Sunday, June 3, 2012

ကြိုးမိန့်ကျ


အကျဉ်းထောင်ဆိုတာ လူစည်ကားအပ်တဲ့နေရာဌာနထဲမှာမပါပါဘူး။ အချုပ်ကျတယ်ဆိုတာကလည်း တော်တော် နားမခံသာတဲ့အထဲမှာ ပါပါတယ်။ ဒါပေမဲ့ လူ့လောကမှာ မတစ်ရာသား လူ့ရမ်းကားအချို့ကရှိနေပြန်တော့ အချုပ်တန်းလျားများမှတစ်ဆင့် အကျဉ်းထောင်ဆီ သို့ နေ့စဉ်နှင့်အမျှ လူစည်ကားနေတတ်ပြန်ပါတယ်။

လူသတ်မှုကြောင့်ပဲဖြစ်ဖြစ် တခြားသော အပြစ်ဒဏ်ကြီးကြီးမားမားတွေကို ကျူးလွန်လို့ပဲဖြစ်ဖြစ် အမြင့်ဆုံးအပြစ်ဒဏ်အဖြစ် သေဒဏ် အမိန့်ချမှတ်ကြပါတယ်။ 

ကဲ သေဒဏ်ကျအကျဉ်းသားတိုင်း အယူခံအဆင့်ဆင့် မလွဲမသွေယူကြရသည်ချည်းဖြစ်ပါတယ်။ ထောင်တာဝန်ရှိသူများ၏ တစ်စုံတစ်ခု သော ပေါ့လျော့လှစ်ဟာမှုကြောင့် သူတို့ကို မသေစေချင်ကြပါ။ အခု ကျွန်တော်ဖတ်ဖြစ်တဲ့ စာအုပ်လေးထဲက စာရေးသူမှ ထောင်မှူး သင်တန်းတက်စဉ်က ပို့ချသိရှိထားသော ထောင်လက်စွဲဥပဒေပါအချက်များကို အကျဉ်းမျှဖော်ပြထားတာကို ကျွန်တော်က ပြန်လည် ကူးယူဖော်ပြလိုက်ပါတယ်။

ကြိုးသမားနှင့် ပတ်သက်၍
အကျဉ်းထောင်လက်စွဲဥပဒေပုဒ်မ(၆၃၁)အရ ကြိုးသမားတစ်ဦးကို အကျဉ်းထောင်မှလက်ခံရရှိလျှင် ရရှိချင်း စီရင်ချက်မိတ္တူတောင်း၍ စီရင်ချက်မိတ္တူရပြီး (၇)ရက်အတွင်း တရားရုံးသို့ အယူခံတင်ပေးရမည်။ ကြိုးသမားရောက်လာလျှင် ချက်ချင်း အကျဉ်းဦးစီးရုံး၊ ညွှန်ချုပ် ထံ ထောင်ပုံစံ(၃၂)ဖြင့် အစီရင်ခံစာတင်ရမည်။ ကြိုးသမားနှင့် ပတ်သက်သော အရေးကြီးသည့် ထူးခြားမှုများရှိပါကလည်း ထပ်ဆင့် ညွှန်ချုပ်ထံ အကြောင်းကြားရမည်။ သေဒဏ်ကျခံနေရသော ကြိုးသမားက ရှေ့နေငှားလိုလျှင်လည်း ဗဟိုတရားရုံးရှေ့နေချုပ်ထံ အကြောင်းကြားရမည်။ သေဒဏ်အနိုင်အရှုံးကို ချက်ချင်းအသိပေးပြီး အယူခံနိုင်လျှင် ကြိုးတိုက်မှ ချက်ချင်းထုတ်ရမည်။

ကြိုးသမားအနေဖြင့် အယူမခံလိုလျှင် ခရိုင်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ အဖွဲ့ဝင်လူကြီး(၂)ဦးရှေ့တွင် လက်မှတ်ရယူထားရ မည်။ ညွှန်ချုပ်ထံကို လက်မှတ်ထိုးမိတ္တူစာနှင့်အတူ အကြောင်းကြားရမည်။ ညွှန်ချုပ်မှု ပြည်ထဲရေးဝန်ကြီးထံ ဆက်လက်အကြောင်း ကြားရမည်။ အယူမခံလိုကြောင်းကို ဗဟိုရုံးမှအတည်ပြုလျှင် ၄င်းအကျဉ်းသားအား စောဒကတက်လို၊ မတက်လို မေးမြန်းပြီး ခရိုင်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဌ သို့မဟုတ် အတွင်းရေးမှူးရှေ့တွင် လက်မှတ်ရေးထိုးရယူ၍ ဗဟိုတရားရုံးနှင့် ဥပဒေအကျိုးဆောင် အဖွဲ့သို့ အကြောင်းကြားရမည်။

၎င်းက အယူခံမတင်လိုသော်လည်း ဥပဒေအကျိုးဆောင်အဖွဲ့က ဗဟိုတရားရုံးသို့ စောဒကမှုတင်လျှင် တင်လျှင် အကျဉ်းထောင်သို့ အကြောင်းကြားရမည်။ပြည်သူ့တရားသူကြီးအဖွဲ့၏ စောဒကမှုစီရင်ချက်နှင့် အမိန့်မိတ္တူတစ်စောင်ကို အကျဉ်းထောင်သလို့ပို့ပေးရ မည်။ စောဒကမှုမအောင်မြင်လျှင် အသနားခံစာကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရုံးသို့ (၇)ရက်အတွင်း ညွှန်ချုပ်ရုံး မှတစ်ဆင့် အမှုအကြောင်းအရာအကျဉ်းချုပ်ကို ထောင်ပုံစံ(၃၂)ဖြင့် တင်ရမည်။မူလတရားရုံးမှ သတ်မှတ်ရက် ကိုဖော်ပြ၍ အသနားခံစာ မကျမချင်း သေဒဏ်ဆောင်ရွက်ခြင်းမပြုပါဟု ဖော်ပြစောင့်ဆိုင်းရမည်။

ဗဟိုသို့ အယူခံ/စောဒက/နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သို့ အသနားခံစားမတင်လိုလျှင် ရပ်ကွက်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဝင်(၂)ဦးရှေ့တွင် လက်မှတ်ရေးထိုးစေ၍ ဗဟိုတရားရုံးနှင့် ပြည်ထဲရေးဝန်ကြီးထံတင်ရမည်။ ဗဟိုတရားရုံး အမိန့်အရ မူလအပြစ်ပေးတရားရုံးမှ သတ်မှတ်သောနေ့တွင် သေဒဏ်စီရင်ရမည်။ အသနားခံစာအရ အခြားပြစ်ဒဏ်သို့ပြောင်းလဲ ပေးလိုက်သော အမိန့်သည် ခိုင်လုံသောအမိန့်ဖြစ်သည်။ပြင်ဆင်ချက်ဝရမ်းမလို၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ မှပယ်လျှင် မူလသတ်မှတ်ရက်ထက် မကျော်လျှင် သတ်မှတ်ရက်အတိုင်း ဆောင်ရွက်ရမည်။

အကျဉ်းထောင်လက်စွဲဥပဒေပုဒ်မ(၆၅၉)အရ
ကြိုးစင်ပေါ်သို့ရောက်ရှိသည့်အခါ သေဒဏ်စီရင်ရသူ၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) အကျဉ်းသားကို ကြိုးတပ်ဆင်ထားရှိသည့် ရက်မတန်းအောက်တည့်တည့် ထားရှိရမည်။

(၂) အကျဉ်းသား၏ ခြေထောက်များကို တင်းကြပ်စွာပူး၍ ချည်နှောင်ထားရမည်။

(၃) မျက်နှာအား ဖုံးအုပ်သော အစပိုပါသည့် ချည်ကက်ဦးထုပ် (ခေါင်းစွပ်) ၀တ်ပေးရမည်။

(၄) ကြိုးအား လည်ပင်းတွင် တင်းတင်းရင်းရင်းစွပ်၍ထားပြီး ကြိုးဖြတ်၍ တုံ့ကနဲအကျတွင် နားရွက်၏နောက်မှ ပြေးတက်စေရန် ကြိုးထုံး (သို့) သတ္ထုနဖားသည် မေးရိုးအောက်ဘက် ရှေ့တည့်တည့်တွင် ရှိစေရမည်။ သတ္ထုနဖားရှိသည့်ဘက်သည် လည်ချောင်းရှေ့ တည့် တည့်မှ ဖြတ်သန်းသွားစေရန် ကြိုးကိုသေချာစွာ ညှိနှိုင်းချိန်ဆပြီး ဆောင်ရွက်ရန် ဂရုပြုရမည်။

(၅) ဒေါက်မောင်းတံထံသို့ မြန်မြန်သွားပြီး ဒေါက်တံခါးကို ဖွင့်ရမည်။

အကျဉ်းထောင်လက်စွဲဥပဒေအပိုဒ် (၆၆၁)
ပြစ်ဒဏ်အမိန့်အတိုင်း သေဒဏ်ဆောင်ရွက်ပြီးလျှင် အကျဉ်းထောင်တာဝန်ခံသည် (၀ရမ်းအားထုတ်ဆင့်သည့်တရားရုံးသို့ ပြန်လည် ပေးပို့ပြီး) ၀ရမ်းထုတ်ပေးသည့် တရားရုံးသို့ ပြစ်ဒဏ်အမိန့်အတိုင်း မည်သို့ဆောင်ရွက်ပြီးစီးကြောင်းကို အောက်ပါပုံစံဖြင့် မှန်ကန် ကြောင်း ထောက်ခံချက်ပြုလုပ်ပြီး ပြန်ပို့ပေးရမည်။

ဤအကြောင်းကြားစာအားဖြင့် ကျွန်ုပ်သည် အကျဉ်းသား................အား..........ရုံးမှချမှတ်စီရင်သည့် သေဒဏ်အမိန့် ဆောင်ရွက်ပြီးစီး ကြောင်းနှင့် ၄င်းဖော်ပြပါ...................အား လည်ပင်းတွင် ကြိုးကွင်းစွပ်၍ သေသည်အထိ အကျဉ်းထောင်ပရ၀ုဏ် အတွင်း............... တွင်.....................ရက်နေ့တွင် ၄င်းအသက်မရှိတော့သော ကြိုးသမား၏ ခန္ဓာကိုယ်အား နာရီဝက်တန်းလန်းဆွဲထားရှိပြီးမှသာ တာဝန် ရှိသူများက စစ်ဆေးပြီး အလောင်းကို သယ်ယူခွင့်ပြုရမည်။

အထက်ဖော်ပြပါ ရာဇ၀တ်သားအား သေဒဏ်ပေးစဉ် မတော်တဆမှုတစ်စုံတစ်ရာ (သို့) ဖြစ်ပျက်မှုတစ်စုံတစ်ရာ မပေါ်ပေါက်ခဲ့ကြောင်း ကိုလည်း ထောက်ခံပါသည်ဟူ၍ ထောင်ပိုင်က ရုံးတံဆိပ်ခတ်နှိပ်ပြီး လက်မှတ်ရေးထိုးကာ အထက်အာဏာပိုင်တို့ထံ အစီရင်ခံစာပေးပို့ လေသည်။

ယင်းသည် ပြဌာန်းချက်ဖြစ်သည်။

အထက်ပါစာသားတွေကတော့ ကျွန်တော်ဖတ်သောစာအုပ်လေးကိုရေးသားသူ ဘသက်ဆွေရဲ့စာအုပ်လေးထဲက ဖော်ပြချက်လေး တစ်ခုပါ။ သူ တာဝန်ထမ်းဆောင်စဉ်က 'ဗဟိုစံပြ အကျဉ်းထောင်ကြီးထဲတွင် အကျဉ်းသားပေါင်း (၇၀၀၀)ကျော်ရှိပြီး အမျိုးသမီး အကျဉ်းသူများမှာ (၇၀၀)ကျော်ရှိသည်။ ထိုသူများထဲတွင် သေဒဏ်(ကြိုးမိန့်)ကျအကျဉ်းသားပေါင်း (၂၄)ဦါ်အနက် အကျဉ်းသူဟူ၍ (၂)ဦးသာရှိသည်' ဆိုကြောင်းပါ။

အခုခေတ်မှာ သေဒဏ်ချမှတ်စီရင်(ကြိုးမိန့်ချ)တာကို သိပ်မကြားရတော့သလိုပါပဲ။ ဒါပေမဲ့ စာဖတ်သူ သူငယ်ချင်းတို့ ဗဟုသုတရ စေခြင်းငှာ ကျွန်တော်ကပြန်လည်ကူးယူဖော်ပြလိုက်ခြင်းဖြစ်ကြောင်း...။   

Alex Aung

စာကြွင်း ။    ။ ဘသက်ဆွေ - ချိန်တန်ပြီမြမင်း နှင့် ကြိုးသမားဆယ်ယောက် (သေဒဏ်ကျအကျဉ်းသား ၀တ္ထုတိုများ) စာအုပ်လေးမှ

No comments: