ဖူးငုံတို့ရေ မိုးလေးအေးအေးမှာ နွေးနွေးထွေးထွေး နေကြရဲ့လားရှင်။ မိုးရွာရင် ရောဂါတွေကလည်း များမှ များပဲနော်။ ကျန်းမာရေးကို အထူး ဂရုစိုက် ကြပါဦး။
ကျန်းမာရေး
ကောင်းမှ ဖူးငုံတို့ မျှော်လင့်ထားတဲ့ အိပ်မက်တွေ၊ စိတ်ကူးတွေကို အကောင်အထည်
ဖော်နိုင်မှာ မဟုတ်လား။ မိုးတွေ ဘယ် လောက်သည်းသည်း ကိုယ့်အိပ်မက်တွေ အနာဂတ်မှာ
ရုပ်လုံးပေါ်အောင် အခုတော့ စာသင်ကျောင်းကိုလည်း သွားကြ ရဦးမှာပေါ့။ ဖူးငုံ တို့ကို
စာသင် ကျောင်းသွားဖို့ ပြောရင်းနဲ့ ကျွန်မ ငယ်ငယ်တုန်းက ကျောင်းတက်ခဲ့တဲ့
မြင်ကွင်းကို ပြန်ပြီး သတိရမိတယ်။
ဖူးငုံတို့ကို အဲဒီမြင်ကွင်းလေး ပြန်ပြောပြပေးမယ် နော်။ မြို့ပြပတ်ဝန်းကျင်ရဲ့ မြင်နေကျ ပုံစံမျိုးမဟုတ်တဲ့ ကျေးလက်မြင်ကွင်းပေါ့။ ကျွန်မက သူငယ်တန်းကနေ စတုတ္ထတန်း အထိကို ကွမ်းခြံကုန်း မြို့နယ် မှာရှိတဲ့ တောင်ကုန်း ဆိုတဲ့ ကျေးရွာလေးမှာ တက်ခဲ့ရတာပါ။ ကျွန်မတို့ရွာက သဲမြေဆိုတော့ မိုးရွာတဲ့ အချိန်ဆိုရင် အရမ်းကို လမ်းလျှောက်လို့ ကောင်းတယ်။ ကျောင်းတွေစဖွင့်တဲ့အချိန်ကလည်း မိုးရွာတဲ့ အချိန်ဆိုတော့ သဲမြေအေးအေး လေးပေါ်မှာ ဖိနပ်မပါဘဲ လမ်းလျှောက်ပြီး ကျောင်းသွားရတာ အရမ်းကို ပျော်စရာကောင်းပါတယ်။ ကျွန်မတို့နယ်မှာ ဖိနစ်မစီးတဲ့ ဓလေ့တစ်ခု ရှိတယ်။ အလှူပွဲ ရှိမှသာ ဖိနပ်စီးကြတာပါ။ တခြား အချိန်ဆိုရင် ဒီအတိုင်း ခြေဗလာနဲ့ လျှောက်ကြတာ များပါတယ်။ ကျောင်းတက်ကြတယ် ဆိုပေမဲ့ ကျောင်းဝတ်စုံ လည်း မ၀တ်ကြပါဘူး။ အိမ်မှာ အမြဲ ၀တ်နေကျ ၀တ်စုံနဲ့သာ ကျောင်းသွား ကြတာပါ။ တခြားကျောင်းသားသုံးပစ္စည်းတွေလည်း ကြုံရာပဲပါကြတယ်။
တချို့က ကျောက်သင်ပုန်းလေး ပိုက်ပြီး ကျောက်တံတားလေး ကိုင်လို့ ကျောင်းကိုလာတယ်။ တချို့ကလည်း ကိုယ့်ထက်ကြီးတဲ့ အစ်ကို၊ အစ်မတွေရဲ့ ဖတ်စာအုပ် အကျလေးတွေကို လွယ်အိတ်စုတ်လေးနဲ့ ထည့်ပြီး ကျောင်းလာ တက်တယ်။ ကျွန်မ လေးတန်းအောင်လို့ မြို့ကကျောင်းကို စသွားရတဲ့ နေ့က မြင်ရတွေ့ရတဲ့ မြင်ကွင်းကိုလည်း ကျွန်မ မေ့မရခဲ့ပါဘူး။ ဖူးငုံတို့လည်း ပါဝင်နေတဲ့ မြင်ကွင်းဖြစ်မှာပါ။ ကျောင်းစဖွင့်တဲ့မြို့ပြရဲ့ မြင်ကွင်းက သစ်လွင်မှု၊ စိမ်းလန်းမှု၊ ပြည့်စုံမှုတွေနဲ့လေ။ ကျောင်းသားတိုင်း ကျောင်းဝတ်စုံအသစ်၊ ကျောပိုးအိတ်အသစ်။ ထီးသစ်၊ ဖိနပ်အသစ်၊ ကျောင်းသုံးစာအုပ်တွေ အားလုံးလည်း အသစ်ပဲလေ။ အခုခေတ်ကျတော့ ကားသစ်တွေနဲ့ပါ ကျောင်းတက်ကြပြီ။ မိဘတွေကလည်း အပြိုင်အဆိုင်နဲ့ပေါ့။
အရာရာ သစ်လွင်နေကြတဲ့ ပညာရေး နယ်ပယ်ကြီးထဲမှာ ဟောင်းနေတာတွေလည်း ရှိနေဆဲပါပဲ။ ပြုပြင်ရမယ့် အချက်တွေလည်း တွေ့နေရဆဲပါပဲ။ ဒီအချက်တွေကို ပညာရေး နယ်ထဲမှာ ထဲထဲဝင်ဝင် နေထိုင်လုပ်ကိုင်နေကြတဲ့ ပညာရေးလူငယ်လေးတွေက သူတို့ရဲ့ ကိုယ်ပိုင် တွေ့ရှိချက်၊ လေ့လာချက်လေးတွေကို ဖူးငုံတို့ သိရအောင် ဒီလ စကားဝိုင်းလေးမှာ ပါဝင် ၀ိုင်းဖွဲ့ပြောဆိုထားကြတယ်။ ဖူးငုံတို့ရဲ့အတွေးတွေနဲ့ တူတာတွေလည်း ရှိမှာပါ။ မတူတဲ့အချက်အလက်တွေလည်း ပါနိုင်ပါတယ်။ ဒါပေမဲ့ ပညာရေးကဏ္ဍတိုးတက်ဖို့အတွက် ဦးတည်ထားတဲ့ အချက်တွေဆို တာတော့ အသေအချာပဲလေ။ ကဲ- ဖူးငုံတို့ကို စကားဝိုင်းမှာ ပါဝင်တဲ့သူတွေနဲ့ အရင်ဆုံး မိတ်ဆက်ပေးမယ်နော်။
သူတို့တွေက ကိုဥက္ကာသင်၊ မခင်ဆုမြတ်ထွန်း၊ ကိုသူရဇော်နဲ့ မခင်စန္ဒာညွန့်တို့ လေးယောက်ပါ။ ကိုဥက္ကာသင်က Myanmar EGRESS က ဆရာတစ်ယောက် ပါ။ မခင်ဆုမြတ်ထွန်းကကျတော့ International School က ကလေးတွေကို GCE O' Level အထိ စာသင် ပေးနေတဲ့ ဆရာမ ဖြစ်ပါတယ်။ ကိုသူရဇော်က တော့ Myanmar EGRESS က ဆရာတစ်ဦးပါပဲ။ မခင်စန္ဒာညွန့်က Civic Education Trainer တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူတို့ လေးယောက်ရဲ့ စကား ၀ိုင်းလေးကို မြန်မာပြည်ပညာရေးအပေါ် သူတို့တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အမြင် တွေနဲ့ စလိုက်ကြပါတယ်။ ဖူးငုံတို့ ဖတ်ရှုကြည့်ပါဦး။
ဥက္ကာသင်။ ။ကျွန်တော်တို့နိုင်ငံမှာက ပညာရေးက လိုတော့လိုအပ်နေ တုန်းပဲ။ ပညာရေးတစ်ခုတည်း မဟုတ်ပါဘူး။ စီးပွားရေးရော၊ နိုင်ငံရေးရော အကုန်လိုနေတာပါ။ ဘယ်ကနေစဖြည့်ရမှန်းကို မသိဘူး ဖြစ်နေတယ်။ ကျွန်တော်ကတော့ ပညာရေးပိုင်းကဆိုတော့ ပညာရေးကို ဖြည့်စေချင်တာ ပေါ့။ ကျွန်တော်တို့ ကျောင်းတွေမှာ One Way Teaching နဲ့ သွားနေတယ်။ အဲဒါကို Two Way ပုံစံမျိုး ပြောင်းသင့်တယ်။ Carry Plan လေးတွေလည်း နည်းနည်း ထည့်စေချင်တယ်။ လုံးဝကြီး ပြောင်းလဲလိုက်ဖို့ မဟုတ်ဘူး။ နည်း နည်းချင်းစီ ချိန်းယူသွားဖို့ လိုတာပေါ့နော်။
ခင်စန္ဒာညွန့်။ ။ ပညာရေးနဲ့ ပတ်သက်ပြီး တွေ့ရတဲ့ အဓိက အချက်ကတော့။ ကျွန်မ ဖြစ်စေချင်တာပေါ့နော်။ ဖြစ်သင့်ဖြစ်ထိုက် တယ်လို့လည်း ထင်တယ် ပေါ့နော်။ အဲဒါက ကျွန်မတို့ဆီမှာ အခြေခံ ပညာအဆင့်မှာ တစ်တန်းအောင်တယ်။ တစ်တန်းအောင်တယ် ဆိုတဲ့ အသိအမှတ်ပြုမှု စာရွက်နဲ့ ဒီဟာပဲ အရင်းခံ ကျန်ခဲ့တာ ရှိတယ်။ တခြား Social Capital တွေ ဘာတွေနဲ့ ပတ်သက်ပြီး ဘာမှ ပါမလာခဲ့ဘူး။ အဲဒါကြောင့် ၁၀ တန်းအောင်သွားတဲ့ အထိ ကိုယ်ဘာစိတ်ဝင်စားမှန်း မသိဘူး။ ငယ်ငယ်လေးထဲက ကိုယ်ဘာဖြစ်ချင်တာလည်း သိချင်မှ သိမယ်။ ကလေးတွေ ငယ်ငယ်တုန်းက မေးကြည့်ရင် ဆရာဝန်ကြီး ဖြစ်ချင် တယ်။ အင်ဂျင်နီယာကြီး ဖြစ်ချင်တယ်လို့ ပြောတယ်။ အဲဒါကို ကြည့်ခြင်း အားဖြင့် မြန်မာပြည်မှာ လေ့လာရမယ့် အခန်းကဏ္ဍက အများကြီး ရှိမနေဘူး ဆိုတာ တွေ့ရတယ်။ ဒီလိုရှိမနေအောင် အဟန့်အတားတွေ ရှိတယ်ဆိုတဲ့ အကြောင်းရင်းတွေက အများကြီးပါတာပေါ့နော်။
ကလေးတွေမှာ သူတို့ ရွေးချယ်စရာတွေ၊ စိတ်ဝင်စားစရာတွေ အများကြီးရှိတယ်ဆိုတာ မသိကြ ဘူး။ သူတို့မသိတာကလည်း မသိစေရတဲ့အကြောင်းရင်း အများကြီးရှိတာ ပေါ့နော်။ အဲဒါက တစ်ချက်ပါ။ နောက်ထပ်တစ်ခုကကျတော့ အရင်တုန်းက ကျောင်းတွေမှာ လူရည်ချွန် ဆုတွေ ဘာတွေပေးတယ်လေ။ အဲဒီဆုက အတန်း ထဲမှာ အဆင့် ၁ ရရုံနဲ့ပေးတာ မဟုတ်ဘူး။ ကာယ၊ ဉာဏ အပြည့်အ၀ စုံလင်မှ ပေးတာလေ။ ဥပမာ- အတန်းထဲမှာ ခေါင်းဆောင်မှုစွမ်းရည်၊ အချင်းချင်း ရိုင်းပင်း ကူညီမှုစွမ်းရည် အားလုံးကို ကြည့်ပြီးမှ လူရည်ချွန်ဆို တာပေးတာ။ ဆုကိုရပြီ ဆိုရင်လည်း ကျောင်းအုပ် ရုံးခန်းထဲမှာကို ဓာတ်ပုံနဲ့ တစ်ခမ်းတနား ဓာတ်ပုံချိတ်ပြီး ဂုဏ်ပြုခံရတယ်။
အဲဒါကြောင့် အရင်တုန်းက ကျောင်းပညာရေးမှာတင် Social Capital ပေါ့နော်။ အဲဒါတွေ ဘယ်လောက် ထိပါအောင် ထည့်ပေး လိုက်နိုင်လဲပေါ့။ အရင်တုန်းက ပညာရေးအဆင့်အတန်း ကို ကျွန်မတို့ ခန့်မှန်းကြည့်လို့ ရတယ်ပေါ့နော်။ အခုလက်ရှိ ပညာရေးမှာ ဆိုရင် မိဘတွေက အစစအရာရာ ပံ့ပိုးပေးနေတယ်။ ကိုယ် ၁၀ တန်းအောင်တဲ့ အထိ ကိုယ်ဘာစိတ်ဝင်စား မှန်းတောင် မသိကြဘူးဖြစ်နေတယ်။ အရင်တုန်း ကထက် ကျောင်းပညာရေးမှာ Social Capital အရမ်းကို အားနည်းသွားပြီ ပေါ့နော်။ အရင်တုန်းက နွေရာသီကျောင်းပိတ်ရက်ဆိုရင် ကြက်ခြေနီသင်တန်း တို့၊ မီးသတ်သင်တန်းတို့ အဲဒါတွေတက်ဖို့ ကျောင်းသားတွေက စိုင်းပြင်းနေ ကြပြီ။ ပြီးတော့ ကျောင်းဖွင့်တဲ့ အခါမှာ ငါတို့ ကြက်ခြေနီသင်တန်း၊ ငါတို့ မီးသတ် သင်တန်းက ဘာတွေ သင်လိုက်တာ ဘာတွေတက်လာတာ ဆိုပြီး ပြန်ကြွားကြတာ။
အဲဒီမှာ တွေ့ရတာက Social Capital တစ်ခုပဲ။ အချင်းချင်း ဆက်ဆံရေး၊ ပူးပေါင်းလုပ်ဆောင်မှုတွေ ပေါင်းသင်းလုပ်ဆောင်တတ်မှု တွေကို ထည့်ပေးလိုက်တာပဲ။ ကဗျာ စပ်ရတာတွေ၊ အကတိုက်ရ တာတွေ အပင်စိုက်ရတာတွေဟာလည်း ကာယ၊ ဉာဏကို ဖွံ့ဖြိုးစေတဲ့ အလေ့အကျင့် တွေပဲ။ အခု ခေတ်ကလေးတွေကျတော့ ကျောပိုးအိတ်ထဲမှာ စာအုပ်တွေ တနင့်တပိုးထည့်ပြီး ကျောင်းသွား၊ ကျူရှင်သွားပေါ့နော်။ တဖြည်းဖြည်းနဲ့ ၁၀ တန်း အောင်သွားတဲ့အချိန်မှာ ကိုယ်ဘာစိတ်ဝင်စားလဲဆိုတာ မလေ့လာ ရသေးဘူး။ သေသေချာချာ မသိသေးဘူး ဖြစ်နေတယ်။ ကိုယ့်ရဲ့ Capital က Level အလိုက် တက်မလာဘူးဖြစ်နေတာ။ တက္ကသိုလ်ပညာရေးမှာကျ တော့လည်း ကျောင်းပြီးသွားပေမယ့် University Life မှာ တက်လာရမယ့်၊ ဖွံ့ဖြိုးလာရမယ့် Social Capital ကလည်း ဘာမှ မရှိဘူး။
ဘွဲ့ရသွားတဲ့ အခါမှာလည်း ကိုယ်ယူ လိုက်တဲ့ဘာသာရပ်အလိုက် အလုပ်အကိုင် အခွင့် အလမ်းက မရှိဘူး ဖြစ်နေတယ်။ ကိုယ်ကိုတိုင်က လည်း ဘာလုပ်ရမယ်ဆိုတာ မသိဘူးဖြစ်နေ တယ်။ ပိုက်ဆံရအောင်ပဲ ရှာရမလား၊ ငါစိတ်ဝင် စားတာပဲ ရှာရမလားပေါ့နော်။ တစ်ဘက်က စဉ်း စားကြည့်မယ်ဆိုရင်လည်း အစိုးရမူဝါဒပိုင်းက လုပ်ပေးရမယ့်အပိုင်းတွေ ရှိတယ်ပေါ့။ အစိုးရ အနေနဲ့လည်း စဉ်းစားရမယ့်ကိစ္စပေါ့နော်။ အဓိက University Education နဲ့ အစိုးရ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ချိတ်ပေးရမယ်။ တချို့နိုင်ငံ တွေမှာဆိုရင် စီးပွားရေး လုပ်ငန်းရှင်တွေက ကိစ္စရပ် တစ်ခုနဲ့ ပတ်သက်တဲ့ အကြံဉာဏ်မျိုးကို University က စာတမ်းတွေကို ကြည့်ပြီးတော့ လုပ်တယ်။ တက္ကသိုလ်က သက်ဆိုင်ရာ ပညာ ရှင်တွေရဲ့ အကြံဉဏ်တွေယူတယ်။ အဲဒီ ပညာရှင်တွေကို မှီခိုအားထားကြတယ်။
အလုပ် အကိုင်အခွင့်အလမ်းတွေဆိုရင်လည်း သူတို့နိုင်ငံ တွေမှာ Chemistry ဘာသာရပ်ဆိုရင်လည်း သူနဲ့ ပတ်သက်တဲ့ စက်ရုံတွေ၊ စီးပွားရေးအခွင့်အလမ်း တွေရှိတယ်။ တစ်ခါတည်းချိတ်ထားပြီးသားဖြစ် နေတယ်။ ဒီဘွဲ့ရရင် ဒီအလုပ်ကို ၀င်ရမယ်ဆိုတာ ရှိကိုရှိနေရမယ်။ ကျွန်မတို့ မြန်မာပြည်မှာက ကျောင်းက ကျောင်းသက်သက်၊ အလုပ်သက် သက်ဖြစ်နေတယ်။ ကြားထဲမှာ အဆက်ပြတ်နေ တယ်။
သူရဇော်။ ။ မြန်မာပြည် ပညာရေးနဲ့ ပတ်သက်ပြီး ကျွန်တော် နားလည်သလောက် ပြော ရရင်တော့ တချို့ဟာတွေ ကောင်းပြီး တချို့ဟာတွေက မကောင်းဘူးဗျ။ မြန်မာပြည်ပညာရေး ကစနစ်နဲ့ သီအိုရီ အရမ်းကောင်းတယ်။ လက်တွေ့မှာ အလုပ်မဖြစ်တာတွေ အများကြီးရှိတယ်။ ဘွဲ့ရ လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်တာဟာ ပညာရေး မကောင်းလို့ချည်းပဲ မဟုတ်ဘူး။ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုကြောင့်လည်း ပါတယ်။ မြန်မာပြည် ပညာရေးက လူအရေအတွက်ကို ဦးစားပေးပြီး အရည်အချင်းပိုင်းလျော့နေတယ်။ နောက်ပြီးတော့ မိဘတွေနဲ့လည်း ဆိုတယ်ဗျ။ ပညာရေးစနစ်အကြောင်းပြောရင် ကျောင်းသား မှာ အပြစ်ရှိတာလား၊ မိဘမှာ အပြစ်ရှိတာလား၊ ဆရာတွေမှာ အပြစ်ရှိတာလားပေါ့နော်။ လူတိုင်း မှာ အားနည်းချက်ရှိတယ်ဗျ။ ပြန်ပြီး ခွဲခြမ်း စိတ်ဖြာကြည့်လိုက်တဲ့အခါမှာ ပိုပြီးတော့ ရှုပ် ထွေးသွားတယ်။ ဘဲဥအစ ရှာမရသလို ဖြစ်နေ တာပေါ့နော်။
ခင်ဆုမြတ်ထွန်း။ ။ ဆုမြတ်က ၁၀ တန်းကို ၂၀၀၅ တည်းက အောင်တာ။ ဒါပေမဲ့ ၂၀၁၁ ကျမှ ပြန်ပြီးတော့ Join ဖြစ်တယ်။ ၂၀၀၅ မှ ကျောင်းဆက် တက်ချင်တဲ့ စိတ်လည်း မရှိဘူး။ ဘာမေဂျာ ယူရမှန်းလည်း မသိဘူး။ ကိုယ်မှန်း ထားခဲ့တဲ့အရာ မရခဲ့တဲ့ အတွက် တခြား ရွေးချယ် စရာလည်း မရှိတော့ဘူးပေါ့နော်။ နောက်ကျ တော့ စာတွေဖတ်တယ်။ လေ့လာရင်းနဲ့မှ ကိုယ် ဖတ်တဲ့ စာအုပ်တွေထဲက နေပြီးတော့ ကိုယ့်ဘ၀ အတွက် ကိုယ်ဘာလုပ်ချင်လဲ ဆိုတာတွေကို သိလာရတယ်။ ကိုယ်သင်ချင်တဲ့ဘာသာကို ကိုယ် သင်တယ်။
အဲဒီလို ကိုယ်ယူချင်တဲ့ ဘာသာကို ယူတဲ့အတွက် ပြဋ္ဌာန်းစာအုပ်က အစ စိတ်ပါ လက်ပါ ယူပြီးတော့ ကြည့်ချင်တယ်။ သူများတွေလို မဟုတ်ဘူးပေါ့နော်။ တချို့ဆိုရင် အိမ် ရောက်တာနဲ့ စာအုပ်ကို ကိုင်မကြည့်ချင်တော့ ဘူးပေါ့နော်။ ဒါပေမဲ့ ဆုမြတ်ကတော့ အဲဒီလို မဟုတ်ဘူး။ ကိုယ်တကယ် တက်ချင်တဲ့ ဘာသာ ရပ်ဖြစ်တဲ့အတွက် ကျောင်းပြင်ပမှာလည်း အမြဲ တမ်း ဒီဘာသာရပ်ကို လေ့လာချင် နေတယ်။ လေ့လည်းလေ့လာဖြစ်တယ်။ ဒါပေမဲ့ ပတ်ဝန်း ကျင်မှာရှိတဲ့ လူငယ်တွေ တော်တော်များများက သူတို့ဘာကိုသင်ချင်တာလည်း ဆိုတာကို မရွေး ချယ်တတ်ကြဘူး။
ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ တန်ဖိုးထားတဲ့ စံနှုန်းတွေ ရှိတယ်။ ဆရာဝန်မှ အင်ဂျင်နီယာမှ စစ်ဗိုလ်ဖြစ်မှ ဒါကလူတော်တွေလို့ သိထားကြတယ်။ ဥပမာ အဆိုတော် ဖြစ်ချင်တာတောင်မှ ၁၀ တန်း ပြီးတဲ့ အချိန်မှာ သီချင်းဆိုဖို့ အဆင်သင့် မဖြစ်ဘူး။ ပြောလည်း မပြောရဲကြဘူးပေါ့နော်။ ပတ်ဝန်းကျင်ရဲ့ စံနှုန်းတွေနဲ့ မကိုက်ညီမှာကို စိုးရိမ်ကြတာလည်း ပါတာပေါ့နော်။ ရဲရဲဝံ့ဝံ့ မရွေးချယ်ရဲကြဘူး။ အဓိကကတော့ သင်ကြားမှုပုံစံတွေထဲမှာ ကလေး တွေကို တွေးနိုင်တဲ့ စွမ်းအားတွေ ထည့်မပေးလိုက် နိုင်တာပေါ့နော်။ တက္ကသိုလ်အဆင့်မှာ ပြဋ္ဌာန်း ထားတဲ့ ဘာသာရပ်တွေနဲ့ ပတ်သက်ပြီးတော့ လည်း ၀ိုင်းဝန်းဆွေးနွေးခဲ့ကြတယ်။ လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်ရတဲ့ အဓိက အကြောင်းရင်း တွေကိုလည်း ကိုယ့်အမြင် သူ့အမြင်တွေ ဖလှယ် ပြီး ဆွေးနွေး ခဲ့ကြတယ်။ တူညီတဲ့ အမြင်တွေက များနေတာတွေ့ရတယ်။ ဖူးငုံတို့ရဲ့အမြင်တွေနဲ့ရော တူညီမှုရှိလားဆိုတာ ဖတ်ကြည့်ကြပါဦး။
ခင်စန္ဒာညွန့်။ ။ တက္ကသိုလ်မှာ ရှိတဲ့ ဘာသာရပ်တွေအားလုံးက သူ့ဟာနဲ့ သူ အသုံးချလို့ရတဲ့အတွက် ဘာသာရပ် တစ်ခုအဖြစ် တည်ရှိနေတယ်။ သင်နေ တယ်လို့ ထင်တယ်။ မြန်မာစာဆိုလည်း မြန်မာစာ အလျောက် အသုံးချလို့ ရတယ်။ မြန်မာစာနဲ့ ပတ်သက်တဲ့ တိုးတက်အောင် လုပ်လို့ရတဲ့ အပိုင်းတွေ အများ ကြီးရှိတယ်။ Art နဲ့ ပတ်သက်တဲ့အပိုင်းတွေ တိုးတက်လာမယ်ဆိုရင် မြန်မာစာ သမားတွေ အတွက် အခွင့်အလမ်းတွေ ရလာမယ်လို့ ထင်တယ်။ တခြား ဥပမာ ပြောရမယ်ဆိုရင် အင်္ဂလိပ်စာပေါ့နော်။ ခရီးသွား လုပ်ငန်းတွေ ဖွံ့ဖြိုးလာတဲ့ အတွက် အင်္ဂလိပ်စာ သမားတွေ ၀င်လို့ရလာတယ်။ ဘာသာရပ် တစ်ခုချင်းစီ လည်း ဒီလိုမျိုးဝင်လုပ်လို့ရတယ်။ ဒါပေမဲ့ ဘာသာရပ်နဲ့ စီးပွားရေး ချိတ်ဆက်မှု မရှိတာ။ အရည်အသွေးအရလည်း ချိတ်ဆက်မှုမရှိတာတွေ တွေ့ရတယ်။
သူရဇော်။ ။ ဘွဲ့ရတွေ အလုပ်လက်မဲ့ ဖြစ်တာနဲ့ ပတ်သက်ပြီးတော့ နေရာ တိုင်းမှာ ဖြစ်နေတယ်။ ဥပမာ ဆရာဝန်တွေ ဆမ လက်မှတ်ရတဲ့ ၁၅၀၀ လောက်က အစိုးရ အလုပ်ရဖို့ စောင့်နေတဲ့ သူတွေ အများကြီးပဲ။ အစိုးရက တကယ်ပေးနိုင်တဲ့ပမာဏာက ၅၀၀ လောက်ပဲ ရှိတယ်လေ။ ဆရာဝန်တွေတင် မဟုတ်ဘူး။ အခြား နေရာတွေမှာလည်း ဒီလိုပဲ။ အလုပ်အကိုင် အခွင့်အလမ်း ပွင့်လာမယ်ဆိုလို့ ရှိရင် ဒီလို အလုပ် လက်မဲ့တွေ လျော့သွားမှာပေါ့နော်။ အခွင့်အလမ်းတွေပွင့်လာလို့ နိုင်ငံခြားကုမ္ပဏီတွေရောက်လာခဲ့ရင် တချို့ စီးပွားရေးဇုံတွေမှာ နှစ် ၆၀ စီမံကိန်းရှိတယ်ပေါ့နော်။
ပထမ ၁၀ နှစ်မှာ မြန်မာ အလုပ်သမား ၅ ရာခိုင်နှုန်း ပါရမယ်။ ဒုတိယ ၁၀ နှစ်မှာ မြန်မာ အလုပ်သမား ၁၅ ရာခိုင်နှုန်း ပါရမယ်။ နှစ် ၆၀ ပြည့်သွားတဲ့ အခါမှာ အားလုံး က မြန်မာ အလုပ်သမားတွေ ဖြစ်ရမယ်။ ဒါပေမဲ့ ဒီလို ပညာရေးမျိုးနဲ့ ဆိုရင်လုံးဝ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ မြန်မာ ကျောင်းသားတွေက ကိုယ့် ကိုယ်ကို ယုံကြည်မှု မရှိဘူး ဖြစ်နေတယ်။ အဲဒါလည်း လိုအပ်တယ်။ ကျွန်တော်တို့ မြန်မာပြည်မှာက မိဘအရိပ်အောက်မှာ နေကြတာ များတာပေါ့နော်။ ပြီးတော့ နိုင်ငံတကာ အတွေ့အကြုံတွေလည်း နည်းတယ်ပေါ့နော်။ တချို့ဆို ရင် ဘွဲ့ရတဲ့အထိ ကိုယ့်ဘာသာခရီးမသွားတတ်ဘူး။ မိဘပါမှ ဖြစ်နေတယ်။ ဒါတွေက အစလက်တွေ့ဘ၀ထဲမှာ မရဘူးဖြစ်နေတာပေါ့နော်။ ဒါမျိုးတွေ လည်း ပြင်ပေးဖို့ လိုတယ်လို့ ထင်တယ်။ ပညာရေးအပိုင်းရော၊ လူမှုပတ်ဝန်း ကျင်အပိုင်းရောပေါ့နော်။
ဥက္ကာသင်။ ။ ကျွန်တော်တို့တွေက ကျောင်းမှာသင်တော့ သင်လိုက်တယ်။ ဒါပေမဲ့ ဘွဲ့ရတဲ့အခါမှာ ကိုယ်ရတဲ့ဘွဲ့အပေါ်ဆက်ပြီး Focus မလုပ်နိုင်ဘဲ နဲ့ အဆင်ပြေတဲ့အလုပ်တစ်ခုခုကို ၀င်လုပ်ကြရတယ်။ ပိုက်ဆံရမယ့် အလုပ် တစ်ခုကို ၀င်လုပ်ကြရတယ်။ နောက်ခံမိသားစုက စိတ်ချရတဲ့အသိုင်းအ၀ိုင်း ဆိုရင်တော့ ကိုယ်ဝါသနာ ပါတာတွေ စိတ်ကြိုက် လုပ်နိုင်တာပေါ့နော်။ တချို့ တွေဆိုရင် ရထားတဲ့ဘွဲ့ကတစ်မျိုး လုပ်ရတဲ့ အလုပ်က တစ်မျိုး ဖြစ်နေတာတွေ အများကြီး ရှိတာပေါ့နော်။ အဲဒါက အချက် တစ်ခုတည်းကြောင့်တော့ မဟုတ် ဘူးဗျ။ အကုန်လုံးနဲ့ ဆိုင်တယ်။ တက္ကသိုလ်က ဆရာ၊ ဆရာမတွေလည်း တချို့က ကောင်းကောင်း သင်တာတွေရှိတယ်။ တချို့ကျတော့လည်း သူတို့ ရတဲ့လစာနဲ့ မလောက်ဘူး။ မလောက်တော့ သူတို့လည်း ပြီးပြီးရောပဲပေါ့နော်။ ဥပမာ ငါတို့တစ်ရာဖိုးသင်လည်း လကုန်ရင် ဒီလောက်ပဲရမှာ။ ငါးဆယ်ဖိုး သင်လည်း ဒီလောက်ပဲ ရမှာ အဲဒါမျိုးတွေ စဉ်းစားကြတာရှိတယ်။ ဒါက သင်တဲ့ဆရာတွေဘက်ကပေါ့နော်။ နောက်ပြီး သင်တဲ့နည်းလည်း ရှိသေး တယ်။ နောက်ကျောင်းသားတွေဘက်ကကျတော့လည်း သူတို့မိသားစုရဲ့ စားဝတ်နေရေးရှိမယ်။ အရှင်းလင်းဆုံးပြောရရင်တော့ ပညာရေးကို အားမရ သေးပါဘူး။
ပညာရေး အပိုင်းမှာ ပြုပြင်သင့်တာတွေနဲ့ ပတ်သက်ပြီး ဆက်ပြင်းပြော ခဲ့ကြသေးတယ်။ ကိုယ်မြင်တဲ့ ရှုထောင့်အသီး သီးကပေါ့နော်။ တူညီတဲ့ အမြင်တွေ ရှိသလို မတူ ညီတဲ့ အမြင်တွေလည်း ရှိတယ်။ အတွေ့အကြုံ တွေကလည်း အမျိုးမျိုးဆိုတော့ စကားဝိုင်းက သိပ်ကို အသက်ဝင်လှပါတယ်။ ဖူးငုံတို့လည်း စကားဝိုင်းက အသံတွေ နားထောင်ပြီး ကိုယ်တိုင် တွေ့ကြုံရသလို ခံစားရမှာပါ။ ဆက်ပြီးတော့ ဖတ်ကြည့်ကြပါဦးနော်။
ခင်စန္ဒာညွန့်။ ။ ပြဋ္ဌာန်း စာအုပ်တွေမှာလည်း စာရွက်တွေက ပါးပြီး ရေစိုရင် ကိုင်လို့တောင် မရတော့ဘူး။ ကျောင်းသားတွေက အိမ်ပြန် ရောက်ရင် စာအုပ်ကို ကိုင်ချင်စိတ် မရှိတော့ဘူး။ တကယ်လို့များ ပြဋ္ဌာန်းစာအုပ်ကို အရောင် အသွေးစုံစုံနဲ့ ခိုင်ခိုင်ခံ့ခံ့ လုပ်ပေးမယ် ဆိုရင် ပိုပြီးကောင်းနိုင်တယ်လို့ ထင်တယ်။ နောက်ပြီး စာသင်ခန်းသုံး ပစ္စည်းတွေမှာလည်း ပြောင်းလဲဖို့ လိုတယ်။ တချို့နိုင်ငံတွေမှာ ကျွန်မ တွေ့ဖူးတာ ပေါ့နော်။ ကျောင်းသုံး ပေတံလေးတွေမှာ တစ်လက်မစီကို အကွက်ကလေးတွေနဲ့ ဓာတ်ပုံလေး တွေပါတယ်။ အဲဒီ ဓာတ်ပုံလေးတွေက သူတို့ နိုင်ငံ ရဲ့ အစဉ်အဆက် သမ္မတတွေရဲ့ ပုံလေးတွေပေါ့ နော်။ သူတို့တွေက ပေတံတိုင်းရင်းနဲ့ ဒါကတော့ ငါတို့နိုင်ငံရဲ့သမ္မတ ဘယ်သူ၊ ငါတို့ သမ္မတတွေ ဆိုပြီး သူတို့ကမှတ်မိ နေကြတယ်။ အဲဒီလိုမျိုး သင်ထောက်ကူ ပစ္စည်းတွေလည်း တိုးတက်အောင် လုပ်သင့်တယ်။
ကျောင်းသုံး စာအုပ်တွေကိုလည်း တစ်နှစ်တစ်ခေါက် ပြန်ပြီး ပုံနှိပ် နေတာဟာလည်း စရိတ် သက်သာရဲ့လားပေါ့နော် တွေးစရာ ရှိတာလေ။ တကယ်လို့ အရည်အသွေး ကောင်းကောင်း နဲ့ ရိုက်နှိပ်ထားမယ် ဆိုရင် ပိုပြီး ကောင်းနိုင်မလား လို့ပေါ့နော်။ မူဝါဒပိုင်း၊ သင်ကြားမှု အပိုင်း၊ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးပိုင်း စဉ်းစားရုံတင် မဟုတ်ဘူး ကြားခံ အသုံးပြုမယ့် သင်ထောက်ကူ ပစ္စည်းတွေလည်း အများကြီး စဉ်းစားဖို့ လိုတယ် ပေါ့နော်။
ခင်ဆုမြတ်ထွန်း။ ။ ကျွန်မ စာသင်ပေးရတဲ့ International School မှာရှိတဲ့ ပြဋ္ဌာန်းစာအုပ်တွေ ဆိုရင် ကျွန်မတောင်မှ စိတ်ဝင်စားပါတယ်။ ကလေးတွေကတော့ ပြောမနေနဲ့တော့ပေါ့နော်။ စကားလုံး တစ်ခုကို မှတ်မိစေချင်တယ် ဆိုရင် ကာတွန်းလေးနဲ့ပေါ့နော် ပြထားတာ ရှိတယ်။ အဲဒီ တော့ ကာတွန်းလေးကို စိတ်ဝင်စားသွားတဲ့ အခါ ကျတော့ မြန်မြန် မှတ်နိုင်သွားတယ်။ ပြီးတော့ မမေ့တော့လောက်အောင် မှတ်မိနေတတ်တယ်။ နောက်ပြီး ခရီး ထွက်ပေးတဲ့ အလေ့အထမျိုးကလည်း ကောင်းပါတယ်။ ကျောင်းသားတွေကို စုပြီး ခရီးထွက်ကြတဲ့ အခါမှာ ကျောင်းသားတွေ က တစ်နေကုန်ရဲ့ဇယားကို အမေ၊ အဖေ မပါဘဲ နဲ့ ကိုယ့်ဖာသာကို လုပ်တတ်လာတယ်။ ကိုယ့် ကိုယ်ကိုလည်း ယုံကြည်မှု ရှိလာကြတယ်။
ဒါပေမဲ့ အစိုးရကျောင်းတွေမှာကျတော့ ဆရာမ သင်ပေးမှ လုပ်တတ်တယ်။ ဆရာမ မသင်ပေး ရင် မလုပ်တတ်တော့ဘူး။ ဆရာမပြောနေတာ မှားနေလားလို့ သံသယမဖြစ်ဘူး။ စောဒက လည်း မတက်ကြဘူး။ ဆရာမ ပြောတာပဲ အမှန်လို့ ယူဆ ထားကြတယ်။ ပြန်ပြီး မမေးရဲကြဘူး။ International School မှာကျတော့ ထပြီး မေးရဲ ကြတယ်။ အဲဒီလိုမျိုးလေးတွေ ပြင်ဖို့ စဉ်းစားသင့် တာပေါ့နော်။
ကျွန်မတို့ မြန်မာပြည်မှာရှိတဲ့ ကျောင်းသားတွေရဲ့ဘ၀ရည်မှန်းချက်၊ မျှော်လင့် ချက်တွေနဲ့ ပတ်သက်ပြီး စကားဝိုင်းမှာ ပြောဖြစ် ကြပါသေးတယ်။ ဖူးငုံတို့လည်း ဒီစကားဝိုင်းကို ဖတ်ပြီး စိတ်ကူး မျှော်လင့်ချက်တွေ ပြောင်းသွား မလား။ ဒါမှမဟုတ် အရင်က စိတ်ကူးတွေ အတိုင်းပဲ ရှိနေဥိးမလား ဆိုတာ ကျွန်မတော့ သိချင် မိပါတယ်။ ကဲ- ဘယ်လိုပဲဖြစ်ဖြစ်ပါ စကားဝိုင်းထဲက အသံတွေကို နားဆင် ဖတ်ရှုကြပါဦးနော်။
ခင်စန္ဒာညွန့်။ ။ ကျွန်မတို့ဆီမှာ ကလေးတွေရဲ့ အမြင့်ဆုံးရည်မှန်းချက်က ဆရာဝန်နဲ့ အင်ဂျင် နီယာပဲ ရှိတယ်။ ကျွန်မတို့ ဆီမှာ နက္ခတ်ဗေဒ ပညာရှင် ဖြစ်ချင်တဲ့ ကျောင်းသားကို မတွေ့ဖူး သေးဘူး။ နျူကလီးယား ပညာရှင် ဖြစ်ချင်တဲ့ ကျောင်းသားလည်း မရှိဘူး။ သူများ နိုင်ငံတွေမှာ ကလေးတွေက ၀န်းကြီးချုပ် ဖြစ်ချင်တာ၊ သမ္မတ ဖြစ်ချင်တာ၊ နျူကလီးယား ပညာရှင်၊ နက္ခတ် ဗေဒပညာရှင် ဖြစ်ချင်တာမျိုးတွေ ရှိတယ်။ အဓိက ပညာရေး အပိုင်းမှာ ပြဋ္ဌာန်းချက်တွေကလည်း အရေးကြီးသေးတယ်။ အဲဒီပြဋ္ဌာန်းချက် တွေကို ပြန်အသုံးချနိုင်ဖို့လည်း အရေးကြီးတယ်။
ပညာရေး စနစ် ရေစီးကြောင်းနဲ့ ပတ်သက်ပြီး တော့လည်း ဆက်ပြီး ပြောဖြစ်ခဲ့ကြပါသေးတယ်။ ဟိုးယခင် အချိန်တုန်းက စနစ်တွေနဲ့ အခုခေတ်မှာ ပြောင်းလဲလာတဲ့အကြောင်းတွေကို အဓိကပြော ဖြစ်ကြတာပါ။ ဖူးငုံတို့လည်း ၀ိုင်းပြီးတွေးပေး၊ စဉ်းစား ပေးကြဦးနော်။ ကဲ- ကျွန်မတို့ စကား ၀ိုင်းက စဉ်းစား ထားတာတွေကတော့-
ခင်စန္ဒာညွန့်။ ။ အရင်တုန်းက မြန်မာပြည် ပညာရေးနဲ့ အခု ပညာရေးက နည်းနည်းတော့ ကွာတယ်။ အခုကျတော့ ပုဂ္ဂလိက ပညာရေးက တိုးတက်လာတယ်။ ပုဂ္ဂလိက ကျောင်းတွေများ လာတယ်။ အစိုးရနဲ့ ချိတ်ဆက်ထားတဲ့ ပုဂ္ဂလိက ကျောင်းတွေ၊ အင်္ဂလိပ်ကျောင်းတွေ များလာတာ တွေ့ရတယ်။ ဒါကလည်း ပွင့်လင်းလာတဲ့ ရေစီးကြောင်း အရ တက်လာတာပေါ့နော်။ ဒီလို ရေစီးကြောင်းမှာ ဒီလိုတက်လာတဲ့ဟာ ကောင်းတယ်လို့ ပြောရမယ်။ ပြည်ပကို သွားရောက် သင်ကြားမှု၊ Scholarship ရရှိမှုတွေကလည်း တက်လာတယ်။ ဒါပေမဲ့ အစိုးပိုင်း ဆိုင်ရာ မူဝါဒတွေကတော့ ထက်ပြီးတော့ တိုးတက်အောင် လုပ်ဖို့ လိုသေးတာပေါ့နော်။ အဲဒီအတွက် တတ်သိပညာ ရှင်တွေ အများကြီး ဆီက အကြံဉာဏ်တွေ၊ ယူသင့်တောင်းသင့်တယ်။ ပညာရှင်တွေ ရှိပြီး မတိုးတက်တာတွေ ရှိနေတာဟာ မဖြစ်သင့်ဘူးပေါ့နော်။ ပရဟိတ သင်တန်းတွေ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း စကား ၀ိုင်းဖွဲ့ခဲ့ကြတယ်။ ပရဟိတ သင်တန်းတွေက အခုဆိုရင် နေရာ အနှံ့အပြားမှာ ရှိနေကြပြီဖြစ်ပါတယ်။ အဲဒီလိုမျိုး ပရဟိတ သင်တန်းတွေ ပေါ်လာတာနဲ့ ပတ်သက်ပြီး ဖူးငုံတို့ရော ဘယ်လိုများ သုံးသပ်ကြလဲရှင်။ ကျွန်မတို့စကား ၀ိုင်းက ပြောမိကြတာကတော့-

ခင်ဆုမြတ်ထွန်း။ ။ ပရဟိတ
သင်တန်းကျောင်းတွေနဲ့ ပတ်သက်ပြီး ဆုမြတ် ကိုယ်တွေ့တစ်ခု ရှိတယ်။ ဆုမြတ်က ကွန်ပျူတာ
အခြေခံ သင်တန်း တစ်ခုကို သွားတက်တာလေ။ အဲဒီမှာ ကွန်ပျူတာလည်း မတွေ့ ခဲ့ရဘဲနဲ့
သင်တဲ့ ဆရာမက စကားလုံး အခေါ်အဝေါ်တွေပဲ သင်ပေးတာ။ အဲဒါနဲ့ စိတ်ပျက်ပြီး သွား
မတက်တော့ဘူး။ ဒါပေမဲ့ ပရဟိတ သင်တန်းတွေ ပေါ်လာတဲ့ အတွက် အနည်းနဲ့ အများတော့
ကောင်းတာတွေ ရှိပါတယ်။
ခင်စန္ဒာညွန့်။ ။ ကျွန်မ ကြုံတွေ့ ရတာကတော့ နယ်မှာ ၁၀ တန်းအောင် ထားတဲ့ ကလေးတွေက ကွန်ပျူတာ သင်တန်းတို့၊ စကားပြော သင်တန်းတို့ တက်ချင်ကြတာ။ ဒါပေမဲ့ ငွေကြေးအားဖြင့် မတက်နိုင်ကြဘူး ဖြစ်နေတယ်။အဲဒီအခါမှာ ပရဟိတ သင်တန်းတွေကို အားကိုးကြရတယ်။ အဲဒီတော့ လူတန်းစား အလွှာပေါင်းစုံအတွက် တော့ အထောက်အကူ မပြုပေမဲ့ အလွှာတစ်ခု အတွက်တော့ တော်တော်လေး အထောက်အကူ ပြုပါတယ်။
သူရဇော်။ ။ မြန်မာပြည်မှာ အခမဲ့ပညာရေး စနစ်ပေါ့နော်။ တကယ် ပြောင်းသွားတာက ၂၀၀၈ မှာစပြီး ပြောင်းသွားတာ။ လက်ရှိ အစိုးရလက် ထက်မှာကျတော့ ရိုးရိုး အခမဲ့ ပညာရေးမဟုတ် တော့ဘူး။ မသင်မနေရ အခမဲ့ ပညာရေး စနစ် ဖြစ်သွားတယ်။ မသင်မနေရ ဆိုတဲ့ သဘော တရားက ကျောင်းသားဟာ မတက်လို့မရဘူး။ ဒါပေမဲ့ ဒီလို လုပ်လို့ ကျောင်းသားတွေက ကျောင်းကို တကယ်ရောက်မှာ လားပေါ့နော်။ ကျောင်းသား မိဘတွေမှာလည်း ပြဿနာတွေ ရှိနိုင်တယ်။ ကျောင်းသားအတွက် လိုအပ်ချက်တွေကလည်း အများကြီးပဲ ရှိတယ်။ တချို့ကလေးတွေက မိသားစု အတွက် ငွေရှာ နေရတာ တွေရှိတယ်။ အဲဒီ အခါမှာ ကျွန်တော်တို့ အနေနဲ့ စဉ်းစားရမှာက ကလေးအလုပ် သမားတွေရှိတာ မကောင်းဘူးလားပေါ့။
ဥပမာ လက်ဖက်ရည်ဆိုင်တို့လို နေရာမျိုးမှာ ကလေး အလုပ်သမား တွေရှိလို့ ကျွန်တော်တို့တွေ ဈေးချိုချို စားနေရတာ။ ဒီနေရာမှာ အသက် ၂၀ ကျော် ပတ်ဝန်းကျင်၊ အရွယ်ရောက်ပြီး သားတွေကို ခိုင်းမယ်ဆိုရင် လခ ပိုပြီးပေးရမယ်။ အဲဒီအခါ ကျွန်တော်တို့ စားနေရတဲ့အစားအစာတွေ ဟာလည်း ဈေးကြီး သွားမှာပဲ။ အဲဒီလို အခက်အခဲတွေ ရှိတယ်ဗျ။
ဒါပေမဲ့ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းတွေရှိတာတော့ ကောင်းတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံက ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တဲ့ အတွက်၊ ဗုဒ္ဓဘာသာစံနှုန်းတွေကို ပေးတဲ့အခါမှာ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းတွေကသာ တကယ်ပေးနိုင်တာ။ မြန်မာ့ ယဉ်ကျေးမှုကို ပိုပြီးတော့ သင်ကြားနိုင်တယ်လို့ ထင်တယ်။ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေ အများကြီး ပေါ်ပေါက်လာဖို့ လိုတယ်။ အခုကျတော့ ထင်သလောက် မတိုး တက် လာသေးဘူးပေါ့နော်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ တိုးတက်လာတာနဲ့ အမျှ စည်းစနစ်ကျဖို့လည်း လိုတာပေါ့နော်။
ဥက္ကာသင်။ ။ ပရဟိတ ကျောင်းတွေ ပေါ်လာတာ ကောင်းတယ်။ ဘုန်း တော်ကြီးသင် ကျောင်းတွေ ပေါ်ရှိတာလည်း ကောင်းတယ်။ ကောင်းတယ် ဆိုပေမယ့် လုံးဝ ပိုက်ဆံ မပေးရဘူး ဆိုရင်တော့ မကောင်းဘူးလို့ ကျွန်တော် ထင်တယ်။ လူ့သဘာဝ ဆိုတာ အလကားရရင် တန်ဖိုး မထားတတ်ဖူးလေ။ ဒါကြောင့် ပညာရပ်ကို တန်ဖိုး ထားတတ်အောင် နည်းနည်းလောက်တော့ တောင်းသင့်တယ်လို့ ထင်တယ်။
ကဲ- ဖူးငုံတို့ရေ ကျွန်မတို့ရဲ့ စကားဝိုင်းလေးကတော့ တော်တော်လေးလည်း ခရီးရောက်ခဲ့ပါပြီ။ ပြောချင်ကြတဲ့ အကြောင်းအရာတွေလည်း စုံ သလောက်ရှိခဲ့ပါပြီ။ ဖူးငုံတို့ ဖတ်ရတာလည်း မျက်လုံးတွေ ညောင်းနေကြ လျော့မယ်။ အဲဒါကြောင့် စကားဝိုင်းမှာ ပါဝင်ကြတဲ့ သူငယ်ချင်းတွေရဲ့ ရှေ့ဆက် လုပ်ဆောင်မယ့်အကြောင်းအရာတချို့နဲ့ မိတ်ဆက်ပေးပြီး ဒီတစ်ပတ် စကားဝိုင်းကို အဆုံး သတ်လိုက်ကြတာပေါ့နော်။ သူတို့တွေရဲ့ ရှေ့ဆက်မယ့် ခရီးတချို့က ဒီလိုပါ ဖူးငုံတို့ရေ-
ကိုဥက္ကာသင်။ ။ ကျွန်တော်လည်း မပြည့်သေးတဲ့ အိုးလို ဖြစ်နေတော့ ကျွန်တော်ကိုယ် ကျွန်တော် အရင်ဖြည့် ရဦးမယ်။ နိုင်ငံခြားမှာ ကျောင်းတွေ ဘာတွေတက်ရဦးမယ်။ ကျွန်တော့်ရဲ့အဓိက စိတ်ဝင်စားတာကတော့ စိတ် ပညာနဲ့ ပတ်သက်တဲ့ ကျောင်းသွားတက်ချင်တာ။ လူတွေကို စိတ်ပညာနဲ့ ဆိုင်တဲ့ Concept လုပ်ပေး ချင်တယ်။
ခင်ဆုမြတ်ထွန်း။ ။ ကျွန်မ ဆရာပြောဖူးတာ ရှိတယ်။ နိုင်ငံတကာက လူတွေနဲ့ ကျွန်မတို့တွေနဲ့ ယှဉ်ချင်တယ် ဆိုရင် သူတို့တက်ဖူးတဲ့ ကျောင်းကို တက်ဖူးရမယ်။ သူတို့ဖတ်ဖူးတဲ့စာအုပ်ကို ဖတ်ဖူး ရမယ်ပေါ့နော်။ ဒါမှ သူတို့နဲ့ ရင်ပေါင်တန်းနိုင် မှာပေါ့နော်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင် အောင် လုပ်ကြရမယ်။ ပြီးတော့ ကိုယ်ကိုယ်တိုင် အရင်ဖြည့်ပြီးမှ သူများကို ပြန်ပြီးတော့ သင်ပေး နိုင်မှာပေါ့နော်။
ခင်စန္ဒာညွန့်။ ။ ကိုယ်ကိုယ်တိုင်ဖြစ်ချင်တာ ကတော့ လူမှုနောက်ကွယ်မှာ ထင်သာမြင်သာ မရှိတာတွေကို ဖော်ထုတ်ချင်တယ်။ ယဉ်ကျေးမှုနဲ့ လူမှုဝန်း ကျင်ဆိုင်ရာတွေကို ဖော်ထုတ်ချင်တယ်။ အဲဒါနဲ့ပတ်သက်တှဲ့ Speciallist တစ်ယောက် ဖြစ်ချင်တယ်။ အခုလောလောဆယ်ကတော့ ကိုယ်စိတ်ဝင်စားတဲ့၊ လက်လှမ်းမီတဲ့ ပရဟိတ လုပ်ငန်းလေးတွေ လုပ်တယ်ပေါ့နော်။
သူရဇော်။ ။ကျွန်တော်က Public Policy ကို Master အထိတက်ဖို့ အစီအစဉ်ရှိပါတယ်။ နောက် ပြီးတော့ ပညာရေးအပိုင်းလည်း စိတ်ဝင်စား တယ်။ နောက်စာသင်တာကိုလည်း စိတ်ဝင်စား တယ်။ ဒါကြောင့် စာသင်တဲ့ဆရာလည်း လုပ် ဖြစ်နေဦးမယ် ထင်ပါတယ်။
ဖူးငုံတို့ရော ရှေ့ဆက်ပြီး ပညာရေးကို ဘယ် လိုများလျှောက်လှမ်းသွားကြမလဲ။ စကားဝိုင်းကို ဖတ်ပြီးသွားတော့ စိတ်ကူးတွေ ပြောင်းသွားတာရှိ ကြလားရှင်။ ဒါမှမဟုတ် အရင်တုန်းကအတိုင်းပဲ စိတ်ကူးမပြောင်း၊ မျှော်လင့်ချက် မပြောင်းဘဲ ရှိနေ သေးလား။ ဘာပဲဖြစ်ဖြစ်ပေါ့နော်။ ဒီနေ့စကားဝိုင်း လေးကနေ တစ်ခုခုတော့ရမယ်လို့ ကျွန်မ မျှော်လင့် ထားပါတယ်။ ကျွန်မရဲ့မျှော်လင့်ချက် ကလေးကို ဖူးငုံတို့ ဖြည့်ပေးလိမ့်မယ် ထင်ပါ တယ်။ကဲ- ဖူးငုံတို့ကို ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ နှုတ်ဆက်လိုက်ပါတယ်။ နောက် အပတ်များမှ ပြန်လည်ဆုံကြရအောင်လားရှင်။ တကူးတက ဖတ်ရှုပေးခဲ့ကြတဲ့ ဖူးငုံတို့ကို ကျေးဇူး အများကြီး တင်ပါတယ်နော်။ ဘိုင့်ဘိုင်။

Written by တင်တင်အေး
Credit: Teen Magazine
No comments:
Post a Comment