ ရှိတယ်။ ဒါတွေဟာ ပြည့်တန်ဆာ လုပ်ငန်းတွေနဲ့ ဆက်စပ်နေပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒါတွေဟာ တရားဝင် မဟုတ်တဲ့အတွက်ကြောင့် အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးကျော်စော်ကားမှုလို့ ကျွန်မသတ်မှတ်ပါတယ်။ ကျွန်မရဲ့ ရှုထောင့်က ပြည့်တန်ဆာလုပ်ငန်းကို လိုင်စင်ရဖို့ ရှုထောင့်မဟုတ်ပါဘူး။ ပြည့်တန်ဆာ လုပ်ငန်းတွေ လျော့နည်း သွားအောင်နဲ့ ဒီလူတွေကို တရားဝင် ဆေးကုသခွင့်ရရှိဖို့၊ ကျန်းမာရေးစောင့်လျှောက်မှု အခွင့်အလမ်း တရားဝင်ပေးဖို့၊ လိင်ပိုင်းဆိုင်ရာ ကျူးကျော်စော်ကားခံရတဲ့ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်ပိုင်ခွင့် တရားဝင်ရရှိဖို့ စတဲ့ရှုထော့င်တွေကနေ ကျွန်မဆွေးနွေးတင်ပြခဲ့တာပါ။ ဒါပေမဲ့ ဒါကို မီဒီယာတွေက တင်ပြတဲ့အခါမှာ လိုင်စင်လျှောက်ထားဖို့ဆိုတဲ့အရာကို မီးမောင်းထိုးပြီး ရေးသားကြတဲ့အတွက် ကျွန်မစိတ်မကောင်းပါဘူး။ အဲ့ဒီလိုပဲ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း ဘုမသိ၊ ဘမသိပဲ “ဒီအဆိုကို လွှတ်တော်မှာ ဒေါ်စန္ဒာမင်း တင်ပြသွားရင်၊ မည်သူကပဲ တင်သည်ဖြစ်စေ ကန့်ကွက်သွားမယ်” ဆိုတာမျိုးပြောသွားတာကိုလည်း ကျွန်မစိတ်မကောင်းဖြစ်မိပါတယ်။ သူ့အနေနဲ့ ကျွန်မရဲ့ ဆိုလိုရင်းကို သဘောမပေါက်ဘူးလို့ထင်ပါတယ်။ ကျွန်မတင်ပြချင်တဲ့ ရှုထောင့်က ခုနသုံးချက်ပါ။ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းက လိုင်စင်ရဖို့ လုပ်ငန်း မဟုတ်ပါဘူး။
ပြည့်တန်ဆာတွေနဲ့ပတ်သက်ပြီး ဒေါ်စန္ဒာမင်းရဲ့ အမြင်ကကော..။
ဒီ ပြည့်တန်ဆာတွေနဲ့ ပတ်သက်တဲ့ ကျွန်မရဲ့ ကိုယ်ပိုင်ရှုထောင့်က ပြောရမယ်ဆိုရင်… ကျွန်မထောင်ကျခဲ့ဖူးပါတယ်။ ထောင်ထဲမှာ ၇၀ ရာခိုင်နှုန်းက ပုဒ်မ၃(ခ)နဲ့ ကျလာတဲ့ ပြည့်တန်ဆာတွေချည်းပါဘဲ။ ။ ကျွန်မပြောခဲ့ပါတယ်။ ကျွန်မပြည်ပနိုင်ငံတွေကို သွားတဲ့အခါမှာ ကျွန်မလေ့လာပါတယ်။ ဆွိဒင်လိုနိုင်ငံမျိုးမှာတောင် တစ်ချိန်တစ်ခါ စီးပွားရေးကြပ်တည်းတုန်းက အမျိုးသမီးတွေအများကြီး ပြည့်တန်ဆာဖြစ်ခဲ့ကြရပါတယ်။ ဒါဟာ အပစ်ပြောလို့မရပါဘူး။ စီးပွားရေးကြပ်တည်းနေတဲ့ တိုင်းပြည်တစ်ခုမှာ ထွက်ပေါက်မရတဲ့ အမျိုးသမီးတွေအနေနဲ့ ထွက်ပေါက်တစ်ခုအနေနဲ့ သူတို့လုပ်ဆောင်ရတယ်လို့ ကျွန်မမြင်ပါတယ်။ အဲ့ဒါကို သူတို့ တိုင်းပြည်ရဲ့ ခေတ်အဆက်ဆက် ခေါင်းဆောင်တွေတောင် ပပျောက်အောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ မဖြစ်နိုင်တဲ့ကိစ္စကို ဖြစ်နိုင်အောင် ဘယ်လိုလုပ်မလဲ စဉ်းစားတဲ့အခါမှာ ပပျောက်သွားအောင် မလုပ်နိုင်ရင် လျော့နည်းသွားအောင် လုပ်ရပါမယ်။ ကျွန်မအဓိကတင်ပြချင်တဲ့ ရှုထောင့်က ဒီဆွီဒင်နိုင်ငံမှာဆိုရင် နိုင်ငံစီးပွားရေးကြပ်တည်းချိန်မှာ အမျိုးသမီးတွေအများကြီး ပြည်တန်ဆာဖြစ်ခဲ့ကြရတာတွေများတယ်။

သူတို့နိုင်ငံမှာလည်း နဂိုတုန်းကဆိုရင် ဒီလိုပဲ အမျိုးသမီးပြည့်တန်ဆာတွေကို ဖမ်းတဲ့
ဥပဒေတွေ ရှိခဲ့ပါတယ်။ လက်ရှိလည်း ကျွန်မတို့ မြန်မာနိုင်ငံမှာ ဖြစ်နေတာက ဒီအမျိုးသမီးနဲ့
အမျိုးသား ဆက်ဆံကြတဲ့နေရာမှာ အမျိုးသမီးတွေက ပစ်မှုကို ကျူးလွန်တာဖြစ်ပြီးတော့ အမျိုးသားတွေက
ပစ်မှုကျူးလွန်တာမဟုတ်ဘူးဆိုတဲ့ ဟာကိုပြောချင်တာပါ။ ကျွန်မပြောချင်တာက ခုန သုံးချက်အပြင်
နံပတ်လေး အချက်အနေနဲ့ ဥပဒေကိုပြင်ချင်တာပါ။ ဒီဥပဒေက ဘာလဲဆိုတော့ ပစ်မှုကျူးလွန်တဲ့ သူချင်းအတူတူ
ယောင်္ကျားတွေက ဘာ့ကြောင့် ပစ်မှုကျူးလွန်တယ်လို့ သတ်မှတ်ခြင်းမခံရတာလဲ.. ဆိုတဲ့ဟာပါ။
အဲ့ဒါကတော့ မြန်မာ့ ဓလေ့ထုံးတမ်းစဉ်လာ ဥပဒေတွေမှာ ရှိပါတယ်။ ဒီလိုရှေးရိုးစွဲ ဥပဒေတွေအနေနဲ့
ပြင်သင့်တဲ့အချိန်ရောက်ပြီလို့ ထင်လို့ ဒီဥပဒေကို ပြင်ချင်လို့ပြောတာပါ။ အမျိုးသမီး
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဘုမသိ၊ ဘမသိနဲ့ ပြောတဲ့ “ကျွန်မတို့တိုင်းပြည်က ဗုဓ္ဒဘာသာတိုင်းပြည်ဖြစ်တဲ့အတွက်
ဒီလို လိုင်စင်ရဖို့တင်တာ မသင့်တော်ဘူး”ဆိုတာ ကျွန်မအရမ်းစိတ်မကောင်းပါဘူး။ လွှတ်တော်အတွင်းမှာ
ဒီလိုအရာတွေကိုတင်ဖို့မဟုတ်ပါဘူး။ အရင်ဆုံး ဒီဥပဒေတွေကို ပြင်ရမှာပါ။ ဒီလိုင်စင်ကိစ္စတို့
ဘာတို့ဆိုတာက နောက်ပိုင်းကိစ္စတွေပါ။ အရင်ဆုံးက ကျွန်မတို့ အမျိုးသမီးတွေဘက်ကနေ တရားမျှတမှုမရှိတဲ့
ဥပဒေတွေကို ပြင်ဖို့ အရင်ဆုံးကျိုးစားရမှာပါ။
ပြည့်တန်ဆာတွေဟာ ဘယ်ဥပဒေကြောင့် ဘယ်လိုနစ်နာမှုတွေကြုံတွေ့နေရလဲ။ ဥပဒေတွေကို ဘာ့ကြောင့်  ပြင်ဆင်သွားချင်တာပါလဲ။
ဘာလို့လဲဆိုတော့ ပုဒ်မ၃(ခ)နဲ့ကျလာတယ်ဆိုတဲ့ အမျိုးသမီးတွေ အကုန်လုံးဟာ၊ လိင်ပိုင်းဆိုင်ရာ ရောင်းဝယ်တဲ့အမျိုးသမီးဟာ ပုဒ်မ၃(ခ)နဲ့ ပစ်မှုကျူးလွန်တယ်ဆိုရင် လိင်ပိုင်းဆိုင်ရာကို ၀ယ်ယူစားသုံးနေတဲ့ ယောင်္ကျားတွေကကော ပစ်မှုကျူးလွန်တာ မဟုတ်ဘူးလား။ ပစ်မှုကျူးလွန်တာချင်းအတူတူတော့ အမျိုးသမီးကော အမျိုးသားကော ပစ်ဒဏ်ပေးနိုင်တယ်ဆိုလို့ ရှိရင်တော့ ကျွန်မတို့နိုင်ငံရဲ့ ဒီပြည့်တန်ဆာကိစ္စက တနည်းတစ်ဖုံနဲ့ တစ်စိတ်တစ်ဒေသအားဖြင့် လျော့နည်းသွားမယ်လို့ ကျွန်မထင်ပါတယ်။ အဓိကက ဒီဟာကိုကျွန်မ တင်ပြချင်တာပါ။ ဒီဟာကိုတော့ ကျွန်မကြိုးစားသွားမှာပါ။ လိုင်စင် ရခြင်း၊ မရခြင်းဟာ အဓိကမဟုတ်ပါဘူး။ ဒါကိုလည်း ကြိုးစားသွားမှာ မဟုတ်ပါဘူး။ ယောင်္ကျားများကလည်း တန်းတူ ပစ်မှုကျူးလွန်ပါတယ်ဆိုတာကို ကျွန်မတင်မှာပါ။ အခု section မှာတော့ မဟုတ်သေးဘူးပေါ့။ အဆိုတစ်ခုကို တင်တယ်ဆိုတာ အခြေအနေအချိန်အခါ သ့င်တော်ပြီဆိုတာနဲ့ အမျိုးသမီးတွေ gender ကိစ္စတင်တဲ့နေရာမှာ ဒါလေးကို တင်သွားမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ နမူနာအားဖြင့် ကျွန်မပြောမယ်။ အမျိုးသမီးက သူ့လိင်ကို ရောင်းတယ်။ ယောင်္ကျားကလည်း ၀ယ်ယူတယ်။ သဘောတူညီရင် sex ကိစ္စကျူးလွန်တယ်။ ရဲကဖမ်းမိရင် ဒီယောင်္ကျားက “အမျိုးသမီးကို အခကြေးငွေပေးပြီး ငှားလာတာပါ”လို့ ပြောတာနဲ့ ဒီအမျိုးသမီးဟာ ပုဒ်မ၃(ခ)နဲ့ တန်းပြီးထောင်ကျတော့တာပဲ။ ယောင်္ကျားကအစိုးရ သက်သေဖြစ်သွားတယ်။ အဲ့ဒီလို အစိုးရသက်သေ ဖြစ်သွားတယ်ဆိုတဲ့နေရာမှာ ကျွန်မစဉ်းစားတာက ပစ်မှုက နှစ်ယောက်စလုံး ကျူးလွန်တာ မဟုတ်ဘူးလား။ ဒီလိုပစ်မှု ကျူးလွန်တာကို….. ။

နောက်တစ်ချက်ကိုပြောချင်တာက ဒီလို အမျိုးသမီးကို ဖမ်းချင်တယ်ဆိုရင် ရဲတွေက ဘာလို့ဒီအမျိုးသမီးနဲ့ ဆက်ဆံပြီးမှ ဖမ်းရတာလဲ။ အမျိုးသမီးနဲ့ ဆက်ဆံတယ်။ ပြီးတော့ အမှတ်အသားလုပ်ထားတဲ့ ပိုက်ဆံတွေပေးပြီးတော့ တခြားရဲက အမျိုးသမီးကိုဖမ်းပြီး ထောင်ချတယ်။ သူတို့ကိုယ်၌ကတော့ အစိုးရသက်သေအနေနဲ့ ဖမ်းတယ်ဆိုပြီးတော့ တရားရုံးမှာထွက်ဆိုတယ်။ ကျွန်မပြောချင်တာက အဲ့ဒီရဲက ဆက်ဆံပြီးတော့မှ ဖမ်းရလောက်အောင်၊ ဒီအမျိုးသမီးက ပစ်မှုကျူးလွန်တယ်လို့ သက်သေပြနိုင်ဖို့ အမျိုးသမီးကို လိင်ဆက်ဆံဖို့ လိုအပ်သလား။ အိမ်ကိုသွားပြီးတော့ကော ဖမ်းလို့မရဘူးလား။ ဖမ်းချင်ရင် ကျော်ဇောမှု အနေနဲ့ဖမ်းလည်း ရပါတယ်။ ခုတော့ သူတို့က ဆက်လည်း ဆက်ဆံသေးတယ်။ ပိုက်ဆံလည်းပေးတယ်၊ ပြီးတဲ့အခါကျမှ ရဲကတရားလိုအနေနဲ့ ရုံးတော်မှာ ထွက်ပြီးတော့ ဒီအမျိုးသမီးကို ပုဒ်မ၃(ခ)နဲ့ ဆွဲတယ်ဆိုတာ ဒါ တော်တော်အဓိပ္ပါယ်မရှိတဲ့ ဥပဒေတွေပါ။
နောက်ပြီး မိန်းကလေးတွေကို ဖမ်းရာမှာ ရဲက comdom သုံးပြီး ဆက်ဆံတယ်၊ condom ကို တရားရုံးမှာ သက်သေအဖြစ်တင်တယ်။ ပုဒ်မ၃(ခ)က ရိုးရိုးအမှုဆိုရင် ထောင်ခြောက်လ၊ comdomနဲ့ မိရင် သုံးနှစ်ဆိုတော့….. ဒါတွေက ရှေ့နောက်မညီတဲ့.... ။ sex worker တွေရဲ့ prevention ကြိုတင်ကာကွယ်တားဆီးခြင်း အတွက် NGO တွေက condomတွေ ဝေတယ်။ ရဲတွေက ဖမ်းတယ်။ ဖမ်းတော့ ဒီ condom နဲ့ မိရင် သုံးနှစ်။ အဲ့တော့ ပြည့်တန်ဆာက condom ကို မသုံးဘူး။ အဲ့တော့ ကျွန်မတို့ တိုင်းပြည်မှာ ဘာတွေဖြစ်လာလဲ။ ရောဂါကူးဆက်မှုတွေပဲ ဖြစ်လာတယ်။ ဒါမျိုး ရှေ့၊ နောက်မညီတဲ့ ဥပဒေတွေကို ပြင်ချင်တာပါ။ NGO တွေက တမျိုးလုပ်၊ ရဲကတမျိုးလုပ်ဆိုရင် ဒီရောဂါတွေနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်တားဆီးခြင်း prevention ဟာလည်း ထိရောက်မှုမရှိနိုင်ပါဘူး။ ဒီလိုမျိုး ခေတ်နဲ့ စနစ်နဲ့ မလျော်ညီတဲ့ ဥပဒေတွေကို ပြင်သင့်ပါတယ်။ အဲ့ဒီလိုပြင်မှလည်း အမျိုးသမီးတွေ အတွက် တရားမျှတမှုရှိမှာပါ။ ကျွန်မဆိုလိုချင်တဲ့ အဓိပ္ပါယ်က ဒီလိုမျိုးပါ။ အဲ့ဒီလိုဆိုရင် အနည်းငယ်သော ပမာန လျော့ကျသွားပါလိမ့်မယ်။
ဒေါ်စန္ဒမင်းအနေနဲ့ တခြားဖြည့်စွက် ပြောကြားချင်တာများ ရှိပါသေးလားခင်ဗျာ။
ကျွန်မတို့ တိုင်းပြည်မှာ အသက် ၁၅နှစ်ကနေ အသက် ၄၀ အရွယ်ကြားမှာ ဖြစ်ပွားနေကြတဲ့ HIV ရောဂါနှုန်းက အလွန်တရာမြင့်မားပါတယ်။ တစ်နှစ်ထက်တစ်နှစ် ကျသွားတယ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ဒီနှစ်မှာ ထွက်မဲ့၊ ၂၀၁၁- ၁၂ ခုနှစ်ရဲ့ ကျန်းမာရေး ၀န်ကြီးဌာနကနေ ပို့မဲ့ report မှာ ဒီအသက် ၁၅ နှစ်ကနေ ၄၀ရဲ့ HIV ကူးဆက်သော ရာခိုင်နှုန်း လျော့နည်းသွားပါတယ် ဆိုပြီးတော့ ထွက်လာပါလိမ့်မယ်။ ဒါပေမဲ့ ဘာ့ကြောင့် လျော့နည်းရတာလဲ၊ ဘယ်လို prevention ကာကွယ်တားဆီးခြင်းတွေ လုပ်ပေးလို့လဲ၊ တိုင်းပြည်က ဘယ်လိုကာကွယ်မှုတွေ လုပ်ပေးလို့လည်း၊ ARV ဆေးတွေက အများကြီးထောက်ပံ့ပေးနိုင်လို့လား၊ NGOတွေက ထောက်ပံ့ပေးနိုင်လို့ ကျဆင်းသွားတာလား၊ အမျိုးသမီးတွေကို ဒီ Sex Worker ဖြစ်မလာအောင် တားဆီးနိုင်လို့လား ဆိုတဲ့ အဖြေကတော့ ထွက်မလာပါဘူး။ ဘယ်လိုနည်းနဲ့ ကျဆင်းသွားလဲဆိုတာ ကျွန်မ မပြောတတ်ပါဘူး။ အခုနှစ်မှာ ကျဆင်းသွားတယ်ဆိုတဲ့ report ကတော့ ထွက်မှာပါ။ အဲ့ဒီတော့ ကျွန်မပြောချင်တာ ပထမတစ်ခုကတော့ ခေတ်နဲ့ စနစ်နဲ့ မလျော်ညီတဲ့ဥပဒေတွေကို ပြင်ချင်ပါတယ်။ ဒီဥပဒေတွေ ပြင်ပြီးတော့မှ အမျိုးသမီးတွေအတွက် ကာကွယ်စောင့်ရှောက်မှု prevention တွေဘယ်လိုလုပ်မလဲ၊ နည်းသွားအောင် ဘယ်လိုလုပ်မလဲ၊ ဒီ လိင်ပိုင်းဆိုင်ရာ ရောင်းဝယ်သောသူ၊ စားသုံးသောသူ နှစ်ဦးနှစ်ဘက်စလုံးကို အပစ်ပေးလိုက်မယ်ဆိုရင် ကျဆင်းသွားပါလိမ့်မယ်။ ပြီးတော့မှ ကာကွယ်မှုတွေ ဘယ်လိုလုပ်မလဲ၊ ဒီလူတွေကို မှတ်ပုံတင်ခိုင်းမလား…၊ အဲ့လိုမျိုး တရားဝင်ဖြစ်အောင် လုပ်ပေးတဲ့အခါမှာလည်း အကာအကွယ်တွေ ဘယ်လိုပေးမလဲ၊ ထိရောက်တဲ့ ဆေးကုသမှုတွေ ဘယ်လိုပေးမလဲ။ ဒါမျိုးတွေ မသိပဲနဲ့တော့ ဒီHIV ရောဂါကူးစက်နှုန်း ကျဆင်းသွားပါတယ်လို့ ပြောလို့မရပါဘူး။ နောက် ARV ဆေးကိုရော ဘယ်လောက်ထောက်ပံ့ပေးနိုင်မလဲ။ ဒါမျိုးပစ်မှုကျူးလွန်တယ်ဆိုတဲ့ အပိုင်းတွေမှာ ဟိုးအောက်ခြေလူတန်းစားကနေ ထိပ်ပိုင်း၊ထိပ်ပိုင်း လူကြီးများအထိ ပါပါတယ်။ ဒါဟာ ရှက်စရာမဟုတ်ပါဘူး။ ကျွန်မတို့တိုင်းပြည်မှာ ဒါမျိုးတွေ ရှိနေတယ်ဆိုတာ ရှက်စရာမဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာ ရှိနေတာပါ။ အဲ့တော့ အဓိက ကျွန်မတို့ စဉ်းစားရမှာက ဒီဟာကိုလျော့နည်းသွားအောင် ဘယ်လိုလုပ်မလဲ။ ဒါ့ကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲ ကူးစက်ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ။ ဒါတွေကို အဓိက စဉ်းစားရမှာပါ။ ကျွန်မဆိုလိုတဲ့သဘောက အဲ့ဒါပါ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ။
No comments:
Post a Comment