ဘွဲ့လေးတစ်ခုတော့ရမှလို့ပြောကြတယ်။ ဘွဲ့မရရင် အလုပ်လည်း မလွယ်ဘူးလို့ ပြောကြတယ်။ ဘွဲ့ဆိုတာ အလုပ်အတွက် သတ်မှတ်ချက်တစ်ခုလိုဖြစ်လာတယ်။ အမှန်တကယ် ကျွမ်းကျင်တတ် မြောက်တယ် မတတ်မြောက်ဘူးဆိုတာ ပဓာနမကျဘူး။ ဘွဲ့တစ်ခုခုသာရလာ (ဘာဘွဲ့မဆို) အလုပ် လက်ခံနေကြတာလည်းရှိတယ်။
တက္ကသိုလ်ဆိုတာ စာသင်ရုံသက်သက် နေရာတစ်ခုမဟုတ်ဘူး။ တက္ကသိုလ်မှာ လူမစုနိုင်အောင် ရည်ရွယ်ချက်တွေလည်းပါတဲ့ အဝေးသင်ဆိုတာတွေလည်း တီထွင်ကြတယ်။ အဝေးသင်ဆိုတာ ဘွဲ့မြန်မြန်ရဖို့ တီထွင်ထားတဲ့ ပညာရေးစနစ်တစ်ခုလို့ သတ်မှတ်ထားရင် မှားနေပြီထင်တယ်။
ဘွဲ့တစ်ခုရလာတာကို ‘‘အလုပ်လက်မဲ့ မဖြစ်ရေး ထမင်းစားလက်မှတ်’’ လို့လည်း ပြောကြတယ်။ ဘွဲ့တစ်ခုရဖို့ ရင်းနှီးမြှုပ်နှံရမှုတွေ အထိုင်အလျောက်ရှိတယ်။ ဘွဲ့ကို ငွေနဲ့ ပေးဝယ်သလို ခံစားနေရတဲ့ မိဘတွေက ငါတို့ကုန်ကျလိုက်တာနဲ့ သူတို့ပြန်ရမှာ ထိုက်တန်ပါ့မလားလို့လည်း တွက်ဆလာကြ တယ်။ ဒါကြောင့် မိဘတွေဘက်က လေသံတွေကို ပြန်နားထောင်ကြည့်ရင် ‘‘ငါတို့ ကုန်ကျသမျှ ပြန်ရပါ့မလား’’ လို့တွက်ဆလာတာကို မှားတယ်လို့လည်း မပြောနိုင်ဘူး။
၂ဝဝ၉ ခုနှစ်တုန်းက “Smart Money” ဆိုတဲ့ စာအုပ်တစ်အုပ်ထွက်လာတယ်။ စာရေးသူက Jack Hough ဖြစ်ပါတယ်။ သူကလည်း စာအုပ်ထဲမှာ မေးခွန်းတစ်ခု မေးထားတယ်။ ‘‘တက္ကသိုလ်ဘွဲ့ဆိုတာ တန်ဖိုးရှိသလား’’ တဲ့လေ။
သူ့ရေးသားချက်ထဲမှာ တက္ကသိုလ်တက်ရတဲ့ စရိတ်တွေကများလာ၊ ပညာရေးအရည်အသွေးတွေက နိမ့်ကျလာတာကို ဝေဖန်ထောက်ပြထားတယ်။ အမေရိကန်ပညာရေး မှာ ၆ နှစ်အတွင်း ဘွဲ့တစ်ခုခုရယူဖို့ ကျောင်းသားတွေ ၄ဝ ရာခိုင်နှုန်းလောက် လျှော့ကျသွားတာနဲ့ ထောက်ပြထားတယ်။ စဉ်းစားသင့်တဲ့ အနေအထားဖြစ်လာပါပြီ။
ပညာရေးအတွက်အသုံးနှင့် အလုပ်အကိုင် အခွင့်အလမ်း
၂ဝ၁ဝ အတွက် ပညာရေးဆိုင်ရာ ကုန်ကျစရိတ်နဲ့ ၂ဝ၁၁ အတွက် ကုန်ကျစရိတ်တွေကို နှိုင်းယှဉ် ကြည့်လိုက်တော့ အစိုးရရဲ့ ထောက်ပံ့မှုကနည်းလာ၊ လူတွေကလည်း မတတ်နိုင်၊ ဒါနဲ့ ပညာရေးကို လက်မှိုင်ချသွားတာတွေလည်းရှိတယ်လို့ အမေရိကန်ပညာရေးဌာန အကြံပေးကော်မတီရဲ့ ထောက်ပြ ချက်တစ်ခုကို သတိထားလိုက်မိတယ်။
အဲဒီအစီရင်ခံစာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ အတွင်း ပညာရေး ဆိုင်ရာ ကုန်ကျစရိတ်တွေဟာ အမေရိကန်ကောလိပ်နဲ့ တက္ကသိုလ်တွေမှာ တလိမ့်လိမ့် တက်လာ တယ်လို့ဆိုတယ်။ မိဘတွေရဲ့ တစ်လဝင်ငွေကနေ ကျောင်းသားတစ်ယောက်အတွက် နှစ်စဉ် အသုံးစရိတ်ဟာ ၄၁ ရာခိုင်နှုန်းကနေ ၄၈ ရာခိုင်နှုန်းလောက် ဖြစ်သွားတယ်။ သာမန်ဝင်ငွေသာရှိတဲ့ မိသားစုတွေလည်း ပညာရေးအသုံးစရိတ်ကို ၂၂ ရာခိုင်နှုန်းကနေ ၂၆ ရာခိုင်နှုန်းလောက် သုံးနေရ တယ်လို့ဆိုတယ်။
ဒီအတိုင်းသာဆိုရင် မိဘတွေ အကြွေးတွေအတင်ခံပြီး ကျောင်းထားနေကြရတဲ့ သဘောဖြစ်နေတယ်။ ဝင်ငွေနည်းတဲ့ မိသားစုဝင်တွေအတွက် ချေးငွေစနစ်တွေ ရှိတော့ ရှိပါတယ်။ ဥပမာ Pell Grant လို ပညာသင်ထောက်ပံ့ကြေးမှာ ကောလိပ်ကျောင်းသားတစ်ယောက်အတွက် ၄ နှစ်ကို ဒေါ်လာ ၃ဝ၈ဝဝ ပေးပြီး၊ တက္ကသိုလ်ကျောင်းသားတစ်ယောက်အတွက် ၄ နှစ်ကို ဒေါ်လာ ၃၆၈ဝဝ ပေးတယ်။ အမှန်တကယ် သာမန်ကျောင်းသားတစ်ယောက်ရဲ့ ပုံမှန် ကုန်ကျစရိတ်က ၄ နှစ်ကို ဒေါ်လာ ၅၇၄ဝဝ နဲ့ ဒေါ်လာ ၆၃၈ဝဝ ကြားမှာရှိတယ်။ အဲဒီ ပညာသင်ထောက်ပံ့ကြေးကို မရရှိတဲ့ မိဘတွေ အမှန်တကယ် ကျခံပေးနေရတဲ့ ပညာရေးဆိုင်ရာ အသုံးစရိတ်တွေဖြစ်ပါတယ်။
ဒါကြောင့် စာရေးသူ Jack Hough က အဲဒီလောက်ငွေပမာဏကုန်ကျခံလိုက်ရတာနဲ့ ထိုက်တန်တဲ့ ပညာကို သင်ပေးနိုင်ကြရဲ့လား။ အမှန်တကယ် ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးနိုင်ကြ လို့လားဆိုတဲ့ မေးခွန်းကိုလည်း ပြန်လည်သုံးသပ်ရပါလိမ့်မယ်။ လုပ်ငန်းခွင်တွေက ဘွဲ့တွေကို တောင်းဆိုလာတယ်။ အဲဒီဘွဲ့တွေက လုပ်ငန်းခွင်တွေကို အထောက်အကူပြုနိုင်တဲ့ ကျွမ်းကျင်မှုတွေနဲ့ လေ့ကျင့်ပျိုးထောင်ပေးနိုင်ပြီလားဆိုတာ ဆန်းစစ်သင့်တဲ့ အချိန်ရောက်နေပါပြီ။
ကျောင်းမှာကုန်ရတဲ့အချိန်နဲ့ အဲဒီ ကျောင်းတက်နေချိန်မှာ လုပ်ငန်းခွင့်ထဲ ရောက်နေရင် ပြန်ရနိုင်တဲ့ လက်ငင်းအကျိုး တရားတွေကိုလည်း တိုင်းတာကြည့်နိုင်ရပါလိမ့်မယ်။ လုပ်ငန်းခွင်ကို စောစောဝင်ရင် ငွေမြန်မြန်ရမယ်၊ လုပ်ငန်းခွင် အတွေ့အကြုံရမယ်၊ ကျောင်းပြီးရင် အလုပ်ရှာနေစရာ မလိုဘူး၊ ကျောင်းတက်ဖို့ စရိတ်အတွက်လည်း သောကရောက်နေစရာ မလိုဘူး၊ ကြွေးတင်ခံပြီး ကျောင်းထား နေစရာ မလိုဘူးဆိုတဲ့ အတွေးတွေကြောင့် အမေရိကန်လို နိုင်ငံမျိုးတွေမှာ အထက်တန်းအဆင့်ပညာ သင်ပြီးရင် တက္ကသိုလ်၊ ကောလိပ်သွားနှုန်းတွေ ပိုပြီးကျဆင်းလာတာတွေ့ရပါတယ်။
လုပ်ငန်းခွင်ကို ကျောင်းပြီးတာနဲ့ ရောက်လာကြတဲ့သူတွေမှာ ဘယ်လိုပြဿနာတွေနဲ့ ရင်ဆိုင်ကြရ သလဲ။ အလုပ်ရှာရမယ်၊ အင်တာဗျူးတွေဖြေရမယ်၊ ခန့်လိုက်ရင်လည်း ကိုယ်တတ်ကျွမ်းထားတာကို အစွမ်းပြနိုင်ရမယ်၊ လုပ်ငန်းခွင်ထဲမှာ သဟဇာတဖြစ်ဖို့၊ အားလုံးနဲ့ ပေါင်းစည်းပြီး လှုပ်ရှား ဆောင်ရွက် နိုင်ဖို့လိုတယ်၊ သတ်မှတ်ချိန်အတွင်း အလုပ်ပြီးအောင် လုပ်ပြနိုင်ဖို့လိုတယ်။ အဲဒီလိုဆောင်ရွက်နိုင်ဖို့ တက္ကသိုလ်၊ ကောလိပ်တွေက အမှန်တကယ်လေ့ကျင့် ပြုစုပျိုးထောင်ပေးလိုက်ပြီလား။
ဘွဲ့ဆိုတာ စာဖွဲ့လောက်ပါသလား
နယူးယောက်ခ်တိုင်းမ် သတင်းစာကြီးရဲ့ ဘလော့ဂ်ဂါ David Leonhardt ကတော့ ‘‘ဘာမှထူးထူးခြားခြား ပြောင်းလဲမှုတော့ မရှိပါဘူး။ တက္ကသိုလ်၊ ကောလိပ်တွေကို လူတွေက အယုံအကြည် ကင်းမဲ့လာတာ နှစ်တွေအတော်ကြာသွားပြီ’’ လို့ထောက်ပြထားပါတယ်။ ဘလွန်းဘာ့ဂ် စီးပွားရေးဂျာနယ်က အယ်လီတာ Chris Farrell ကလည်း တက္ကသိုလ်၊ ကောလိပ်ပညာရေး အဆင့်က အထက်တန်းကျောင်းပညာရေး အဆင့်လောက်တောင်မရှိဘူးလို့ ပက်ပက် စက်စက်ဝေဖန်ထားတယ်။
တက္ကသိုလ်၊ ကောလိပ်တစ်ခုခုကနေ ဘွဲ့ရထားသူတစ်ယောက်ဟာ၊ ဘွဲ့မရထားသူ တစ်ယောက် ထက် ဝင်ငွေ ၇၅ ရာခိုင်နှုန်းလောက် သာတယ်လို့ပြောကြတယ်။ အဲဒါ ၁၉၈ဝ လောက်က ဟုတ်ပါလိမ့်မယ်။ နောက်ပိုင်း လုပ်ငန်းခွင်ကျွမ်းကျင်မှုကို ဦးစားပေးလာတော့ ဘွဲ့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဝင်ငွေပိုင်းမှာ ကွာခြားချက်တွေ သိပ်မရှိတော့ပါဘူးလို့လည်းဆိုထားတယ်။
လုပ်ငန်းခွင်မှာ ၁၉၇၃ ခုနှစ်ကနေ ၂ဝဝ၈ ခုနှစ်အတွင်း ဆန်းစစ်ချက်အရ ပညာတတ်ဦးရေ တိုးတက်မှုနှုန်းဟာ ၂၈ ရာခိုင်နှုန်းကနေ ၅၉ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့သိရတယ်။
ဘွဲ့ယူမယ်ဆိုရင်လည်း အမေရိကန်မှာတော့ ရရင်ပြီးရော ဘာဘွဲ့ဖြစ်ဖြစ်ဆိုတာတွေထက် ဘယ်ဘွဲ့ အမျိုးအစားက ထိပ်တန်းမှာ ရှိနေသလဲဆိုတာကို တွက်ဆလာကြတယ်။ လုပ်ငန်းခွင်တွေက လိုအပ်ချက်များတဲ့ဘွဲ့၊ လူသစ်အခေါ်ဆုံးဘွဲ့ သို့မဟုတ် ပရောဂျက်တွေကို ကျောင်းသားတွေက ရွေးချယ်လာကြတယ်။ ဥပမာ နည်းပညာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အစိုးရဝန်ထမ်း၊ စီးပွားရေးစတဲ့ နယ်ပယ်တွေဟာ လူကြိုက်အများဆုံးနဲ့ ထိပ်ဆုံးကနေရာရလာတဲ့ ဘွဲ့တွေဖြစ်လာ တယ်။
ဘွဲ့ရရင် အလုပ်ရမယ်ဆိုတာ ဖြစ်နိုင်ခြေအနည်းဆုံးနဲ့ တွက်ဆရအခက်ဆုံးဖြစ်နေပါပြီ။ ဒါကြောင့် လည်း ဘွဲ့ရ အလုပ်လက်မဲ့ဆိုတဲ့စကားတွေ ခေတ်စားနေတာပေါ့။ မကြာမီက ကာတွန်းတစ်ကွက်ကို ခံစားလိုက်မိပါတယ်။ ‘‘အေးပေါ့လေ ပညာမတတ်တော့ ဆိုက္ကားနင်းနေရတာပေါ့’’ လို့ ဆိုက္ကားစီးသူက ပြောလိုက်တဲ့စကားကို၊ ဆိုက္ကားဆရာက ‘‘ဘွဲ့မှ တစ်ဘွဲ့တောင်မဟုတ်ဘူး၊ နှစ်ဘွဲ့တောင်ရထားတာ’’ လို့ပြန်ပြော လိုက်တာဟာ ခေတ်ကို ထင်ဟပ်နေတဲ့ ပြကွက်တစ်ခုလို့ ဆိုချင်ပါတယ်။
ဘွဲ့ရလာသူတွေမှာ လုပ်ငန်းခွင်ဆိုင်ရာ ဝန်ထမ်းကျင့်ဝတ်၊ ကိုယ်ကျင့်တရား၊ ပြဿနာအရပ်ရပ်ကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ကျွမ်းကျင်မှု၊ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်တဲ့ ရင့်ကျက်မှုတွေ အမှန် တကယ်ပါလာပြီလား။ အဲဒီအရည်အချင်းတွေကို ဘွဲ့ပေးလိုက်တဲ့ ကျောင်းကြီးတွေက ထည့်ပေး လိုက်နိုင်ပြီလား ပြန်သုံးသပ်စရာဖြစ်လာပြီ။
ဘွဲ့ပေးလိုက်တာဟာ အလုပ်ရရေး၊ ပိုက်ဆံရှာရေးတစ်ခုတည်း မဖြစ်သင့်ဘူး။ ဒါကြောင့်လည်း ကျောင်းတွေမှာ အချိန်ပြည့်တက်ပြီး ဘွဲ့ယူရေးထက်၊ လုပ်ငန်းခွင်တွေကနေ ဘွဲ့ယူရေးတွေ ခေတ်စား လာတယ်။ လုပ်ငန်းခွင် ပညာရေးထဲမှာ အွန်လိုင်းပညာရေးကို လူတွေ စိတ်ဝင်စားလာကြတယ်။ တက္ကသိုလ်၊ ကောလိပ်တွေကလည်း အွန်လိုင်းပညာရေးကို ကျောင်းတွေမှာ လူစုမှာကြောက်လို့ဆိုတဲ့ အကြောင်း ပြချက်ထက်၊ လုပ်ခွင်မပျက် ပညာသင်ကြား နိုင်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လာကြတယ်။
ပညာဖြင့် ကိုယ့်ကိုယ်ကို ပိုင်းဖြတ်ကြည့်ခြင်း
ကောလိပ်၊ တက္ကသိုလ်ပညာရေးဆိုတာ လူတိုင်းအတွက် ပညာရေးမဖြစ်နိုင်ပါဘူး။ ပညာတတ်မှ ဆိုတာတွေ၊ ပညာတတ်ရင် လူရာဝင်တယ်ဆိုတာတွေဟာ ခေတ်သစ်မှာ စိန်ခေါ်ချက်တွေ ဖြစ်နေ ပါလိမ့်ဦးမယ်။ လူငယ်တွေကို အထက်တန်းကျောင်းတွေ အဆင့်မှာလောက်ကတည်းက ရင့်ကျက် အောင် ပြုစုပျိုးထောင်သင့်တယ်။ စာဖတ်မယ်၊ ကြိုးစားမယ်၊ ပညာဆိုတာ ဆုံးတယ်လို့မရှိ၊ ဘဝတစ်သက်ရှာနေရမယ်ဆိုတဲ့ သဘောတရားတွေ ရိုက်ထည့်ပေးရမယ်။
အထက်တန်းကျောင်း အဆင့်မှာကတည်းက ဘဝအာမခံချက်ရှိနိုင်တဲ့ အသက်မွေးမှု ပညာရပ်တွေကို ပိုပြီးသင်ကြားပေးနိုင်ရ မယ်။ လုပ်ငန်းခွင်နဲ့ ပညာရေးဆက်စပ်အောင် ကြံဆောင်အားပေးရမယ်။ အထက်တန်းပြီးလို့ ကျောင်းဆက်မတက်နိုင်ရင်လည်း လုပ်ငန်းခွင်နဲ့ ပညာရေး ပေါင်းကူးပေးနိုင်တာမျိုးတွေကို အခွင့်အလမ်းတွေ ဖွင့်ပေးထားရမယ်။ ဘွဲ့အတွက် အရင်းအနှီးတွေ အများကြီး ပေးခဲ့ရတယ်ဆိုတာမျိုးတွေ မဖြစ်သင့်တော့ဘူး။
ဒါဆိုရင် ‘‘ဘွဲ့ဆိုတာ အချိန်နဲ့ငွေ ရင်းနှီးရလောက်အောင် ထိုက်တန်သလား’’ ဆိုတဲ့ မေးခွန်းကို ဖြေပါ့မယ်။ မေးခွန်းကို မေးခွန်းတွေနဲ့ပဲ ပြန်ဖြေပါရစေ
၁။ ဘာကြောင့် ပညာသင်နေတာလဲ
၂။ ပညာကို ကိုယ်တိုင်လိုချင်လို့ သင်နေတာလား၊ တိုက်တွန်းခံရပြီး သင်နေတာလား
၃။ ပညာရေးမှာ အစဉ်အလာ ကျောင်းတက်မှ ပညာရတယ်ဆိုတာကိုပဲ လက်ခံထားသလား၊ အွန်လိုင်းပညာရေး ရှိတယ်ဆိုတာ သိပါသလား
၎။ ဘွဲ့တစ်ဘွဲ့ရဖို့ ပိုက်ဆံဘယ်လောက်ကုန်သလဲ၊ မိဘတွေ ကြွေးဘယ်လောက်တင် နိုင်သလဲ ဆိုတာ သိပါသလား
၅။ ဘွဲ့တစ်ဘွဲ့ယူဖို့ အချိန်ဘယ်လောက်ပေးမှာလဲ၊ ပေးတာနဲ့ ထိုက်တန်အောင် ပြန်ယူနိုင်ခဲ့ပါ့မလား
၆။ ပန်းတိုင်ကဘာလဲ၊ ဘယ်လို ပညာ (ဘွဲ့) မျိုးကို လိုချင်တာလဲ
၇။ ဘာကြောင့် ဘွဲ့လိုချင်တာလဲ
၈။ ကိုယ်နဲ့ အဆင့်တူ၊ အသက်တူတွေ ဘယ်လုပ်ငန်းခွင်မှာ ဘာအဆင့်တွေ ရောက်နေပြီဆိုတာ သိပါသလား
အဲဒီမေးခွန်းတွေဟာ မှား/မှန်ဖြေရမယ့် မေးခွန်းမျိုးတွေတော့ မဟုတ်ပါဘူး။ ကိုယ်တိုင် သေသေချာချာ စဉ်စားဖြေကြည့်လိုက်ရင် ဘွဲ့ဆိုတာ အချိန်နဲ့ငွေ ရင်းနှီးရလောက်အောင် ထိုက်တန် သလားဆိုတာ ဖြေကြည့်ပြီးသား ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။
Ref : The Bachelor’s Degree Debate: Is College Worth the Cost?by Cheri Watkins (Online Education Columnist)တင်ညွန့်
Credit: http://www.maukkha.org/index.php/feature-article/2173-maukkkha-degree-dabate
No comments:
Post a Comment