Monday, June 4, 2012

သူငယ်ချင်းရေ....


သို့/
သူငယ်ချင်းရေ
သူငယ်ချင်းရေ နေကောင်းလား။ စာရေးတိုင်းနေကောင်းလားမေးရတာက လူတစ်ယောက်အတွက် ကျန်းမာရေးက အဓိကကျတယ် မဟုတ်လား ဒါကြောင့်ပါ ဟဲဟဲ။ ကိုယ့်သူငယ်ချင်းဘာပြောမယ်ဆိုတာ ကြိုမြင်နေတယ်လေ။ ရာသီဥတုကတော့ မိုးတွင်းဆိုတော့ စိုစို စွတ်စွတ်နဲ့ အတော်စိတ်ပျက်ဖို့ကောင်းတာပဲ။ ကိုယ်တော့ မိုးရာသီကိုလုံးဝမကြိုက်ဘူး။ မင်းတို့ရှမ်းပြည်မှာတော့ မိုးတွင်းမှာ အေးမြပြီး စိမ်းစိုနေတော့မှာပဲနော်။ ရန်ကုန်မှာတော့ စိုစိုစွတ်စွတ် ရွှံ့ဗွက်တွေနဲ့ချည်းပါပဲ။

မိုးရာသီဆိုတော့ အပြင်ထွက်လို့သိပ်မကောင်းဘူးကွာ။ အဆောင်က အခန်းကလည်းကျဉ်းတော့ အ၀တ်စိုနံ့နဲ့အခန်းထဲမှာ အောက်သိုး သိုးကိုဖြစ်ရော။ ခြေထောက်တွေတောင် ၀ဲစွဲမှာစိုးရိမ်ရတယ် ရွှံ့ရေစိုစွတ်စွတ်မှာ လမ်းလျှောက်ရတာလေ အပြင်ထွက်ရင်။ အပြင်ထွက်ရ မှာ ပြင်းတော့ ကိုယ် စာတော်တော်ဖတ်ဖြစ်ပြန်ရောပဲ။ ဒီတစ်ခါတော့ ကိုယ်ဖတ်ဖြစ်တဲ့စာအုပ်တွေထဲက အမှုအခင်းတရားစီရင်တာတွေ နဲ့ပတ်သက်တာတွေကို မင်းကိုနည်းနည်းလောက်ပြန်ပြောပြချင်သေးတယ်ဗျ။

ဥပဒေစာအုပ်အလေးကြီးတွေကို ဖတ်တာဟုတ်ဘူးနော် စာအုပ်လေးတွေကို ဟိုစပ်စပ်ဒီစပ်စပ်ဖတ်ဖြစ်တာပါကွာ။ စကားမစပ်  ဒီရက်တွေ အတွင်း လှည်းတန်း(၇)လမ်းထဲမှာ ကိုယ့်ရည်းစားကို မီးရှို့တယ်ဆိုတဲ့ အမှု၊ လမ်းမတော်က ဆယ်တန်းဖြေထားတဲ့ကောင်မလေးကို သတ်ပြီးမီးရှို့ထားတဲ့ အမှုတွေကတော့ အတော် ထူးခြားတယ်နော်။ အခု ကိုယ်ကပဲစပ်စုလို့လားမသိ ရုပ်ရှင်ထဲမှာမြင်မြင်နေရတဲ့ အမှု အခင်းပုံစံတွေအတိုင်း ရန်ကုန်တစ်ဝိုက်မှာဖြစ်ပျက်နေတာကိုကြားသိနေရတယ်ဗျ။ အသေခံဗုံးခွဲတာတွေများ မကြာခင်ဖြစ်လာမလား မသိနော် မြန်မာပြည်မှာ။

ကိုယ်အလုပ်လုပ်နေတဲ့ ဆေးကုမ္ပဏီလောကမှာတော့ ငွေကိုင်လုပ်တဲ့ ၀န်ထမ်းဟာ လစာတော်တော်ကောင်းပေမယ့် တော်တော် တော့ ခေါင်းစားတဲ့အလုပ်နော်။ ငွေကွာရင် ငွေပျောက်ရင် ရဲရောက်ဂါတ်ရောက်နဲ့။ အရောင်းသမားတွေကများ ငွေယူထွက်ပြေးသွားရင် တကယ့်ပြဿနာ။ ကိုယ်အခုအလုပ်လုပ်နေတဲ့ကုမ္ပဏီမှာလေ အရောင်းသမားတွေ ငွေကွာတာ ငွေလစ်တာတွေကြောင့် သူတို့ကိုရဲစခန်း အချုပ်ပို့တာတိုင်တာ နှစ်ခါလောက်မြင်ဖူးတယ်။ ဒါကြောင့်လေ ကိုယ့်အဖေက ရန်ကုန်မှာသွားအလုပ်မလုပ်ခင်မှာတယ် ငွေရေးကြေးရေး ကိစ္စကိုမှ တာဝန်ယူရတဲ့အလုပ်ကိုမလုပ်ပါနဲ့တဲ့လေ။

လူသတ်မှုပဲဖြစ်ဖြစ် ခိုးယူမှုပဲဖြစ်ဖြစ် လိမ်ညာလို့ပဲဖြစ်ဖြစ် အရင်ဆုံး နရသိန်လို့ခေါ်တဲ့ အချုပ်ပဲမဟုတ်လား။ ကိုယ်ဖတ်ဖူးတဲ့စာအုပ်လေး ထဲမှာ စာရေးသူက သူကိုယ်တိုင် ရောက်ခဲ့ဖူးတဲ့ အချုပ်ခန်းရဲ့ ပုံစံထိုင်ကိစ္စကိုရေးပြထားတယ်။ စိတ်ဝင်စားတယ်ဆိုရင်ပြောပြမယ်၊ သူ့ အပြောကတော့ လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်ကအတွေ့အကြုံပါတဲ့။
ည ၁၁နာရီမှာ အဖမ်းခံခဲ့ရပြီး ညသန်းခေါင်မှာ အချုပ်ထဲရောက်ခဲ့ရသည်။မိုးလင်းတော့ စာရေးသူတို့ အချုပ်ပုံစံထိုင်ရတော့သည်တဲ့။

'ပုံစံထိုင်'ဟု အချုပ်ခန်းလူကြီးက အော်လိုက်သည်။ အချုပ်ပုံစံထိုင်ဟူသည်....
ဦးစွာ တင်ပျဉ်ခွေထိုင်ပြီး ခါးကိုမတ်၍ ခေါင်းကိုရှေ့တည့်တည့်သို့ ကြည့်ရ၏။ တစ်ခါပြ၍ အပိုးမကျိုးလျှင် နားရင်းအုပ်ခံရ၏။ ကျောကုန်း ကိုဆောင့်ကန်ခံရ၏။ ပြီး...ဒူးနှစ်ဖက်ပေါ်ကို လက်ဆန့်၍ လက်သီးဆုပ်ကို မှောက်တင်ထားရ၏ ရှေ့နောက်တန်းနေအောင် စီတန်းထိုင် ရ။ အတန်းမညီလျှင် စောင်းနေလျှင် အဗျင်းခံရ၏။
ပုံစံထိုင်ပြီးသောအခါ....
အချုပ်ခန်းလူကြီးကစ၍ တစ်ဦးချင်း မေးတော့၏။

'နာမည်ပြော....'
'ကိုချစ်ဦး....'
'ဒီမှာ....ကိုယ့်လူ၊ မင်းကိုယ်မင်း ကိုချစ်ဦးတို့၊ ဦးချစ်ကိုဦးတို့လုပ်နေစရာမလိုဘူး၊ ချစ်ဦးလို့တိုတိုပဲဖြေတော့'
'ဟုတ်ကဲ့...'
'နာမည်...'
'ချစ်ဦး'
'အဖေနာမည်'
'ကျော်ဦး.....'
'ဟယ်...လုပ်လိုက်ရရင် သေတော့မှာပဲ။ ဒါမင်းကိုမျွေးခဲ့တဲ့အဖေကွ။ အဖေကျရင် ဦးထည့်ပြော။ ပြန်ပြောအဖေနာမည်'
'ဦးကျော်ဦး'
'ဘာမှုလဲ'
'ခိုးမှု'
'ဘာခိုးမှုလဲ'
'နွားခိုး'
'လိပ်စာ'
'ကွမ်းခြံကုန်းကျေးရွာ'
'မိန်းမရှိလား။ ရှိရင်....ရှိ....မရှိရင်....မရှိပြော'
'ရှိ...'
'နောက်တစ်ယောက်.....'

အပြင်မှာ လူသတ်သည့်ကောင်လည်း အချုပ်ထဲသို့ လူသစ်ဘ၀နှင့်ရောက်လာလျှင် အပြင်မှာ လူသတ်ခဲ့သည်ကို မေ့ပစ်။ အခန်းလူကြီး ရဲ့ လက်သံပြောင် သွန်သင်မှုအောက်မှာ နာခံရ၏။

သည်နောက် အခန်းလူကြီးက အချုပ်ထဲမှာ နံနက်တန်းစီပုံစံထိုင်၊ ထမင်းစားရပုံ၊ အိပ်ရာဝင်ပုံစံ၊ အိပ်ပုံအိပ်နည်း၊အလှည့်ကျ ညကင်း စောင့်နည်း၊ ချေးပါသေးပေါက်၊ 
ညဘက်သွားလှည့်လည်အော်နည်းမှသည် ရေချိုးချေးပါသုံးရမည့် ရေအမျိုးအစားကိုပြောပြသည်။
တရားစီရင်ရေးမှာ အမြင့်ဆုံးပြစ်ဒဏ်က သေဒဏ်နဲ့ တစ်သက်တစ်ကျွန်း ပဲဖြစ်မယ်ထင်ရဲ့နော်။ 

ကြိုးမိန့်အချခံရတာနဲ့ပတ်သက်ရင် စင်ကာပူလား ဘယ်နိုင်ငံလဲမသိ မူးယစ်ဆေးဝါးသယ်ဆောင်လာတာတွေ့ရင် သေဒဏ်(ကြိုးမိန့်)ကို တန်းချတယ်ဆိုပဲ။ ဆက်ဒမ်ဟူစိန် လို အာဏာရှင်ကို ကြိုးမိန့်ချတာကို မှတ်တမ်းဗီဒီယိုကတစ်ဆင့်ကြည့်ဖူးတယ်။ ၊ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်တွေကို လုပ်ကြံတဲ့တရားခံတွေကို သေဒဏ်ချတာတွေကို ဖတ်ဖူးပြန်တယ်။

ပြောရရင်တော့ ကိုယ်မြင်ရတာက အပြစ်ဒဏ်ကျတရားခံကို ကြိုးစင်ခေါ်သွားမယ် ဦးခေါင်းကို အိပ်စွပ်ပြီး မနီလာကြိုးကွင်းအတုတ်ကြီး စွပ်မယ် ပြီးရင် ဒေါက်တိုင်ကိုဖြုတ်ပြီး သေဒဏ်ပေးလိုက်တာပဲ။ ဒါပေမဲ့ တရားစီရင်ရေးဝန်ထမ်းတွေအနေနဲ့ တရားခံကို ပြစ်ဒဏ်ကျခံတဲ့ နေရာမှာ အချို့အယွင်းမဖြစ်အောင်ပြုလုပ်ပေးတတ်လေ့ရှိကြတယ်ဆိုတဲ့အကြောင်းကိုပါ။

ကဲဖတ်ကြည့်ပါဦး - 

အကျဉ်းထောင်လက်စွဲဥပဒေပုဒ်မ(၆၅၉)အရ
ကြိုးစင်ပေါ်သို့ရောက်ရှိသည့်အခါ သေဒဏ်စီရင်ရသူ၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) အကျဉ်းသားကို ကြိုးတပ်ဆင်ထားရှိသည့် ရက်မတန်းအောက်တည့်တည့် ထားရှိရမည်။

(၂) အကျဉ်းသား၏ ခြေထောက်များကို တင်းကြပ်စွာပူး၍ ချည်နှောင်ထားရမည်။

(၃) မျက်နှာအား ဖုံးအုပ်သော အစပိုပါသည့် ချည်ကက်ဦးထုပ် (ခေါင်းစွပ်) ၀တ်ပေးရမည်။

(၄) ကြိုးအား လည်ပင်းတွင် တင်းတင်းရင်းရင်းစွပ်၍ထားပြီး ကြိုးဖြတ်၍ တုံ့ကနဲအကျတွင် နားရွက်၏နောက်မှ ပြေးတက်စေရန် ကြိုးထုံး (သို့) သတ္ထုနဖားသည် မေးရိုးအောက်ဘက် ရှေ့တည့်တည့်တွင် ရှိစေရမည်။ သတ္ထုနဖားရှိသည့်ဘက်သည် လည်ချောင်းရှေ့ တည့် တည့်မှ ဖြတ်သန်းသွားစေရန် ကြိုးကိုသေချာစွာ ညှိနှိုင်းချိန်ဆပြီး ဆောင်ရွက်ရန် ဂရုပြုရမည်။

(၅) ဒေါက်မောင်းတံထံသို့ မြန်မြန်သွားပြီး ဒေါက်တံခါးကို ဖွင့်ရမည်။

အင်း...ဒီတစ်ခါ စာရေးတာ စိတ်ညစ်စရာတွေကြောက်စရာတွေကြီးပဲလို့ မထင်ပါနဲ့ကွာ စာကိုဆက်ဖတ်ပါဦး။ သူငယ်ချင်းကိုယ့်စာ ကို ဖတ်ပြီး ဗဟုသုတရစေချင်လို့ပါကွ။ ကိုယ်တို့ဗုဒ္ဓဘာသာမှာ စောင့်ထိန်းအပ်တဲ့အကျင့်သီလအဖြစ် ငါးပါးသီလ၊ ၈ပါးသီလ၊ ၁၀ပါးသီလ စသဖြင့် လိုက်နာကျင့်သုံးတတ်ကြတာ သူငယ်ချင်းသိပါတယ်လေ။ လူတွေက အကြောင်းတစ်ခုခုကြောင့် 'မုသာဝါဒ'ဆိုတဲ့ကံကို ချိုး ဖောက်တယ် စိတ်ညစ်လို့ပဲဖြစ်ဖြစ် အပျော်ပဲဖြစ်ဖြစ် အကြောင်းတစ်စုံတစ်ရာကြောင့်ပဲဖြစ်ဖြစ် 'သုရာမေရယ' ကံကို ကျူးလွန်တတ်တယ် မူးယစ်သေစာသောက်စားမှီဝဲလို့ စိတ်ထားမူမမှန်ဖြစ်ချိန်မတော့ 'ကာမသေု မိစ္ဆာစာရ' ကံကိုချိုးဖောက်တာပဲဖြစ်ဖြစ် ဒေါသကြီးပြီး 'ပါဏာတိပါတာ'ကံပဲဖြစ်ဖြစ် ကိုယ်အသုံးဝင်ဖို့အတွက် သူတစ်ပါးပစ္စည်းကို အဒိန္နာဒါနာ ကံမြောက် ကျူးလွန်ဖို့ ၀န်မလေးတတ်ကြ တော့ဘူး။ ဒါတွေက လူတစ်ယောက်ရဲ့ ဒေါသ လောဘ မောဟ တွေပိုမိုကြီးထွားစေတာတွေရဲ့ အခြေခံအချက်တွေဖြစ်နေတာပဲနော်။
တစ်ခါတလေတော့စိတ်ညစ်တယ် သိလား။ သူများတွေကျူးလွန်တတ်တဲ့ ကျူးလွန်နေတဲ့အမှုအခင်းတွေကိုဖတ်ပြီး 'သြော်..သြော်ဖြစ် ရလေ' ဆိုပြီးတွေးနေတာ ကိုယ်ကိုယ်တိုင် အမှတ်မထင်ကျူးလွန်နေတဲ့ အမှုမမြောက်တဲ့ အမှုအခင်းတွေက အများသားနော်။

အသက်ငယ်တုန်းကလည်း အသက်ငယ်တုန်းမို့ အသက်ကြီးလာတော့လည်း အသက်ကြီးလာတဲ့အလျောက်ပေါ့။ အသက်ကြီးလာတော့ ပျော်လျှော်ဖွတ်ဖို့ မလွယ်တော့တဲ့ အင်္ကျီဖြူတစ်ထည်ဖြစ်လာပြီ။

' ကျောက်ဒိုးက ဖုန်တွေပေလူးနေအောင် ဆော့ကစားထားသည့် သူ့အင်္ကျီလေးကို ငုံ့ကြည့်ရင်း တစ်စုံတစ်ရာကို လွမ်းဆွတ်သလိုလို၊ နှမြောသလိုလို ခံစားလိုက်ရသည်။

အသက်ကြီးလာလို့ လူ့ဘ၀ကြီးထဲ တိုးဝင်ရသည့်အခါ လူ့လောကရဲ့ အရှုပ်အထွေးတွေက စိတ်ကို ဖုန်လူးသလို ညစ်ပတ်သွားစေ နိုင်ဦးမှာလား။

တကယ်တော့ ကလေးဘ၀သည်သာလျှင် ပြန်လည်လျှော်ဖွပ်ရလွယ်ကူသော အင်္ကျီတစ်ထည်ဖြစ်လေသည်'
ကဲပါ သူငယ်ချင်းရယ် မင်းစာဖတ်ရင်း 

စိတ်ရှုပ်သွားပြီဆိုတာကိုယ်သိတယ်။ နောက်တစ်ခါတော့ ပျော်စရာလေးတွေထည့်ရေးမယ်နော်။ အခုတော့ ကဗျာလေးတစ်ပုဒ်နဲ့ စာအကိုအဆုံးသတ်လိုက်ပါ့မယ်ကွာ။

ကြိုးတစ်ချောင်း
တစ်မိုးအချုပ်မှာလ
ကြိုးရှုပ်လို့ အချိန်ကုန်
မသိနယ်မှာ
ငြိတွယ်တာ ဘယ်မဝ
ဘ၀ရိပ်မြုံ။
ထိုဘ၀ ဤဘဝ
ငိုရ ရယ်ရ အဖုံဖုံ
တွေ့ကြုံဆုံ ကြည်ရွှင်မော။
အမှန်ပြောရင်
သံယောဇဉ် သည်တစ်ကြိုးက
ဖြိုးလှုပ်လွင့်မျော။    

                              ဇာနည်

ဘာပဲဖြစ်ဖြစ် မင်းကိုလွမ်းတယ်။ တို့တွေအတူသွားလာ စားသောက်တာကို သတိရတယ်။ မင်းချစ်သူနဲ့အဆင်ပြေပြေနေထိုင်နေရတာကို ၀မ်းသာအားကျတယ်ကွာ။

ပျော်ရွှင်ပါစေ သူငယ်ချင်း
Alex Aung

No comments: