Thursday, January 3, 2013

လွတ်လပ်ရေးနေ့ ဆန္ဒဆုမွန်



လွတ်လပ်ရေးနေ့ ဆန္ဒဆုမွန်
*****************
 
ဆောင်းနှင်းဝေဖြာ သည်ချိန်ခါ
လေးရက်ဇန်န၀ါ
လွတ်လပ်ပျော်မြူး ချစ်ကြည်နူး
မင်္ဂလာရက်မြတ်ထူး
 
နှစ်စဉ်ချိန်မှန် ကျရောက်ပြန်
ငွေနှင်းများခြံရံ
ကျင်းပဆင်နွဲ နှစ်များထဲ
အတူပျော်ခဲ့ကြမြဲ
 
ကြိုးပမ်းရယူ များဗိုလ်လူ
အစဉ်ဦးညွှတ်(အ)တူ
အောင်ဆန်းကမ္ဗည်း ရင်သည်းဟီး
မြန်မာ့ဖခင်ကြီး
 
သက်စွန့်တိုက်ယူ များပြည်သူ
စဉ်သာ တို့ဂုဏ်ယူ
အာဇာနည်ဖွား သားကောင်းများ
မြန်မာ့မြေမှာမရှား
 
လွတ်လပ်ခဲ့တာ သိပ်မကြာ
ကြမ္မာဆိုးငင်ရှာ
အာဏာငွေရူး စစ်ဘီလူး
နှစ်၅၀ယစ်မူး
 
ဦးခေါင်းမပါ အုပ်ချုပ်လာ
ကြောက်စိတ်လွှမ်းစေကာ
စနစ်ကင်းမဲ့ စည်းကမ်းဖျက်
ဆင်းရဲတွင်းနက်ခဲ့
 
သွေးချောင်းထွေထွေ စီးဆင်းနေ
မိစ္ဆာလက်ချက်တွေ
ဘာမထီဘွား စွန့်ကာစား
ခေတ်သစ်ဇာနည်များ
 
အများသူငှာ ပျက်ကြတာ
စိတ်ဓါတ်နဲ့ပညာ
ခုချိန်ကစ တူပြင်မှ
နောင်ဝယ်ဂုဏ်တင့်ရ
 
မျှော်လင့်ရောင်နီ ပွင့်လုပြီ
အားတင်းထားညီညီ
တတ်နိုင်သမျှ ဖေးကူမ
ဝိုင်းရံတူတကွ
 
သွားလမ်းမတူ စိတ်မပူ
ဆုံမှတ်ချင်းတူတူ
ပြစ်တင်စကား ရှောင်ဖယ်ရှား
ပြန်လှန်တို့လေးစား

လွတ်လပ်ဖို့လျှင် စိတ်ပြင်ဆင်
ချိတ်ဆက်လက်အစဉ်
ညီနောင်သွေးသား တိုင်းရင်းများ
ခိုင်မာစုစည်းထား
 
ပြည်ထောင်စုလား ကျင့်သုံးထား
ညီညွှတ်ခြင်းရဲ့အား
 
(စိတ်)ခံစားမှုများ ချုပ်ထိန်းထား
သေချာအောင်ပွဲများ
 
အာဇာနည်ဘွား သူရဲကောင်းအား
ဆပ်ပါကျေးဇူးတရား 
 

လွတ်လပ်ရေးကို ရယူပေးသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်များ၊ ရဟန်းသံဃာ ပြည်သူ့သားကောင်း သူရဲကောင်းများ နှင့် ခေတ်သစ်စစ်မိစ္ဆာတို့ လက်အောက်မှ လွတ်မြောက်ရန် ကြိုးစားရင်း အသက်စွန့်သွားကြသော အာဇာနည်များ၊ ဘ၀ပျက်မျိုးစုံ ဖျက်ခံရသော်လည်း  ထီမထင် ဆက်လက် တိုက်ပွဲဝင်နေသော ရဟန်းသံဃာ ပြည်သူ့သားကောင်း သူရဲကောင်းများအားလဂုဏ်ပြုသောအားဖြင့် ရေးဖွဲ့ပါသည်။

 
လေးစားခင်မင်စွာဖြင့်
 
ကိုလူဖြူချော
 
29 Dec 2012 (1:10PM)

No comments: