Tuesday, June 26, 2012

အမှာကဗျာ (အပိုင်း တစ်)

- ဘ၀ဟူသည်

တိုတောင်းလှပေစွ၊

ကန်ရေပြင်၌တက်သော

ရွေပွက်မျှသာဖြစ်တယ်။


- ကွေးသောလက်များ

ဆန့်မသွားမီ

မတည်သော သမာဓိ

ခန္ဓာဟူသည်

ဇာတိ ဇရာ မရဏ

သောက ပရိဒေ၀ အနိစ္စ

အမြဲ မှန်ကန်သောအရာ

မမြဲခြင်းသာဖြစ်တယ်။

ဘုရားရှင်တောင်မှ မလွှဲနိုင်တဲ့တရား

အနိစ္စ သေဆုံးခြင်း၏ တရား။


- တစ်နေ့တစ်ချိန်

လေမှာလွင့်သော ပွင့်ချပ်ငယ်နှယ်

ကျွန်မ သေဆုံးပါလိမ့်မယ်။

ကျွန်မ အသက် လူကြီးအရွယ်

သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။


- ကျွန်မကိုယ်ကျွန်မ

ဖေဖေ့လို အာဇာနည်လို့ မယူဆပါဘူး။

အမှန်တရားနဲ့ တရားဥပဒေသာ

မြတ်နိုးပါတဲ့ သာမန်လူ

မြန်မာလူမျိုး ကောင်းစားရေးကို ရှေးရှုသူသာဖြစ်တယ်။


- အကယ်၍

ကျွန်မသေလွန်တဲ့အခါ

မငိုပါနဲ့၊ မပူဆွေးကြပါနဲ့။

ကြီးကြီးကျယ်ကျယ် ဈာပနပွဲ

မလုပ်ကြပါနဲ့။

ကျွန်မကို ချစ်သူ မချစ်သူ

မည်သူမဆို လာရှုနိုင်တယ်။

ပုပ်ပွဖူးယောင် လူသေကောင်၏

မျက်မြင်မုချ အသုဘကမ္မဋ္ဌာန်း

အိုနာသေခြင်း၏ မမြဲသောလမ်း။


-ကျွန်မ သေဆုံးပြီးနောက်

ချန်ထားခဲ့ပါရစေ။

ကျွန်မ၏ အထွတ်မြတ်သော ဆံပင်

ရွှေတိဂုံဆံတော်ရှင်သို့ လှူဒါန်းပါ။

ကျွန်မ၏မျက်ကြည်လွှာ

အလင်းမရသူကို လှူဒါန်းပေးပါ။

ကျွန်မ၏ နှလုံးသား၊ ကျောက်ကပ်

အသည်း ကလီဇာများ

ကောင်းသေးပါက

လိုအပ်သူများအား လှူဒါန်းပေးပါ။


- မသာတစ်ခေါက်

ကျောင်းဆယ်ခေါက်

နာရေးကူညီသော စေတနာရှင်

စင်ကြယ်သော ကုသိုလ်နဲ့ ကိုကျော်သူ

ကျွန်မ အသက်မဲ့ခန္ဓာကို လှူပါတယ်။

ဖုတ်ကျည်းသင်္ဂြိုဟ်ပေးပါ။

ပုပ်ပွလာမဲ့ ခန္ဓာအား

မီးသင်္ဂြိုဟ်ပြီး

ရလာသော ခန္ဓာ၏ ပြာ မြေဇာ

အပင်တို့အတွက်

မြေသြဇာကျွေးပေးပါ။


(ကဗျာကအနည်းငယ်ရှည်သည့်အတွက် အပိုင်း တစ် နှင့်နှစ်ခွဲပြီးတင်လိုက်ပါတယ် နားလည်ပေးပါခင်ဗျ။)

No comments: