ကမ္ဘာ့စားနပ်ရိက္ခာသုတေသီအဖွဲ့ က environmentally sustainable (ခေါ်) သဘာဝပတ်ဝန်းကျင် စားနပ်ရိက္ခာမပြတ်လပ်ရေး အခြေအနေ ကို စောင့်ကြည့်လေ့လာခဲ့ရာမှာ -
• ကမ္ဘာပေါ်ရှိရှိသမျှ တိရိစ္ဆာန်ထွက်ပစ္စည်းများထဲတွင် အမဲသားက ပရိုတင်းဓာတ်ပါဝင်မှုများကြောင်း၊ ၄င်းအမဲသား ၁ ကီလို အလေး ချိန်ရရှိဖို့ အတွက်၊ နွားများကို သောက်ရေ ၁၅၄၀၀ လီတာ တိုက်ကျွေးရကြောင်း၊ အဲဒီလို နွားများအတွက်ကုန်ကျတဲ့ ရေလီတာ ပမာဏ နှင့် အခြားကုန်ကျစရိတ်များဟာ ကောက်ပဲသီးနှံ စိုက်ခင်းပေါင်းများစွာအတွက် ရေလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင် ကြောင်း။
• အဲဒီလို အမဲသားအလားတူ ပရိုတိန်းဓာတ်ကိုလည်း အင်းဆက်ပိုးမွှားများထံမှ ရရှိနိုင်ကြောင်း၊ အားသာချက်မှာ အင်းဆက်ပိုးမွှားများ ရှင်သန်မွေးမြူဖို့ အတွက်ကိုတော့ နွားများကဲ့သို့ ကုန်ကျစရိတ်မများဘဲ ရေ၊ အစားအစာ၊ အထွေထွေကုန်ကျစရိတ်၊ အချိန်၊ လူအင် အား(လူသားအရင်းအမြစ်)စတဲ့ စရိတ်စတွေကို လျော့ချနိုင်ကြောင်း။
• ဒါ့ပြင် အင်းဆက်ပိုးမွှားများထံမှရရှိသော ပရိုတင်းအာဟာရက၊ အခြားသောသတ္တ၀ါတို့ ထက်ပို၍ အာဟာရတန်ဘိုးမြင့်မားကြောင်း။
• သက္ကရာဇ် ၂၀၅၀ ခုနှစ်ရောက်တဲ့အခါ ကမ္ဘာ့လူဦးရေ သန်းကိုးထောင်အထိ တိုးပွားလာမည်ဟု ခန့် မှန်းကြောင်း၊ အဲဒီလို လူဦးရေ တိုးပွားလာတဲ့အခါ စားနပ်ရိက္ခာ ရှားပါးလာနိုင်ပြီး Demand နှင့် Supply မညီမျှတော့ဘဲ၊ ပရိုတင်း နှင့် သံဓာတ် အာဟာရတွေ ချို့  တဲ့၍ သွေးအားနည်းရောဂါတွေဖြစ်လာနိုင်ကြောင်း၊ အဲဒီလိုမဖြစ်ရလေအောင် ပရိုတင်း နှင့် သံဓာတ်ကြွယ်ဝတဲ့ ပုရစ်တွေကို စားသုံး သင့်ကြောင်း စသဖြင့် လေ့လာတွေ့ ရှိခဲ့ပါတယ်။
ဒါကြောင့် ကမ္ဘာ့စားနပ်ရိက္ခာသုတေသီအဖွဲ့ က ဤကမ္ဘာကြီးအား တစ်ဖက်တစ်လမ်းမှနေ၍ ရေမြေသဘာဝ သယံဇာတအရင်းအမြစ်ကို ထိန်း သိမ်းစောင့်ရှောက်ပေးရန် နှင့် လူသားတို့ စားနပ်ရိက္ခာဖူလုံစေရန်အလို့ ဌာ၊ လူကို ဘေးမဖြစ်စေသော ပုရစ် အပါအ၀င် အင်းဆက်ပိုးများကို ရွေးချယ်၍ အစာအာဟာရအဖြစ် စားသုံးပေးသင့်ကြောင်း အကြံပြုထားပါတယ်။
ကမ္ဘာ့လူဦးရေ တနေ့ တခြားတိုးပွားလာတာနဲ့ အမျှ စားနပ်ရိက္ခာလိုအပ်ချက်အရ၊ ယနေ့ ကမ္ဘာပေါ်ရှိ လူဦးရေ သန်း နှစ်ထောင်ခန့် ဟာ ပုရစ် အပါအ၀င် အင်းဆက်ပိုးမွှားတွေကို နေ့ စဉ် စားသုံးလျက်ရှိနေကြပါတယ်။ အထူးသဖြင့် အာဖရိကတိုက်၊ အာရှတိုက် နှင့် လက်တင်အမေရိက တိုက်တွေမှာ အင်းဆက်ပိုးမွှားစားသုံးမှု မြင့်မားလျက်ရှိနေကြောင်းတို့ ကို entomophagy@the study of insects (ခေါ်) အင်းဆက်ပိုးမွှား ဆိုင်ရာဗေဒ သုတေသနတစ်ရပ်အရ လေ့လာသိရှိရပါတယ်။ ကမ္ဘာပေါ်မှာ သဘာဝအလျောက် ရှင်သန်ပေါက်ပွားနေကြတဲ့ အင်းဆက်ပိုး အမျိုးအစား မြောက်မြားစွာရှိကြရာ၊ စား၍ရသော အင်းဆက်ပိုးရှိသလို၊ စား၍မရဘဲ လူကို အဆိပ်အတောက်ဖြစ်စေတတ်သော အင်းဆက်ပိုး တွေလည်း ရှိကြပါတယ်။ ၄င်းတို့ အနက် အရသာဆိမ့်သော ပုရစ်(ခေါ်)Crickets Insect က စား၍ရပြီး အာရှတိုက်တွင်သာမက၊ အနောက် နိုင်ငံ တော်တော်များများမှာလည်း ပုရစ်တွေကို တွေ့ မြင်နိုင်ပါတယ်။
မြန်မာပြည်၏ မိုးဦးကျရာသီအပါအ၀င်၊ ရာသီဥတု အပြောင်းအလဲမှာ ပုရစ်တွေဖောဖောသီသီ ပေါ်လာတတ်ပြီး၊ အထူးသဖြင့် မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်းတို့ မှ ပုရစ်ထွက်ရှိ မှုများပါတယ်။ ရေမြေတောတောင်သဘာဝအရ ကသာခရိုင်၊ စစ်ကိုင်းတိုင်းမှ ပုရစ်တွေက အဆီအနှစ်ပို များ၍ အရသာပိုကောင်းလှပါတယ်။ ပုရစ် အထီး နှင့် အမ ကို ခွဲခြားသိမြင်နိုင်ရန် ပုရစ်ဖင်ကို ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။ ပုရစ်အထီး၏ ဖင် က အတန်ငယ်လုံးဝန်း၍၊ ပုရစ်အမ၏ ဖင်မှာ ဆူးချောင်းတစ်ချောင်း ပါရှိပါတယ်။ ပုရစ်အထီးက အကောင်အရွယ်အစားပိုကြီး၍ အရသာချိုပါ တယ်။ ဥပါသော ပုရစ်အမက အရသာဆိမ့်ပါတယ်။ အထီးက အတောင်ပံ ကျောရိုးမှာ လိုင်းတွန့်လေးပါပြီး ကြမ်းတမ်းပါတယ်။ အမကတော့ အတောင်ပံကျောရိုးမှာ လိုင်းတွန့်မပါပဲ ချောမွတ်နေပါတယ်။
ပုရစ် နှင့် ကျန်းမာရေး။
• ၁၀၀ ဂရမ် ပမာဏရှိတဲ့ ပုရစ် တစ်ပန်းကန်ထဲမှာ ကယ်လိုရီ ၁၂၁၊ ပရိုတိန်း ၁၂.၉ ဂရမ်၊ အဆီ ၅.၅ ဂရမ်၊ ကာဗိုဟိုက်ဒြိတ် (ခေါ်) က စီဓာတ် ၅.၁ ဂရမ်၊ ကယ်လ်စီယမ် ၇၅.၈ မီလီဂရမ်၊ ဖော့စဖရက် ၁၈၅.၃ မီလီဂမ်၊ သံဓာတ် ၉.၅ မီလီဂရမ်၊ သီအာမင် ၀.၃၆ မီလီ ဂရမ်၊ ရီဗို ဖလာဗင် ၁.၀၉ မီလီရဂရမ်၊ နီအာစင်း ၃.၁၀ မီလီဂရမ် တို့  အသီးသီးပါရှိနေကြပါတယ်။
• ပုရစ်ထဲမှာ ဗီတာမင် နဲ့ သတ္တုဓာတ်များအပြင် အိုမီဂါ ၃ နှင့် အိုမီဂါ ၆ ဖက်တီးအက်ဆစ်တွေ ပါရှိနေပါတယ်။ ဒါ့ပြင် ကယ်လ်စီယမ် နှင့် ဗီတာမင်ဘီ ၁၂ တို့ လည်း မြင့်မားစွာပါရှိနေပါတယ်။
• အလေးချိန် ပမာဏတူတဲ့ အမဲသား နှင့် ပုရစ် ကို နှိုင်းယှဉ်ကြည့်တဲ့အခါ၊ ပုရစ်ထဲမှာ ပါရှိတဲ့ သံဓာတ်ပမာဏဟာ အမဲသားထက် ပိုမို နေပါတယ်။
• အမေရိကန်ပြည်ထောင်စုမှာ ပုရစ်ကို တာရှည်ခံစားသုံးနိုင်ရန်အတွက် ဂျုံမှုန့် အသွင် ပုရစ်မှုန့် ပြုလုပ်၍ ရောင်းချလျက်ရှိကြပါတယ်။ လူတစ်ယောက်အတွက် လိုအပ်နေသော အသားအာဟာရ ပရိုတင်းဓာတ်အတွက် ၄င်းပုရစ်မှုန့်  လက်ဖက်ရည်ဇွန်း ၂ ဇွန်း ၃ ဇွန်း ခန့် ကို ဟင်းလျာများ (သို့ ) အကင် (သို့ ) အသုပ် တွေပေါ်မှာ ဖြူး၍ စားသုံးလေ့ရှိပါတယ်။ ဟင်းလျာ အရသာပိုကောင်း၍ အကြိုက် တွေ့ နေကြပါတယ်။
• နယ်သာလန်နိုင်ငံရှိ Wageningen တက္ကသိုလ်မှ သုတေသီတစ်ဦးဖြစ်သူ ပါမောက္ခ Arnold van Huis က တစ်အောင်စ ပမာဏရှိတဲ့ ပုရစ်ဟာ အမဲသားထက် ပရိုတင်းအာဟာရ နှစ်ဆပိုပေးနိုင်ပြီး၊ မဂ္ဂနီစီယမ်ပါဝင်မှုမှာလည်း အမဲသားထက် ၅ဆမျှပိုများကြောင်း၊ ဒါ့ပြင် ပုရစ်ထဲမှာ အမိုင်နိုအက်ဆစ် ကိုးမျိုးပါရှိကြောင်း အကြံပြုထားပါတယ်။
• ပုရစ်အပါအ၀င် အင်းဆက်ပိုးထဲမှာပါရှိတဲ့ မဂ္ဂနီစီယမ်ဓာတ်က နှလုံးရောဂါဖြစ်နိုင်ခြေအလားအလာကို ၂၂ ရာခိုင်နှုန်းမျှ လျော့ချပေး နိုင်တဲ့အပြင်၊ ဆီးချိုရောဂါ အမှတ်-၂ ကိုလည်း လျော့ချပေးနိုင်တယ်လို့  Harvard တက္ကသိုလ်မှ ၂၀၁၆ ခုနှစ် လေ့လာမှုမှတ်တမ်း များအရ သိရပါတယ်။
• ဂျပန်နိုင်ငံရှိ သုတေသီများ၏ လတ်တလော လေ့လာတွေ့ ရှိချက်အရ၊ ပုရစ်ထဲမှ ရရှိနိုင်တဲ့ သံဓာတ်ဟာ အမဲသားထက် သုံးဆမျှ ပို တယ်လို့  ဆိုပါတယ်။
• ဘယ်လ်ဂျီယမ်နိုင်ငံမှ သုတေသီများကတော့ ပုရစ်စားသုံးမှုနဲ့ ပတ်သက်၍ အသက် ၂၆ နှစ်မှ ၄၅ နှစ်ကြား၊ လူပေါင်း ၁၈၉ ဦးကို လေ့လာခဲ့ရာ၊ ပုရစ်စားသုံးပြီးနောက် ကယ်လိုရီ နဲ့ ပရိုတင်းခွန်အားတွေ ပြည့်လာတာကြောင့် အစာစားချင်စိတ်ကို တင်းတိမ်ရောင့်ရဲ သွားပြီး စိတ်ကျေနပ်မှုရလာကြောင်း နှင့် အမျိုးသားများ လိင်စိတ်ကို အားပေးကြောင်း အဖြေထွက်ရှိခဲ့ပါတယ်။ ဒါ့ပြင် ပုရစ်စားသုံး ခြင်းက စိတ်ဖိစီးမှုတွေကို ပြေလျော့ပေးနိုင်တယ်ဟု သိရပါတယ်။
ပုရစ်၏ ဘေးထွက်ဆိုးကျိုး။
• ပုရစ်ထွက်ရှိမှုပေါများတဲ့ နယ်မြို့ တွေမှာ ပုရစ်တွေကို အစိမ်းလိုက်ရောင်းချလေ့ရှိပါတယ်။ ဈေးမှဝယ်ယူလာသော ၄င်းပုရစ်စိမ်းများ ကို အိမ်ရောက်တဲ့အခါ အတောင်ပံဖြုတ်၊ ခြေထိပ်လက်ထိပ် အဆူးများဖြုတ်၊ ပုရစ်ဖင်မှ ချီးထုတ်ကိုဖယ်၍ သန့် စင်သွားပါက၊ ၄င်း ပုရစ်ဖင်ထဲသို့  ကြက်သွန်ဖြူ၊ ဂျင်းတို့ ကို ထောင်း၍ထည့်ကာ ဆီပူပူဖြင့် ကြော်စားကြပါတယ်။ အဲဒီလို မိမိဖာသာ အိမ်မှာ စားသုံး ခြင်းက ဘေးအန္တရာယ်ကင်းဝေးပြီး အထက်မှာဖော်ပြထားတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်ပါတယ်။
• ယနေ့  ရန်ကုန်မြို့ အပါအ၀င် အခြားသော မြို့ တွေမှာလည်း ပုရစ်ကြော်တွေကို ရောင်းပန်းလှအောင် အတောင်ပံမဖြုတ်၊ ခြေထိပ် လက်ထိပ်မှ ဆူးတွေမဖြုတ်၊ ချီးထုတ်လည်းမဖယ်ဘဲ အကောင်လိုက် ဆီပူထိုးကြော်၍ ရောင်းချနေကြပါတယ်။ ဒါ့ပြင် ရောင်းမကုန် တဲ့ ပုရစ်ကြော်တွေကို နောက်နေ့ တစ်ဖန် ဆီဖြင့်ပြန်လည်၍ ကြော်ထားထာကြောင့် အာဟာရတန်ဖိုးပျောက်ဆုံးကာ စားလို့ လည်း အရသာ မရှိတော့ပါဘူး။
• တချို့ ဒေသတွေမှာ ပုရစ်အရှင်တွေကို ရိုးရိုးဖမ်းခြင်းမဟုတ်ဘဲ ဆေးနဲ့ ထောင်ဖမ်းကြတဲ့အတွက်၊ စားသုံးသူတွေကို ဘေးဖြစ်စေ ပါတယ်။
• အဲဒီလို သန့် စင်မှုမရှိတဲ့ ပုရစ်ကြော်တွေကို စားသုံးခြင်းဖြင့် အီကိုလိုင်းပိုး ကူးစက်နိုင်ပါတယ်။ ၄င်းပိုး ကူးစက်ခံရတဲ့အခါ ၀မ်းအရည် သွားခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးတွင်း ပိုးဆိပ်ပျံ့နှံ့ခြင်း နှင့် ဦးနှောက်အမြှေးပါး ရောင်ခြင်းတို့ဖြစ်စေနိုင် ပါတယ်။
• မသန့် ရှင်းတဲ့ ပုရစ်ကြော်တွေ စားမိတဲ့အခါ နှုတ်ခမ်းမှာ ရေယုံကဲ့သို့  ယားနာဖုတွေပေါက်လာနိုင်ပါတယ်။ ရေယုံကြီးကဲ့သို့  ရောဂါ မပြင်းထန်သော်လည်း ပုရစ်မှတစ်ဆင့် နှုတ်ခမ်းသားကို ဗိုင်းရပ်စ်ဝင်တာကြောင့် ယားနာ၍ ခံရခက်စေပါတယ်။ ဒါကြောင့် ပုရစ် ကြော်စားတဲ့အခါ အတောင်ပံ နှင့် ခြေလက် ဆူးချောင်းတွေကို ဖယ်၍စားပါ။ နှုတ်ခမ်းသား နှင့် လျှာတို့ ကို ၄င်းဆူးချောင်းများ မထိုး မိပါစေနှင့်။
• ပုရစ်က အာဟာရရှိစေတာမှန်သော်လည်း၊ မြေအောင်းသား ဖြစ်တဲ့အတွက်ကြောင့် သွေးလေးစေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ရှိသူများ နှင့် အမျိုးသမီးများ ဓမ္မတာလာနေစဉ် ပုရစ်မစားသင့်ပါဘူး။
• တချို့ လူတွက မြေအောင်းသားတွေ နှင့် မွေးရာပါ ဓာတ်မတည့်တတ်ကြပါဘူး။ ပုရစ်ကြော်စားပြီး ဓာတ်မတည့်ပါက သွေးယားခြင်း၊ အရေပြားပေါ် အဖုအပိမ့် အင်ပြင်များ ထွက်လာနိုင်၍ သတိပြုပါ။
ပုရစ်မွေးမြူရေး။
မြန်မာနိုင်ငံမှာ ပုရစ်တွေကို အထူးတလည် စီးပွားဖြစ်မွေးမြူသူနည်းပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ ပုရစ်မွေးမြူဟာ ကျယ်ကျယ် ပြန့့်ပြန့် အောင်မြင်ဖြစ်ထွန်းနေပါတယ်။ ယနေ့ ထိုင်းနိုင်ငံမှာ မြောက်အမေရိကတိုက်မှ တင်သွင်းလာသော အိမ်ပုရစ်မျိုးတမျိုးဖြစ်တဲ့ (sading Acheta domesticus L.) အမျိုးအစားကို ထိုင်းနိုင်ငံသို့ တင်သွင်းကာ၊ ကြီးထွားလာအောင်ပြုစု မွေးမြူပြီးနောက် နို်င်ငံခြားသို့  ပို့ ကုန်အဖြစ် ပြန်လည် တင်ပို့ ရောင်းချနေပါတယ်။ ပုရစ်ခြံ (သို့) လှောင်ကန်များဖြင့်လည်းကောင်း၊ အထပ်သား (သို့ ) ကျောက်ပါတ်တီးမှုန့် တို့နဲ့ ပြုလုပ် ထားတဲ့ သေတ္တာများဖြင့်လည်းကောင်း၊ ပလပ်စတစ်ပြားတွေနဲ့ အံဆွဲငယ်လေးတွေကို လှောင်အိမ်အဖြစ် ဖန်တီး၍လည်းကောင်း ပုံစုံအမျိုးမျိုး ဖြင့် မွေးမြူကြပါတယ်။ ပုရစ်ခြံအများစုမှာ ပုရစ်စာအဖြစ် ပရိုတင်းဓာတ် ၁၄ ရာခိုင်နှုန်း မှ ၂၁ ရာခိုင်နှုန်း ပါဝင်သော ကြက်စာတွေကို ကျွေး ကြပြီး၊ ဥမှပေါက်ပြီးနောက် သက်တမ်းရက် ၂၀ ရှိ ပုရစ်များကို ပရိုတင်း ၂၁ ရာခိုင်နှုန်းပါဝင်တဲ့ ကြက်စာကိုကျွေးကာ၊ ၄၅ ရက်သား အရွယ် ပုရစ်တွေကိုတော့ ပရိုတင်း ၁၄ ရာခိုင်နှုန်း နဲ့ ၂၁ရာခိုင်နှုန်းပါသော ကြက်စာ နှစ်မျိုးကိုရောစပ်ကျွေးကြပါတယ်။ ၄င်းပုရစ်များ ထုတ်မရောင်း ခင် ရက်ပိုင်းလောက်အလိုမှာ ပုရစ်အစာဘိုးသက်သာစေရန် နှင့် အကောင်ကြီးထွား၍ ရောင်းပန်းလှစေရန်အတွက် ပုရစ်တွေကို ဖရုံ၊ ပလော ပီနံ၊ ဖရဲရွက်များရောစပ်၍ ကျွေးကြပါတယ်။
ပုရစ်မွေးမြူခြင်းလုပ်ငန်းဟာ မြေနေရာအကျယ်အ၀န်းမလိုအပ်သလို၊ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများလောက် လူအင်အားသိပ်မလိုဘဲ ကုန် ကျမှု စရိတ်သက်သာပါတယ်။ ဒါ့ပြင် ပုရစ်သတ္တ၀ါတွေက သဘာဝမြေဆီလွှာကိုလည်း ထိမ်းသိမ်းပြုပြင်ပေးပါတယ်။ မြေတွင်းရေ၀င်ရောက် စေနိုင်သလို ထက်အောက်မြေဆီလွှာကိုလည်း သမစေကာ အပေါ်ယံမြေလွှာကို ရေ နှင့် လေသမစေပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ အကြိုက်တွေ့ နေတဲ့ ပရိုတင်းအာဟာရပြည့် ပုရစ်တွေကို တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းအဖြစ် စီးပွားဖြစ်မွေးမြူနိုင်ကြပါရန် အကြံပြု လိုက်ရပါတယ်။
ဆောင်းပါးရှင် ပေါက်ပေါက် @ Promise Pauk…ရေးသားမျှဝေသည်။
Credit: ပေါက်ပေါက်ရဲ့ Page
No comments:
Post a Comment