Monday, January 21, 2013

ငိုအောင်စရင် ငိုတတ်မှ



လေတစ်ချက်အဝှေ့တွင် တဖျတ်ဖျတ်ရွေ့လျားသွားသော
ရွက်ကြွေလေးများကို မြင်ဖူးကြရဲ့မဟုတ်လား …
ချာလည် ချာလည် ၀ဲကာ ကြွေကျလာသော
ပွင့်ဖတ်ကလေးများကိုရော… မြင်ဖူးကြပါရဲ့လား …
                                                                           ------------------------------

            ‘မိုး’ သည် လေကြောင့်လှုပ်ရှားနေသည့် ခြင်ထောင်စကလေးကို ငေးနေသည်။ မျက်ရည်ဝေ့နေဟုန်ရှိသော မျက်လုံးတို့သည် စိုက်မိစိုက်ရာ စိုက်ငေးနေကြသည်။ ဇာခြင်ထောင်စ ပြာပြာလေးသည် ‘မိုး’ အာရုံတွင် ရှိမနေသည်က သေချာပါသည်။
            ‘မိုး’ သည်ရင်ဘတ်ပေါ်က လက်ကိုင်ပ၀ါခေါက်ကလေးတစ်ခုကို အသာဆွဲယူရင်း မျက်စိမှတ်ထားလိုက်သည်။ ထို့နောက် လက်ကိုင်ပ၀ါလေးကို အသာအယာနမ်းလိုက်ပါသည်။
            မီးခိုးရောင် ယောက်ျားကိုင် လက်ကိုင်ပ၀ါတစ်ထည် ဖြစ်ပါသည်။

                                                                  ----------------------------------------------

            ဗြုန်းဆို မောင်မောင့်ကို မြင်လိုက်ရတုန်းက သူများ လန့်သွားတာအမှန်ပဲ။ ဟုတ်မှ ဟုတ်ရဲ့လားလို့ အံ့သြမိတာလဲအမှန်ပါပဲ။ ထင်မှ မထင်ခဲ့ပဲ။ ဒီလို ကျောင်းရှေ့ကအုတ်ခုံပေါ်မှာ ထိုင်ရဲလိမ့်မယ်လို့ မောင်မောင့်ကို ထင်မထားခဲ့ပါဘူး။ မောင်စဉ်းစားကြည့်၊ ဘယ်လောက်ကြောင်တဲ့ အလုပ်ကြီးလဲ … ဆိုတာ။
            အဝေးတုန်းက ကိုယ့်အတွေးနဲ့ ကိုယ်မို့ မမြင်မိဘူး။ အနားရောက်မှ မြင်လိုက်ရတာကိုး။ သူများဖြင့်တုန်သွားတာပဲ။ ခြေလှမ်းများပျက်သွားမိသလား … မသိပါဘူး။ မောင်မောင့်ရှေ့က ဖြတ်လျှောက်ရတာ အပင်ပန်းဆုံးပဲ သိလား … မောင်။
            မောင် ဘယ်သူ့ကိုစောင့်ကြည့်နေတာလဲ … သူများသိပါတယ်။ သူများ နေ့တိုင်းလိုလို ဈေးသွားတတ်မှန်းသိလို့ စောင့်ကြည့်နေတာမို့လား မောင်။
            သူများရင်တွေခုန်ပြီး မျက်နှာတစ်ခုလုံးလဲ ပူရှိန်းနေတာပဲ…သိလား။ ကျောင်းထဲက ဖြတ်လာတဲ့အထိ သူများတစ်ကိုယ်လုံးတုန်နေတုန်းပဲ မောင်ရယ်။ ခါတိုင်း မောင်မောင် မထိုင်ဘူးပါဘူး။ အခုမှ ဘာဖြစ်လို့ ထိုင်တာလဲ…လို့လဲ တွေးမိတယ်။ မောင်မောင့်မျက်လုံးအကြည့်ကို အခုပြန်စဉ်းစားရင် အခုရင်ခုန်နေတုန်းပဲ။
            အဲလို မကြည့်နဲ့မောင်ရယ်၊ သူများ မောင့်ကို သိပ်…ချစ်သွားတယ်။နောက် အဲလို ငေးမကြည့်နဲ့နော်…မောင်။

            ဒီတုန်းက အခန်းပြန်ရောက်တော့ ခုတင်ပေါ်မှာ လှဲအိပ်ပစ်လိုက်တာပဲ။ ၀ယ်လာခဲ့သမျှပစ္စည်းတွေကို စားပွဲပေါ်မှာ ဒီအတိုင်းပစ်ထားလိုက်တယ်။ သူများ ဘာလုပ်လဲ…သိလား။ ဒိုင်ယာရီစာအုပ်ထဲက မောင့်ပုံတူကို ယူကြည့်မိတာပေါ့ မောင်မောင်ရယ်။ မောင်မောင့်ကို ကြည့်ပြီး ဆွဲရတာမဟုတ်လို့ သိပ်တော့မတူပါဘူး။ ဒါပေမယ့် သူများအခန်းဖော်ကို ပြကြည့်တုန်းကတော့ သူက အထိတ်တလန့်နဲ့…
            “ ဟဲ့ … ဟဲ့ ၊ ဒီပုံကို ဒီလို အလွယ်မထားနဲ့လေ ၊ မြင်ရင်လူတိုင်းသိတယ် ၊ နားလည်လား ၊ ရေရေလည်လည် ကွဲနေမယ် ” တဲ့။
            အဲဒီတော့ သူများလဲ ကိုယ်ရေးတဲ့ပုံကို ပြန်ကြည့်မိတယ်။ ဟုတ်တယ်မောင် ၊ မောင်မှန်း သိအောင်အထိတော့ တူတာ အမှန်ပဲ။ မောင့်ဆံပင်ကျပုံ၊ မျက်လုံး စိုက်ကြည့်ပုံ ၊ ပြုံးပုံ။ အို … တကယ်ကို မောင်မောင့်လိုပဲ။ ဒါကြောင့်လဲ သူကစ,တာပဲ။
                “ အမလေးဟဲ့ .. မကြည့်ဘူး … မကြည့်ဘူးနဲ့ ဘယ်အချိန်တုန်းက ဘယ်လောက်ကြာအောင် ခိုးကြည့်ထားတာလဲ ” တဲ့။
            သူက မယုံဘူးမောင်ရဲ့ ။ တကယ်ပါ မောင်မောင့်ကို သိသိသာသာ မကြည့်ရဲဘူး။ ဒီပုံက ဘေးစောင်းကပုံပဲ။ မောင်မောင့်ကို တည့်တည့် မကြည့်ရဲလို့ ဘေးကကြည့်ရတာ များတယ်လေ။ နောက်ပြီး အခန်း(၁)မှာ အတန်းတက်ရတဲ့ အချိန်တိုင်း မောင့်မျက်နှာကို ဘေးတိုက်မြင်ရပါတယ်။ မကြည့်ဘဲနဲ့မြင်တာပါ။ မောင် သိတယ်မို့ လား။ သူများ တစ်နေရာတည်း အတည်တကျ ထိုင်မှန်းသိလို့ မောင်ပဲ ဉာဏ်များပြီးတော့…။
            မောင် အဲလို ဉာဏ်များတတ်တော့ သူများ ပိုချစ်မိတာပေါ့ မောင်ရယ်။ မောင်မှတ်မိဦးမလား မသိဘူး။ မောင်လူလည်ကျခဲ့တာတွေ။ ဥပမာပေါ့ …ဟိုအရင်လက ကွန်ပလီးရှင်းဗိုင်ဗာ တုန်းကပေါ့။ အမှန်ဆိုရင် ရောက်ရောက်ချင်း ကိုယ့်နံပါတ်ပြားကို ကိုယ် ယူပြီး အစောကြီးကတည်းက အင်္ကျီမှာတွယ်ထားရတာပဲ။ အဲဒါကို မောင့်ကျတော့တစ်မျိုး၊ မောင်က သူများနောက်မှ ဖြေရမယ့်သူ။ သူများဗိုင်ဗာဝင်ဖို့ ထိုင်စောင့်နေရတဲ့အချိန်ကျမှ အခန်းထဲဝင်ပြီး မောင်လာယူတာ။ သူများ မောင့်ကိုမြင်အောင်လို့ မဟုတ်လား။ ရောက်နေတာ ဟိုး …အစောကတည်းက။ အဲဒီတုန်းက မယူဘဲ ဘာလို့ သူများဝင်ထိုင်ရတဲ့ အချိနကျမှ ယူတာလဲ။ သွားစမ်းပါ .. သူများကိုအ,အ မှတ်လို့လား။
            အဲဒီတုန်းက မောင် ဂျူတီကုတ်ကို ပခုံးပေါ်တင်ထားတယ်။ တခြားသူတွေ ဂျူတီကုတ်ကို ပခုံးပေါ်တင်ရင်လေ ဘယ်လိုမုန်းမှန်းမသိဘူး။ မောင့်ကျတော့ ဖိုးရိုးဖားရားနဲ့ သိပ်ချစ်တာပဲ ။ မကောင်းဘူးနော် … သူများစိတ်က။
            မောင်မောင်ရယ် … မောင်မောင့်လောက်တော့ သူများလဲ ဉာဏ်များတတ်ပါတယ်။ ဒစ်ဆက်ရှင် မှာပေါ့။ မောင်တော့ မသိဘူး။ သူများတော့ ဉာဏ်ချည်းပဲ။
            သူများရပ်ရင်လေ အမြဲတန်း မောင်မောင့်ကိုမြင်နိုင်တဲ့ နေရာ မောင်တို့ အဖွဲ့က သူများတို့ရဲ့ မြောက်ဘက်မှာ ရှိတယ်ဆိုပါတော့။ သူများ ခုတင်ရဲ့ တောက်ဘက်ကနေမြောက်ဘက် လှည့်ရပ်တယ်၊ မောင့်ကို မြင်ရတာပေါ့။ မောင်ကလဲ သူများ ရှိတဲ့ဘက်ကို လှည့်တာပဲဥစ္စာ။

            ဆရာရှင်းပြတာကို နားထောင်ရင်း၊ ဆရာ စာမေးတာကို ဖြေရင်း၊ ဆရာ့ မျက်နှာပေါ်ကကျော်ပြီး မောင်မောင့်ကို လှမ်းလှမ်းကြည့်ရတာ … ကြာရင် နှလုံးရောဂါ ဖြစ်မယ်ထင်ပါရဲ့ဟယ်။ ဆရာစာမေးတာ မရတာလဲ ကြောက်ရ၊ သူများကြည့်တာ မောင်မြင်မှာလဲ ကြောက်ရ မဟုတ်လား။
မောတော့ … မောတာပေါ့ မောင်မောင်ရယ်၊ ဒါပေမယ့် ပျော်မော .. မောရတာမို့ မခါးသီးပါဘူး။
            မောင့်ကို ဘယ်တုန်းကစ,ချစ်မိမှန်းတော့ မသိပါဘူး။ စ,ပြီး စိတ်ဝင်စားမိတာကိုတော့ သိတယ်မောင်။ မောင့်အကြည့်ကို သိသိသာသာ သတိထားမိတုန်းကပေါ့။
            ဟစ်စတော်လော်ဂျီ ပရယ်တီကယ်ခန်းထဲက စတာပါ။
            မောင်မောင်က သူများရှေ့မှာ ရှိနေတယ်၊ သူများကို ကျောပေးထားပြီး ‘ ဆလိုက် ’ ကြည့်နေတယ်။ မောင်မောင် အဲဒီနေ့က မီးခိုးရောင် အင်္ကျီလက်ရှည်လေး ၀တ်ထားတယ်။ လုံချည်နဲပ အင်္ကျီကလည်း အရောင်ချင်းဆင်ဆင်ရယ်။
            အဲဒီနေ့က မောင့်အကြည့်ကို သတိထားမိတော့ သူများရင်ထဲမှာ ဘယ်လိုဖြစ်သွားမှန်း မသိဘူး။ မောင်က သူများဘက်ကို ခေါင်းငဲ့ကြည့်လိုက်တာကိုး ။ ရင်ခုန်တယ်ဆိုတာကို အဲဒီတော့မှ သူများကောင်းကောင်း ခံစားတတ်ပါတယ်မောင်။ ( ကြောက်လို့ ၊ လန့်လို့ ရင်ခုန်တာမျိုးတော့ မဟုတ်ဘူးပေါ့ဟယ်…)
            သူများမှာ ငယ်ချစ်ဆိုတာလဲ မရှိခဲ့ပါဘူး ။ အချစ်ဆိုတာကို ၀တ္ထုထဲမှာပဲ ခံစားဖူးပါတယ်။ ဘယ်လိုနေမှန်း မသိခဲ့ပါဘူး။ ပထမနှစ်ကုန်တဲ့အထိပဲ … သိလား။
            ဟိုး .. ငယ်ငယ် ရည်းစားစာ ပေးခံရတုန်းကလဲ ရင်မခုန်ဖူးဘူး။ လိုက်စကားပြောခံရတော့လဲ ရင်မခုန်ပါဘူး။
            တော်တော်ဝေးဝေး နေရာကနေ မောင်မောင် လှမ်းကြည့်လိုက်တော့မှ ဘာလို့ရင်ခုန်ရတာတဲ့လဲဟယ်။
            မောင်မောင့်ကို တစ်နေ့မမြင်ရရင် ဘာကြောင့် ရင်ထဲမှာဟာတတ်နေတာလဲ။
            မောင်မောင်ရှိနိုင်တဲ့နေရာကို ဘာလို့မျက်လုံးနဲ့ လှမ်းမကြည့်ရဲတာလဲ။ မောင်မောင်ကတော့ သတ္တိရှိပါတယ်။ လူတွေ ၁၃၀ လောက်ထဲမှာ ပြောင်တစ်မျိုး၊ ခိုးကြောင်ခိုးဝှက်တစ်မျိုး မောင်ကြည့်ရဲတာပဲ။ မောင်က ကြောင်လဲကြောင်ရဲတယ်နော်။
            နေ့တော့ အသေအချာ မမှတ်မိတော့ဘူးမောင်ရယ်… ဒစ်ဆက်ရှင်ခန်းထဲမှာပဲ။ ဆရာ ဦးကိုလေး အနားသွားပြီးနားထောင်ကြတုန်းကပေါ့။
            ဆရာက သူများတို့ရှိရာဘက်ကိုလှည့်ပြီး မေးခွန်းတစ်ခုမေးတယ်။ ရဲမြင့်ကဖြေလိုက်တယ်။ ဟာသနဲ့ဖြေတာမို့ အားလုံး ၀ိုင်းရယ်ကြပါတယ်။ သူများလဲ နောက်လှည့်ကြည့်လိုက်တယ်။ ရဲမြင့်ကို ကြည့်ပြီးရယ်ဖို့။ ဒါပေမယ့် …

            မောင်မောင့်ကို မြင်လိုက်ရတယ်။
            မောင်မောင် ရယ်နေတယ်။
            ရယ်ရင်း သူများကို ကြည့်နေတယ်။
            မောင်မောင် .. သူများလေ ရယ်ရမှာကို မေ့သွားပါတယ်ဟယ်။ သူများ မရယ်မိဘူးထင်ပါရဲ့၊ ဆရာ့ဘက် ပြန်လှည့်လိုက်ပေမယ့် မျက်စိထောင့်က မောင့်ကို မြင်နေရပါတယ်။ ခပ်ရိပ်ရိပ်မြင်ရတဲ့ မောင့်သဏ္ဌာန်ကို ပုံဖော်ကြည့်ရတာ ပျော်စရာကောင်းပါတယ်မောင်။
            မောင်မောင် သိပ်ရဲတာပဲ။ ဒါလောက် လူတွေ အများကြီးထဲမှာ မောင်မို့အကြာကြီး ကြည့်ရဲပါရဲ့။
            ဒါပေမယ့် အဲလို မထိန်းသိမ်းဘဲကြည့်တော့လဲ သူများအနေကျပ်ပေမယ့် ခွင့်လွှတ်ရတာပါပဲ၊ မချစ်စဖူးချစ်မိတော့ သိက္ခာထိန်းဖို့နားမလည်တာ ဖြစ်မှာပဲ .. ဆိုပြီး ပိုတောင်ချစ်ရတာပေါ့ မောင်ရယ်။
            စာအုပ်ထဲမှာ မောင့်အကြောင်းတွေ အများကြီးရေးထားတယ်။
            မောင်နဲ့မျက်လုံးချင်း ဆုံတဲ့နေ့တွေမှာတော့ ပျော်ရတဲ့အကြောင်းတွေပေါ့ … မောင့်ရဲ့ အပစ်ပယ်ခံနေ့တွေမှာတော့ ၀မ်းနည်းရတဲ့အကြောင်းတွေပေါ့… မောင့်ကိုမမြင်ရတဲ့ နေ့တွေမှာတော့ အလွမ်းတွေပေါ့ မောင်ရယ်။ မောင်က တစ်နေ့ရွှေ တစ်နေ့ငွေကိုး။
            မောင့်ကိုလွမ်းတိုင်း ပန်းချီပုံလေးကို ထုတ်ထုတ်ကြည့်ရတာ စာရွက်ကလေးတွေတောင် နွမ်းနေပြီမောင်ရဲ့။
            မောင်နဲ့အတူ မျက်နှာချင်းဆိုင် စကားပြောရရင် သူများဘယ်လောက်ပျော်မလဲ မသိဘူး။ မောင့်အသံကိုတော့ သူများ ကြားဖူပါတယ်။ မောင်မောင့် အသံက တစ်မျိုး၊ သြမနေဘူး။ မွမွလေး၊ ၀ါဝါညက်ညက်လေးရယ်။ သြော်…ချစ်မိပြီဆိုတော့ မောင့်အသံကိုလည်း ချစ်ရတာပဲ  မောင်ရယ်။
            ပထမနှစ်တုန်းက အိမ်လွမ်းလို့ ခဏခဏပြန်တတ်သလောက် ခု မောင့်ကိုခွဲထားခဲ့ဖို့ ၀န်လေးနေပြီဆိုတာ မောင် သိမှသိရဲ့လား။
            မောင်ကို ဘယ်လောက်တွယ်တာနေပြီလဲ သိလား…ဟင်။
            ဟိုတစ်နေ့က ဗိုင်ဗာအပြီး မောင်ရုပ်ရှင်သွားကြည့်မယ်ဆိုလို့ သူများလဲသွားတယ် မောင်။ မောင်ကရဲမြင့်ကို ပြောနေတာကိုး ‘ မစိုးရိမ် ’  ကကားမကြည့်ရသေးဘူးဆို…ရဲမြင့်ကကြည့်ပြီးသားမလိုက်ဘူး…တဲ့။ ဟုတ်လား။ မောင်ကတော့ ဘယ်သိမလဲသူများရူးတာကို။
            သူများမှာ သူငယ်ချင်းကို ဇွတ်အဖော်စပ်ရတာသိလား။ ‘ တာကာ ကူရာကင် ’ ဘယ်လောက်သရုပ်ဆောင်ကောင်းကြောင်း ၊ဂျပန်မလေး ဘယ်လိုချောကြောင်း၊ ဇာတ်သိမ်းဘယ်လိုကောင်းကြောင်း… ဘာညာဘာညာ။ ဟုတ်တာလဲပါ… မဟုတ်တာလဲပါ။ နောက်ဆုံးတော့ အစည်းအရုံးပဲပိုင်လို့လား၊ သူငယ်ချင်းက ရိပ်မိလို့ပဲလားတော့မသိဘူး အဖော်လိုက်ပေးတယ်။
            မစိုးရိမ်ရောက်သွားတော့ မောသွားတာပဲ မောင်ရယ်။
            တန်းစီနေတဲ့ အထဲမှာ မောင်ကိုလိုက်ရှာတယ်။ မတွေ့ဘူး ။ အထဲများရောက်သွားပြီလား … မတင်မကျနဲ့။
            သူငယ်ချင်းက ‘ ဘီးအပ်ရအောင်’ လို့ပြောတော့မှ ဗြုန်းဆိုသတိရပြီး တန်းစီထားတဲ့စက်ဘီးတွေထဲမှာ မောင့်စက်ဘီးကို လိုက်ရှာမိတယ်။ မတွေ့ဘူး။
            အဲတော့ … ရင်ထဲမှာဟာပြီး မောသွားတာပဲ။
            သူများမှာဖြင့် ဒီရုံကို လာရပါမယ့်အကြောင်း အာလူးပေးလိုက်ရတာ။
            အဲဒီနေ့က ရုပ်ရှင်သာ ကြည့်နေရတယ်။ စိတ်က မောင့်ဆီရောက်နေတယ်။ ရုံထဲမှာ ရှာကြည့်မိသေးတယ် ။ မောင့် စက်ဘီး မဟုတ်ဘဲ သူငယ်ချင်း တစ်ယောက်ရဲ့ဘီးနဲ့များ လာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့။
            မောင့် စက်ဘီး မရှိတာတော့ သေချာပါတယ်။ မောင့် စက်ဘီးထိုင်ခုံနဲ့ လက်ကိုင်က သိသာပါတယ်။ ဆင်တူမရှိပါဘူး မောင်။ မောင့်ကိုဒီလောက်စွဲနေအောင် မောင်ဘယ်နှယ့်လုပ်ထားတာလဲ။ မောင့်မျက်နှာလေးကို တမေ့တမော ကြည့်နေချင်လောက်အောင်ပဲ မောင်ရယ်။ ဒီမှာ ရူးတော့မယ်…နားလည်လား။ အခန်းဖော်ကလည်း စ,လှပြီ။ သူက သူများအကြောင်း အကုန်သိတာကိုး။
            ဟောဒီလက်ကိုင်ပ၀ါအကြောင်းလဲ သူသိတယ်။ မောင်မောင့်လက်ကိုင်ပ၀ါလေ..။
            မနေ့ညနေက မောင်မောင် သုတမြိုင်ကနေ ဘီးနဲ့ပြန်လာတာ (မောင့်လက်ထဲက ၀တ္ထုစာအုပ်ကိုကြည့်ပြီး ယူဆရတာဘဲ ၊ သုတမြိုင်နဲ့လဲ သိပ်မဝေးဘူးလေ) မောင်ကအပြန်၊ သူများနဲ့ အခန်းအဖော် ညိုညိုနဲ့က အသွား။ သူများတို့က ခြေလျင်။ သူများတို့နားရောက်မှာ မောင်က ၀တ္ထုစာအုပ်ကိုင်တဲ့ လက်ကို ပြောင်းလိုက်တယ်မဟုတ်လား။ ဒီတုန်းက ပ၀ါခေါက်လေး ကျလွင့်နေခဲ့တယ်။ မောင်ကတော့သိမှာ မဟုတ်ဘူး။ ၀တ္ထုစာအုပ်က နှစ်အုပ် ဆိုတော့လက်ပြောင်းလိုက်ပေမယ့် ပ၀ါကျနေမှန်း သိမှာမဟုတ်ပါဘူး။
            ညိုညိုက အစတော့ အော်ခေါ်မလို့…တဲ့။ ဒါပေမယ့်လေ သူများတို့နဲ့ မောင်မောင်နဲ့ စကားမှမပြောဖူးပဲ။ ကောက်တော့ ကောက်ထားလိုက်တယ်။ သူများ သိမ်းထားလိုက်တယ်။

            သူများ မရှက်ပါဘူး။
            သူများကို ကြည့်နေလို့ လက်ကိုင်ပ၀ါ တစ်ခုလုံး ကျကျန်နေတာကို မသိတာပေါ့ .. မဟုတ်လား မောင်။
            ဟောဒီ လက်ကိုင်ပ၀ါလေးကို အခု တစ်ရက်အတွင်းဘယ်နှစ်ခါရှိပြီလဲမသိဘူး၊ ထုတ်ထုတ် ကြည့်မိတာ။ မောင်မောင် ကြိုက်တတ်တဲ့ မီးခိုးရောင်လေးပါ။

            သူများ ညိုညို့ ဘက်လှမ်းကြည့်လိုက်တယ်။
            ညိုညိုတစ်ဖက်စောင်းပြီး အိပ်နေတယ်။
            သူများ မောင့်လက်ကိုင်ပါဝါလေးကို နမ်းလိုက်မိတယ် မောင်၊ ရင်တွေတုန်လိုက်တာ မောင်ရယ်။

                                               xxxxxxxxxxxxxxxxxxxxxxxx             xxxxxxxxxxxxxxxxxxxxxxx


မိန်းခလေးတစ်ယောက် စိတ်ကောက်တာကို ချော့ဖူးပါသလား
ချော့ရတာ တကယ်ပျော်ဖို့ ကောင်းတယ် …
ကောင်မလေးတစ်ယောက်က ငါးလလောက် ကြာအောင်
စိတ်ကောက်တာရော ခံရဖူးပါသလား …
မယုံမရှိနဲ့ … တကယ်ပါ။
                                                                           ---------------------------------------

            လှိုင်က ကျွန်တော့ကို ငါးလတိတိ စိတ်ကောက်နေခဲ့ပါတယ်။
            လှိုင်စိတ်ကောက်လို့ ကျွန်တော်တို့ ကွဲနေတုန်းမှာ ပျင်းဖို့ကောင်းတာတော့ ကျွန်တော်မငြင်းပါဘူး၊ ဒါပေမယ့် …. ဒီလိုပဲ ဖြစ်သွားတာပါပဲ။ ဒီလိုလေ … ကြားထဲမှာ ပျော်စရာလေးတွေ ဒီလိုပဲတွေ့တာပဲ ၊ ဟုတ်တယ်မဟုတ်လား။
            ကောင်မလေးတွေက ရည်းစားရပြီဆိုရင် သူ့ကောင်လေးကို သူပိုင်သဘောထားပြီး အမိန့်ပေးချင်ကြတယ်။ ကောင်လေးကနာခံရင် သူတို့ အဟုတ်ကြီးမှတ်လို့၊ ဒီကောင်လေးတွေက ကွယ်ရာမှာ ထင်ရာလုပ်ရင် သူတို့မသိတော့ဘူး၊ သိလာရင် သူတို့စိတ်ကောက်မယ်၊ ဒါပဲ … ဒါပဲ။
            ဒီလိုနဲ့ ကျွန်တော်နဲ့လှိုင်ကြားထဲမှာ ပြဿနာလေး ၀င်လာတာပဲ။ ဒီလိုနဲ့ ကျွန်တော့ကို လှိုင်စိတ်ကောက်တာပဲ။
            အစကတော့ မရအရချော့မလိုပဲ၊ ကျွန်တော်လှိုင့်ကိုချစ်ပါတယ်။ ဒါပေမယ့် သိပ်ချော့လွန်းရင် ငပေါဖြစ်သွားမှာ စိုးရတယ်မဟုတ်လား။

            အဲလိုအချိန်မှာပဲ ‘ မိုး’ ကို ကျွန်တော် သတိထားမိလာတာ။
            ‘ မိုး’မျက်လုံးလေးတွေကို ကျွန်တော်ကြိုက်သွားတာက စ,တာပါ။ မိုးမျက်လုံးက သိပ်တော့မလှဘူး။ ဒါပေမယ့် ကြည့်လို့ကောင်းတာ။ မျက်တောင်မရှည်ပေမယ့် ခပ်စိပ်စိပ်လေး။ ကျွန်တော်ကြိုက်တာက တစ်မျိုးပါ။ သူ့မျက်လုံး လှတာ မလှတာကို မဟုတ်ဘူးလေ။ သူ့မျက်လုံးထဲက အရိပ်အယောင်ကိုကြိုက်တာ။ စကားပြောနေတဲ့ မျက်လုံးလို့ထင်ရတယ် … တစ်မျိုးပဲ။
            အဲဒီမျက်လုံးလေးနဲ့ အကြည့်ခံရရင် ပျော်စရာကောင်းမယ်ထင်တာပဲ။
            ဒီလိုနဲ့ … လှိုင့်ကို ခဏထားပြီး သူ့ကို ဂရုစိုက်လိုက်မိတယ်။ ဂရုစိုက်တယ်ဆိုတာလည်း မခက်ပါဘူး။ တကူးတက လိုက်ကြည့်ဖို့လည်း မလိုပါဘူး။ ဒစ်ဆက်ရှင်မှာဆို သူတို့အဖွဲ့နဲ့ကျွန်တော်တို့အဖွဲ့က မျက်စောင်းထိုးနေရာလောက်မှာရှိတော့ လွယ်ပါတယ်။ နည်းနည်းခက်နေတာက သူက ဟိုဟိုသည်သည် သိပ်မကြည့်တတ်တာပဲ။
            ဒါလဲ ကိစ္စမရှိပါဘူး၊ နာမည်ကိုက ရန်ပိုင် တဲ့၊ ပိုင်ပါတယ်။ တစ်နေ့ .. ဆရာဦးကိုလေးက ကျွန်တော်တို့အဖွဲ့ကိုလာပြီး စာမေးတယ်။ နောက် … အကြာကြီးပဲ အဲဒီ့နေ့သင်ခန်းစာနဲ့ပတ်သတ်ပြီးပြောနေတာ၊ ဆရာ့စကားဆိုရင် အားလုံးက၀ိုင်းပြီးနားထောင်ချင်တာပဲ မဟုတ်လား။
            ကျွန်တော် သူ့ကိုလှမ်းကြည့်လိုက်တယ်။
            သူ အပါအ၀င် သူတို့အဖွဲ့က ဆရာ့ကိုငေးနေတယ်။ သိပ်ကြာကြာ မစောင့်ရပါဘူး။ ဆရာ့အနားမှာရှိနေတဲ့ ကျွန်တော့်ဆီကို သူ့မျက်လုံး ရောက်လာတယ်။ ကျွန်တော် သူ့ကို စိုက်ကြည့်နေမိတယ်။ ( တမင် မဟုတ်ပါဘူး တကယ်ပါ။ သူ့မျက်လုံးလေးတွေကကြည့်လို့ ကောင်းလို့ပါ)
            သူက ဖျက်ဆို မျက်လွှာချပစ်လိုက်တယ်။ ကျွန်တော်ရင်ထဲမှာ တစ်မျိုးဖြစ်သွားတယ်။ ရင်သိပ်မခုန်တာတော့ သေချာပါတယ်။
            ဒါပေမယ့် တစ်မျိုးပဲ … ကျွန်တော် မပြောတတ်ဘူး။ သူ့အကြည့်နဲ့ပတ်သတ်ပြီး ကျွန်တော် တစ်ခုခုဖြစ်သွားတာသေချာတယ်လေ၊ အင်းလေ ကျွန်တော်မရှုံးပါဘူး ။ သူ့ရင်ထဲကို တစ်ခုခုဝင်သွားအောင်လဲ လုပ်နိုင်ခဲ့တယ်လို့ထင်တာပဲ။
            ကျွန်တော့်အထင်မှန်နေတာ နောက်ပိုင်းသိလာရတယ်။ သူ့မျက်လုံးထဲမှာ အရိပ်တစ်ခုပိုလာတယ်။ ကျွန်တော့်ကိုစိတ်ဝင်စားတဲ့ အရိပ်ပဲ။ သူ့မျက်လုံးက ကျွန်တော့ကို မရဲတရဲရှာတတ်လာပြီ။
            ခက်တာက သူ့မျက်လုံး ဝေ့ကြည့်လိုက်တိုင်း ကျွန်တော့နှလုံးက လှုပ်ရှားသွားတာပဲ။ ကျွန်တော်သူ့ကို သဘောကျနေပြီလားလို့တောင် တစ်ခါတစ်ခါတွေးမိတယ်။ သိပ်တော့ အကြောင်းမဟုတ်ပါဘူးလေ ကျွန်တော်လိုချင်တာလဲ ဒီသဘောပါပဲ။ ပျော်ဖို့တော့ ကောင်းပါတယ်။
            မိုးဆံပင်က လှိုင့်ဆံပင်လိုပဲ။ ခါးထိရောက်နေတဲ့ ဆံပင်ကိုမစည်းဘဲ ဖြန့်ချထားတာပဲ၊ စကားပြောရင် ဆံပင်လေးတွေကို ခေါင်းငဲ့ခါပြီး ပြောတတ်တာလေးက စိတ်ဝင်စားဖို့ကောင်းတယ်။
            ကောင်လေးတစ်ယောက်က ကြည့်လို့ ကောင်မလေးတစ်ယောက် စိတ်ညစ်သွားတာမျိးရှိပါသလား … ကျွန်တော်တော့မထင်ဘူး။ ဒါကြောင့်လဲ စိတ်ပါရင် ကျွန်တော်တော့ တအားကြည့်ပစ်လိုက်တာပဲ၊ စိတ်မပါရင်တော့ မကြည့်ပါဘူး။
            မိုးက ကျွန်တော်ကြည့်တာကို စိတ်မပျက်ပါဘူးလေ၊ ကျွန်တော်သိတာပေါ့၊ သူနည်းနည်းတော့ အနေခက်တယ်။
            ဟုတ်တယ် ကျွန်တော်လှမ်းကြည့်တာ သူသိရင် ကျွန်တော့်ကို နောက်ထပ်မကြည့်တော့ဘူး။ နောက်ပြီး တစ်ယောက်ယောက်နဲ့ကွယ်နေလိုက်ရော။

            သူ့စိတ်က နည်းနည်းအကဲခတ်ရခက်တယ်။ တစ်ချက်တစ်ချက်တင်းနေသလိုပဲ၊ ဂရုမစိုက်သလိုပဲ၊ ဒါပေမယ့် ခဏပါ။
            ကျွန်တော်ကသာ သူ့ကို အရမ်းကြည့်ပြလိုက်။ သူကျွန်တော့်အပေါ်ပြန်ပြီး ဂရုစိုက်လာတာပဲ။
            ဟိုတစ်နေ့ကလဲ …
            (ဖီဆီယို ) နေ့တုန်းကပေါ့။ ကျွန်တော်နဲ့မျက်နှာချင်းဆိုင်တွေ့တာ။ ကျွန်တော့ကိုမြင်တာ မကြည့်ဘူး။ သတိမထားမိသလိုပုံစံနဲ့ ဟိုဘက်လှည့်သွားတယ်။ ကျွန်တော်အောင့်သွားတာပေါ့ ။ ဒါနဲ့ ခဏအနားပေးတုန်း သူတို့ အဖွဲ့သင်ရတဲ့ အခန်းဘက် လျှောက်ခဲ့တယ်။သူငယ်ချင်းနဲ့ အဖော်လိုက်ရင်း သူတို့ အခန်းထဲလှမ်းကြည့်တော့ …
            မိုးက တက်စ်ကျူ(ဘ်)တွေ အပူပေးရင်း အပေါက်ဝဘက်လှမ်းကြည့်တယ်။ ကျွန်တော့ကို မြင်သွားတာပေါ့။ သူမျက်စိလွှဲသွားတယ်။
            ဒါပေမယ့် သူ့စိတ်ထဲမှာ ကျေနပ်သွားပုံပဲ။ သူ့အဖော်နဲ့ ရယ်မောပြီး စကားပြောနေလေရဲ့။ သူ့မျက်နှာရွှင်နေတာပဲ။ သူအပြန်ကျတော့ ကျွန်တော်တို့အဖွဲ့က မပြီးသေးဘူး။ ကျွန်တော်တို့ အခန်းရှေ့က ဖြတ်သွားတုန်းက သူငဲ့ပြီးကြည့်သွားတယ်။

            ကဲ … ကျွန်တော်ကို သူ တင်းနိုင်သေးရဲ့လား။
            အဲလိုပဲ .. ကောင်မလေးတွေက ဘာမှန်းလဲမသိဘူး။ သူတို့ကိုများ နည်းနည်းကြည့်လိုက်မိရင် မျက်နှာကမော့နေတာ။ ဒီကောင်တွေက သူတို့ ခြေဖ၀ါးအောက်ပဲ ရောက်နေသလို၊ နည်းနည်းပြန်သည်းပြလိုက်ရင် သူတို့ပျော်လာရတာပဲ မို့လား၊ လှိုင်လဲ … ဒီလိုပဲ ဒါပေမယ့် လှိုင့်ကိုတော့ ကျွန်တော်တကယ်ချော့တာပါ၊ သူကတော့ ကျွန်တော် ချစ်ရသူကိုး။
            တစ်ခါတစ်ခါ ကျတော့လဲ မိုးက ချစ်ဖို့ကောင်းပါတယ်။ မိုး တစ်ယောက်ယောက်နဲ့ စကားပြောရင်ပေါ့။ သူက မျက်လုံးကပါပြောတာ။ မျက်နှာအမူအရာအတိုင်း မျက်လုံးက သရုပ်တောင်တယ်လေ။ ဒီတော့လဲ တစ်ခါတစ်ခါ သူစကားပြောတာကို ငေးနေမိတာအမှန်ပါပဲ။
            ဒါပေမယ့် … မိုးမှာက ဆံပင်ရယ်၊ မျက်လုံးရယ်က လွဲရင်သိပြီး စိတ်ဝင်စားဖို့မရှိလှဘူး၊ ကြာတော့လဲ (ရှင်းရှင်းပြောရရင်) စိတ်ကုန်တာပဲ။ အဆိုးဆုံးကတော့ သူက ကျောင်းမှာသာ ရှိုးထုတ်ပြီး အပြင်ဈေးသွားရင် ဖြစ်သလိုသွားတတ်တာကိုပဲ ။ သနပ်ခါးကတော့ ဖွေးနေတာပဲ။ ချစ်ဖို့ကောင်းပါတယ် ။ ဒါပေမယ့်လေ..။
            ကျွန်တော် ဟိုးနေ့က သူဈေးအပြန်ကိုတွေ့တယ်။ အဲဒီနေ့က ကျွန်တော် ကျောင်းရှေ့အုတ်ခုံပေါ်မှာ ထိုင်နေခဲ့တာ။ ဘာရယ်မဟုတ်ပါဘူး။ ပါလာတဲ့အဖော်က ခဏထိုင်ရအောင်ဆိုလို့ ထိုင်နေမိတာပဲ။ အဆောင်သွားဖို့ဟာ အဆောင်မှာ ရဲမြင့် ပြန်မရောက်သေးတာနဲ့။ ကျွန်တော်ကဒီလိုပဲ အဆောင်ကို ခဏခဏသွားအိပ်တတ်တာပဲ မဟုတ်လား။

            ကျွန်တော်တို့ ထိုင်နေတုန်းမှာ မိုးဈေးကပြန်လာတာတွေ့ရတယ်။ ကောင်မလေးတွေ သိပ်ကိစ္စရှုပ်တာပဲ။ သူ့ ခြင်းထဲမှာ မေမြို့ပန်းလဲ တွေ့တယ်၊ သံပရာသီးရော ၊ခရမ်းချဉ်သီးရော ၊ ပုလင်းတစ်လုံးနဲ့ဆီ … ထင်ပါရဲ့။
            အမယ် .. သူ့ကိုယ်သူများ အိမ်ရှင်မကြီး .. ကျလို့။
            ကျွန်တော့ကိုမြင်တော့ သူ ‘တုန်’ သွားတယ် ထင်တယ်။ တစ်မျိုးပဲ ၊ ကျွန်တော် သနားတောင်သွားမိသေးတယ်၊ ရယ်လဲ ရယ်ချင်ပါရဲ့။ သူ့ပုံစံက ကျောင်းကပုံစံနဲ့ တစ်ခြားစီ။

            ကျွန်တော် ဒီတုန်းက သူ့နောက်ပိုင်းကို လှမ်းကြည့်ရင်းစဉ်းစားနေခဲ့တယ်။ မိုးကို ကျွန်တော် ဘာကြောင့်ကြိုက်ခဲ့မိပါလိမ့်လို့။
            ဟုတ်တယ်လေ။ သူ့မှာ မျက်လုံးလေးတစ်ခုပဲ စိတ်ဝင်စားဖို့ရှိတာပါ။
            အဲဒီ့နောက်ပိုင်း ကျွန်တော် သူ့ကိုစိတ်ဝင်စားမှု တော်တော်နည်းသွားတယ်။ ကြာရင် ကောင်မလေး ကျွန်တော့ကိုစွဲသွားမှာသနားလို့ပါ။ တကယ်ပါ။ ပြီးတော့သူ့ကို ကျွန်တော့ရည်းစား အဖြစ်ခံနိုင်ပါ့မလား … မထင်ဘူး။
            သြော် .. အဲဒီအချိန်မှာ ကျွန်တော် လှိုင်ကို လွမ်းတတ်နေပြီ .. သိလား။ အတန်းထဲမှာ မိုးကိုကြည့်နေရင်း မိုးနေရာမှာ လှိုင့်ကို ထားကြည့်တယ်။ ဘယ်လောက်ပျော်ဖို့ ကောင်းပါသလဲ။ အဲ မိုးရပ်တဲ့နေရာမှာလှိုင်ရှိတယ် ဆိုပါတော့၊ ကျွန်တော် လှိုင့်ကို မျက်စိမှိတ်ပြမိမှာ အမှန်ပဲ။
            ဟုတ်တယ်…။ ကျွန်တော် လှိုင့်ကို အရမ်းလွမ်းနေပြီ။ ဒါနဲ့ တစ်နေ့တော့ လှိုင့်ကို ကျွန်တော် ချော့ဖို့သွားတယ်။ ကျွန်တော် ကံဆိုးချင်တော့ ကျွန်တော်လဲ ‘ ရွှေမန်းဆောင်’ ရှေ့ရောက်ရော လှိုင်ပါတဲ့ဆိုင်ကယ်က ကျွန်တော့်ကို ကျော်ပြီး ဖြတ်မောင်းသွားတယ်၊ ကျွန်တော့ရင်ထဲမှာ စူးရှသွားတာပဲ။ ခံရဖူးပါသလား။ ဘယ်လောက် အခံရဆိုးလိုက်သလဲ။ လှိုင်ကတော့ ကျွန်တော့ကို မြင်သွားတယ်။ မျက်နှာပျက်သွားတယ်ထင်တာပဲ။

            မောင်းသွားတာ ဘာကောင်လဲ ၊ လှိုင့်ကို ကျွန်တော့ရည်းစားမှန်း မသိဘူးလား။
            ကျွန်တော့်မှာပါလာတာက စက်ဘီးမဟုတ်ဘဲ ဆိုင်ကယ်သာဆိုရင် သူတို့နောက်ကို ဇွတ်လိုက်သွားမှာပဲ။
            အို… တစ်ညနေလုံး ကျွန်တော့စိတ် တွေဝေနေတာကို လှိုင့်သိရင် ဘယ်လောက်ကောင်းမလဲ။ အဲဒီညက ကျွန်တော် တော်တော်ခံလိုက်ရပါတယ်။ လှိုင့်ကိုသိပ်ချစ်မိလို့ပဲ ထင်ပါရဲ့။ နောက်နေ့ ကျွန်တော်ကျောင်းမတက်ဘဲ ရဲမြင့်အခန်းထဲမှာ တစ်နေကုန် နေလိုက်တယ်။ ဒူးယားတစ်ဘူးလဲကုန်ရော .. ညနေလဲ စောင်းရောဘဲ။

            “ ကိုကိုရယ်.. ၊ လှိုင့်ကို ကိုကိုချစ်တယ်ဆိုတာ အလကား ။ လှိုင် ကိုကို့ကို ချစ်တာကမှ ဘာနဲ့မှ နှိုင်းလို့မရဘူး။ နားလည်လား… ” တဲ့။
            သြော် ဒီလိုပဲလား လှိုင်ရယ်။
            ညဦးပိုင်းကျတော့ ရဲမြင့်က ပြောတယ်။ ဘယ်သူ့အကြောင်းဖြစ်ရမှာလဲ ၊ မိုးအကြောင်းပေါ့။
            “ ဟေ့ကောင် … မင်းတော့ ဒုက္ခပဲ …” တဲ့ ။

            “ ဘာတုန်းကွ …”
            ရဲမြင့်က ကျွန်တော့ကို စေ့စေ့ကြည့်ပြီး မပြုံးမလို ပြုံးမလိုနဲ့ ပြောတယ်။
“ မင်း .. ဒီနေ့ ကျောင်းမတက်တော့ မင်းကောင်မလေး မင်းကို လိုက်ရှာနေတယ်” ကျွန်တော် ၀မ်းသာရမယ့်အစား စိတ်ရှုပ်သွားတယ်။ ကျွန်တော်လိုချင်တာက မိုးမှ မဟုတ်ဘဲ။ မိုး ကိုမလိုချင်ပါဘူး။ လှိုင့်အပြုံးကလေးကိုပဲ လိုချင်ပါတယ်။
ကျွန်တော် ဘာမှ မပြောဘဲငိုင်နေတော့ ရဲမြင့်က ထပ်ပြောတယ်။
“ မင်းတော့ နှစ်ယောက်ကြားမှာ ဒုက္ခပဲရန်ပိုင် မင့် ကောင်လေးက မင်းကို ‘ ကျ ’ နေပြီထင်တယ် ”
“ ငါ့ ကောင်မလေး မဟုတ်ပါဘူးကွာ ”
ဒါပဲ ကျွန်တော် ပြန်ပြောလိုက်နိုင်တာပဲ။ ဟုတ်တယ်လေ။ အခု အရေးကြီးတာက လှိုင် သူများနောက် ပါမသွားဖို့ပဲ မဟုတ်လား။ နောက်တစ်နေ့ ဗိုင်ဗာရှိတာကိုတောင် ၊ အဲဒီညက ကျွန်တော် စာမကြည့်နိုင်ဘူး။
ဒါပေမယ့် အဲဒီ့နေ့ရဲ့ နောက်နေ့ကျတော့လဲ ကျွန်တော့အတွက် မင်္ဂလာအရှိဆုံးနေ့ ဖြစ်လာခဲ့ရတယ်။ ဗိုင်ဗာတော့ ကျတာပေါ့။ ကိစ္စမရှိပါဘူး၊ တစ်ခါတစ်လေပဲ။ ဟုတ်တယ်။ လှိုင်နဲ့ကျွန်တော် ပြန်ပြေလည်သွားကြတယ်။ ကျွန်တော်ချော့လို့ပေါ့။
အဲဒီ့နေ့ကဖြေပြီးတော့ ကျွန်တော်ရုပ်ရှင်သွားတယ်။ ဖြေလဲမဖြေနိုင်လို့ ၊ စိတ်လဲညစ်လို့။
အစတုန်းကတော့ “မစိုးရိမ်” ကို သွားဖို့ပါပဲ။ ရဲမြင့်ကိုတောင်ခေါ်သေးတယ်။ ရဲမြင့်က ကြည့်ပြီးပြီ … ဆိုလို့။ ၀င်းလိုက်ကကားကျတော့ ကျွန်တော်ကြည့်ပြီးသား ဒါနဲ့ကျွန်တော် တစ်ယောက်တည်းသွားတယ်။
ဒါပေမယ့် အဲဒီ့နေ့ ၀င်းလိုက်ကကားပဲ ကြည့်ခဲ့ရတယ်။ လှိုင်နဲ့တွေ့လို့ပေါ့။
လှိုင့်ကို ကျွန်တော် ‘ဘီ’ လမ်းမှာ တွေ့တယ်၊ စက်ဘီးနဲ့ လှိုင်တစ်ယောက်တည်း၊ ကျွန်တော်လဲ အရမ်းဝမ်းသာသွားတာပေါ့။ လှိုင်နဲ့ဘေးချင်းယှင်ပြီး ရည်းစားစကားလိုက်ပြောတာပေါ့။ လှိုင့်ကိုသိပ်ချစ်တာတွေရယ်။ တစ်နေ့ကကောင်က ဘယ်ကကောင်လဲ ၊ ဘာညာပေါ့။ လှိုင့်ကို လွမ်းရတာတွေ၊ ဟုတ်တာရော … မဟုတ်တာရော ချော့ပြောလိုက်တော့ လှိုင်စိတ်ပြေသွားတယ်။ ( အစ,ကလဲ စိတ်ပြေချင်ချင်မို့ပေါ့)
“ တော်ပါ …၊ ကိုကို့ကိုလဲ လှိုင်က လွမ်းနေရတာပါပဲ၊ ဟိုနေ့က ထင်သားပဲ ၊ ကိုကို စိတ်ကောက်သွားမယ်ဆိုတာ၊ အဲဒီ့ကလှိုင့်ကာစင်ပါ၊ ကိုကိုကလွဲရင်လေ လှိုင်ဘယ်သူ့ကိုမှ မချစ်ဘူး၊ နားလည်လား ”

အဲဒီစကားက ကျွန်တော်သိပ်ကြားချင်နေတဲ့စကားဆိုတာ သိတယ်မဟုတ်လား။
            ချော့ရင်း ချောရင်း နဲ့ “မစိုးရိမ်” ရုပ်ရှင်ရုံလဲ ဘယ်ကျန်နေခဲ့မှန်း မသိဘူး။ လှိုင်သွားတဲ့နေရာကိုလိုက်ရတာကို လှိုင်ကလဲ ပြီးမှ သူ့ဟာသူရယ်တယ်။
                           “ဟင် .. ကိုကို့ ကို ပြောနေရတာနဲ့ .. ဘယ်ရောက်လာမှန်း မသိပါဘူး ” တဲ့။
    ကျွန်တော်တို့က ၈၄ လမ်းအတိုင်း ဟိုးဘက် ၃၅ လမ်းထိ ကျော်လာခဲ့ကြတာပဲ။ တော်သေးရဲ့ လမ်းမှာ ချောချောမွေ့မွေ့ ဖြစ်ခဲ့ပေလို့။
ပတ်ဝန်းကျင်ကို မေ့နေခဲ့တယ်လေ။
  နာရီလွန်နေပေမယ့် ကျွန်တော်တို့ ၀င်းလိုက်ကိုပြန်လှည့်ပြီးကြည့်ကြတယ်။ ကျွန်တော်ကြည့်ပြီးသား ။ နောက် … လှိုင် ကြည့်ပြီးသား။ ဒါပေမယ့် ကြည့်ဖြစ်ကြတယ်။

            နောက်နေ့လည်း ကျွန်တော်တို့လည်ကြတယ်။
            နောက် … နောက်တစ်နေ့လဲ လည်ကြတယ် ။
            ချစ်သူနဲ့စိတ်ကောက်ပြီး ပြန်ခေါ်ရတဲ့အချိန်ဟာ ချစ်သူဘ၀မှာ ပျော်စရာအကောင်းဆုံးဖြစ်မှာပဲ။
သြော် … ဒါနဲ့  ဒီကြားထဲမှာ စိတ်မကောင်းစရာတစ်ခု ကြုံရသေးတယ်။ မနေ့ညနေက လှိုင့်ဆီကနေအပြန်အိမ်ပြန်ရောက်တော့ ကျွန်တော့လက်ကိုင်ပ၀ါ ပျောက်နေရော၊ ကျွန်တော် လန့်သွားတယ် ဟုတ်တယ် လှိုင်က စိတ်ကောက်မိရင် ချော့ရခက်တယ်။ လက်ကိုင်ပ၀ါက လှိုင်က လက်ဆောင်ပေးထားတာ မဟုတ်လား။

ဒါနဲ့ ကျွန်တော် အဆောင်ဝင်ခဲ့သေးတာမို့ ရဲမြင့်အခန်းမှာ ကျန်ခဲ့မလား သွားရှာတယ် ၊ မတွေ့ဘူး။
            နောက် .. သုတမြိုင် စာအုပ်ဆိုင်တောင် ၀င်မေးခဲ့ရသေးတယ် ။ စာအုပ်ငှားတုန်းက ကျန်ခဲ့မလားလို့။ နည်းနည်းကြောင်မှန်း ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော် နှမြောလို့၊ နောက်ပြီး ခုလိုစိတ်ကောက်ပြေကာစမှာ နောက်ထပ် စိတ်ကောက်မှာလဲ စိုးလို့ပေါ့။ ဒါပေမယ့် မတွေ့တော့ပါဘူး။
ဘယ်လိုမှ မတွေ့တာနဲ့မနက်က လှိုင့်ကိုပြောရတယ်။ လှိုင်မေးရင် သိမှာအတူတူ မမေးခင်ကပြောရတာပေါ့။ မျက်နှာကို အတတ်နိုင်ဆုံးညိုထားရတာပေါ့။ သိတယ်မဟုတ်လား။

             လှိုင်ကသိပ်ကောင်းတာပဲ။
            “ကိုကိုနော် … ဒါပဲ ၊ နောက်တစ်ခါကျမပျောက်စေနဲ့ …”တဲ့ ၊

                သူ့အခန်းကိုပြန်ပြီး နောက်ထပ်လက်ကိုင်ပ၀ါသုံးထည်ယူပြီးပေးလိုက်တယ်။
                 ကဲ .. ကျွန်တော့် လှိုင်က ဘယ်လောက် ချစ်ဖို့ကောင်းသလဲ။
                လှိုင့်အပြုံးက အရမ်းလှတာပဲ ။

                                                 ********************            *******************

            ‘ မိုး’ သည် လက်ကိုင်ပါဝါလေးကို တယုတယပြန်ခေါက်ပြီး စာအုပ်ကြားထဲသို့ ညှပ်ထားလိုက်ပါသည်။ စားပွဲတင်နာရီကို လှမ်းကြည့်လိုက်သည်၊ ည ၁၂ နာရိ ၁၅ မိနစ်။
            မိုးသည် ပင့်သက်အလာရှိုက်ရင်း မျက်စိမှိတ်ထားလိုက်လေသည်။
            မျက်စိမှိတ်ထားလျက်မှ အသာအယာ ပြုံးလိုက်လေသည်။

                                                                   ~~~~~~~~~~~~~~~~~~~~~

            ‘ ရန်ပိုင့်’ ရှေ့တွင် လှိုင့်ဓါတ်ပုံရှိနေပါသည်။ ဓါတ်ပုံထဲမှလှိုင်သည် ရန်ပိုင်အား ပြုံးကြည့်နေသည်။ ရန်ပိုင်သည် ရေးလက်စ ဖေါင်တိန်ကို ခဏချထားပြီး ဓါတ်ပုံကို လှမ်းယူလိုက်သည်။
            ထို့နောက်ပြုံးနေသော လှိုင့်ဓါတ်ပုံကို ဖြည်းဖြည်းလေး ငုံ့နမ်းလိုက်၏။




လေတစ်ချက်အဝှေ့တွင် တဖျတ်ဖျတ် ရွေ့လျားသွားသော ရွက်ကြွေကလေးများကို မြင်ဖူးကြရဲ့မဟုတ်လား။
ချာလည်ချာလည်ဝဲကာကြွေကျလာသော ပွင့်ဖတ်ကလေးများကိုရော မြင်ဖူးကြပါရဲ့လား။
တကယ်ပါ ….။
လေတိုက်လျှင် ပွင့်ဖတ်ကလေးများ ကြွေကျလာရမြဲ ဖြစ်ပါသည်။

ဂျူး
ငိုအောင်စရင် ငိုတတ်မှ … [ ၁၉၈၀ ခုနစ် ၊ မန္တလေး ဆေးတက္ကသိုလ် ငွေရတုမဂ္ဂဇင်း ]
ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့ (၀ထ္ထုတိုပေါင်းချုပ်)
Typing Credit to @Green February

No comments: