လူရဲ့ Blood သွေး၊ Serum (စီရမ် = သွေးရည်ကြည်)၊ Saliva တံတွေး နဲ့ Urine ဆီးထဲမှာ Human immunodeficiency virus (HIV) ခေါ်တဲ့ Acquired immunodeficiency syndrome (AIDS) ရောဂါကို ဖြစ်စေတဲ့ (ဗိုင်းရပ်စ်) ပိုး ရှိ-မရှိကိုစမ်းတာ ဖြစ်တယ်။ တကယ်တော့ ပိုးကို မှန်ဘီလူးနဲ့ ရှာကြည့်တာ မဟုတ်ပါ။
1. Antibodies ပိုးနဲ့ဆိုင်တဲ့ (အင်တီဘော်ဒီ)၊
2. Antigens ပိုးနဲ့ဆိုင်တဲ့ (အင်တီဂျင်) နဲ့
3. RNA မျိုးဗီဇ (အာရ်အင်အေ) တွေကို စမ်းတာ ဖြစ်ပါတယ်။
လူတယောက်မှာ ရောဂါပိုးရလာတဲ့နောက် ချက်ချင်း စစ်လို့ မတွေ့နိုင်သေးတဲ့ ကာလကို Window period စပ်ကူးမတ်ကူး-ကာလလို့ ခေါ်တယ်။ HIV-1 antibody tests ပျမ်းမျှ အပေါင်းပြဘို့ရာ ၂၅ ရက်ကြာမယ်။ Antigen testing လုပ်ရင် ၁၆ ရက်နဲ့ သိနိုင်ပြီး၊ NAT (Nucleic Acid Testing) ဆိုရင် ၁၂ ရက်သာကြာမယ်။
အားလုံးဟာ စင်းလုံးချော ရာနှုန်း ပြည့်မှန်တယ်လို့တော့ မပြောနိုင်ပါ။ False positive ပိုးမရှိဘဲနဲ့ အပေါင်းပြတတ်သလို False negative ပိုးရှိရက်သားနဲ့ အနုတ်ပြတတ်သေးတယ်။ Autoimmune diseases ရောဂါ တခုဖြစ်တဲ့ Systemic Lupus Erythematosus ခံစားနေရသူမှာ မှားပြီး အပေါင်းပြနိုင်တယ်။ အချိန် မတန်သေးဘဲ စမ်းရင် ပိုးရှိရက်သားနဲ့ အနုတ်ပြမယ်။
သွေးလှူတိုင်း စမ်းရတာထက် ရောဂါရှိ-မရှိသချင်လို့ စမ်းဘို့ ပိုလိုတယ်။ အတိအကျ ပြောရရင် Sensitivity ယေဘုယျ ရော Specificity အတိအကျရော သိအောင်လုပ်ရတာ ဖြစ်တယ်။ ELISA method ကို အရင်လုပ်ပြီးနောက် Western blot procedure နည်းကို ထပ်လုပ်ရတယ်။ အဲလို ၂ နည်းတွဲမှ ပိုသေခြာမယ်။
Antibody tests (အင်တီဘော်ဒီ) စမ်းနည်း
ဈေးလည်း ချိုတယ်။ သမားရိုးကျ စစ်ဆေးနည်း အနေနဲ့ သုံးနိုင်တယ်။ ပိုးဝင်ခံရပြီးနောက် ၉ဝ% ဟာ ရက်ပေါင်း ၃ဝ အကြာမှာ စမ်းလို့ တွေ့နိုင်ပြီ။ တချို့က ပိုစောင့်ရတယ်။ ၆ လအထိ စောင့်ရတယ်ဆိုတာ မရှိ သလောက်ပါ။ စောင့်နေရတုံးလဲ ပိုးရှိနေသူကနေ သူများကို ကူးစေနိုင်တယ်။ စိုးရိမ်လို့ စောင့်နေတုံးမှာ Antiretroviral therapy ဆေးသုံးရင် သွေးစစ်တဲ့အခါ ပိုးတွေ့ဘို့ရာ ၁ နှစ်အထိ ကြာသွားနိုင်တယ်။ ဒါ့ကြောင့် ကူးနိုင်နေတာ သံသယရှိသူကို ဆေးမသောက်ပါနဲ့အုံးလို့တော့ မပြောသင့်ဘူး။ အဲလိုလူတွေကို ဆေး ၂၈ ရက် (ကို့စ်) ပေးပြီးနောက် ELISA tests ကို ခြားပြီး အကြာဆုံး စောင့်ရမဲ့ကာလ ၆ လ မက လုပ်သင့်တယ်။
• Enzyme-linked immunosorbent assay (ELISA) နည်းကို Enzyme immunoassay (EIA) လို့လဲ ခေါ်သေးတယ်။ စမ်းမဲ့ သူရဲ့သွေးရည်ကြည်ကို အဆ ၄ဝဝ ပျော့သွားစေပြီး၊ HIV antigens နဲ့ ထိတွေ့စေ တယ်။ သွေးထဲမှာ HIV antibodies (အင်တီဘော်ဒီ) ရှိနေရင် တွေ့တော့မယ်။
• Western blot test နည်းကလဲ ELISA လိုဘဲ Antibody (အင်တီဘော်ဒီ) ကို စမ်းတာဖြစ်တယ်။ ပိုသေချာတယ်။
• Rapid or point-of-care tests စမ်းသပ်နည်းက အရည်အသွေးကို စမ်းတာ ဖြစ်တယ်။
• HIV antibodies စမ်းလို့ မတွေ့တာနဲ့ ပိုးဝင်မခံရတာ သေခြာတယ်လို့ ပြောမရသေးပါ။
• Home Access Express HIV-1 Test ဆိုတာ အိမ်မှာတင် ကိုယ့်ဖါသာ သွေးဖေါက်ပြီး စာတိုက်ကနေ ပို့ပေးနိုင်တယ်။ FDA ကနေ အသိအမှတ် ပြုပေးထားတယ်။ သူများမသိအောင် စစ်နည်း ဖြစ်တယ်။
• OraQuick antibody test နည်းက မိနစ် ၂ဝ နဲ့ အဖြေရတယ်။ သွေး၊ သွေးရည်၊ တံတွေးကို စမ်းလို့ရတယ်။ HIV 1 နဲ့ HIV 2 ကို စမ်းလို့ရတယ်။
တချို့နိုင်ငံတွေမှာ ဒီပိုးရှိ-မရှိ စမ်းသပ်တာကို လူ့အခွင့်အရေး၊ ပုဂ္ဂလိက အခွင့်အရေးဆိုပြီး တသဘောတည်း မရှိကြဘူး။ ဆေးရုံတက်လူနာတိုင်းကို စမ်းဘို့ဆိုတာ မဖြစ်နိုင်သေးဘူး။ အမေရိကားမှာ ၂ဝဝ၆ တုံးကစပြီး အသက် ၁၃ နှစ်ကနေ ၆၄ နှစ်အကြား ရှိသူတိုင်းကို စမ်းချင်တဲ့သူ လာစမ်းပါနည်း သုံးခဲ့ရတယ်။ ပိုးရှိနေသူ ၂၅% ဟာ ရှိနေမှန်း မသိကြပါ။
• Orasure HIV antibody test နည်းကတော့ ပါးစောင်၊ သွားဖုံးက အရည်ကို စမ်းတယ်။ ELISA နည်းရော Western blot နည်းကိုပါ သုံးတယ်။
• Uni-Gold rapid HIV antibody test နည်းက ၁ဝ-၁၂ မိနစ်သာ ကြာတယ်။ သွေးကို စမ်းရတယ်။ HIV 1 တမျိုးထဲကိုသာ သိနိုင်တယ်။
• Clearview Complete HIV 1/2 and Clearview HIV 1/2 Stat-Pak နည်းတွေက ၁၅ မိနစ်သာကြာပြီး HIV 1 ရော HIV 2 ကိုပါသိတယ်။ Blood သွေး၊ Serum သွေးရည်ကြည်နဲ့ Plasma သွေးရည်တွေကို စမ်းရတယ်။
• Urine test ဆီးစမ်းနည်းလည်း ရှိတယ်။ ELISA ရော Western blot techniques မှာပါ သုံးတယ်။
ELISA တခုထဲနဲ့ HIV-1 Antibody ရှိတာသိရပေမဲ့ မသေခြာသေးပါ။ Western Blot နည်းကိုပါ ဆက် လုပ်ရတယ်။ လောလောဆယ် ရက်တိုပိုးတခုခုဝင်တာ၊ (အလာဂျီ) ရတာဆိုရင် ELISA test နည်းက Western Blot ထက်ပိုပြီး မရှိဘဲနဲ့ ရှိတယ်ဆိုတဲ့အဖြေ ခပ်ရှားရှားရနိုင်တယ်။ တုပ်ကွေးရာသီမှာ တုပ်ကွေး-ကာကွယ်ဆေး ကြောင့် အဲလို အဖြေမှားတွေ များခဲ့ဘူးတယ်။
• Antigen tests (အင်တီဂျင်) စမ်းသပ်နည်းဆိုတာ HIV p24 protein ရှိနေ-မနေကို စမ်းတာ။ ဗိုင်းရပ်စ်ရဲ့ Capsid protein ကို စမ်းတာမို့ (CA) လို့လဲ ခေါ်တယ်။ သွေးကို စမ်းတာပါ။ အခုတော့ ပုံမှန်စမ်းနည်း အနေနဲ့ မသုံးပါ။
• Nucleic acid-based tests (NAT) ဆိုတာ HIV-I GAG, HIV-II GAG, HIV-env, the HIV-pol လို့ခေါ်တဲ့ HIV genes မျိုးဗီဇကို စမ်းသပ်တာပါ။
• RT-PCR test ဆိုတာ သွေးအရည်ထဲက ဗိုင်းရပ်စ်ရဲ့ RNA ကို စမ်းတာပါ။
• Quantiplex bDNA ဒါမှမဟုတ် Branched DNA test နည်းဟာလည်း သွေးရည်ထဲက RNA ကို စမ်းတာပါ။
တခြားစမ်းသပ်နည်းတွေကတော့ -
CD4 T-cell count ဆိုတာက ပိုးနဲ့ ဆိုင်တာတွေကို စမ်းတာ မဟုတ်ဘဲ ခုခံအားနဲ့ဆိုင်တဲ့ (ဆဲလ်) တွေကို ရေတွက်တာ ဖြစ်တယ်။ Immune system function ခုခံအားစနစ် အခြေအနေကို သိချင်လို့ ဖြစ်ပါတယ်။ နည်းနေရင် မကောင်းတာကို ပြနေတယ်။ HIV-positive ဖြစ်နေသူဟာ 200 cells/μL ထက်နည်းတာကိုဖြစ်ဖြစ် Opportunistic infections အခွင့်ကောင်းယူ ဝင်လာတဲ့ ကူးစက်ရောဂါ ရှိလာတာ ဖြစ်ဖြစ် သိရရင် AIDS ရောဂါသည်လို့ တရားဝင်ခေါ်တော့တယ်။ သတိထားဘို့က HIV မဟုတ်တဲ့ တခြားရောဂါတွေနဲ့လဲ တွဲပြီး နည်းနေတာ ရှိတယ်။ Viral infections တခြားဗိုင်းရပ်စ် ဝင်နေတာ၊ Bacterial infections ဗက်တီးရီးယား ဝင်နေတာ၊ Parasitic infections (ပါရာဆိုက်) ဝင်နေတာ၊ Tuberculosis (တီဘီ) ဖြစ်နေတာ၊ မီးလောင်တာ၊ ထိခိုက် ဒဏ်ရာရနေတာ၊ Foreign proteins သွေးကြောထဲထိုးတာ၊ အစာအာဟာရ ချို့တဲ့နေတာ၊ လေ့ကျင့်ခန်း အပြင်းအထံလုပ်တာ၊ ကိုယ်ဝန်ဆောင်နေတာ၊ စိတ်ဖိအားများနေတာ၊ အထီးကျန် ဖြစ်နေတာတွေ ဖြစ်ကြတယ်။
CD4 Count (စီဒီဖိုး) အရေအတွက် နဲ့ တွဲဖတ်ပါ။
ဒေါက်တာတင့်ဆွေ (၈-၉-၂ဝ၁၁)
ဒေါက်တာတင့်ဆွေ - HIV Tests စမ်းသပ်နည်းများ (၁)
No comments:
Post a Comment