Wednesday, June 28, 2017

ပြန်လည် ကမ္ပည်းတင်ရမည့် သမိုင်းဝင်အမည်နာမများ

ပြန်လည် ကမ္ပည်းတင်ရမည့် သမိုင်းဝင်အမည်နာမများ
___________________________________



လွန်ခဲ့သော နှစ်၂၀ကျော်ဝန်းကျင် ကာလ၊ ကျွန်တော် ဆောင်းပါးလေးတွေ စတင်ရေးသားစ။ ကျွန်တော့လက်ထဲမှာ ကင်မရာလေးတွေရှိနေစဉ် ဒေါ်ဒေါ် (လူထုဒေါ်အမာ)က သူ့ဆောင်းပါးများ နှင့်ပတ်သက်သော မှတ်တမ်းတင်ပုံလေးတွေ ကျွန်တော့ကို ရိုက်ခိုင်းသည်။

 ပဲလှော်ချောင်က ခြင်္သေ့ကြီးနှစ်ကောင်..၊ အသားစားရှောင်ကြဉ်ရေး ဦးကျော်လှ၏ ဆိုင်းဘုတ်..။ ဘီလူးမညောင်ပင်..၊ ကာတစ်တိုက်..၊ အိမ်တော်ရာထီး..၊ ဘုရားကြီးက ဖန်ကျီပွတ်လုံးများ..၊ ဈေးချိုတော်ရုံကြီး ၁၂ရုံ.. စသည်..။

ထိုစဉ်က အခုလို ဒစ်ဂျစ်တယ်ကင်မရာခေတ် မဟုတ်တော့ ရိုက်ပြီးသောဖလင်များကို ဆေးပြီး ဓာတ်ပုံကူးကာ ဒေါ်ဒေါ်ထံသွားပြရသည်။

ထိုအခါ ဒေါ်ဒေါ်သည် ဓာတ်ပုံများကိုကြည့်ပြီး လူထုတိုက်ဧည့်ခန်းမှ လှမ်းမြင်ရသည့် ပိုင်ရှင် ပြောင်းသွားသည့် နဂါးဒေါ်ဦး၏ ယခင်က နဂါးဆေးလိပ် သုံးထပ်တိုက်ကြီး၊ ထိုတိုက်ကြီးနှင့် မြောက်ဘက်မှ အသစ်ပေါ်ထွက် လာသော အထပ်မြင့်တိုက်ကြီးများကို လှမ်းမျှော်ငေးကြည့်ရင်း

“ အင်း .. တို့မန္တလေးက အိမ်နံပါတ်တွေ၊ အကွက်နံပါတ်တွေ၊ လမ်းနံပါတ်တွေနဲ့ ပြောလေ့ပြောထ မရှိကြဘူးကွဲ့ ..။ မန္တလေးမှာက အထင်ကရ အဆောက်အအုံတွေက လက်ညှိုးထိုးမလွဲ ရှိတာ ဟုတ်လား။ အဲဒီထင်ရှားတဲ့ အဆောက်အအုံကြီးတွေနဲ့ မူတည်ပြီး၊ သက်ဆိုင်ရာ အတန်းတွေ၊ လမ်းတွေဆိုတာ ကလည်း သမိုင်းအရ သတ်သတ်မှတ်မှတ် ထင်ထင်ရှားရှားရှိခဲ့တာကိုး။ လုပ်ငန်းစုအလိုက်၊ ဇာတိအလိုက် ထင်ရှားတဲ့ နေရာတွေအပြင် ဘာသာရေးအရ၊ နိုင်ငံရေးအရ၊ လူမှုရေးအရ၊ ယဉ်ကျေးမှုအရ ထင်ရှားတဲ့ အဆောက်အဦးကြီးတွေ ရှိတယ်။

 အခု အဲဒီအဆောက်အဦးကြီးတွေနဲ့အတူ သမိုင်းအရထင်ရှားတဲ့ လမ်းတွေ၊ အတန်းတွေဟာ ပျောက်ကွယ်ကုန်ကြပြီ ။

 ကျန်ကောင်းကျန်ရာလေးတွေကို မင်းကင်မရာလေးနဲ့ မှတ်တမ်းတင်ထားပါကွယ်” ဟု ငြီးငြီးတွားတွားပြောရင်း တိုက်တွန်းခဲ့ ဖူးသည်။

#သမိုင်းဖျက် လုပ်ရပ်

ကျွှန်တော်တို့ ငယ်ငယ်က ကြီးတော်ကြီးများ ပြောကြသည့် ရိုးကုမ္ပဏီတို့၊ မာရဂျမ်းတိုက်တို့၊ အင်ပီရီယယ်ဘဏ်တို့ကအစ ..၊ ၀င်းမြန်မာတိုက်တို့၊ နဂါးတိုက်တို့၊ ရွှေမန်းတိုက်တို့၊ အုန်းဘေကာရီတို့ ဟူသော အမည်နာမများက စီးပွားရေးဆိုင်ရာအမှတ်သညာများ ဖြစ်ကြသော်လည်း

 ဆီးပန်းနီဆရာတော်ဗိမာန်တို့၊ အိမ်တော်ရာ၁၄ခန်း ဇရပ်တို့၊ မန်းရာပြည့်ကွင်းတို့၊ ဈေးချိုတော်တို့ စသည့်နေရာများမှာမူ သမိုင်းအရအရေးပါသည့်နေရာများမို့ မပျောက်မပျက် ရှိလင့်သည်ဟု မှတ်ယူခဲ့သည်။

 ထိုသို့ မှတ်ယူခဲ့သည့်ကာလ (၁၉၉၀ ၀န်းကျင်) မှာပင် ပဲ ..၊ ဆီးပန်းနီဆရာတော်ဗိမာန်၊ မန်းရာပြည့်ကွင်း နှင့် ဈေးချိုတော်တို့က ဥပစ္ဆေဒကံဖြင့် ဇီဝန်ချုပ်လေခဲ့ပြီ။

နောက် ... ဘာကြာလို့လဲ။ မန္တလေး၏ အထင်ကရ လမ်းကြီးများ၏ မူလရှိရင်းစွဲ နာမည်များကိုလည်း ဆိုင်းဘုတ် အသစ်များဖြင့် နာမဘိသေကသဘင်ဆင်ယင်ရုံမက ရုံးပြန်တမ်း အသုံးအနှုန်းများမှပင် ဇာတာဖွဲ့ အတည်ပြုပေးကြပြန်၏။

 တကယ်တော့ ခေတ်သစ်စံနစ်ပြောင်းတိုင်း ခေတ်သစ်နှင့်မကိုက်ညီ တော့သည့် ခေတ်ဟောင်းအမွေများကို ပြုပြင်ပြောင်းလဲ ကြခြင်းမှာ ဓမ္မတာဖြစ်သည်။ သို့သော် အမွေအနှစ်လား၊ သမိုင်းလား၊ အနှစ်သာရလား ဟူ၍ မခွဲခြားမစိတ်ဖြာတော့ဘဲ၊ အကုန် ရှိသမျှ ဖြိုဖျက်အသစ်ဆောက် ဆိုင်းဘုတ်အသစ်ရေးဟူသော အလုပ်သည်ကား “သမိုင်းဖျက်” အလုပ်ပဲ ဖြစ်သည်။

#အာဇာနည်လမ်း

၂၆လမ်းသည်ကား မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအတွက် တကယ့်သမိုင်းဝင် အထင်ကရလမ်းမကြီး ဖြစ်ခဲ့သည်။ လွတ်လပ်ရေးတိုက်ပွဲသမိုင်းတွင် တိုက်ပွဲဒီရေအမြင့်ဆုံးဖြစ်ခဲ့သည့် ၁၃၀၀ပြည့် အရေးတော်ပုံ ကာလ၊ အင်္ဂလိပ်အစိုးရ၏ မတရားဖိနှိပ်သည့် မတရားဥပဒေများကို ရဲရဲတောက် ဆန့်ကျင်ကာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသော မန္တလေးမြို့မှ ရဟန်းရှင်လူ၊ ကျောင်းသူကျောင်းသားနှင့် မြို့သူမြို့သားတို့ကို လက်နက်ဖြင့် ရက်ရက်စက်စက် နှိမ်နင်းခဲ့လေသဖြင့် ၂၆လမ်းမကြီးပေါ် အာဇာနည် ၁၇ဦးတို့ သွေးမြေကျခဲ့၍ ထိုရဲရဲနီသောသွေးတို့ဖြင့် ၂၆လမ်းကို “အာဇာနည်လမ်း” ဟု အမည်ပေးခဲ့သည့် သမိုင်းက အထင်အရှား ရှိခဲ့သည်။

ထိုအာဇာနည်လမ်းဟူသော အမည်က အဓမ္မမှုကို တိုက်ခဲ့သော နယ်ချဲ့ကိုတိုက်ခဲ့သော၊ အမျိုးဘာသာ သာသနာကို ကာကွယ်ခဲ့သော၊ လွတ်လပ်ရေးကို တောင်းဆိုခဲ့သော အမည်ဖြစ်ပါလျက် ဘုရင့်နောင်လမ်း ဟု အဓမ္မ အမည်ပြောင်းခဲ့သည်။ ဤသို့ဖြင့် ဆယ်စုနှစ် ၂စု ကာလအတွင်း အာဇာနည်လမ်း ဟူသော သမိုင်းဝင်အမည်က ပျောက်ကွယ်ခဲ့ရချေပြီ။ အားကောင်းမောင်းသန် အသက်၂၀အရွယ် မန္တလေးသူ မန္တလေးသားလေးတွေ အာဇာနည်လမ်း မသိတော့။ ၀မ်းနည်းဖွယ်ကောင်းလှသည်။

#ဗိုလ်ချုပ်အောင်ဆန်းလမ်း

ထို့ပြင် မန္တလေး၏ အသည်းနှလုံးဖြစ်ခဲ့သော ဈေးချိုတော်ကြီးနှင့် မန္တလေး၏ အထွဋ်အထိပ်ဖြစ်သော မဟာမုနိ ဘုရားကြီးတို့ ဆက်သွယ်သည့် အထင်ကရလမ်းမကြီး (၈၄လမ်း)ကိုလည်း မန္တလေးမြို့လူထုက လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် မြန်မာပြည်လွတ်လပ်ရေး ရ ကတည်းက “ဗိုလ်ချုပ် အောင်ဆန်းလမ်း”ဟု ခေါ်တွင်ခဲ့သည်။ ရေးသားခဲ့သည်။ မှတ်တမ်းပြုခဲ့သည်။ ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း အမည်သညာသည် မှေးမှိန်ပျောက်ကွယ်သွားပြန်၏။

#ဗိုလ်ဗထူးလမ်း

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးမှ မဟာမုနိဘုရားကြီးမြောက်မုခ်နှင့် အရှေ့ ၄၅တာ တို့ ဆက်စပ်သည့် လမ်းမကိုလည်း ဂျပန်ဖက်ဆစ်တော်လှန်ရေးကာလ မန္တလေး၌ ရုံးထိုင်ပြီး အခြေအနေ အချိန်အခါနှင့် ကိုက်ညီစွာ ၁၉၄၅ခု မတ်လ(၈)ရက်နေ့ကတည်းက ဂျပန်ကို စစ်ကြေညာတိုက်ခိုက်ခဲ့သော ဗိုလ်မှူးဗထူးကို ဂုဏ်ပြုသောအားဖြင့် “ဗိုလ်ဗထူး လမ်း”ဟု ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။  အဘယ့်ကြောင့်ဆိုသော် ဗိုလ်မှူးဗထူးက ဂျပန်ကိုတော်လှန်ခဲ့ပြီး စစ်ကြေညာ လက်မှတ် ရေးထိုးခဲ့သော အထက်ဗမာပြည်စစ်ရုံးချုပ်မှာ အဆိုပါလမ်းပေါ်၌ တည်ရှိသောကြောင့်လည်း ဖြစ်ပါ၏။ ယခု အနောက် ၄၅တာ မီးသတ်အရှေ့ဘက်ရှိ “ဗုဒ္ဓပြတိုက်”ဟု ကမ္ပည်းဆိုင်းဘုတ်တင်အပ်သော အဆောက်အဦးပင် ဖြစ်ပါ၏။ ယခု ဗိုလ်ဗထူးလမ်း ကိုလည်း မေ့ပျောက်နေကြလေပြီ။

#သခင်ဗဟိန်းလမ်း 

မြန်မာ့လွတ်လပ်ရေး တိုက်ပွဲသမိုင်းတွင် တပ်ပေါင်းစုံ စုစည်းညီညွတ်ခြင်း၏ အထင်ကရ ပြယုဂ်ဖြစ်သော  ၁၃၀၀ ပြည့်အရေးတော်ပုံကြီး စတင်ပေါ်ပေါက်ရေးအတွက် "မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ်"ဟူသည့် မိန့်ခွန်းနှင့် ရဲရဲတောက်ထိရောက်စွာလှုံ့ဆော်ပြီး လွတ်လပ်ရေးအတွက် ကျန်းမာရေးနှင့် အသက်ကိုပင် ပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့သော ရဲဘော်ဗဟိန်း(၀ါ)သခင်ဗဟိန်း နောက်ဆုံး ခေါင်းချခဲ့သည့် နေအိမ်တည်ရှိရာ လမ်း၈၀ (မြောက်ပြင်ဗြစ်စက်မှ တာရဲတန်းစိန်ကျော်ကွေ့ အထိ) ကို သခင်ဗဟိန်းလမ်း ဟု ခေါ်ဝေါ် ကမ္ပည်းတင်ခဲ့သည် ကိုလည်း ပြန်လည်ဖော်ထုတ် သင့်ပါသည်။

#အရှင်စန္ဒိမာ လမ်း 

၁၉၂၄ခု သြဂုတ်လ ၁၆ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ညီညွတ်ရေးအဖွဲ့ကြီး၏ ၃လပတ် အစည်းအဝေးကို မန္တလေးမြို့၌ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးကြီးသို့ ဆရာတော်ဦးဥတ္တမလည်း ကြွလာတော်မူခဲ့၏။ ဆရာတော် ဦးဥတ္တမ ကြွလာမည်ကို မန္တလေးမြို့မှ ရဟန်းရှင်လူပြည်သူလူထုတို့ ကြိုဆိုကြရာ၊ အစိုးရပုလိပ်အဖွဲ့နှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပြီး နှိမ်နင်းမှုကြောင့် မန္တလေးမြို့မှ ဦးစန္ဒိမာ ဘွဲ့ အမည်ရှိ ရဟန်းတော် တိမ်ပါးပျံလွန်တော်မူခဲ့သည်။ မတရားသည့် ဖိနှိပ်မှုအမိန့်ကို ဆန့်ကျင် ရင်း အသက်စွန့်လွှတ်ခဲ့သော ရဟန်းတော်ကို ဂုဏ်ပြုသောအားဖြင့် အဆိုပါလမ်း (၃၁လမ်း)ကို အရှေ့ဘက် ၆၂လမ်း မှ အနောက်ဘက် မိကျောင်းတံတားအထိ “အရှင်စန္ဒိမာလမ်း”ဟု မြို့လူထုက ကမ္ပည်းတင် ဂုဏ်ပြုခဲ့ကြ၏။ အရှင်စန္ဒိမာ ရုပ်ထုလည်း မြို့လယ်ဆူးခါးကျောင်းတိုက်အတွင်း ရှိခဲ့ဖူးသည်။ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် မန္တလေး၌ ပထမဆုံးသွေးမြေကျခဲ့သည့် ရဟန်းတော်ကို ဂုဏ်ပြုခဲ့သော လမ်းမအမည်မှာလည်း ယခုအခါ စုန်းစုန်းမြုပ်နေပါပြီ။

#အာဠ၀ီလမ်း၊ စည်ရှည်လမ်း၊ မင်္ဂလာလမ်း၊ စည်သာလမ်း

မန္တလေးတွင် အရှေ့အနောက်တန်းလျက် အထင်ကရလမ်းမကြီးများကို အေလမ်း၊ ဘီလမ်း၊ စီလမ်း၊ ဒီလမ်း ဟု ခေါ်တွင်ခဲ့ကြသည်က အင်္ဂလိပ်အမွေအနှစ်ဟု သမုတ်၍ ၁၉၉၀ ၀န်းကျင်၌ ရန်ကြီးအောင်လမ်း၊ ဘုရင့်နောင်လမ်း၊ ပင်းယလမ်း၊ အင်းဝလမ်း ဟု ပြောင်းလဲ ခေါ်ဝေါ်သုံးစွဲစေခဲ့သည်။ ခေတ်ပြောင်း၊ စံနစ်ပြောင်းခြင်း လက္ခဏာမှ အပြောင်းအလဲ ဟူလို...။

 အင်္ဂလိပ်အပြေး၊ ဂျပန်အ၀င်ကလည်း မြန်မာတစ်ပြည်လုံးရှိ မြို့ကြီးများမှ အင်္ဂလိပ်အခေါ်အဝေါ် လမ်းများ ရပ်ကွက်များ ကိုလည်း “ဗမာနိုင်ငံတော် အစိုးရအမိန့်ပြန်တမ်း” ဖြင့် ၁၉၄၄ခုနှစ် စက်တင်ဘာလ ၈ရက်နေ့စွဲပါ အမိန့်အမှတ် ၉၂ဖြင့် ပြောင်းလဲခဲ့ကြသော သာဓက ကလည်းရှိသည်။

ဤသို့ဖြင့် ရန်ကုန်မြို့က ဒါလဟိုဇီလမ်းတို့၊ မော်တင်လမ်းတို့၊ ဂေါ်ဒ၀င်လမ်း တို့လည်း ဗန္ဓုလလမ်း၊ လမ်းသစ်လမ်း၊ လမ်းမတော် ဆိုတာတွေ ဖြစ်ခဲ့၏။

ထားတော့ ...။ မန္တလေးမြို့က အေလမ်း၊ ဘီလမ်း၊ စီလမ်း၊ ဒီလမ်း ဆိုတာတွေက လမ်းအမှတ်များရှိပြီး ဖြစ်၏။ ၃၅လမ်း၊ ၂၆လမ်း၊ ၂၂လမ်း၊ ၁၉လမ်း ဟူ၍ ဖြစ်သည်။ ထိုလမ်းမကြီးများအနက် ၂၂လမ်းက နန်းမြို့ အာဠ၀ီတံခါးနှင့် တည့်တည့်မို့ အာဠ၀ီလမ်း ဟု အမည်ရှိသည်။

ထို့အတူ ၁၉လမ်း ကလည်း စည်ရှည်(စက်ရှင်)တံခါးနှင့် တည့်တည့်မို့ စည်ရှည်(စက်ရှင်)လမ်း ဟု အမည်ရှိပြီး ဖြစ်ပါ၏။ ထိုအမည်များကား အင်္ဂလိပ်အမည်များ မဟုတ်ခဲ့။
အလားတူ ကျော်မိုး (မင်္ဂလာ) တံခါးနှင့်တည့်တည့် ၇၃လမ်းကို မန္တလေးတက္ကသိုလ်ဝင်ပေါက် အထိ မင်္ဂလာလမ်းဟု ခေါ်ဝေါ်ခဲ့ကြ၏။ မြောက်ပြင် ၇၆လမ်းကိုလည်း ၁၂လမ်းမှ မြောက်သို့ အိုးဘိုအထိ စည်သာလမ်းဟု သုံးစွဲခဲ့ကြသည်။

#ပြန်လည်ဖော်ထုတ် ကမ္ပည်းတင် 

ထို့ကြောင့် ဇာတိ၊ ပုည၊ ဂုဏ်မာနဖြင့် နာမည်ကျော်ခဲ့လေသော မန္တလေး အနေနှင့် သူ့ကျွန်အောက် ရောက်ရမှုအပေါ် တက်ခေါက်အံကြိတ် မချိတင်ကဲ အမှတ်လက္ခဏာ ဆီးပန်းနီဆရာတော် ဗိမာန် မူလ ခင်စောမူကွေ့လမ်းမမှ ပျက်သုဉ်းခန်း၊ အမျိုးသားစီးပွားရေး၏ ပြယုဂ် ဈေးချိုတော် ရုံကြီး၁၂ရုံ ပျက်စီးခန်း၊ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှာန်း၏ သမိုင်းဝင်ရာပြည့် အထိမ်းအမှတ် မန်းရာပြည့်ကွင်း ပျောက်ဆုံးခန်း၊ မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ် ဟူသော ရဲရဲတောက်အားမာန်၏ အရှင်သခင် သခင်ဗဟိန်းဂူ လွယ်လင့်တကူ ဖျက်ဆီးခန်းများကို မသိကျိုးကျွန် ပြုကြသည့် ကာလကို သင်ခန်းစာယူ၍ ဘိုးဘွားတို့သွေးဖြင့် ရေးထိုးခဲ့ကြကုန်သော ဂုဏ်ရောင်ပြောင်သော မန္တလေး၏ သမိုင်းဝင် ကမ္ပည်းမော်ကွန်းများကို ယခု အချိန်အခါကောင်း မင်္ဂလာအခါသမယတွင် ပြန်လည်ဖော်ထုတ် ကမ္ပည်းတင် ဂုဏ်ပြုအပ်ပါကြောင်း။

မူရင်းရေးသားသူ
ဆူးငှက်

=========

လမ်းနာမည်ပြောင်းမှာမဟုတ်ဘူးကိုကြို။

 အရင်က ဂုဏ်ပြုသတ်မှတ်ခဲ့တဲ့လမ်းနာမည်အတိုင်း ပြန်တွဲခေါ်မှာ။
ပြောင်းမှာမဟုတ်ဘူး။ အရင်နံပါတ်တွေလည်း အရင်လို တွဲရှိနေမှာပါ။

 ဥပမာ ၂၆ လမ်းကို ၂၆ လမ်းရော အာဇာနည်လမ်းရော နှစ်ခုတွဲပြီး လမ်းညွှန်စာပြန်ရေးမှာ။ ရှေးက အဲဒီလို သတ်မှတ်ခဲ့တာ။

၁၉၉၀ မှာ သမိုင်းဖျောက်ချင်သူတွေက ဒီလမ်းကို ဘုရင့်နောင်လမ်းလို့ သတ်မှတ်ဖူးတယ်။

 ဒီနေ့ခေတ်လူငယ်တွေက အရင်က အဲဒီလို ဂုဏ်ပြုဖူးတာ မသိကြတော့ဘူး။

MDY မှာ အဲလိုလမ်း ကိုးလမ်းရှိခဲ့တယ်။

၂၆ လမ်းလို့ဆက်ခေါ်လည်းရတယ်

လမ်းညွှန်ဆိုင်းဘုတ်တိုင်းမှာ အဲလိုလမ်းဆို ၂ထပ်ပါမယ်။

ခင်မင်လေးစားလျက်
ကျော်ရင်မြင့် (KYM )
via အရည်ကြို

No comments: