Sunday, June 25, 2017

Sexual Harassment ကို ဘယ်လိုကာကွယ်မလဲ ?

(HR Journal တွင် ဖော်ပြခဲ့သော ဆောင်ပါးကို ပြန်လည် မျှဝေပါတယ်။)


Sexual Harassment ကို ဘယ်လိုကာကွယ်မလဲ ?
****************************************************
အလုပ်လာပြောင်းဖို့ လာပြောတဲ့ သူငယ်ချင်းတစ်ယောက်နဲ့တွေ့တယ်၊ လက်ရှိအလုပ်လည်း အဆင်ပြေ နေရင်းနဲ့ လုပ်နေတာလည်း ကြာနေပြီဆိုတော့ ဘာအဆင်မပြေတာတွေ ရှိမလဲဆိုပြီး မေးမြန်းကြည့် ဖြစ်ပါတယ်။ မိန်းကလေးချင်းမို့ မရှက်တမ်းပြောရရင် သူ့အထက်လူကြီးက စကားနဲ့ဆိုသလို ၊တစ်ခါတစ်လေ အသားယူသလို လုပ်ငန်းခွင်ထဲမှာ ထိကပါးရိကပါး  လုပ်နေတာတွေ ရှိတော့ သူအနေနဲ့ ဆက်လုပ်ရမှာလည်း ခက်၊ အလုပ်မပြောင်းချင်ပေမဲ့ အဆင်မပြေ ဘာလုပ်ရမှန်းမသိနဲ့ နောက်ဆုံး အလုပ်ကနေ ပြောင်းဖို့ပဲ စဉ်းစားတာပါလို့ ရင်ဖွင့် ဆွေးနွေးလာပါတယ်။

 ကြားကြားချင် ကိုယ်တိုင်လည်း ဒေါသတွေ ထွက်သွားတယ် ၊ဒါ ဘယ်ငြိမ်ခံနေလို့ဖြစ်မလဲ ၊ တိုင်ရမယ် ၊ လိုအပ်ရင် ဥပဒေ ကြောင်းအရ အရေးယူဖို့အထိ လုပ်လို့ရတယ် ဆိုပြီး ပြောမိပြန်တယ်။ ဒါမျိုးဆိုတာ ငြိမ်ခံနေလို့ ဘယ်ဖြစ်မလဲ ဆိုပြီး ပြောလိုက်မိတယ် ။ စကားပြောရင်းနဲ့ သူမဆီက အမူအရာတွေက ၀မ်းနည်းသလိုလို ၊ရှက်သလိုလို နဲ့ နောက်ဆုံး အားငယ်စိတ်တွေ ရှိလာတယ် ။ စကားပြောနေရင်းနဲ့ ကျွန်မ ပုခုံးကို ကိုင်ရင်း ငိုချလိုက်တာ ကျွန်မကိုယ်တိုင်လည်း စိတ်မကောင်း တော်တော်ဖြစ်သွားတယ်။

ဒီလိုအဖြစ်အပျက်မျိုး လုပ်ငန်းခွင်ထဲမှာ အမျိုးသမီးတွေ ဘယ်နှစ်ယောက်ဖြစ်ဖူးသလဲ ? အခြားလုပ်ဖော် ကိုင်ဖက် တွေ ရှေ့မှာ  သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ဟန့်တားခံရမှုတွေကို ဘယ်လိုသတ္တိမျိုးနဲ့ ဖွင့်ထုတ်ကြေငြာရဲမလဲ ? အခန့်မသင့်ရင်  သူကိုက အနေအထိုင်မတတ်တာကိုး ၊ ရောရောနှောနှော နေတာကိုး ဆိုတဲ့ စကားသံတွေက ခံစားရသူအတွက် ၀ါးကူထိုးခံရတဲ့ ရေနစ်သူ ပမာပါပဲ ။ ကျွန်မတို့ မြန်မာအမျိုးသမီးတွေက တော်တော်များများ အားနာတတ်တယ် ၊ရှက်တယ် ၊ကြောက်တယ်  ဒါမျိုးဖြစ်ရပ်မျိုး အတွက် တုံပြန်ဆောင်ရွက်မယ့်  စိတ်မျိုးထက် မသိမသာနဲ့ ရှောင်ဖယ်ထွက်ခွာခြင်းမျိုးကိုသာ ဆောင်ရွက် လိုကြတာများပါတယ်။
ဒီအကြောင်းအရာကို ပြောလို့ လုပ်ငန်းခွင်ထဲက အမျိုးသားတွေကို စွပ်စွဲပြောဆိုတာ မဟုတ်ပါဘူး ၊ တစ်ချို့လူမျိုးတွေမှာ ဖြစ်တတ်တဲ့အခြေအနေတွေကို တင်ပြချင်တာပါ ။

လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက် အထက်လူကြီး အစရှိတဲ့ သူတွေအပေါ် ဆက်ဆံရာမှာ ကိုယ်နဲ့ အလုပ်တူလုပ်နေသူချင်း အဆင်ပြေစေချင် တာရယ်။ ဆရာသမား ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ လက်ခံဆက်ဆံတာကို အထင်အမြင်လွဲမှုတွေ ရှိတတ်ပါတယ်။ တစ်ချို့သော သူတွေသာ အခွင့်အရေးအတွက် ချဉ်းကပ်ကြတာ ရှိကြပါလိမ့်မယ် ၊ ကိုယ်မြင်ဖူးတွေ့ဖူးတဲ့ သူတွေလိုပဲ မှတ်ယူထားလို့သာ ဒီလိုပြသာနာတွေဖြစ်လာကြတာပါ ။ ဖြစ်လာတာတော့ ဟုတ်ပါပြီ ဘယ်လိုရှင်းကြမလဲ ?  မဖြစ်အောင်ကော ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို ကြိုတင်ပြင်ဆင် စဉ်းစားထားဖို့ လိုအပ်ပါတယ် ။ HR Policy တွေမှာ  Sexual  Harassment  Policy ၊ Personal Harassment အစရှိတာတွေနဲ့ပတ်သတ်လို့ သေချာစွာ ရေးဆွဲပြဌာန်းထားဖို့လိုအပ်ပါတယ်။

အမျိုးသမီးဝန်ထမ်းများအား လိင်ပိုင်းဆိုင်ရာ ထိပါးနှောင်ယှက်ခြင်း၊ ဂုဏ်သိက္ခာကျဆင်းစေသော ကိုယ်နှုတ် အပြုအမူ များကို ပြုလုပ်ခြင်း  မပြုရ  ဆိုပြီး စာသား တစ်ကြောင်းတည်း ထည့်သွင်းရေးသားထားယုံနဲ့ မလုံလောက်ပါဘူး ။ ဘယ်အရာ တွေကဖြင့်  သတ်မှတ်မယ် ၊ ဘယ်လိုကြိုတင်ကာကွယ်တားဆီးဖို့လုပ်မလဲ ? အရေးယူဆောင်ရွက်မှု အပိုင်းမှာ ဘာတွေ ဆောင်ရွက်မယ် ? ကာယကံရှင် အတွက်ကော ဘယ်လိုနှစ်သိမ့်ဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်သလဲ ဆိုတာတွေပါ ထည့်သွင်းစဉ်းစားရမယ့် အခြေခံအချက်တွေပဲဖြစ်ပါတယ်။

လုပ်ငန်းခွင်အဖွဲ့အစည်းတွေမှာ ဒါမျိုးတွေဖြစ်လာကြရင် တော်တော်များများက တိုးတိုးတိတ်တိတ်နဲ့ ပြီးသွားကြတာများပါတယ်။ ပြသာနာအကျယ်အကျယ်ဖြစ်ရင် လုပ်ငန်းပုံရိပ်ထိခိုက်မှာ ကြောက်တာကြောင့် စီမံခန့်ခွဲသူတွေက ဖြေရှင်းဆောင်ရွက်တဲ့အခါ  သေးငယ်တဲ့ ပြသာနာတစ်ခုအဖြစ်သာ ပုံဖော်ကြပါတယ်။ ဒါတွေကို ဘယ်လို ဆောင်ရွက်သင့်သလဲဆိုတာကို ပြောပြရင် …… လိုအပ်လို့လား ၊ မကြာခဏ ဖြစ်နေတာမှ မဟုတ်တာ ဆိုတဲ့ စကားသံတွေကြောင့် ၀န်ထမ်းတွေ အနေနဲ့လည်း သိပ်အရေးမထားကြတော့ပါဘူး ။  တကယ်တော့ လုပ်ငန်းခွင်အတွင်း ပုဂ္ဂိုလ်ရေးအရ ထိပါးနှောင့်ယှက်တဲ့နေရာမှာ သေးသိမ်စေသော သဘောနဲ့  အရပ်ပုသူကို  ဂျပု လို့ ခေါ်တာ ၊ အသားညိုသူကို အသားမဲ လို့ ခေါ်တာတွေဆိုတာကလည်း  ဒီဖြစ်စဉ်တွေ အတွင်းမှာပါဝင်ပါတယ်။

ဒါတွေမဖြစ်အောင် ဘယ်လိုလုပ်သင့်သလဲဆိုတာကို တင်ပြချင်ပါတယ်။ ဒါတွေကတော့

1. Create a Strong Sexual Harassment Policy
လုပ်ငန်းခွင်အတွင်းမှာ အားကောင်းပြီးတိကျတဲ့ Policy တွေ ဖန်တီးထားဖို့လိုပါတယ်။ ၀န်ထမ်းရေးရာ လက်စွဲ စာအုပ်ထဲသေသေချာချာ ထည့်သွင်းထားဖို့ပါ။ အခန်း ကဏ္ဏာ တစ်ခုအနေနဲ ရေးဆွဲပြဌာန်းထားဖို့လိုပါတယ်။  ဒီအပိုင်းမှာ ဘယ်လိုလုပ်ဆောင် ပြောဆိုချက်တွေက ပြစ်မှုအဖြစ် ထင်ရှားတယ် ဆိုတာမျိုးကို ထည့်သွင်းထား မှသာ ၀န်ထမ်းတွေ အတွက် အဆင်ပြေစေမှာပါ။

2. Encourage Consensual Agreement 
ဝန်ထမ်းတွေအချင်းချင်း တစ်စိတ်တစ်ဝမ်းတည်းဖြစ်စေဖို့ အားပေးလှုံဆော်မှုတွေပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါကိုလည်း အားလုံးက သဘောတူလက်ခံလာအောင် ဆောင်ရွက်နိုင်ဖို့လိုပါတယ်။

3. Never Laugh At or Encourage inappropriate jokes
လုပ်ငန်းခွင်ထဲမှာ မဆီလျော်နဲ့ နောက်ပြောင်ခြင်းမျိုး ရှောင်ကြည်ရပါမယ်။ ပြက်ရယ်ပြုတာ တာတွေ အားနည်းချက်တွေ ကို ဟာသအဖြစ် လှောင်ပြောင်တာတွေကို မပြုလုပ်ဖို့ ဆောင်ရွက်ထားရမှာဖြစ်ပါတယ်။ ဒါကို ရုံးရဲ့ အမူအကျင့် တစ်ခုအနေနဲ့ နားလည်လက်ခံလာအောင် ဆောင်ရွက်ဖို့လိုပါတယ်။

4. Ensure that all upper Level Employees attended Anti-harassment workshops
ကျွန်မတို့ဆီမှာက ဒါနဲ့ပတ်သတ်ပြီးအလေ့အကျင့်တွေ အားနည်းတာရှိနေပါသေးတယ် ။ လုပ်ငန်းခွင်အတွင်းက ၀န်ထမ်းတွေကို Harassment နဲ့ ပတ်သတ်ပြီး အလုပ်ရုံဆွေးနွေးပွဲတွေ တတ်ရောက်ဖို့ စီစဉ် ပေးရမှာ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးပွဲတွေမှာ အမျိုးသမီးဝန်ထမ်းတွေအနေနဲ့ ဘယ်လိုအပြုမူမျိုးက သူတို့အပေါ် Sexual harassment အဖြစ် ခံစားရတာမျိုးတွေကို ဖွင့်ဟဖြေဆိုခိုင်းတာတွေကို ပြုလုပ်နိုင်ပါတယ်။

5. Respond to Sexual harassment Complaints Right Away
ကြိုတင်စီစဉ်ဆောင်ရွက်မှု ပြီးရင်တော့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့လိုပါတယ်။ဒါတွေနဲ့ ပတ်သက်ပြီး ၀န်ထမ်းတွေကလည်း စောင့်ကြည့်နေကြမှာပါ။ မှန်ကန်တဲ့လမ်းကြောင်းအပေါ်မှာ ချမှတ်တဲ့အတိုင်း ဆောင်ရွက်မှ သာ ပြီးပြတ်မယ့် ကိစ္စတွေပါ။ ဖြစ်တဲ့လူက လုပ်ငန်းရဲ့ အရေးပါတဲ့လူဖြစ်လို့ လျော့ပေါ့စဉ်းစားပေးတာမျိုးတွေ ၊ လုပ်ငန်းပုံရိပ်ထိခိုက်မှာစိုးလို့ လွယ်လင့်တကူဖြေရှင်းတာ မျိုးတွေ မလုပ်သင့်ပါဘူး ။ ကိုယ့်လုပ်ငန်းအတွင်းမှာ ဒါမျိုးဖြစ်လို့ ချမှတ်ထားတဲ့အတိုင်း အရေးယူတာမျိုးလုပ်တယ် ဆိုယုံနဲ့ လုပ်ငန်းပုံရိပ်ထိခိုက်မှာလည်း မဟုတ်သလို ၊ မှန်ကန်ကောင်းမွန်တဲ့ မူဝါဒအတွက် လုပ်ငန်းအနေနဲ့ ပိုပြီး ဂုဏ် သရေရှိစေမှာပါ။

6. Prevent Retaliation
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုကောင်းမွန်၏ ဆိုတဲ့စကားအတိုင်း ဒါမျိုးတွေမဖြစ်လာအောင် ဘယ်လိုစီမံဆောင်ရွက်သင့်သလဲ ဆိုတဲ့အပိုင်းကို အရေးတယူ စဉ်းစားဆောင်ရွက်ဖို့လိုအပ်ပါတယ်။ အမျိုးသမီးဝန်ထမ်းတွေအနေနဲ့လည်း ရုံးချိန်ပြင်ပ စားပွဲတွေ စီစဉ်တဲ့အခါ အတူပါဝင်သောက်စားတာ ၊ တစ်ခြားလုပ်ဖော်ကိုင်ဖက် အဖော်မပါပဲ အတူပြန်တာတွေ ၊ ကိုယ့်အထက်လူကြီးကဖိတ်လို့သွားရတဲ့ ပါတီပွဲတွေကို အတတ်နိုင်ဆုံး အလုပ်သဘောအရ မဟုတ်ရင် ရှောင်ရင် အကောင်းဆုံးပါ ။ ဒီအပြုမူတွေက ကိုယ်က သဘောတူလက်ခံတယ်လို့ အထင်မှားစေပါတယ်။

ကျွန်မတို့ဆီမှာ ထင်သလောက်မဖြစ်သေးဘူးဆိုပြီး လွယ်လွယ်ကူကူမေ့ထားလို့မရတဲ့အရာတွေထဲမှာ Sexual Harassment ဆိုတာ ရှိနေပါတယ်။ စစ်တမ်းတွေအရ လုပ်ငန်းခွင်ထဲမှာ 40-70 %အမျိုးသမီးတွေနဲ့ 10-20 %   အမျိုးသားတွေက လုပ်ငန်းခွင်အတွင်းမှာ Sexual Harassment   မှာ လုပ်နေရတယ်လို့ ကမ္ဘာစစ်တမ်း များအရ ဆိုထားပါတယ်။ ကျွန်မတို့ဆီမှာက အခြားနိုင်ငံတွေလို ပွင့်လင်းတဲ့ ယဉ်ကျေးမှုမျိုး အားမပေးသေးတဲ့အတွက် ဒီလောက်မရှိနိုင်သေးပေမဲ့  မသိမသာနဲ့ ရှိနေတာတွေက အများကြီးဖို့ မိမိရဲ့ သိက္ခာကို ထိန်းကျောင်းရင်း လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက်ပီသစွာ ဆောင်ရွက်ကြဖို့ တိုက်တွန်း လိုက်ရပါတယ်။

ShweYee  @ Goldie Kyaw 

Credit:  မရွှေရည်ရဲ့ Page

No comments: