◾️ပုဂံရာဇဝင်သမိုင်းများကို ချဉ်းကပ်ကြည့်ခြင်း- မရှိမင်း၊ရှိမင်း
ရှေးဟောင်းရာဇဝင်စာအုပ်ကြီးတွေဖြစ်တဲ့ဦးကုလားမဟာရာဇဝင်၊ မှန်နန်းမဟာရာဇဝင်တော် ကြီး၊တွင်းသင်းမြန်မာရာဇဝင်သစ်၊ မုံရွေးမဟာရာဇဝင်ကျော်ဆိုတဲ့ စာအုပ်တွေထဲမှာ ဖော်ပြထားတဲ့ ပုဂံမင်း(၅၅)ဆက်မှာ (ကုလားကျမင်း) နရသူနဲ့ နရပတိစည်သူတို့ရဲ့ကြား မင်းယဉ်နရသိင်္ခဆိုတဲ့ မင်းတစ်ပါးထည့်ပြီးစိတ်ဝင်စားဖွယ်သမိုင်းရှိတာကို ရှေးသမားရိုးကျ သမိုင်းစိတ်ဝင်စားသူတွေက လက်ခံယုံကြည် ထားကြ ပါတယ်။
ဒါပေမဲ့ နောက်ထပ်အသစ်အသစ်တွေကို ကျောက်စာအထောက်အထားတွေနဲ့ ရှာဖွေတွေ့ရှိလာတဲ့အခါအဲဒီမင်းနှစ်ပါးကြားမှာ ဘာမင်းမှ မရှိဘဲ မင်းမဲ့ကာလခြောက်နှစ် ရှိနေတာကို သမိုင်းအမြင်သစ်နဲ့ မစ္စတာလုစ်တို့၊ ဒေါက်တာသန်းထွန်းတို့က ဖော်ထုတ်ရေးသားလိုက်တဲ့အခါ အဲဒီသမိုင်းရဲ့ ဝိရောဓိက ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာပါတော့တယ်။
မရှိမင်း၊ ရှိမင်း ငြင်းကြခုံကြလို့ ပွဲဆူခဲ့တဲ့ ဒီသမိုင်းမှာ ကျွန်တော့်အယူအဆလုံး၀မပါဝင်ဘဲ ဆရာကြီး
တွေရဲ့ အယူအဆတင်ပြပုံက ဘယ်အရာက ပိုပြီး မှန်နိုင်မလဲဆိုတာကတော့ စာဖတ်သူကိုယ်တိုင် ဆုံးဖြတ်လက်ခံရမှာဖြစ်ပါတယ်။
အဲဒီလို ဆုံးဖြတ်ဝေဖန်စဉ်းစားရမယ့် ပုဂံသမိုင်းတွေထဲက အဖြစ်အပျက်တွေကို ရေးသားထုတ်နုတ်တင် ပြစရာတွေက အများကြီးရှိပါသေးတယ်။
တစ်ခု ကြိုပြီး တောင်းပန်ထားချင်တာကတော့ကျွန်တော့်အဆင့်က သမိုင်းသုတေသနပိုင်းမှာ မူလတန်းအဆင့်လောက်ပဲ ရှိတာမို့ သမိုင်းဆရာကြီးတွေ(Professor) ရေးခဲ့တဲ့ သမိုင်းအယူအဆတွေကို ဝေဖန်ထောက်ပြပြီး မှားတယ်၊ မှန်တယ်မပြောရဲပါဘူး။
ကွဲလွဲချက်အရှိကိုပဲ ရှာဖွေတင်ပြခြင်းဖြစ်ပါတယ်။ဆရာအောင်သန်း(မန္တလေး)က “ဒေါက်တာထင်အောင်၏ ပုဂံမပျက်မီ မြန်မာ့သမိုင်းကို ဘာသာပြန်ပြီး ဆရာ၏ အမှာစာမှာ လူတိုင်းလူတိုင်းလိုလိုပင် ဝင်၍ ငြင်း ခုံဝေဖန်တတ်သည့် ဘာသာရပ်ကို ပြပါဆိုလျှင်သမိုင်းဘာသာရပ်ကိုပင် ပြရပါလိမ့်မည်။ မှန်ပါသည်။
သမိုင်းသည် ငြင်း၍ ဝေဖန်၍ အကောင်းဆုံးဘာသာရပ်ပင်ဖြစ်ပါသည်” လို့ ရေးခဲ့ပါတယ်။
အသစ်မြင် မြန်မာ့သမိုင်းကို ရှာဖွေတွေ့ရှိထားသူဆရာကြီးတွေကတော့ ခေတ်ပြိုင်သမိုင်းတွေနဲ့အတူတူးဖော်တွေ့ရှိထားတဲ့ ကျောက်စာမူရင်းတွေအရ ဖြစ်နိုင်ခြေကို တွက်ချက်ပြီးပြန်လည်ဆွေးနွေး တင်ပြ ချက်ကလည်း ဘယ်လောက်ပဲ အဖိုးတန်သည်ဖြစ်ပါစေ၊ နောက်ထပ်တွေ့ရှိချက်တွေနဲ့ ကွဲလွဲမှုဖြစ်လာ ရင်လည်း ပြင်ဖို့ဝန်မလေးကြပါဘူး။
ဒီနေရာမှာ နိုင်ငံခြားသား သုတေသီသမိုင်းပညာရှင်ကြီး မစ္စတာဂေါဒွင်လုစ် (Luce)နဲ့ မြန်မာတိုင်းရင်းသား၊ သမိုင်းသုတေသီပညာရှင်ဆရာကြီးဒေါက်တာသန်းထွန်းတို့ရဲ့ သမိုင်းအမြင်လေးတစ်ခုကိုတင်ပြချင် ပါသေးတယ်။
လုစ်(Luce) (၁၈၈၉ ခုနှစ် ဇန်နဝါရီလ-၁၉၇၉ခုနှစ် မေ ၃ ရက်)ဟာ မြန်မာနိုင်ငံကို ၁၉၁၂ ခုနှစ်နိုဝင်ဘာ ၁ ရက်မှာရောက်ပြီး ၁၉၆၅ ခုနှစ်အထိနှစ်ပေါင်း(၅၀)ကျော် နေသွားတယ်။ ပုဂံကို နှစ်ပေါင်း(၄၀) လောက် ခေါက်တုံ့ခေါက်ပြန်သွားပြီး ခေတ်ဟောင်းမြန်မာ-ပုဂံခေတ်ဦး(Old Burma Early Pagan) ဆိုတဲ့စာအုပ်ကြီးသုံးတွဲ ရေးခဲ့တယ်။
သူတွေ့ရှိထားလို့ မှတ်တမ်းတင်စာအုပ်ထဲကအကြောင်းအရာတွေဟာ ထပ်ပြီးတွေ့ရှိထားတာ တွေနဲ့ ကွဲလွဲနေရင်လည်း အကြိမ်ကြိမ်ပြင်တယ်၊ ထပ်ဖြည့်တယ်။ ကျောက်စာ ၁၀၀၀ ကျော်ကိုကြိုးစား ဖတ်တယ်။
မြင်းကပါက ဂူပြောက်ကြီးထဲမှာ အဖိုးတန်တဲ့ ပုဂံရှေးဟောင်းပန်းချီကားတွေနဲ့ စာတွေရှိနေမှန်း မြင်းကပါရွာသားတွေတောင် မသိတာကို သူကသိလို့ နေ့စဉ်မှန်အိမ်တစ်လုံး၊ ရေတစ်ပုံးနဲ့ဝင်ပြီး ခက်ခက်ခဲခဲဖတ်တယ်၊ ဘာသာပြန်တယ်။
အဲဒီလောက် အရူးအမူးဖြစ်လောက်အောင် ကြိုးစားပြီးသွားဖတ်တဲ့ဆရာကြီးကို မြင်းကပါရွာသားတွေကအင်္ဂလိပ်အရူးကြီးလို့ခေါ်တဲ့အကြောင်း ကြားဖူးတယ်။ဆရာကြီးက ခေတ်ပြိုင်တရုတ်မှတ်တမ်းတွေနဲ့ ညှိတယ်။
အကြောင်းအကျိုးဆက်စပ်ပြီး တိမ်မြုပ်နေတဲ့ ပုဂံသမိုင်းကို ဖော်ထုတ်တယ်။အဲဒီအချိန်က ပုဂံဆိုတာ သမိုင်းပုံပြင်တစ်ခုလိုရှိနေတာကို ပကတိအရှိတရားတွေနဲ့မညီလို့ လိုတာဖြည့်၊ပိုတာနုတ် လုပ်တယ်။ ဒီစာအုပ်ကြီးကို ၁၉၆၀ ပြည့်နှစ်လောက်အထိ ပြုစုအပြီးသတ်တယ်ဆိုတော့ နှစ် (၄၀)လောက် ကြာတယ်။
၁၉၇၉ ခုနှစ် မဆုံးခင်မှာ ဆရာကြီးက အဲဒီစာအုပ်ကို လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ နှိုင်းပြီးသူရှာတွေ့တာက ကျော၊ ဝမ်း၊ ရင်၊ ခါးဖြစ်တဲ့ ကိုယ်အလယ်ပိုင်း (Torso) ဖြစ်တယ်။ ခေါင်း၊ ခြေ၊ လက်တွေကိုတော့ နောက်လူတွေဆက်ကြပါလို့ မာန်မာနကင်းပြီးရိုးသားဖြူစင်တဲ့ စိတ်နဲ့မှာခဲ့တယ်။
အဲဒီလိုပဲ ဆရာကြီးဒေါက်တာသန်းထွန်းကလည်းသူ့ဆရာ မစ္စတာလုစ်ရဲ့ ရှာဖွေတွေ့ရှိချက်ကို လက်ခံ
တယ်။ လက်မခံရင်လည်း ဆရာပေမယ့် မညှာဘူး။ ပြန်ဝေဖန်ပြီး ရေးတဲ့စာတွေလည်း ရှိတယ်။
ဒီတော့ သမိုင်းအယူအဆ အုပ်စုနှစ်စုကွဲသွားပြီး ရှေးဟောင်း သမားရိုးကျသမိုင်းကို လက်ခံနေသူတွေနဲ့ ခေတ်အမြင်မြန်မာ့သမိုင်း (ကျောက်စာရှာမတွေ့ရင်) ယုံကြည်စိတ်ချလို့မရဘူးဆိုတဲ့ ဆရာတွေရဲ့ အယူအဆကြောင့် နှစ်ဦးနှစ်ဖက်ကြားမှာ ပွတ်တိုက်မှုတွေဖြစ်ကုန်တယ်။
အခုကျွန်တော်တင်ပြမှာက အဲဒီလိုပွတ်တိုက်မှု ဝိရောဓိပုဂံသမိုင်းဖြစ်စဉ်တွေကို ရေးသားတင်ပြမှာ ဖြစ်ပါတယ်။
ပုဂံသမိုင်းမှာ နရသူလို့ခေါ်တဲ့ ကု-လားကျမင်း(၁၁၆၀-၁၁၆၅) နောက် ဆက်ခံတဲ့ မဏိစည်သူဆိုတဲ့
မင်း(၁၁၆၅-၁၂၁၀)တို့ကြားမှာ မင်းယဉ်နရသိင်္ခဆိုတဲ့မင်းတစ်ပါးရှိသေးတဲ့အကြောင်း ရှေးဟောင်းမဟာရာဇဝင်ကြီးတွေထဲမှာ လက်ခံထားတာ တူညီမှုရှိတယ်။
မင်းယဉ်နရသိင်္ခဆိုတဲ့ မင်းဟာ နရသူရဲ့ သားဖြစ်တယ်။ သူ့ညီနရပတိစည်သူက အိမ်ရှေ့မင်းဖြစ်တယ်။ အခါတစ်ပါးမှာ မြင်းစိုင်းဝက်ဝံအရပ်က ပြောဆိုတဲ့လူမျိုးတွေ တောဝင်တဲ့အခါ ဝါးပင်ကြီးထဲက သံသေဒဇသတို့သမီးငယ်ကို တွေ့ပြီး အရွယ်ရောက်တော့ မင်းယဉ်နရသိင်္ခကို ဆက်တယ်။
အဲဒီအမျိုးသမီးက ဝါးထဲကရလို့ဝေဠု၀တီခေါ်တာပေါ့။ ဒါပေမဲ့ ဝေဠု၀တီ မင်းသမီးဟာနားကျယ်နဲ့ ဝမ်းပျက်လိလိရှိလို့ မကြိုက်တာနဲ့ ညီတော်နရပတိစည်သူကို ပေးလိုက်တယ်။ မင်းကြီးမယ်တော်က
နားကို အနေတော်ဖြတ်တယ်။
ဝမ်းပျက်လိလိကြီးကိုကိုယ်လုံးကိုယ်ထည် အချိုးအဆစ်ပြေအောင် ပြုပြင်ပေးလိုက်တော့ ရုပ်ဆင်းအင်္ဂါ ရှုမက်လိုချင်စရာဖြစ်သွားတယ်။ဒီလိုလှပချောမွေ့တဲ့ ခယ်မတော်ဝေဠု၀တီကိုမြင်တော့ မင်းယဉ်နရသိင်္ခဟာ ပြန်လိုချင်တာဖြစ်ပြီးညီတော် နရပတိစည်သူကို ငဆောင်ချမ်းအရပ်ဘက်စစ်ချီလွှတ်လိုက်တယ်။
ပြီးတော့ ခယ်မတော်ကို သိမ်းပိုက်လိုက်တယ်။ ဒီသတင်းကိုကြားလို့ ငအောင်စွာဆိုတဲ့တပည့်ကို မင်းယဉ်နရသိင်္ခကို လုပ်ကြံဖို့ နေပြည်တော်ကိုပြန်လွှတ်လိုက်တဲ့အခါ အရေးတော်ပုံအောင်မြင်တယ်။
အဲဒီနောက် နရပတိစည်သူဟာ ပုဂံမင်းစဉ်(၄၇)ဦးမြောက် ဘုရင်ဖြစ်လာတယ်။
ဒီသမိုင်းထဲမှာ မြင်းခံငပြည့်ကို သတင်းပို့တာ နောက်ကျရကောင်းလားဆိုပြီးကွပ်မျက်တာတွေ၊ ငအောင်စွာ ကိုလည်း သူ့ကို မချေမငံပြန်ဆက်ဆံရသလားဆိုပြီး ကွပ်မျက်တာတွေနဲ့အပြစ်တစ်စုံတစ်ရာမရှိတဲ့ သူ့အစ်ကိုရဲ့ အထိန်းတော်သား အနန္တသူရိယအမတ်ကို ကွပ်မျက်တဲ့အခါ ဒီအမတ်ကြီးရေးဆက်ခဲ့တဲ့-
“သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ” ဆိုတဲ့ မျက်ဖြေလင်္ကာတစ်ပုဒ်ကြောင့် နရပတိစည်သူမင်းကြီး နောင်တတရားရသွားပုံတွေကို အလှပဆုံး ဇာတ်ကွက်ဖော်ပြီး ရာဇဝင်ဇာတ်လမ်းတစ်ပုဒ်ကိုဦးကုလား ရာဇဝင်ကနေ စလိုက်တာတွင်းသင်းမြန်မာရာဇဝင်တို့၊ မှန်နန်းမဟာရာဇဝင်တော်ကြီးတို့လို ရှေးဟောင်း သမားရိုးကျ ရာဇဝင်ကိုလက်ခံကြတဲ့ အခြားရာဇဝင်စာအုပ်တွေ တော်တော်များများမှာ တွေ့ရပါတယ်။
ဒါပေမဲ့ ကျောက်စာအထောက်အထား၊ ခေတ်ပြိုင်သမိုင်းမှတ်တမ်းတွေနဲ့ ညှိနှိုင်းပြီး ရှာဖွေဖော်ထုတ်တဲ့မစ္စတာလုစ်တို့၊ ဆရာကြီးဒေါက်တာသန်းထွန်းတို့၊ဒေါက်တာထင်အောင်တို့ကအစ ခေတ်အမြင်၊ ခေတ်အတွေးရှိတဲ့ သမိုင်းလေ့လာထားတဲ့သူတွေက ရဲရဲဝံ့ဝံ့သမိုင်းအမှားတွေကို ထောက်ပြကြတဲ့ စာအုပ်တွေ၊စာတမ်းတွေ အများကြီးထွက်ပေါ်လာတဲ့အခါ သမိုင်းကိုသမားရိုးကျယုံကြည်သူအုပ်စုနဲ့ ခေတ်အမြင်၊ ခေတ်သမိုင်းနဲ့ အထောက်အထားမပြနိုင်ရင် မယုံကြည်ဘူးဆိုတဲ့ အုပ်စုနှစ်စုတို့ သမိုင်းဝိရောဓိတွေဖြစ်ကုန်ကြပါတော့တယ်။
ဦးကုလားတို့၊ မှန်နန်းတို့က ပုဂံခေတ်အုပ်စိုးခဲ့တဲ့မင်း(၅၅)ဆက်မှာ မင်းယဉ်နရသိင်္ခကို ထည့်သလို တွင်းသင်းမှာ မင်း(၅၆)ဆက်ထဲရှိတယ်လို့ ရေးပြီး တစ်ရက်လောက်ပဲ ဘုရင်ဖြစ်တဲ့ နရသူရဲ့အစ်ကိုမင်းရှင်စောကိုထည့်တယ်။
မုံရွေးမှာဆိုရင် မင်းရှင်စောရော နရသီဟပတေ့ကို လုပ်ကြံတဲ့ သားအငယ်သီဟသူကိုပါ မင်းစဉ်တွေထဲမှာ ထည့်သေးတယ်။
ဒေါက်တာသန်းထွန်းကတော့ (ဤမ်တင်သျှင်)အိမ်တော်ရှင်လို့ ခေါ်တဲ့ နရသူလုပ်ကြံခံရပြီး ၁၁၆၅ခုနှစ် နောက်မှာ မင်းမဲ့ကာလ ကိုးနှစ်ရှိပြီးမှ နရပတိစည်သူမင်းနန်းတက်တယ်လို့ ပထမပြောခဲ့ရာက နောက်တော့ မုဆိုးဖိုမှာ နရပတိစည်သူမြေလှူတဲ့ ကျောက်စာတွေလို့ အဲဒီကျောက်စာမှာပါတဲ့ သက္ကရာဇ်နဲ့ ညှိနှိုင်း တိုက်ဆိုင်ကြည့်တော့ မင်းမဲ့ကာလဟာ ခြောက်နှစ်ပဲကြာတယ်လို့ ပြင်ဆင်ခဲ့တယ်။
မစ္စတာလုစ်ကလည်း မင်းယဉ်နရသိင်္ခမင်းရှိခဲ့တယ်ဆိုတာ ကို လက်မခံဘူး။ တကယ်တော့ မင်းယဉ်နရသိင်္ခ ဆိုတာ ဥစ္စနာရဲ့သားတော်၊ နရသီဟပတေ့နဲ့ ဖအေတူမအေကွဲ။ မင်းယဉ်ဆိုတာ နန်းရအုပ်စိုးမှုက သုံးလပဲရှိလို့တိုတောင်းတယ်။
ပုဂံပြတိုက်မှာရှိတဲ့ ရှင်ပင်ဗောဓိဝိုင်းကရတဲ့ ကျောက်စာမှာ မင်းယဉ်က နို့ထမ်းအိပေါင်သင်ကို ကျေးဇူး ဆပ်ပုံနဲ့ မင်းယဉ်သေပြီး တရုတ်ပြေးမင်းခေါ်နရသီဟပတေ့က ၁၂၅၆ ခုနှစ်မှာ ထီးနန်းဆက်ခံပုံပါတယ်။
နရသိင်္ခဥစ္စနာဟာ ဦးကုလားကအစ ရာဇဝင်ကြီးတွေမှာမရှိဘဲ မင်းအဖြစ် အဖျောက်ခံထားရပေမယ့် ကျောက်စာသမိုင်း အထောက်အထားအရ (နားတောင်းများ)ထီးလိုမင်းလိုမင်းရဲ့ သားနှစ်ပါး ဖြစ်တဲ့ နရသိင်္ခဥစ္စနာဟာဖခင်ရှိစဉ်ကတည်းက အိမ်ရှေ့မင်းဖြစ်ပြီး သူလွန်တော့မှညီတော်ကျစွာက နန်းစံရတယ်။
ညီတော်ကျစွာ နတ်ရွာစံတော့ နရသိင်္ခဥစ္စနာရဲ့ သားတော် ဥစ္စနာက နန်းရတယ်။ရာဇဝင်ကြီးတွေမှာရေးသလို နရသူရဲ့သား နရပတိစည်သူဆိုတာလည်း ဘာအထောက်အထားမှ မရှိသလိုဥစ္စနာက ၁၂၄၉ ခုနှစ်မှာ ဆက်ခံပြီး နရသိင်္ခဥစ္စနာနဲ့မိဖုရားဖွားဇဝ်တို့ရဲ့သားဖြစ်တယ်။
မိဖုရားက ကျစွာရဲ့သမီးသမ္ဘူလဖြစ်တယ်။ ဥစ္စနာက ဆိတ်ထိန်းကမ်းဖြူသူ ဖွားစောကို ကောက်ယူတော်မူ တဲ့သမိုင်းကို ဆရာကြီးဒေါက်တာသန်းထွန်းတို့က ကျောက်စာအထောက်အထား မတွေ့လို့သမိုင်းထဲမှာ မထည့်ဘူး။
(အဲဒီဖွားစော ပြဿနာတွေကအများကြီး၊ နောက်မှ ‘ဖွားစောရှင်းတမ်း’ ဆိုပြီး ရေးပြပါဦးမယ်။)
နောက် နရသိင်္ခဥစ္စနာဆိုတဲ့မင်းဟာ တကယ်ရှိခဲ့တယ်ဆိုတဲ့ အထောက်အထားအခိုင်အမာဆုံးက (သ္ခိင်ဖွာဇဝ်) နရသိင်္ခဥစ္စနာရဲ့ မိဖုရားဖွားစောရဲ့ ဆုတောင်းကျောက်စာပဲ။ (မင်းနန်သူက မင်းဝိုင်းဘုရားကျောက်စာရုံမှာ ဖွားစောကျောက်စာရှိတယ်) ကျောက်စာအတိုင်းရေးပြရရင်-
“ငါပ္လုသောကောင်မှု အက္လိုင်ကာ။ ရိယမ္ဂိယ်ခပ်သိမ်းသော အသ္ခိင်ဖ ’စ်ထသောမ္လတ်စွာ ငါလင်သ္ခိင် မင်းကြီး၊ငါသာမင်းကြီး၊ ငါမ္လယ်မင်းကြီး ဤမင်းကြီး သုံးယောက်စသော” လို့ပါတယ်။
ငါ့လင် မင်းကြီးဆိုတာ နရသိင်္ခဥစ္စနာ၊ ငါ့သားမင်းကြီးဆိုတာ ဥစ္စနာ၊ ငါ့မြေး မင်းကြီးဆိုတာ နရသီဟ
ပတေ့တို့ဖြစ်တယ်။ ကျောက်စာရေးပြီး ၁၅/၁၆ နှစ်လောက်မှာ ပုဂံပျက် တယ်။ နားတောင်းများရဲ့ အမတ်ကြီး ဇေယျသိဒ္ဓိတို့ ဇနီးမောင်နှံ ဌာပနာမှတ်တမ်းမှာ အိမ်ရှေ့မင်း နရသိင်္ခဥစ္စနာသမီး အစောလတ်ဆိုတာပါတယ်။
ဒီလိုပဲ ပုဂံသမိုင်းမှာ မရှိမင်း၊ ရှိမင်း ငြင်းခုံကြရတဲ့နရသူ (ကုလားကျ) လုပ်ကြံခံရပြီး နရပတိစည်သူမင်းနန်းတက်စဉ် ကာလခြောက်နှစ်ကို ဦးကုလားက ထိုးဇာတ်တစ်ခုအနေနဲ့ ဝေဠု၀တီနဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ မယားလုခန်း အရှုပ်တော်ပုံဟာ ဘုရားဟော ဇာတကတွေကယူသုံးတာလား (ဥမ္မာဒန္တီနဲ့ သိဝိမင်း၊ အဘိပါရက စစ်သူကြီးနရတို့ရဲ့ ဇာတ်တော်မျိုးလား)။
ဒါပေမဲ့ ဒီဇာတ်လမ်းဟာနရပတိစည်သူမင်းမှာ ဝေဠု၀တီမိဖုရားဆိုတာ တကယ်ပဲရှိခဲ့တာကြောင့် ဝေဠု၀တီဆိုတာ ဝါးထဲကရတဲ့ သံသေဒဇအဖြစ်နဲ့ ဇာတ်အိမ်တည်ပြီး ဇာတ်လမ်း ကောင်းဝတ္ထုတစ်ပုဒ်
ဆင်ခဲ့တာလားဆိုတာကတော့ အမျိုးမျိုးတွေးစရာ၊ ဝေဖန်ငြင်းခုံစရာ ကောင်းလှပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး အမျိုးသားတစ်သက်တာ စာပေဆု၊ အလင်္ကာကျော်စွာဘွဲ့နဲ့ စည်သူဘွဲ့၊ စာပေဆုတွေအများကြီးရခဲ့တဲ့ ဆရာမကြီး ဒေါက်တာ မတင်ဝင်းရဲ့ ‘ဇာတိနဲ့ အစဉ်အလာ’ စာအုပ်ထဲမှာ ရေးပုံ ကလည်းသဘောကျလက်ခံချင်စရာ ကောင်းပါတယ်။
ဆရာမကြီးက မင်းရှိတဲ့အချိန်မှာတောင် ပုန်ကန်မှုတွေရှိနေလို့ နှိမ်နင်းခဲ့ရတယ်ဆိုတဲ့ စာပေအထောက်အထားတွေရှိခဲ့တယ်။ ဒါတွေကို ထောက်ရှုပြီး စဉ်းစားရင်ပုဂံမှာ မင်းမဲ့ကာလဆိုတာ မရှိနိုင်ဘူး။ ရှိရင်လည်း ပုဂံဟာအစိတ်စိတ်အမြွှာမြွှာကွဲသွား နိုင်စရာရှိတယ်လို့ အယူအဆကို တင်ပြပါတယ်။
တကယ်လို့ ရှိတယ်ဆိုရင်တောင်မင်းမရှိဘဲ နေနိုင်တဲ့ လူမျိုး၊ အစဉ်အလာကို ထိန်းသိမ်းနိုင်တဲ့ လူမျိုးဆိုတာ ကမ္ဘာပေါ်မှာ ရှာမှရှား ဂုဏ်ယူဖွယ်ရာ ဖြစ်တယ်။
ဒါကြောင့် မင်းမဲ့ကာလဆိုတဲ့ အချက်ကို ထပ်မံပြီးသုတေသနပြုဖို့ လိုအပ်သလို အဲဒီအချိန်အတွင်းမှာပဲမင်းယဉ်နရသိင်္ခဆိုတဲ့ သမိုင်းကိုလည်း သူ့နေရာမှာပဲဆက်ထားသင့်တယ်လို့ယူဆတဲ့အကြောင်း ရေးပါတယ်ဆိုတာ တင်ပြလိုက်ပါတယ်။
ရေး- ရေနံ့သာဝင်းမောင်(ပုဂံချစ်သူ)
***စံတော်ချိန်သတင်းစာမှ ကူးယူဖော်ပြသည်။



No comments:
Post a Comment