Monday, June 11, 2012

ငါးတန်မျှစ်ချဉ်အုန်းနို့ဟင်း၊ ပန်းပွင့်သုပ်၊ ၀က်နံရိုးမျှစ်ချဉ် ဟင်းနုနယ်ဟင်းချို


ဒီတစ်ခါ ဆရာမလမင်းမိုမိုချက်ပေးတဲ့ဟင်းအတွဲအစပ်က ကျွန်တော်တို့ရှမ်းပြည်ဘက်ကချက်ပြုတ်စားတဲ့ဟင်းလျာ အချို့နဲ့ခပ်ဆင် ဆင်ပါ။ ဒါပေမဲ့ အုန်းနို့နည်းနည်းပါတယ် မျှစ်ချဉ်ပါတယ်ဆိုတော့ သွေးတိုးရှိသူတွေအတွက်အဆင်ပြေပါ့မလားဘဲ။ ဒါပေမဲ့ နည်း နည်းပဲထည့်ခိုင်းတာဆိုတော့ စားလို့ရလောက်ပါရဲ့။

ကဲပါလေ 'တန်ဆေးလွန်ဘေး'ဆိုသလို အရသာရှိရှိနဲ့ ထမင်းမြိန်စွာစားသုံးနိုင်ကြပါစေကြောင်း ပြန်လည်ဝေငှလိုက်ပါတယ်။

ငါးတန်မျှစ်ချဉ်အုန်းနို့ဟင်း၊
လိုအပ်သော ပစ္စည်းများ

ငါးတန်အသား ၄၀သား၊ မျှစ်ချဉ် ၂၅ကျပ်သား၊ ဆီ ငါးကျပ်သား၊ အုန်းနို့ အုန်းဦးတစ်လုံးစာရဲ့ လေးပုံတစ်ပုံ၊ ကြက်သွန်ဖြူ လေးမြွှာ၊ ကြက်သွန်နီ သုံးဥ၊ ငရုတ်ပွခြောက် ငါးတောင့်၊ ချင်းလက်တစ်ဆစ်ခန့်၊ ငရုတ်သီးစိမ်း၁၀တောင့်၊ ရှောက်ရွက် ၁၀ရွက်၊ ပုစွန်ငံပြာရည် စားပွဲဇွန်း နှစ်ဇွန်း၊ ဟင်းချိုမှုန့်၊ နနွင်းမှုန့် အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် - ၃၀မိနစ်

-မျှစ်ချဉ်ကို အနံ့အသက်နှင့် အချဉ်ဓာတ်လျော့စေရန် တစ်ရေဆူအောင်ပြုတ်ပါ။ ဆူချိန် ငါးမိနစ်ခန့်ရှိလျှင် ရေသွန်ပစ်ပြီး ရေအေးဖြင့် ဆေးပါ။ရေညှစ်ထားပါ။
- ငါးတန်အသားများကို အနေတော် အတုံးတုံးပြီး ငံပြာရည်၊ နနွင်းမှုန့်၊ ဟင်းချိုမှုန့်ဖြင့်နယ်ထားပါ။
- ငရုတ်ပွ၊ ကြက်သွန်ဖြူ၊နီတို့ကို ညက်ညက်ထောင်းပြီး ဆီသတ်ပါ။ ဆီသေလျှင် ချင်းပါးပါးလှီး၊ မျှစ်ချဉ်နှင့် ငရုတ်သီးစိမ်းများ အရင် ထည့်ပါ။
-မျှစ်ချဉ်ကို အချိန်အနည်းငယ် ဆီသတ်ချက်ပြီးမှ ငါးတုံးများထည့်ပါ။ ငါးများမကြေရန် ဂရုစိုက်၍ဖြည်းဖြည်းချင်းထက်အောက်လှန်ပေးပါ။
- ရေနည်းနည်းချင်းထည့်ပါ။ ငါးတန် အသားကနူးညံ့၍အချိန်အကြာကြီး ချက်ရန်မလိုပါ။
- မျှစ်ချဉ် တစ်ရေပြုတ်စဉ် နူးပြီးသားဖြစ်၍ငါးတန်အသားကျက်ပြီး ရေဆူချိန်တွင် အုန်းနို့ထည့်ပေးပါ။ ဟင်းရည်ဆူပွက်လျှင် ရှောက်ရွက် ခတ်၍ အိုးချနိုင်ပါပြီ။

ပန်းပွင့်သုပ် (ပန်းမုန်လာပွင့်)
လိုအပ်သောပစ္စည်းများ

ပန်းပွင့်သေးသေးတစ်ပွင့်၊ ကြက်သွန်နီ သုံးဥ၊ ဆီ (ဆီချက်ချက်ရန်) ငါးကျပ်သားခန့်၊ သံပရာသီးတစ်ခြမ်း၊ နံနံပင် ငါးပင်ခန့်၊ ငရုတ်သီး စိမ်း ခြောက်တောင့်၊ ခုနှစ်တောင့်၊ ဆား ဟင်းချိုမှုန့် အနည်းငယ်ဆီ

ကြာမြင့်ချိန် - ၁၅မိနစ်

- ပန်းပွင့်များကို အခက်ငယ်စီဖဲ့၍ ရေနွေးဖြောပါ။
- ကြက်သွန်နီ တစ်ဥကို ဆီချက်ချက်ပါ။ ကြက်သွန်နီ နှစ်ဥ ပါးပါးလှီးပါ။ နံနံပင် ငရုတ်သီး ပါးပါးလှီးပါ။
- ပန်းပွင့်၊ ကြက်သွန်နီ၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ဆီချက်၊ ဆား ဟင်းချိုမှုန့် အနည်းငယ် အားလုံးရောနှော၍ သံပရာရည်ညှစ်ပြီးနယ်ပါ။ စိမ်းစိုလတ်ဆတ်သော သတ်သတ်လွတ်ဟင်းရံပွဲဖြစ်ပါတယ်။

ဝက်နံရိုး မျှစ်ချဉ် ဟင်းနုနယ်ဟင်းရည်
လိုအပ်သောပစ္စည်းများ 

ဝက်နံရိုး ၁၅ကျပ်သား၊ မျှစ်ချဉ် ၁၀သား၊ ဟင်းနုနယ်တစ်စည်း၊ ထန်းလျက် တစ်ခဲ၊ ကြက်သွန်ဖြူ လေးမြွှာ၊ ချင်း လက်နှစ်ဆစ်၊ ငရုတ် ကောင်းမှုန့် အနည်းငယ်၊ ဆား ဟင်းချိုမှုန့် အနည်းငယ်။

ချက်ရန်ကြာမြင့်ချိန် - ၃၀မိနစ်

- ၀က်နံရိုးနှင့် မျှစ်ချဉ်ကို ဆား၊ ကြက်သွန်ဖြူ၊ ချင်းပါးပါးလှီးနှင့် ထန်းလျက်တစ်ခဲထည့်၍ပြုတ်ပါ။
- အတန်ကြာဆူ၍ အချိုရည်ရလျှင် ဟင်းနုနယ်ရွက်သင်၍ထည့်ပြီး၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ဟင်းချိုမှုန့်ခတ်၍ အပေါ့အငန်မြည်းပြီး ချရန်ဖြစ်ပါသည်။ ချက်ရန်အလွန်လွယ်ကူသော ဟင်းရည်ပွဲဖြစ်ပါသည်။

Credit: The Chic Magazine, No.20, June 2012

No comments: