Tuesday, June 12, 2012

စာနယ်ဇင်းကောင်စီလို့ ဆိုရင် . . .


“စွမ်းနိုင်သူ အယ်ဒီတာတို့၏ စတုတ္ထမဏ္ဍိုင်၊နိုးထလော့” 

သောမတ်စ်ကာလိုင်း(စကော့တလန် သမိုင်းပညာရှင်၊ အက်ဆေး နှင့်သရော်စာရေး စာရေးဆရာ)၏ The French Revolution, A History (1837), Part I, Book VI, Chapter 5 မှ ကောက်နှုတ်ချက်။

ရေးခွင့်မရခဲ့သည်များ၊ ရေးခဲ့ကြသော်လည်း ပုံနှိပ်ဖော်ပြခွင့်မရခဲ့သည်များ၊ မှတ်တမ်းတင်ခွင့် မရခဲ့သည့်ပုံရိပ်များ၊ မှတ်တမ်းတင်ခဲ့သော်လည်း စာမျက်နှာထက် ရောက်လာခွင့်မရှိခဲ့သည့် ဓာတ်ပုံများ အကြောင်းသည် အတိတ်တွင် ကျန်ရစ်ခဲ့တော့မည်ဟု ကျွန်တော်တို့ မျှော်လင့်လျက်ရှိပါသည်။

စာပေစိစစ်ရေး ဆိုသော နှောင်တည်းမှ လွတ်မြောက်တော့မည်ဆိုသော သတင်းစကားသည် စာရေးသူတို့၊ ဂျာနယ်လစ်တို့အတွက် လွတ်မြောက်ရေး တေးသံချိုဖြစ်ပါသည်။ တစ်ပါတည်းပါလာမည့် တာဝန်ယူမှု ဆိုသည်မှာလည်း စာနယ်ဇင်းလောက အတွက် စိန်ခေါ်သံဖြစ်ပါသည်။ နှောင်ကြိုးအောက်မှာ အသားကျနေခဲ့သော ကျွန်တော်တို့ နိုးထဖို့အချိန်ရောက်ပြီ ဟု ယူဆပါသည်။
လွတ်လပ်ခွင့်နှင့်အတူ တာဝန်ယူမှုနှင့် ကျင့်ဝတ်တို့သည် တစ်ပါတည်းပါလာမည့်ကိစ္စများ ဖြစ်သည် ဟုလည်း ယုံကြည်ပါသည်။ ဂျာနယ်လစ် တို့သည်လည်း နိုင်ငံသားများပင် ဖြစ်သောကြောင့် နိုင်ငံသားတို့နည်းတူ မျှတသော ဥပဒေများကိုတော့ ရှေးယခင်နည်းတူ လိုက်နာကြရပါမည်။ မမျှတသော ဥပဒေတို့ကိုမူ ပြင်ဆင်ရန်ဆက်လက် အရေးဆိုကြရပါမည်။ ထို့အတူ ကျင်လည်ရာ အသက်မွေး ၀မ်း ကျောင်းအလိုက် စောင့်ထိန်းအပ်သည့် ကျင့်ဝတ်တို့သည်လည်း ရှင်းလင်းပီသစွာ ပေါ်လွင်လာဖို့ လိုအပ်နေပြီဟုလည်း ကျွန်တော်တို့ ယူဆပါသည်။


ဂျာနယ်လစ်များအရေး ညှိနှိုင်းပေးမည့် ကျင့်ဝတ်ပိုင်းအရ စောင့်ကြည့်ပေးမည့် အဖွဲ့အစည်းသည် လက်ကိုင်တုတ် အဖွဲ့အစည်းမျိုးလည်း ဖြစ်မလာစေရန် လိုအပ်ပါသည်။ လက်ဖြင့်ရိုက်သည်ထက် လက်ကိုင်တုတ်ဖြင့် ရိုက်ကာမှ ပိုနာမည့် အရေးကို လုံးဝလိုလားခြင်းမရှိပါ . . . .

ကမ္ဘာ့နိုင်ငံများနည်းတူ စာနယ်ဇင်းတို့နှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာသော ပြဿနာများကို ညှိနှိုင်းဖြေရှင်းရန်နှင့် ကျင့်ဝတ်ပိုင်းအရ ထိန်းညှိရန် လွတ်လပ်သော အဖွဲ့အစည်းတစ်ရပ်ရှိရန် လိုအပ်သည်ကို ကျွန်တော်တို့ လက်ခံရမည်ဖြစ်ပါသည်။ သို့ရာတွင် ဂျာနယ်လစ်များသည် နွားများမဟုတ်သောကြောင့် ‘ထိန်းကျောင်း’ပေးရန် ဖွဲ့စည်းမည့် အဖွဲ့အစည်းမျိုးကိုမူ လိုအပ်မည်ဟု ထင်မြင်ခြင်းမရှိပါ။ ထိန်းညှိပေးမှုကိုသာ လိုအပ်မည်ဟု ယူဆပါသည်။  ပုဆိုးဝတ်ပြီး ခေါင်းပေါင်း ပေါင်းထားသော နာမည်ပြောင်းထားသည့် စာပေစိစစ်ရေး တစ်ကျော့ပြန်လာခြင်းမျိုးကိုမူ လိုလားခြင်း မရှိကြောင်းလည်း အထင်အရှား ဆိုအပ်ပါသည်။

ယင်းသို့ ထိန်းညှိပေးမည့် စာနယ်ဇင်းကောင်စီ (Press Council) တစ်ခုပေါ်ထွက်လာမည့် အရေးမှာ ကန့်ကွက်ရန်မရှိသော ကိစ္စဖြစ်ပါသည်။ အသွင်ကူးပြောင်းရေး ကာလနှင့် အခြေအနေ အရပ်ရပ်ကြောင့် လက်ရှိကာလတွင် ဖြစ်လာမည့် အဖွဲ့အစည်းသည် အစိုးရနှင့် ဆက်စပ်မှုရှိနေမည်ကိုမူ ကန့်ကွက်ရန်မရှိပါ။ သို့ရာတွင် Press Council ၏လုပ်ပိုင်ခွင့်နှင့် ဦးဆောင်မည့်သူများကို ရွေးချယ်ရေးတွင်မူ ရှင်းလင်းမှုရှိရန် လိုအပ်သည်ဟု ယုံကြည်ပါသည်။ လုံးဝလွတ်လပ်သည့် အဖွဲ့အစည်း ဖြစ်မလာနိုင်သေးလျှင်ပင် ဂျာနယ်လစ်တို့၏ အရေးကိစ္စ တို့ကို ညှိနှိုင်းပေးနိုင်သည့် သြဇာရှိသော မျှတမှုရှိသည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာရေးကိုသာ လိုလားပါသည်။

ဂျာနယ်လစ်များအရေး ညှိနှိုင်းပေးမည့် ကျင့်ဝတ်ပိုင်းအရ စောင့်ကြည့်ပေးမည့် အဖွဲ့အစည်းသည် လက်ကိုင်တုတ် အဖွဲ့အစည်းမျိုးလည်း ဖြစ်မလာစေရန် လိုအပ်ပါသည်။ လက်ဖြင့်ရိုက် သည်ထက် လက်ကိုင်တုတ်ဖြင့်ရိုက် ကာမှ ပိုနာမည့်အရေးကို လုံးဝလိုလားခြင်း မရှိပါ။ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ကို စိတ်ကူးဖြင့် ကြိုရွေးကောက်ထားပြီးဖြစ်သည့် လက်ကိုင်တုတ်အဖွဲ့ အစည်း ဖြစ်မလာစေလိုပါ။ ဇာတ်လမ်းဟောင်းများအတိုင်း ပြန်ကမည့် ရုပ်သေးပွဲ မဖြစ်စေလိုပါ။ ယင်းအတွက် နိုင်ငံတော်အစိုးရကို မေတ္တာရပ်ခံပါသည်။

ထို့အတူ ဂျာနယ်လစ်များဘက် မှ လူမိုက်လုပ်ပေးသည့် အဖွဲ့အစည်းမျိုး ဖြစ်မလာသင့်ပါ။ ဂျာနယ်လစ်များသည်လည်း အခြားသူများနည်းတူ လွတ်လပ်သော နိုင်ငံသားတစ်ဦးမျှထက် မပိုသောကြောင့် အထူးအခွင့်အရေးနှင့် အထူးပြစ်ဒဏ်ပေးမည့် အနေအထားမျိုးဆီသို့ ဦးတည်သွားပါက မဆီလျော်ဟုယူဆပါသည်။

ပြဿနာပေါ်ပါက ညှိနှိုင်းရန် နှင့် ကျင့်ဝတ်ပိုင်းအရ ထိန်းညှိရန်သည် ကမ္ဘာတစ်ဝန်းရှိ Press Council များနှင့် အလားတူအဖွဲ့အစည်းများ၏ အဓိကလုပ်ငန်းဆောင်တာ ဖြစ်သည်ကို တွေ့ရပါသည်။ ကျင့်ဝတ် (Ethics) ဆိုသည်မှာ ကိုယ်ကျင့်သီလဆိုင်ရာ စံနှုန်းတစ်ခုဖြစ်သောကြောင့် ပြစ်မှုပိုင်းဆိုင်ရာ ကိုင်တွယ်မှုမျိုး မဖြစ်ရန်လည်း လိုအပ်ပါသည်။
ရေးသားဖော်ပြမှုများကို မကျေနပ်သောကြောင့် ကန့်ကွက် အရေးဆိုမှုများရှိလာပါက မလိုအပ်ဘဲ တရားတဘောင် မဖြစ်စေရေး ကြားဝင်ညှိနှိုင်းကာ ရေးသည့်ဘက် မှ မှားပါက ရေးသည့်ဘက်မှ တောင်းပန်စေခြင်း၊ မမှားပါက ရေးသားသူကို ကာကွယ်ပေးခြင်းသည် အဓိကလုပ်ဆောင်ရသည့် ကိစ္စတစ်ရပ်ဖြစ်ပါသည်။ ဤနေရာတွင် ကျင့်ဝတ် (Ethics) နှင့် ညီမညီဆိုသည်မှာ အရေးပါလာပြီဖြစ်ပြီး ယင်းကိစ္စကို ညှိနှိုင်းဆုံးဖြတ်ရခြင်းသည် Press Council နှင့် အလားတူအဖွဲ့ အစည်းများ၏ အလုပ်ဖြစ်သည်ကို တွေ့ရပါသည်။  ဂျာနယ်လစ်ဘက်မှ မှားယွင်း ပါကအလွန်ဆုံး ယင်းအသက်မွေးဝမ်းကျောင်းမှ အနားယူရန် သက်ဆိုင်ရာ သတင်းစာ၊ ဂျာနယ်အဖွဲ့ အစည်းမှ တစ်ဆင့် ဖိအားပေးခြင်းသည်သာ အမြင့်ဆုံးလုပ်ပိုင်ခွင့် အဖြစ်ရှိသည်ကိုလည်း နိုင်ငံတကာတွင် လေ့လာကြည့်ပါက ထင်ရှား တွေ့နိုင်ပါသည်။

ပြစ်မှုကြောင်းအရဖြစ်လာသည့် ကိစ္စဆိုလျှင်ကား တရားမျှတသည့် ဥပဒေများအတိုင်း တရားရုံးတွင် ရင်ဆိုင်ရန်သာရှိပါသည်။ ယင်းနေရာတွင်လည်း နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ကဲ့သို့သော အာဏာရှင်ခေတ်ဟောင်းမှ မလျော်ညီတော့သည့် ဥပဒေများဖျက်သိမ်းပေးရေး တို့သည်လည်း လိုအပ်နေသည် ကိုတွေ့နိုင်ပါသည်။ အီလက်ထရောနစ် ဥပဒေကဲ့သို့သော ဥပဒေများကိုလည်း ပြင်ဆင်ပေးရန်လိုအပ်ပါ သည်။ အသရေဖျက်မှုကို ရာဇ၀တ်မှုကဲ့သို့ ကိုင်တွယ်ခြင်းမျိုးသည် လက်ခံနိုင်စရာမဟုတ်ပါ။

ကျန်ကိစ္စများမှာ ပဉ္စမမဏ္ဍိုင်ဟု တင်စားကြသော ပြည်သူကသာ အဆုံးအဖြတ် ပေးရမည်ဖြစ်ပါသည်။ အဓိပ္ပာယ်မရှိ တောရမ်းမယ်ဘွဲ့ ရေးထားသည်ဆိုပါက လူထုသည် ငွေကြေးအကုန်ကျခံဝယ်ဖတ်မည် မဟုတ်သလို ကန့်ကွက်ကြမည်သာ သည် ဟု ကျွန်တော်တို့ယုံကြည်ပါ သည်။

ဂျာနယ်လစ်များ၏ အသက် မွေးဝမ်းကျောင်းတူ သင်းပင်းဖွဲ့ခြင်းမှာလည်း သဘောတူရာစုဝေး ဖွဲ့စည်းခွင့်နှင့်သာ သက်ဆိုင်ပြီး Press Council နှင့်မသက်ဆိုင်သည် ကို နိုင်ငံတကာ အနေအထားရတွေ့ နိုင်ပါသည်။ လွတ်လပ်စွာဖွဲ့စည်း ထားသော အဖွဲ့အစည်းများ၏ အထက်တွင် ကွပ်ကဲရန်အကြောင်း မရှိဟု ယူဆပါသည်။ ယခုအခါ တွင်  Myanamr Journalist Union ၊  Myanmar Journalists Association ၊ Myanmar  Journalists Network ဟူ၍ ဂျာနယ်လစ်အဖွဲ့အစည်း သုံးရပ်ရှိနေပြီး ယင်းတို့သည် Press Council ၏ အောက်မှ အဖွဲ့အစည်းများမဟုတ်သည် ကိုလည်း အသိအမှတ်ပြုရမည် ဖြစ်ပါသည်။ အချို့အဖွဲ့ များကို ဦး ဆောင်သူများကိုယ်တိုင်က  Press Council တွင်လည်း နေရာဦးခွင့်ရနိုင်ရန် ချိတ် ဆက် လက်ဝါး ရိုက်ထားပြီး လက်ကိုင်တုတ်ဖြစ်လို သည်ဆိုလျှင်လည်း ယင်းမှာ ၎င်းတို့၏ သဘောသာဖြစ်ပါသည်။

ဂျာနယ်လစ်အဖွဲ့အစည်းများ၏ အသင်းချုပ်ကြီး (League or Confederation) ပေါ်ထွက်လာလျှင်ပင် ယင်းမှာ သီးခြားဖွဲ့စည်းထားခြင်းမျိုးသာ ဖြစ်သင့်ပါသည်။ ထိုင်းတွင် Confederation of Journalists သည် Press Council နှင့် မဆိုင်သော သီးခြားအဖွဲ့အစည်း ဖြစ်ပါသည်။ ဗြိတိန်တွင် National Union of Journalists သည်  Press Complaints Commission(PCC) (Press Council ကို ပြန်လည်ပြင်ဆင်ဖွဲ့ စည်းထားသည့် အဖွဲ့အစည်း)နှင့် သီးခြားစီသာ ဖြစ်ပါသည်။ယင်း အဖွဲ့ ကိုလည်း ယခုအခါပြန်လည်ပြင်ဆင် ရန်ဆောင်ရွက်နေပြီဖြစ်ပါသည်။

Press Council သည် ဂျာနယ်လစ်တို့၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ ထိန်းညှိမည့် အဖွဲ့အစည်းဖြစ်ရာ ယင်းအဖွဲ့အစည်းတွင် ပါဝင်မည့် သူများ၏ ကိုယ်ကျင့်သီလနှင့် ဂုဏ်သတင်းကျော်စောမှုမှာ အဓိက အကျဆုံးဖြစ်သည်ဟု ယူဆပါသည်။ ဤနေရာတွင် ယခင် Committee for Professional Conduct(CPC) ဟူသော အကောင်အထည် ပေါ်မလာခဲ့သော  အဖွဲ့အစည်း ခေါင်းဆောင်ပိုင်း ရွေးချယ်စဉ်က Eleven Media Group က ထုတ်ပြန်ခဲ့သည့် သဘောထားကို ပြန်လည်ဖော်ပြလိုပါသည်။ ယင်းအဖွဲ့ ဖွဲ့စည်းရန်ကြိုးပမ်းစဉ်က မူဝါဒ၊ ရပ်တည်ချက် တူညီမှုမရှိသောကြောင့် Eleven Media Group က နုတ်ထွက်ခဲ့ပါသည်။ ထိုစဉ်က ကော်မတီတွင် ပါဝင်သင့်သူများနှင့် ပတ်သက်သည့် ရှိအပ်သော အရည်အချင်းကို တင်ပြခဲ့ပါသည်။ ယင်းအရည်အချင်းတို့မှာ Press Council ခေါင်းဆောင်ပိုင်း ရွေးချယ်ရာတွင်လည်း တော်၏၊ မတော်၏ ချိန်ညှိရာတွင် သုံးလိုက သုံးသင့်ပါသည်။

စာနယ်ဇင်းကျင့်ဝတ်ကို နားလည်လိုက်နာ ကျင့်သုံးခဲ့ခြင်းမရှိသူများက ကျင့်ဝတ်ပိုင်းထိန်းညှိရမည့် အဖွဲ့အစည်းကို ဦးဆောင်မည် ဆိုလျှင် မည်သူကမျှ လေးစားကြမည်မဟုတ်ဟု ယူဆပါသည်။ ဂုဏ်သိက္ခာ ပိုင်းနာမည်ပျက်ရှိသူ၊ အကျင့်စာရိတ္တ ကောင်းမွန်မှုမရှိသည် ဆိုလျှင်ကား ဆိုဖွယ်မရှိပါ။ Press Council ဆိုသော အဖွဲ့အစည်းမျိုးမှာ သြဇာဖြင့် ထိန်းညှိပေးသည့် အဖွဲ့အစည်းမျိုးသာ ဖြစ်ပြီး အာဏာဖြင့်ချုပ်ကိုင်သော အဖွဲ့အစည်းမျိုး မဟုတ်သည်ကို နိုင်ငံတကာမှ အလားတူအဖွဲ့ အစည်းမျိုးနှင့် နှိုင်းယှဉ်ပါက ထင်ရှားနိုင်ပါသည်။ သို့ဖြစ်ရာ သြဇာရှိသော ထိန်းညှိပေးမည့် အဖွဲ့အစည်း တစ်ရပ် ဖြစ်ရေးအတွက် ဦးဆောင်သူများ ကိုယ်တိုင်က ကျင့်ဝတ်စောင့် ထိန်းသူများ ဖြစ်ရန်လိုအပ်ပါသည်။
မည်သည့်ခေတ်က မည်သို့ပင် နည်းလမ်းမကျဖွဲ့ခဲ့သည့် အဖွဲ့ အစည်းပင်ဖြစ်စေ နေရာရလျှင် ပါမည်ဟုဆိုကာ ပါခဲ့သူများ၊ ကားပေးလျှင်ကားယူ၊ အိမ်ပေးလျှင်အိမ်ယူ၊ အခွင့်ရေးရရန် ဂုဏ်သိက္ခာကိုပင် ရောင်းစားခဲ့သူများ၊ အာဏာရှင်ကို အဖေကြီး ခေါ်ခဲ့ကြသူများ၊ သမိုင်း နောက်ကြောင်း မသန့်သူများက ဦးဆောင်မည်ဆိုလျှင် မူ  ကျွန်တော်တို့ အနေဖြင့် လက်ခံနိုင်ဖွယ်မရှိသည် ကို ရှင်းရှင်းလင်းလင်း ဆိုရမည်ဖြစ်ပါသည်။

စာပေနှင့် စာနယ်ဇင်း၊ CPC မည်သည့် အမည်ဖြင့်ပင်ဖွဲ့ဖွဲ့ နေရာယူခဲ့ကြပြီး ယခုအခါတွင်မှ ဒီမိုကရေစီ၊ ဒီမိုကရေစီအော်နေသူများ၏ ဂုဏ်သိက္ခာမှာ ယုံးမှားသံသယဖြစ်ဖွယ် ရှိပါသည်။ မိမိ၏သားသမီးများမှအစ အခွင့်ထူးခံ တို့ အတွက် ချန်လှပ်ထားသော ပညာရေး အခွင့်အလမ်း၊ ရာထူးနေရာ အခွင့်အလမ်းများကို ရယူစေသူ တို့ က ကျင့်ဝတ်ပိုင်းကို ထိန်းညှိမည့် အဖွဲ့အစည်းကို ဦးဆောင်လျှင်ကား လေးစားဖွယ် အဖွဲ့အစည်းဖြစ်လာနိုင်ဖွယ် မရှိပါ။

Press Council ကို ဦးဆောင်မည့်သူများကို ဂျာနယ်လစ် အဖွဲ့အစည်းများက အဆိုပြုနိုင်သော်လည်း သမ္မတရုံးကရွေးချယ်မည်ဟု သတင်းထွက်ပေါ်နေပါသည်။ သမ္မတရုံးက ရွေးချယ်ခန့်အပ်သည် ဖြစ်စေ၊ ပြန်ကြားရေးဝန်ကြီးဌာနက ခန့်အပ်သည်ဖြစ်စေ မျှတမှုကို အာမခံပေးရေးကိုကား EMG က လိုလားပါသည်။ လက်ကိုင်တုတ် မွေးခြင်းမျိုးကိုကား မလိုလားကြောင်း ရှင်းလင်းစွာပြောကြားထားပြီး ဖြစ်ပါသည်။

စာပေစိစစ်ရေး ကိုယ်စားအားလုံးကို ထိန်းသိမ်းပေးမည့် အဖွဲ့အစည်းမျိုးဆိုပါက အမည်ပြောင်း လိုက်ခြင်းသာ ဖြစ်သွားလိမ့်မည်ဟု ယူဆပါသည်။

ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်သည်ဆိုသော အာမခံချက် အတွက် လွတ်လပ်သော စာနယ်ဇင်းများ ဖြစ်ထွန်း တည်ရှိရေးသည်လည်း အရေးပါသည်ဟု ကျွန်တော်တို့ ယုံကြည်ပါသည်။

လွတ်လပ်သော စာနယ်ဇင်းများတွင် တာဝန်ယူမှု နှင့် ကျင့်ဝတ် စောင့်ထိန်းမှုရှိရန် လိုအပ်သည်ဟုလည်း မှတ်ယူပါသည်။ ယင်းသို့ တာဝန်ယူမှုနှင့် ဖြစ်ပေါ်လာသော ပြဿနာများကို ထိန်းညှိဖြေရှင်းပေးရေး၊ ကျင့်ဝတ်ပိုင်းအရ ညှိနှိုင်းပေးရေးအတွက် အကျင့်သီလ ကောင်းမွန်သည့် သူများဦးဆောင်မည့် Press Council ပေါ်ထွက်လာရေးကိုလည်း  တောင်းဆိုအပ်ပါသည်။

(ယခုအာဘော် ဆောင်းပါး (Opinion)သည်  Eleven Media Group ၏ အယ်ဒီတာအဖွဲ့ က နိုင်ငံတကာရှိ ဂျာနယ်လစ် အဖွဲ့ အစည်းနှင့် စံနှုန်းကျင့်ဝတ်များ ကိုလေ့လာပြီး ကျင့်ဝတ်ပိုင်း ဆိုင်ရာ မူဝါဒညှိနှိုင်း ဆွေးမှုမှ ထွက်ပေါ်လာသော သဘောထားအမြင် ဖြစ်ပါသည်။)
Written by ဇေ၀င်းနောင်   

No comments: