Saturday, June 10, 2017

Programmer ဖြစ်လာဖို့ ပျိုးထောင်သင့်တဲ့ နည်းလမ်းများ ( Beginner များ အတွက် )

Programmer ဖြစ်လာဖို့ ပျိုးထောင်သင့်တဲ့ နည်းလမ်းများ
( Beginner များ အတွက် ) 


Programmer ဖြစ်လာနိုင်သူ နှစ်မျိုး ရှိတယ်လို့ ယေဘုယျ ခွဲခြား သတ်မှတ်လို့ရပါတယ်။

▪️ပထမ တစ်မျိုး 

ကိုယ်ပိုင် အရည်အသွေး ကောင်းမွန်သလို ဆရာ တစ်ထွာပြ တစ်လံ လောက် မြင်နိုင်သူမျိုးပါ။

▪️ဒုတိယ တစ်မျိုး

သူတို့ ကတော့ ဇွဲမလျော့ပဲ သူတို့ လုပ်နိုင်သလောက်၊ တတ်နိုင်သလောက် သူတို့ Knowledge ကို ကျယ်ပြန့်သထက် ကျယ်ပြန့်အောင် စဉ်ဆက်မပြတ် ကြိုးစား လေ့လာ လုပ်ဆောင်နေသူတဲ့ သူမျိုးပါ။

ဒီ နှစ်မျိုးထဲမှာ မပါဝင်သူတွေကတော့ Programmer ဘ၀ကို တစ်ဝက် တစ်ပျက် နဲ့ အဆုံးသတ်ကြတာ များပါတယ်။

•••

ဒီနေ့ကတော့ ဒုတိယ တစ်မျိုး အတွက် လိုအပ်မယ် ထင်တဲ့ အကြံဥာဏ်တွေ ပြောပြပေးချင်ပါတယ်။

▪️၁။ မှတ်စု ရေးပါ

မှတ်စု တစ်ခု ရှိကို ရှိသင့်ပါတယ်။
အချိန်တိုင်း ပြန်ကြည့်လို့ အဆင်ပြေစေမယ့် မှတ်စုမျိုး ကို ရေးမှတ်တဲ့ အလေ့အထ လုပ်ပါ။

မှတ်စုကို မှတ်သားရာမှာလဲ ရှင်းရှင်းလင်းလင်း မှတ်သားတတ်ဖို့ လိုအပ်ပါတယ်။

ဥပမာ  ပြောရရင် ကျောင်းတက်စဉ်က အမြဲတမ်း ပထမ ရတဲ့သူတွေ ရဲ့ မှတ်စုမျိုး၊ University ရောက်ချိန်မှာ လဲ Roll 1 တွေ ရဲ့ မှတ်စုမျိုးကို သတိထား လေ့လာကြည့်ပါ။

သင်ကြားနေတာခြင်း အတူတူ သူတို့ ရဲ့ ရေးမှတ်ထားတဲ့ မှတ်စုဟာ တကယ် ထူးခြား ကောင်းမွန်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။

ရှုပ်ထွေးခြင်း မရှိသလို၊ ခေါင်းစဉ် အလိုက် လိုအပ်တဲ့ အချက်လေးတွေ ကို ရှင်းလင်း မှတ်သားထားတာ မျိုးကို ဆိုလိုပါတယ်။

ကိုယ်လဲ အဲဒီလို အလေ့အကျင့်ကို ပြုစု ပျိုးထောင်ကြည့်ဖို့ လိုပါတယ်။

▪️၂။ ပြန်ဖတ်ပါ၊ ပြန်လှန် လေ့လာ သုံးသပ်ပါ

Review Exercises

ရေးမှတ်ထားတာတွေကို တော်တော်များများက ပြန်ဖတ်လေ့ မရှိပါဘူး။

အဲဒီ အတွက် တကယ်တမ်း လချီ ပစ်ထားပြီးမှ ပြန်လေ့လာရင် ထင်သလောက် မလွယ်ကူတာ တွေ့ရပါလိမ့်မယ်။

ဒါကြောင့် ရေးမှတ်ထားသမျှကို အပတ်စဉ်၊ လစဉ် Review ပုံစံမျိုး နဲ့ ပြန်လေ့လာသင့်ပါတယ်။

▪️၃။ စနစ်ကျ ပါစေ 

Project တွေ ဖြစ်စေ၊ နည်းပညာ ရပ်တွေ လေ့လာသည် ဖြစ်စေ၊ လေ့လာနေတဲ့ အကြောင်းအရာတွေကို စနစ်တကျ သိမ်းထားသင့်ပါတယ်။

အဲဒီ အတွက် Computer ထဲမှာ Folders တွေ သိမ်းတာက အစ စနစ်တကျ သိမ်းဆည်းတတ်တဲ့ အလေ့အကျင့်ကို ကြိုးစား ပျိုးထောင် သင့်ပါတယ်။

ကိုယ့် Computer ဟာ ကိုယ့် ဘ၀ အတွက် အကောင်းဆုံး Library တစ်ခု ဖြစ်လာမှာ ဖြစ်သလို၊ ကိုယ့် အောင်မြင်မှုအတွက်လဲ တချိန်မှာ အကောင်းဆုံး အထောက်အကူ ပြုပေးနိုင်တဲ့ နေရာ တစ်ခု ဖြစ်လာပါလိမ့်မယ်။

အကြောင်းကတော့ ကိုယ် လေ့လာဆည်းပူးထားတာတွေ၊ ကိုယ် ဆက်လက် လေ့လာလိုတဲ့ အကြောင်းအရာတွေ ကို တစုတစည်းတည်း ကိုယ်တိုင် သိမ်းဆည်းထားတဲ့ နေရာ တစ်ခု ဖြစ်နေလို့ပါ။

Folder ခွဲနည်းကို နမူနာ အနေနဲ့ ပြောရရင်

- Web Design
- Web Application
- Projects
- Windows Application
- Console Application
- Mobile Application
- Domain Knowledge

စသည်ဖြင့် ခွဲခြား ပြီး သေချာ စနစ်တကျ သိမ်းဆည်းထားသင့်ပါတယ်။

ဖတ်ရလွယ်အောင် ထပ်ခွဲချင်ရင် အဲဒီ Folders လေးတွေ အောက်မှာ
- Myanmar ( မြန်မာလို လေ့လာနိုင်သော မှတ်စုများ ထည့်ပါ။ )
- English ( အင်္ဂလိပ် လို eBook, Videos စတဲ့ Tutorials )
စသည်ဖြင့် ခွဲခြား သိမ်းဆည်းကြည့်နိုင်ပါတယ်။  

▪️၄။ Back Up ရှိပါစေ

စုဆောင်းထားသမျှတွေဟာ အချိန် မရွေး ပျက်သွားနိုင်တာကို သတိပြုပါ။ Hard Drive ပျက်ရင် သင့် ရည်မှန်းချက် ပျက်ပြီလို့ သဘောထားပြီး ပထမ ဦးစားပေး စဉ်းစားထားပါ။

📌 Back up ကို နှစ်ခု သို့မဟုတ် နှစ်ခုထက် ပို ဆောင်ထားတာ အကောင်းဆုံးပါ။

Personal Data မဟုတ်တဲ့ အရေးကြီးတဲ့ Resources တွေကို လိုအပ်ရင် Cloud Storage တွေမှာလဲ ဆန့်သလောက် သိမ်းဆည်း ထားပါ။

သိမ်းထားတဲ့ နေရာတွေကိုလဲ Note အနေနဲ့ စနစ်တကျ ရေးမှတ်ထားဖို့ လိုမှာ ဖြစ်ပါတယ်။

တချို့ က External Hard Drive မှာ အားလုံးသိမ်းထားတာမျိုး လုပ်တတ်ကြပါတယ်။

အဆိုးရွားဆုံး အလေ့အထ တစ်ခု ဖြစ်သလို အချိန်မရွေး ပျောက်တတ်၊ ဆုံးရှုံးတတ်ပါတယ်လို့ ထပ်မံ သတိပေးချင်ပါတယ်။

▪️၅။ ထပ်ခါ ထပ်ခါ လေ့ကျင့်ပါ

ဒါက အရေးကြီးပါတယ်။
Project တစ်ခု ဖန်တီး ပုံက စလို့ Report တစ်ခုကို ထုတ်ပုံ ထုတ်နည်း အဆုံး ထပ်ခါ ထပ်ခါ လေ့ကျင့်ပါ။

" စာမတတ် ထောင်ချ " ဆိုသလို အကြိမ်ပေါင်း များစွာ လေ့လာပါ။

Print Screen / Screen shots တွေ ဖမ်းထားပြီး တခြားသူတွေကို ဝေမျှ ပြောပြနိုင်တဲ့ အထိ တစ်ဆင့်ချင်းစီကို ရှင်းရှင်းလင်းလင်း နားလည်နိုင်အောင် ကြိုးစား ကြည့်ပါ။

ဒီနည်းက မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ရာမှာ အတိုင်းတာ တစ်ခုထိ အရေးပါပါတယ်။

▪️၆။ တခြားသူတွေ ပေးတဲ့ မှတ်ချက်ဟာ ကိုယ့်အတွက် အဆုံးအဖြတ် မဟုတ်တာ သတိပြုပါ

သူငယ်ချင်း အချင်းချင်း ဖြစ်စေ၊ တစုံတယောက် က ဖြစ်စေ "မင်း မလုပ်နိုင်ပါဘူး၊ လုပ်လိုက်ရင် တလွဲ ကြီးပဲ" ဆိုတဲ့ စကားမျိုး ကို ပြောလာတဲ့အခါ အဲဒီ စကားကို မေ့ပစ်လိုက်ပါ။ လဲကျတိုင်း ပြန်ထပါ။

စက်ဘီးစီး သင်ချိန်ကလဲ ခဏခဏ လဲကျခဲ့ဘူးတာ သတိရပါ။ အဲဒါကို နမူနာ ပြန်ယူပါ။ ငါ လုပ်နိုင်ရမယ် ဆိုတဲ့ စိတ်ကိုပဲ စွဲစွဲမြဲမြဲ မှတ်ထားပါ။

Practice makes Perfect ဆိုသလို ဇွဲ မလျော့ပဲ ကိုယ် လုပ်စရာ ရှိတာ ဆက်လုပ်ပါ။ အသေအချာ တစ်ဆင့်စီကို ဆက်လေ့လာပါ။

အလုပ်နဲ့ ပတ်သက် လို့ အဆင်မပြေ ဖြစ်လာတဲ့အခါ မျိုးမှာလဲ ကျရှုံးသွားတာ မဟုတ်ဘူးလို့ ခံယူပါ။

ကိုယ့်အတွက် လေ့လာဖို့ အချိန်ကို ထပ်တိုး ပေးတာလို့ သဘောထားပါ။

ဒီထက် ကောင်းတဲ့ အခွင့်အရေး လာဖို့အတွက် အချိန် ပေးတယ်လို့ သဘောထားပြီး ဆက်ကြိုးစား ရမှာပါ။

ဒါမှ ဒီ အလုပ်ထက် ကောင်းတဲ့ အခွင့်အရေး တွေ ပေါ်လာတာနဲ့ အမိအရ ဆုပ်ကိုင်နိုင်မှာပါ။

▪️၇။ လေ့လာပါ၊ ဆွေးနွေးပါ၊ အကြံပြုချက်ရယူပါ

ဆွေးနွေးတဲ့အခါ တကယ် အတွေ့အကြုံ ရှိသူတွေကို ချဉ်းကပ်ပါ။  တိုက်ရိုက် ဆွေးနွေးခွင့်မရရင် သူတိှု့ကို Follow လုပ်ပါ။ Comment မှာ သိလိုတာကို ၀င်မေးပါ။

မေးတဲ့အခါမှာလဲ သိလိုတာကို ရှင်းရှင်းလင်းလင်း မေးပါ။

ယခုလို Facebook တွင်တွင်ကျယ်ကျယ် သုံးနေကြတဲ့ အချိန်မှာ နည်းပညာ မျှဝေ ရေးသားနေသူတွေ ရဲ့ နောက်ကို စဉ်ဆက် မပြတ် လိုက် ဖတ်၊ လိုက် လေ့လာခွင့်ရနေတာဟာ တကယ့် အခွင့်အရေးပါ။

ဒီ နည်းလမ်းက Beginner တစ်ယောက် အနေနဲ့ ကိုယ်တိုင် လိုက်လေ့လာတာ ထက် အချိန်ကုန် သက်သာ ထိရောက်တဲ့ နည်း ဖြစ်စေမှာပါ။
 
▪️၈။ ရည်မှန်းချက် ရှိပါစေ 

အလွယ်ဆုံး နဲ့ အကောင်းဆုံး ရည်မှန်းချက် က တော့ ငါ နိုင်ငံခြား ထွက် အလုပ်လုပ်မယ် ဆိုတဲ့ ရည်မှန်းချက်မျိုးထားပါ။

ရည်မှန်းချက် နဲ့ အတူ English / Japan စတဲ့ ဘာသာ စကား တွေ ပူးတွဲ လေ့လာပါ။

ကိုယ် နိုင်ငံခြား ထွက်မယ့် အချိန်ကို သတ်မှတ်ထားပါ။

သင်တန်းတက်၊ လုပ်ငန်းအတွေ့ အကြုံယူ၊ လိုအပ်မယ့် Certificate တွေ ရအောင် ယူပါ။

ငယ် တုန်းမှာ နိုင်ငံခြား က လုပ်ငန်းခွင် အတွေ့အကြုံ မဖြစ်မနေ ရအောင် ယူထားသင့်တယ်လို့ အကြံပြုချင်ပါတယ်။

အရာရာကို ကိုယ်ပိုင် စဉ်းစားဥာဏ်နဲ့ ဆင်ခြင် သုံးသပ်ပြီး
ကိုယ့် လိုအပ်ချက်ကို ကိုယ်တိုင် သိနိုင်အောင် ကြိုးစားပါ။

ကိုယ့် အားသာချက်တွေကို အကောင်းဆုံး အသုံးချပါ။
တွေဝေမှုတွေကို ပစ်ချပြီး ရည်မှန်းချက်ကို သာ ပိုမို ပီပြင်အောင် ကြိုးစား ပါလို့ တိုက်တွန်းချင်ပါတယ်။

+ Work Experience ဘယ်လို ယူထားသင့်သလဲ ?
https://goo.gl/wPgFX8

Stringlive < SE/SG >

Programming Wiki


No comments: