Tuesday, December 23, 2025

မြန်မာမင်းများလက်ထက်မှ အပြစ်ဒဏ်များ

 


အပိုင်း (၁)

ရှေးမင်းတွေလက်ထက်မှာ ရုံးတော်ကြီး ငါးခုနဲ့ နိုင်ငံကို အုပ်ချုပ်ခဲ့ပါတယ်။ အဲဒီရုံးတော်တွေထဲမှာ ဗြဲတိုက်တော်က လွဲရင် ကျန်တဲ့ ရုံးတော်တွေအားလုံးက တရားစီရင်ခွင့် အာဏာရှိပါတယ်။ စီရင်ချက်အချုပ်ကတော့ လွှတ်တော်ကြီးက အဓိက ပါပဲ။ ရာဇဝတ်မှုတွေ၊ တရားမမှုတွေကို စီရင်တဲ့အခါမှာ သာမန်ပြစ်ဒဏ်တွေ အပြင် ကြီးလေးလှတဲ့ ရာဇဒဏ်ဆိုတဲ့ အပြစ်ပေးနည်းတွေရှိပါတယ်။ အဲဒါကိုတော့ ရာဇဒဏ် ရှစ်ပါးလို့ ခေါ်ပါတယ်။ ရာဇဒဏ် ရှစ်ပါးက ဘာတွေဆိုတာရယ် ဘာကြောင့် ပေးရသလဲဆိုတာရယ်ကို ရှင်းပြပါမယ်။

၁။ သတ်

အဲဒီပြစ်ဒဏ်ကတော့ အဆုံးစီရင်တဲ့ပြစ်ဒဏ်ဖြစ်ပြီး "သုံးတန်းပေးလိုက်သည်" ဆိုတဲ့စကားနဲ့ တွဲသုံးပါတယ်။ နိုင်ငံတော်သစ္စာဖောက်မှု၊ ပုန်ကန်မှု၊ ဘုရင် သို့မဟုတ် ဘုရင့်အနွယ်တော်ကို လုပ်ကြံမှု၊ နန်းလုရန်ကြံစည်အားထုတ်မှု၊ တစ်ပါးသူကို အသက် သေဆုံးစေမှု၊ တာဝန်မကျေပွန်မှု၊ စစ်ရှုံးမှု တို့ကို စီရင်တဲ့ ပြစ်ဒဏ်ပါပဲ။ သာသနာရေး ဘက်မှာ လူတွေကို အယူလွဲအောင် မဟုတ်မမှန်ဟောပြော လုပ်ကြံပြောဆိုရင်လည်း ပေးနိုင်ပါတယ်။ တံကျင်လျှို၊ ကားစင်တင်၊ ရင်ခွဲ၊ လည်မျိုနှက်၊ ရေချ၊ ဆင်နင်း စသဖြင့် နည်းအမျိုးမျိုးနဲ့ စီရင်တတ်ပါတယ်။ သုံးတန်းပေးပြီးရင်တော့ ဘုရင့်ဆီက အခွင့်မလွှတ်ရင် မလွတ်တော့ပါဘူး။

၂။ ဖြတ်

ကိုယ်လက်အင်္ဂါတစ်ခုခုကို ဖြတ်တောက်အပြစ်ပေးတဲ့ ပြစ်ဒဏ်ပါပဲ (အသက်ကို မဆုံးစေရ)။ အဲဒီဒဏ်ကိုတော့ မင်းမှုထမ်းတွေထဲက ပေါ့ပေါ့လျော့လျော့ နေတတ်တဲ့သူ တွေရနိုင်ပါတယ်။ ညီလာခံမှာ မှတ်ရန်အခွင့်ရှိသူမဟုတ်ဘဲ စာမှတ်ခြင်း၊ အတွင်းရေး နှုတ်စကားသတင်းကို စာဖြင့်မှတ်ခြင်း၊ ရုံးစာများကို အိမ်သို့ယူဆောင်ကာ ရေးသားခြင်း၊ စစ်ရေးစကားကို ပေါက်ကြားစေမှု၊ တရားစီရင်ချက်ကို ကြိုတင်ပေါက်ကြားစေမှု စတဲ့ အစိုးရပိုင်းဆိုင်ရာသတင်းတွေကို တရားဝင်မထုတ်ပြန်ခင်မှာ တစ်နည်းနည်းနဲ့ ပေါက်ကြားစေတယ်ဆိုရင် အရပ်ဘက်/စစ်ဘက်အမှုထမ်းမည်သူမဆို ဒဏ်တပ် ခံရပါတယ်။ အဲဒါတွေအပြင် အရပ်ထဲမှာ မဟုတ်မမှန်စကားဆိုသူ၊ ဆေးမှားကုသူ၊ လာဘ်စားသူ၊ မလျော်ဩဇာသုံးသူ၊ ကုန်းချောသူ၊ အလေးတင်းတောင်းလိမ်လည်သူ၊ ခိုးသူ တို့လည်း ဒီဒဏ်ကို ခံရပါတယ်။ လက်၊ခြေထောက်၊နားရွက်၊နှာခေါင်းတို့အပြင် အာကိုဟက်ဆိုတဲ့အပြစ်ဒဏ်ကလည်း ဖြတ်ဆိုတဲ့ ရာဇဒဏ်ထဲမှာပါပါတယ်။

၃။ကွက် (ကွပ်မဟုတ်ပါ)

အဲဒီပြစ်ဒဏ်ကတော့ ပါး၊နဖူးမှာ ဆေးမည်းနဲ့အကွက်အဝိုင်း ထိုးမှတ်ပြီး မူလအစုအသင်းက နှုတ်ပယ်ကာ အခြားအစုမှာ လူသစ်အဖြစ် အမည်သွင်းတဲ့ ပြစ်ဒဏ်ပါပဲ။ ဒီနေ့ခေတ်မှာတော့ အဲဒါက ပထမရာဇဒဏ် ၂ခုလောက် မပြင်းထန် ဘူးထင်ပေမယ့် အဲဒီခေတ်က ဒီပြစ်ဒဏ်က ကြီးလေးပါတယ်။ မြန်မာတွေက ဆွေစုမျိုးစု မျိုးရိုးအစဉ်အလာကို တန်ဖိုးထားပြီး အမျိုးဂုဏ်ကို လေးစားတတ်တဲ့ အစဉ်အလာ ရှိပါတယ်။ ဥပမာ ဘယ်သူ့ရဲ့သားသမီးလေ မျိုးကောင်းရိုးကောင်းတွေပါ၊ ဒါတွေက ဘယ်သူ့သားသမီးပေါ့ သန္ဓေယုတ်လေးတွေ ဆိုပြီး ပြောကြသလိုပေါ့။ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာက မျိုးရိုးဂုဏ်ပေါ်မူတည်ပါတယ်။ ဒီပြစ်ဒဏ်က အဲဒီမျိုးရိုးဂုဏ်ကို ဆွဲနှုတ် ချိုးဖျက်ပစ် တာပါပဲ။ ရှက်ဖွယ်ကောင်းတဲ့အပြုအမှုကို စစ်မြေပြင်မှာ လုပ်ဆောင်တာ၊ အိမ်ထောင်ရေး ဖောက်ပြန်တာ၊ လိမ်လည်မှုကျူးလွန်တာ၊ စစ်မှုထမ်းခြင်းအပါအဝင် တာဝန်ကိုရှောင်လွှဲတာ စသဖြင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ပြစ်မှုတွေ ကျူးလွန်ရင် အဲဒီသူကို သူရဲ့မူလအစုအသင်း (အမှုလုပ်၊ အသည်၊အလာ၊ရပ်နေ၊ကပ္ပါး) ကနေ ဆွဲထုတ်ပြီး စုကြမ်း ဆိုတဲ့ အလုပ်ကြမ်းလုပ်ရတဲ့ ကျွန်သာသာအစုတွေဆီ ပို့ပစ်လိုက်တယ်။ မျက်နှာမှာလည်း ဖျက်မရတဲ့စုတ်ချက်တွေကြောင့် ဘယ်သူကမှ အခေါ်အပြောမလုပ်ကြဘူး တစ်နည်း ပြောရမယ်ဆို လူရာမသွင်းတော့တာပါပဲ။ ဒီပြစ်ဒဏ်က သူတင်ပဲလားဆိုတော့မဟုတ်ဘူး သူကနေ ပေါက်ဖွားလာတဲ့ မျိုးရိုးစဉ်ဆက် ဆက်ပြီးသယ်သွားရတာမို့ ပြင်းထန်တဲ့ ရာဇဒဏ်ပါပဲ။ အဲဒီဒဏ်ကို ခံစားရမယ်ဆို လူတိုင်းက ပထမရာဇဒဏ် တွေထဲက တစ်ခုခုကိုပဲ တောင့်တမိမှာပဲ။ လူမသေသော်ဌား ဆွေစဉ်မျိုးဆက် နာမည်သေပြီး ရှက်ဖွယ်လိလိဘဝမို့ ဆိုးဝါးလှပါတယ်။

၄။ မှတ်

ဒါကတော့ နဖူး၊ ရင်ဘတ်၊ လက်မောင်း စတဲ့နေရာတွေမှာ ဆေးမှင်တွေနဲ့ စာမှတ်ချက် ရေးထိုးခံရတဲ့ပြစ်ဒဏ်ပါပဲ။ ခိုးသူကြီး၊ ဓားပြ၊ နောင်မဆိုးနဲ့၊ မမိုက်နဲ့၊ သတိထား၊ သူရဲဘောကြောင်သသူ စသဖြင့် ကျူးလွန်တဲ့ပြစ်ဒဏ်အလိုက် စာမှတ်ရေးထိုးပြီး နာမည်ပျက်စာရင်းသွင်းတာပါပဲ။ ဒီနေ့ခေတ်ဆို Blacklist တွေပေါ့။ မူလအစုအသင်းကနှုတ်ပယ်ဖို့ အမိန့်မပါပေမယ့် အဲဒီပြစ်ဒဏ်ခံရတယ်ဆိုတာနဲ့ မိသားစုနဲ့ရပ်ရွာက သံပုံးတီးပြီးကို နှင်ထုတ်လို့ "ကွက်"ရာဇဒဏ်လောက် နီးနီး ပြင်းထန်ပါတယ်။ စာမှတ်ပါတဲ့သူတွေဟာ ဘယ်နေရာမှာနေနေ နေထိုင်ရာဒေသရဲ့ အကြီးအကဲ (မြို့အုပ်၊သူကြီး)ဆီ နှစ်ရက်ခြား၊သုံးရက်ခြားတစ်ခါ သတင်းလာပို့ မျက်နှာလာပြရသလို ရပ်ရွာမှာ အမှုအခင်းဖြစ်ပြီဆိုတာနဲ့ စာမှတ်ရှိသူတွေကို အရင်ဆုံးစစ်ပြီးမှ အခြားသံသယရှိသူကို ဆက်ရှာတာမို့ အမြဲတမ်း ညိုးငယ်စွာ နေရတဲ့ဘဝပါပဲ။

အခုဖော်ပြထားကတော့ ရာဇဒဏ် ရှစ်ပါးထဲက အကြီးဆုံးပြစ်ဒဏ် လေးပါးပါပဲ။ ပထမနှစ်ပါးက ခန္ဓာကိုယ်ကို ပေးတဲ့ပြစ်ဒဏ်ဖြစ်ပြီး ကျန်တဲ့နှစ်ပါးကတော့ စိတ်နဲ့ဂုဏ်သိက္ခာကို ပေးတဲ့ပြစ်ဒဏ်ပါပဲ။ နောက်တော့မှ ရာဇဒဏ်ငယ်လေးပါးဖြစ်တဲ့ ဖြည့်၊ထည့်၊ပို့၊အပ် ဆိုတဲ့ လေးပါးကို ဆက်ပြီး ရေးသားဖော်ပြပါဦးမယ်။

အပိုင်း (၂) ဆက်ရန် ..........

▪️မြန်မာမင်းများလက်ထက်မှ အပြစ်ဒဏ်များ အဆက် (ရာဇဒဏ်ငယ်များ)

အပိုင်း (၂) ဇာတ်သိမ်းပိုင်း

ရှေ့တစ်ပိုင်းမှာ ရာဇဒဏ်ရှစ်ပါးထဲက ရာဇဒဏ်ကြီးလေးပါးဖြစ်တဲ့ (-တ်၊ ဖြတ်၊ ကွက်၊ မှတ်) ကို ဖော်ပြပြီးတာမို့ ရာဇဒဏ်ငယ်လေးပါးဖြစ်တဲ့ (ဖြည့်၊ ထည့်၊ ပို့၊ အပ်) အကြောင်းကို ဆက်ပြီးရေးပါမယ်။ မရေးခင် မြန်မာမင်းတွေလက်ထက်က တရားစီရင်ရေးကဏ္ဍမှာ ချမှတ်လေ့ရှိတဲ့ ပြစ်ဒဏ်တွေ အကြောင်း ပြောပြမယ်။ အခုပြောတဲ့ ရာဇဒဏ်ဆိုတာ အမြင့်ဆုံးအပြစ်ဒဏ်တွေ ဆိုပေမယ့် အမြဲပေးနေကြမဟုတ်ဘူးလေ သာမန်အမှုတွေကို ရိုးရာဥပဒေတွေ၊ ဓမ္မဿတ် ဖြတ်ထုံးတွေအရ ကြိမ်ဒဏ်၊ ငွေဒဏ်၊ ဝန်ခံကတိလောက်နဲ့ ပြီးကြတာများတယ်။ တရားစီရင်ရေးအပိုင်းမှာ တရားမရုံးတော်ဆိုတဲ့ High Courtတရားရုံးကြီးအပြင် မြို့ဝန်ရုံး၊ အဝေးဝန်ရုံး၊ သင်ဖမ(ပုဂံခေတ်မှ အင်းဝခေတ်အထိရှိခဲ့သော ဂျူရီစနစ်နှင့်တူသည့် တရားရုံး)၊ သူကြီးစတဲ့ ဒေသခံအာဏာပိုင်တွေအလိုက် တရားစီရင်တဲ့ ရုံးတော်တွေရှိတာမို့ မြန်မာစကားပုံဖြစ်တဲ့ "ကြီးတဲ့အမှု ငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေ" စကားအတိုင်း ပြစ်ဒဏ်တွေကို နောင်ကြဉ် ယုံလောက်ပေးတာများတယ်။ တရားဥပဒေက သက်ညှာပေမယ့် ရပ်ရွာမှာတော့ ဝိုင်းကြီးချုပ်ပုံစံနဲ့ စည်းကမ်း၊ဥပဒေကို ထိန်းကျောင်းပါတယ်။ ဥပမာ အခုခေတ်လို လင်မယားဖောက်ပြန်နေတာကို လောင်မြိုက်ပြနေမှာမဟုတ်ဘဲ ရပ်ရွာက အဲဒီ စုံတွဲကို လေးကွက်ကျားရိတ်ပြီး မောင်းထုတ်တာတို့ ဝိုင်းကျဉ်ထားတာတို့ သူတို့က ပေါက်ဖွားလာတဲ့ မျိုးရိုးအဆက်ဆက်ကို တစ်ဆင့်နိမ့်ဆက်ဆံတာတို့လို social punishment လုပ်ပါတယ်၊ ရပ်ရွာထဲမှာ ကလေးတစ်ယောက် အမှားလုပ်တာမြင်ရင် တွေ့ရင် မိရယ် ဘရယ် ဘိုးဘွားဆွေမျိုးရယ်မဟုတ်ဘူး တွေ့တဲ့သူက ချက်ချင်းဆုံးမတယ် တိုင်ကြားပေးတယ် (မောင်ပျံချီတို့ ငယ်ငယ်က အပြင်မှာ မဟုတ်တာ တစ်ခုခုလုပ်တဲ့အချိန် ရပ်ကွက်ထဲက အသိတစ်ယောက်တွေ့လို့ကတော့ မလွယ်ကြောပဲ ခုခေတ်တော့ ကလေးတွေပြောနေတာကြားပါတယ် ရပ်ကွက်ထဲက CCTV များ ဆိုလားပဲ) မြန်မာလူမှုအသိုင်းအဝိုင်းက ဟီရိဩတ္တပတရားနဲ့အညီ နေထိုင်ပြီး သိုက်သိုက်ဝန်းဝန်း ရှိလှတာမို့ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းရင်း လူမှုအသိုင်းအဝိုင်းက မထိန်းနိုင်တော့မှသာ တရားစီရင်ရေးဌာနတွေက ဝင်ရောက်ကိုင်တွယ်ဖြေရှင်းတဲ့ သဘောကို တွေ့ရပါတယ်။

ကိုင်း မူလအကြောင်းအရာဖြစ်တဲ့ ရာဇဒဏ်တွေအကြောင်း ပြန်သွားကြတာ ပေါ့ဗျာ။

၅။ ဖြည့်
ဖြည့်ဆိုတဲ့ ရာဇဒဏ်ငယ်ကတော့ ပြစ်မှုကျူးလွန်ထားတဲ့သူကို သူရဲ့အစုအသင်း ကနေနှုတ်ပြီး ဗိုင်းတာတို့ လမိုင်းတို့ လှေထိုးတို့လို အလုပ်ကြမ်းလုပ်ရတဲ့ စုကြမ်း တွေဆီသွားဖြည့်တာပါပဲ တစ်နည်းပြောရရင် ဒီခေတ်ခေါ်နေတဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ဘယ်နှနှစ်ဆိုပြီး ချမှတ်သလို အလုပ်ကြမ်း ဘယ်နှနှစ်သွားလုပ်ဆိုပြီး ဒဏ်တပ်တာပါပဲ၊ "ကွက်"နဲ့ "မှတ်"လို ဆေးမင်းတွေ အထိုးမခံရတာရယ်၊ နှစ်အကန့်အသတ် သို့မဟုတ် သနားတော်မူ(လွတ်ငြိမ်းချမ်းသာ) ဆိုတာတို့ ဆိုရင် ပြစ်ဒဏ်စေ့တာမို့ သက်သာသယောင်ထင်ရတာပါ။ အလုပ်ကြမ်းကိုတော့ ပိုးစိုးပက်စက် လုပ်ရပါတယ် တံတိုင်းဆောက်တာ၊ သစ်တိုက် ဝါးတိုက် ကြိမ်ခုတ်၊ လမ်းခင်း၊ ကန်ဆယ်၊ စပါးစိုက်၊ ကောက်ရိတ်၊ ဝါကောက် ဝါဖန် ဝါကြိတ် စသဖြင့် သာမန် အသည်သားတွေ မလုပ်ချင်တဲ့ အလုပ်ကြမ်းတွေကို လုပ်ကိုင်ပေးရပါတယ်။

၆။ ထည့်
အပေါ်မှာပြောထားတဲ့ "ဖြည့်" ရာဇဒဏ်ဟာ အရပ်ဘက်အလုပ်ကြမ်းတွေ လုပ်ခိုင်းတယ်ဆိုရင် "ထည့်" ရာဇဒဏ်က စစ်ဘက်အလုပ်ကြမ်းတွေကို လုပ်ခိုင်းတဲ့ ရာဇဒဏ်ပါပဲ။ အဝေးအလံကို စစ်ထွက်တဲ့အခါ သို့မဟုတ် အဝေးအရပ်မှာရှိတဲ့ တပ်စခန်းတွေဆီကို တပ်ကျွန်အနေနဲ့ ပို့ပြီး ရာဇဝတ်ကြွေးကို ချွေးနဲ့ဆပ် ဒါမှမဟုတ် သွေးနဲ့ဆပ်ခိုင်းတာပါပဲ။ တပ်စခန်းချဖို့လုပ်တဲ့အချိန် တပ်ကျွန်တွေကို အလုပ်ကြမ်းတွေလုပ်ခိုင်းတာ၊ ဆင်စာမြင်းစာရိတ်ရတာတွေလုပ်သလို တပ်ချီတဲ့အခါ ဝန်စည်စလွယ်တွေကို ထမ်းပိုးသယ်ဆောင်ကြရပါတယ်။ မြန်မာယောကျာ်းတွေဟာ စစ်သည်တော်ပီပီ စစ်မြေပြင်မှာ အခက်အခဲ အပင်ပန်းဆင်းရဲကို ခံနိုင်ပေမယ့် တပ်ထဲမှာ ရဲမက်အနေနဲ့မဟုတ်ဘဲ တပ်ကျွန်ဖြစ်နေတဲ့ပြစ်ဒဏ်ကို သေမလောက်ကြောက်ပါတယ်။ ကျွန်တော်လေ့လာမိသလောက် အမိန့်ပြန်တမ်းတွေအရဆို တပ်ကျွန်တွေအများစုက အိမ်ထောင်ရေး ဖောက်ပြန်တဲ့ယောကျာ်းတွေ၊ ရပ်ရွာထဲ ပေါ့ကြော့နေပြီး ဒုက္ခပေးသူ၊ သေရည်သမား၊ လူလိမ်စတာတွေကို ယောကျာ်းသွမ်းဆိုပြီး "ထည့်" ပြစ်ဒဏ်ပေးတယ် လို့ သိရပါတယ်။ ဒီပြစ်ဒဏ်ဟာလည်း အချိန်စေ့ရင်၊ သနားတော်မူရင် လွတ်စေ နိုင်ပါတယ်။

၇။ ပို့
ဒါကတော့ ရှင်းရှင်းလေးပါ နယ်နှင်ပြစ်ဒဏ်ပါပဲ။ "မဲဇာကိုပို့" ဆိုပြီးကြားဖူးတဲ့သူများတော့ ရှည်ရှည်ဝေးဝေး ရှင်းပြစရာတော့ မလိုတော့ပါဘူး။ ဒီပြစ်ဒဏ်ကို ခံရတဲ့သူတွေကို ကြမ်းတမ်းဆင်းရဲ လှတဲ့ဒေသတွေဆီကို ပို့ပြီး အကျယ်ချုပ်ချထားတာပါ။ ပုဂံခေတ်မှာ ကျန်စစ်သားတို့ ရာဇသင်္ကြန် တို့ကို ဒလပို့သလို၊ ပင်းယခေတ်ကျတော့ သတိုးရာဟုလာ(သတိုးမင်းဖျား)ကို ကျခတ်ဝရာပို့သလို၊ အင်းဝခေတ်ကနေ ကုန်းဘောင်ခေတ်အထိ မိုးကောင်း၊ဗန်းမော်၊ မဲဇာ၊ ရွှေလီစတဲ့ ဒေသတွေကို ပို့သလို ခေတ်အပေါ်မူတည်ပြီး ပို့တဲ့ဒေသတွေတော့ မတူဘူးပေါ့။ ဒါပေမယ့် ပို့တဲ့ဒေသတွေက ရာသီဥတုကြမ်းတမ်းပြီး ပစ္စန္တရာဇ်အရပ်၊ ရောဂါထူပြောတဲ့အရပ် ဖြစ်တာမို့ ပို့ခံရတဲ့သူတွေတော့ ခွင့်လွှတ်တော်မခံရရင် သေတဲ့အချိန်ထိ ပင်ပန်းဆင်းရဲစွာနဲ့နေထိုင်သွားရပါတယ်။(အသက်လည်း တိုပါတယ်)

၈။ အပ်
"ပို့"နဲ့ "အပ်"က နယ်နှင်ဒဏ်တွေဆိုပေမယ့် "အပ်"ကတော့ နယ်စွန်နယ်ဖြား မဟုတ်ဘဲ သင့်တော်ရာ ဝန်ကြီး၊ အတွင်းဝန်၊ မြို့ဝန်၊ ထောင်သင်းမှူးတွေဆီကို ပို့အပ်ပြီး စောင့်ကြည့်ခိုင်းတာပါပဲ။ မင်းညီမင်းသား အပြစ်ပြုရင် ဝန်ကြီးတို့၊ အတွင်းဝန်တို့ ဆီ အရာချပြီး စောင့်ကြည့်အပ်နှံခိုင်းသလို၊ မှူးသား မတ်သားဆိုရင် မြို့ဝန်၊ မြို့အုပ်၊ သာမန်သူဆို ထောင်သင်းမှူး စသဖြင့် ပို့ပြီး စောင့်ကြည့်တာပေါ့။ ဒီခေတ်ဆို Under watch လုပ်ခံထားပြီး လျှပ်စစ် ခြေကျဉ်းတပ်ခံထား၊ ခံဝန်နေ့တိုင်းလာထိုး နေရတဲ့ သဘောပါပဲ။ အဲဒီပြစ်ဒဏ် ကျခံသူရဲ့ အပြုအမှုပေါ်မူတည်ပြီး တန်းထဲထားမှာလား၊ ခြေချင်းပဲခတ်ထားမလား ဆိုတာတော့ အပ်ခံရတဲ့ အရာရှိကြီးရဲ့သဘောပါပဲ။ ကလန်ကဆန်လုပ်မယ်၊ အချိုးမပြေဘူးဆိုရင်တော့ စပယ်ရှယ် အချိုးပြင်ပေးသည် ဆိုတဲ့ နာမည်ကျော် တန်းတွေဖြစ်တဲ့  လက်မထောက်တန်း၊လက်ရတန်း တွေမှာ အချိုးပြင် ပေးခံရမှာပါပဲ။ အချိုးပြေတယ်ဆိုရင်တော့ ဖွားဖက်ကျော်တန်း၊ ဒိုင်းတော်တန်း၊ လွှတ်စေတန်း တို့မှာအေးဆေးနေရပြီး နေ့လယ် ၁၂ နာရီကနေ ညနေ ၃ နာရီအထိ တုံးဖိနေလှန်းတာလောက်ပဲ ခံရမှာပါ ၊ (တန်းထဲရောက်ရင်တော့ အပြစ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စီရင်ချက်မကျမချင်း နေ့တိုင်း နေလှန်းပါတယ်) "အပ်" ဒဏ်ခံရတဲ့သူတွေကတော့ ရာဇဒဏ်တွေထဲမှာ လွတ်ဖို့ အခွင့်အရေးအများဆုံးရှိပါတယ်။ ဘုရင်နေတဲ့နေပြည်တော်နားမှာပဲ ဒဏ်ခံရတာဆိုတော့ ချိတ်ကောင်းကောင်းရှိရင် အသနားခံစာ၊ အယူခံစာ သွင်းလို့ရတဲ့ အားသာချက်တစ်ခုတော့ရှိတာပေါ့။

ဒီလောက်ဆိုရင် ရာဇဒဏ်ရှစ်ပါးဖြစ်တဲ့ (သတ်၊ဖြတ်၊ကွက်၊မှတ်၊ဖြည့်၊ထည့်၊ပို့၊ အပ်) အကြောင်း စုံလောက်ပြီထင်ပါတယ်။ နောက်များမှ ရှေးမြန်မာတွေရဲ့ အကြောင်းတွေကို ရှာရှာဖွေဖွေ တင်ဆက်ပေးသွားပါဦးမယ်။

ပြီးပါပြီ ..........

(Living Myanmar Media)

***Living Myanmar Media စာမျက်နှာမှ ကူးယူဖော်ပြသည်။

No comments: