Saturday, June 3, 2017

Six Packs ABS ရအောင်လုပ်နည်း

6 packs abs ရအောင်လုပ်နည်း


ကျစ်လစ်တဲ့ ၀မ်းဗိုက်ကြွက်သား (6packs abs) နဲ့ ခန္ဓာကိုယ်ဟာ သိပ်စွဲဆောင်မှု ရှိလို့ လူတိုင်းလိုချင်ကြတာ အမှန်ပါပဲ။ ဝမ်းဗိုက်မှာ ပြတ်သားတဲ့ ကြွက်သား အမြောင်းလိုက်ဟာ စွဲဆောင်မှုရှိရုံတင်မက၊ သန်မာတဲ့ ကျန်းမာတဲ့ အသွင်အပြင်ကိုလည်းဆောင်ပါတယ်။ ဘယ်နေရာမှာ ဘာကြွက်သားတွေရှိနေပါစေ၊ ဗိုက်မှာ 6 packs မှ မပေါ်ရင် မပြည့်စုံဘူးမလား။

လူတွေ အထင်ကြီး လိုချင်ရတဲ့အကြောင်း ထဲမှာ ဒီလို အသွင်အပြင်ပိုင်းကို ဆထက်တိုး လှစေနိုင်တာ တစ်ခုထဲကြောင့်တင်မဟုတ်ပါဘူး။ 6 packs တစ်ခုရဖို့အတွက် လူတစ်ယောက်ဟာ ဝမ်းဗိုက်သား သန်မာရုံနဲ့တင် မဖြစ်ပဲ ခန္ဓာကိုယ်မှာ ရှိသင့်တဲ့ အဆီပမာဏ ကလည်း နည်းရမှာဖြစ်တာမို့ အိပ်ထမတင် လုပ်ရုံတင်မက၊ အဆီပါချရပါတယ်။ ဒါ့ကြောင့်လဲ 6 packs ရှိတဲ့လူဟာ စိတ်ရှည် ဇွဲကောင်းသူ၊ အရှုံးမပေးတတ်သူတစ်ယောက် အဖြစ် ပေါ်လွင်စေပါတယ်။

6 packs ရချင်သူတစ်ယောက် အတွက် နည်းလမ်းမှန် လုပ်ရုံနဲ့တင်မရပဲ အဆီချလေ့ကျင့်ခန်းပါ တွဲလုပ်ရတာကြောင့် စနစ်ကျဖို့၊ စိတ်ရှည်ဖို့တော့ လိုပါလိမ့်မယ်။ (ဒီနေရာမှာ ပိန်သူများကတော့ အဆီချဖို့ မလိုတာကြောင့် တစ်ပန်းသာတယ် ပြောရမှာပါ)

နည်းမမှန်၊ အကြောင်းမှန်ကို မသိရင်အားကျသူတွေ၊ ရချင် ပိုင်ဆိုင်ချင်တဲ့သူတွေ အိပ်ထမတင်တွေလုပ်ရင်း နှစ်တွေလတွေ ချီသွားလေ့ရှိပေမယ့် ရွှေပြည်တော်က တစ်ချို့အတွက်တော့မျှော်လေတိုင်း ဝေးလျက်ပါပဲ။

အချက်ပေါင်းများစွာ၊ နေ့ပေါင်းများစွာ အိပ်ထမတင်လုပ်ခဲ့ရဲ့နဲ့ အခုထိဘာလို့ ပေါ်လွင်လှပတဲ့ ၀မ်းဗိုက်ကြွက်သားကို မရသေးတာလဲ ???

ဗိုက်တွေ နာလောက်အောင်လုပ်၊ စမ်းကြည့်တော့ မာတာတာရှိပေမယ့် ပြတ်ပြတ်ထင်းထင်း မပေါ်လာသေးတဲ့ ကြွက်သားဟာ လုံလောက်အောင် မကြီးသေးလို့လား၊ ဒါမှမဟုတ် ဒါ့ထက် ပြင်းပြင်းထန်ထန် လုပ်ဖို့ လိုအပ်လို့လား။

ဒီလို အဖြေရှာမရတဲ့ မေးခွန်းတွေ ကြားမှာပဲ နေ့ပေါင်းများစွာလုပ်၊ ကြာတော့လဲ လက်လျှော့သွားကြတာ ဒုနဲ့ဒေးပါပဲ။

ပုံမှန်အိပ်ထမတင် လုပ်လာတဲ့ လူတစ်ယောက်အတွက် ပေါ်လွင်လောက်တဲ့ ပမာဏထိကြီးဖို့ရာ ၆လ အချိန်မယူရပါဘူး။ တချို့တွေဆို ရက် ၆၀ အတွင်း ရစေရမယ်လို့တောင် ဆိုကြပါတယ်။

ဒါဆို သင်ကြဘာလို့မရသေးတာလဲ။ ???

ဝမ်းဗိုက်ကြွက်သားကို အဆီဖုံးနေလို့ မမြင်ရတာလို့ ဆိုချင်ပါတယ်။ ဗိုက်မှာ အဆီပြင် အလွှာက အထဲက ကြွက်သားကို ဖုံးထားလေ့ရှိပါတယ်။ အိပ်ထမတင် ပုံမှန်လုပ်လာတဲ့ လူတစ်ယောက်ဟာ စမ်းကြည့်ရင် ကြွက်သား မာနေပေမယ့် မမြင်ရတာဟာ အပေါ်က အဆီပြင် အလွှာဖုံးနေတာကြောင့်ပါ။

ဒီအဆီပြင် အလွှာ မပျောက်မခြင်း အောက်က ကြွက်သားဟာ ပေါ်ဖို့ခက်ပါတယ်။ အိပ်ထမတင်လေ့ကျင့်ခန်းလုပ်တာ ကြာပြီမို့ ကြွက်သားကြီးနေရင်တောင် အဆီလွှာဖုံးနေသေးရင် ပြတ်သားစွာ မြင်ရမှာ မဟုတ်ပဲ ရေးရေးပဲ မြင်ရမှာပါ။

ဒီသဘောကို အောက်ကပုံ၂ပုံမှာ ကြည့်ရင်သိနိုင်ပါတယ်။ 6packs abs ဟာ လူ့ခန္ဓာကိုယ်မှာ အဆီ ၁၀-၁၂ ရာနှုန်းလောက်ရောက်တဲ့ အချိန်မှ မြင်သာတာပါ။  Body fat% များနေသေးသရွေ့ ဝမ်းဗိုက်သားကို ရေးရေးပဲ မြင်ရမှာ ဖြစ်တာမို့ Fat% ကို နည်းအောင် လုပ်ရမှာပါ။ ဒါဟာ အိပ်ထမတင်လုပ်ရုံနဲ့ 6 packs မထွက်နိုင်တာရဲ့ အဓိကအဖြေပါပဲ။ ဒီရိုးရှင်းတဲ့ အကြောင်းကို သတိမထားမိသရွေ့ သင်ဟာ အိပ်ထမတင် ဘယ်လောက်လုပ်လုပ် ထင်ရှားတဲ့ Killer abs ကို တစ်သက်လုံး မရနိုင်ပါဘူး။

ဒါ့ကြောင့် လှပတဲ့ ၀မ်းဗိုက်ကြွက်သားကို ပိုင်ဆိုင်နိုင်ဖို့ အိပ်ထမတင်လုပ်ရင်းနဲ့ တွဲပြီး အဆီချဖို့ ကြိုးစားပါ။ အိပ်ထမတင်လုပ်တာနဲ့ အဆီချလေ့ကျင်းခန်းနဲ့ မတူပါဘူး။ အိပ်ထမတင် လုပ်ခြင်းဟာ အဆီကျဖို့ မထိရောက်ပါဘူး။ (ဘယ်လိုအဆီချရမလဲ ဆိုတဲ့အကြောင်းကို ဒီ page မှာမကြာသေးခင် ရက်ပိုင်းအတွင်းမှာပဲ တင်ထားပြီးပါပြီ။ သိလိုက ၀င်ရောက် ဖတ်ရှူပါရန်)

6 packs ပေါ်ဖို့ဆို အဆီလဲချ၊ အိပ်ထမတင်လဲ လုပ်ရမယ်ဆိုတာ သိပြီဆိုတော့ အိပ်ထမတင်ကို ဘယ်လိုလုပ်ရမလဲ သိဖို့လိုပါပြီ။ သိသင့်သမျှ မေးခွန်းလေးတွေကို အောက်မှာ ဖြေပေးလိုက်ပါတယ်။

၁။ ဘယ် နှရက် လုပ်ရမလဲ

ဝမ်းဗိုက်သားဟာလဲ ကြွက်သားပဲမို့ တစ်ခါလေ့ကျင့်ပြီးရင် ၂ရက်နားရပါတယ်။ အဲတော့ တစ်ပတ် ၃ရက်ပဲလုပ်ရင် လုံလောက်ပါတယ်။ လုပ်တဲ့ရက်မှာလဲ မိနစ်၃၀နဲ့ ၄၀ကြားဆို လုံလောက်တာမို့ အချိန်အများကြီး ပေးစရာမလိုပါဘူး။

၂။ ဘယ်လိုပုံစံ လုပ်ရမလဲ

ဝမ်းဗိုက်သားမှာအပေါ်သား၊ ဘေးသားနဲ့ အောက်ပိုင်းအသား ရှိပါတယ်။ ဒီသုံးခုထဲမှာ အောက်ပိုင်းသား (ချက်တဝိုက်) က မြင်သာဖို့ အခက်ဆုံးပါပဲ။ ချက်တဝိုက်ဟာ လူတစ်ယောက်ရဲ့ အဆီစုတဲ့ နေရာမို့ တော်ရုံ ကြွက်သားရှိရုံနဲ့ ပြတ်သားစွာ မမြင်ရပါဘူး။ ဒါ့ကြောင့် အောက်ပိုင်းသားကို မလေ့ကျင့်ပဲ နေတဲ့လူဟာ ပြည့်စုံတဲ့ 6 packs ကိုရဖို့ နှောင့်နှေးတက်ပါတယ်။ အောက်မှာ ပုံလေးတွေနဲ့ ဘယ်လိုလုပ်ရင် ဘယ်အသားထိတယ်ဆိုတာ ပြထားတာမို့ ဒီလိုပုံစံဟာ အပေါ်ထိပါလား၊ ဒီလိုဟာက ဘေးသားထိပါလား စသဖြင့် နားလည်နိုင်ပါတယ်။ တစ်ခုစီအတွက် ပုံစံကွဲပေါင်းများစွာရှိပေမယ့် ၂ပုံစံဆီ ပြထားပါတယ်။ 6 packs တစ်ခုအတွက် လုံလောက်ပါတယ်။

၃။ ဘယ်နှခေါက် လုပ်ရမလဲ ?

ပုံစံတစ်ခုစီကို ၁၅ခေါက်နဲ့ ၂၀ခေါက် ကြားသာလုပ်ပါ။ နမူနာ အနေနဲ့

-အပေါ်သား ပထမပုံစံကို ၁၅ ခေါက်လုပ်၊


-ဘေးသား ပထမပုံစံကို ၁၅ ခေါက်လုပ်၊



-အောက်ပိုင်း ပထမပုံစံကို ၁၅ ခေါက်လုပ်



-အပေါ်သား ဒုပုံစံကို ၁၅ ခေါက်


-ဘေးသား ဒုပုံကို ၁၅ ခေါက်


-အောက်ပိုင်း ဒုပုံကို ၁၅ခေါက်


 စသဖြင့် အစဉ်လိုက်တိုင်းလုပ်ပါ။

အပေါ်ပြီး ဘေးသား လုပ်တဲ့အချိန်မှာ အပေါ်ကြွက်သား အတွက် နားချိန်ရပြီးသားဖြစ်တာမို့ ပြထားတဲ့အတိုင်း အစဉ်လိုက်လုပ်ပါလို့ ဆိုရခြင်းပါ။ တစ်ခုနဲ့ တစ်ခုကြားမှာ ၂မိနစ်ထက် ပိုမနားပါနဲ့။ အပေါ်ကပြောထားတဲ့ အတိုင်း လုပ်ပြီးရင် အကုန်လုံးကို
တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အစအဆုံး ပြန်ကြော့ပါ။ ပြန်ကြော့တဲ့အခါမှာ ပထမအကြိမ်တွေကလို ၁၅ ခေါက်စီ ရချင်မှ ရတော့မှာပါ။ ရသလောက်သာ ပြန်ကြော့ပါ။

ဒီလိုမျိုး အိပ်ထမတင် တစ်ပတ်မှာ သုံးရက်လုပ်ရင် စွဲဆောင်မှုရှိတဲ့ 6 packs ရဖို့ ခရီးတစ်ဝက် ရောက်ပါပြီ။ ကျန်တဲ့ တစ်ဝက်ကတော့ အဆီချလေ့ကျင့်ခန်းတွေ လုပ်ပြီး အဆီကျသွားတဲ့ တစ်နေ့မှာ သင်လိုချင်တဲ့ 6 packs ကြိမ်းသေရမှာပါလို့ ရဲရဲကြီး အာမခံလိုက်ရပါကြောင်း။

အပိုအနေနဲ့ ဆက်ဖတ်ချင်ရင် 6 packs နဲ့ ပတ်သက်တာတွေ အောက်မှာ ဖော်ပြလိုက်ပါတယ်။

6 packs Abs အကြောင်း သိစရာ

5 facts about Abs(ဘာသာပြန်)

၁။ 6 packs လို့ လူသိများပေမယ့် တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး ။ တစ်ချို့လူတွေမှာ 6 packs, တစ်ချို့မှာ 8 packs, တစ်ချို့မှာတော့ 10 packs အထိရှိပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်ရတာဟာ မွေးရာပါဖြစ်ပြီး ပြုပြင်လို့ မရပါဘူး။ လူတိုင်းသိပြီး အောင်မြင်ကျော်ကြားတဲ့ အာနိုး (Arnold) မှာတောင် 4 packs ပဲရှိပါတယ်။

၂။ ဝမ်းဗိုက်သား Abs ကြွက်သားဟာ တစ်ခါတစ်လေ ဘက်မညီတာ (ညာဘက်က မြင့်ပြီး ဘယ်ကနိမ့်တာ၊ ဘယ်မြင့် ညာနိမ့်တာ) ရှိသလို တစ်ဘက်က သေးပြီး တစ်ဘက်က ကြီးတတ်တာလဲ ရှိပါတယ်။ ဒါဟာလဲ မွေးရာပါ Genes နဲ့ဆိုင်လို့ ပြင်လို့ မရပါဘူး။

၃။ အိပ်ထမတင်တွေ လုပ်နေရုံနဲ့ 6 packs ကို မမြင်နိုင်ပါဘူး။ လက်ကလေးနဲ့ စမ်းလို့ ဗိုက်ကြွက်သားမာနေတာကို သိနိုင်ပေမယ့် ဝမ်းဗိုက်သားက အဆီဟာ အတွင်းက ကြွက်သားကို ဖုန်းနေလို့ ပြတ်သားတဲ့ 6 packs ကို မြင်ဖို့ဆို အဆီချမှပဲ ရမှာပါ။ ဒါမှမဟုတ် ကြွက်သားကြီးလွန်းရင်တော့ အဆီရှိလဲ ရေးရေးတော့ မြင်နိုင်မှာပါ။ (ပိန်နေတဲ့လူကတော့ အဆီချတဲ့အလုပ်တစ်ခု သက်သာတာပေါ့ 😂😂😂)

၎။ ဝမ်းဗိုက်သားဟာလဲ တစ်ခြား ကြွက်သားတွေလိုပဲ ကြွက်သားဖြစ်လို့ နေ့စဉ်ဆော့လို့ မသင့်ပါဘူး။ ၂ရက်ခြားလောက်သာ ဆော့ပြီး တစ်ပတ်မှာ ၃ရက်ဆော့ရင် လုံလောက်ပါတယ်။

၅။ 6 packs ရဖို့ ဗိုက်အဆီနည်းဖို့ အဆီချရတာမို့ ဆီကြော်တွေ၊ Calorie များတဲ့ အစားတွေကို ရှောင်သင့်ပြီး ကောင်းမွန်တဲ့ ဟင်းသီးဟင်းရွက်၊ အသားငါးတို့ကို စားဖို့လိုပါတယ်။

ကြိုက်နှစ်သက်ပါက ပြန်လည်ဝေမျှခြင်းဖြင့် တစ်ပါးသူအား ကူညီနိုင်ပါကြောင်း။

Credit : Golden _Dreams´ Page

No comments: