••••••••••••••
စိတ်ကို ဖြူစင်စေတတ်တဲ့ အင်အားစုတွေကို
ကျမ်းစာမှာလာတဲ့ အစီအစဉ်အတိုင်း ပြောရရင်
နံပါတ်တစ်က “သဒ္ဓါ”တဲ့။
သဒ္ဓါဆိုတာက “ယုံကြည်တာ၊
ယုံတယ်၊ စိတ်ကြည်တယ်၊ရဲရင့်တယ်၊ဆုံးဖြတ်နိုင်တယ်၊
ကုသိုလ်ကောင်းမှုဘက်မှာ စိတ်ဝင်စားတယ်”
ဆိုတဲ့ သဘောတွေ အားလုံးကို “သဒ္ဓါ”လို့ ခေါ်တယ်၊
ယုံတာ တစ်ခုတည်းသာ“သဒ္ဓါ”မဟုတ်ဘူး။
ဒါကြောင့်မို့ ဗမာစကားမှာ
“ယုံ-ကြည်” လို့ တွဲထားတာ။
❖သဒ္ဓါ ဖြစ်လို့ရှိရင် “ယုံ” တယ်။
❖စိတ် “ကြည်”တယ်၊
စိတ်သန့်ရှင်းတယ်၊ကြည်လင်တယ်၊အေးမြတယ်၊
ကုသိုလ်ကောင်းမှု လုပ်ဖို့ ရဲရင့်တယ်၊ ဖျတ်လတ်တယ်၊
စိတ်ဝင်စားတယ်၊ဒါတွေ အားလုံးဟာ သဒ္ဓါရဲ့
သွင်ပြင်လက္ခဏာတွေလို့ ပြောတာနော်။
ယုံကြည်ဆိုတော့ ယုံကြည်မှုနဲ့ ပတ်သက်လာလို့ရှိရင်
အကန့်အသတ် တစ်ခုတော့ ထားရတယ်။
ဘာကို ယုံတာလဲ၊
ဟိုလူပြော၊ဒီလူပြော ယုံသမျှတွေကို သဒ္ဓါလို့
ခေါ်တာလား? မဟုတ်ဘူး။
ယုံတယ်ဆိုတာနဲ့ ပတ်သက်လာလို့ရှိရင်
ဟိုဟာယုံ၊ ဒီဟာယုံ၊ လာလိမ်သွားရင်လည်း
ယုံသွားတယ် မဟုတ်လား၊
အဲဒါမျိုးက “ပညာမဲ့တဲ့ သဘောတွေ”ပဲ ဖြစ်တယ်။
ယုံတယ်ဆိုတာ ဘာကို ယုံတာလဲ ဆိုလို့ရှိရင်
ကံ၊ကံ၏အကျိုးကို ယုံတယ်။
ကံ , ကံ၏အကျိုးကို ယုံတယ် ဆိုရာမှာ
ဘာလုပ်လုပ် ကိုယ်ပဲ တာဝန်ယူတာ။
ကိုယ်လုပ်တာ ကိုယ်ရတယ်လို့ လက်ခံတာနော်။
အင်္ဂလိပ်လိုပြောရင် responsible ပေါ့။
ကိုယ့်တာဝန် ကိုယ်ယူရတယ်။
ကိုယ်လုပ်ရင် ကိုယ်နဲ့ပဲ ဆိုင်တယ်လို့ လက်ခံတာ၊
တချို့က အဲဒီလို လက်မခံဘူးလေ။
အဲဒီတော့ ကိုယ်လုပ်ရင် ကိုယ်နဲ့ဆိုင်ရမှာပေါ့။
သူများအပေါ် သွားမပြောနဲ့နော်။
ကိုယ်လုပ်တာ ကိုယ်ပဲ။
အဲဒီလို ကိုယ်လုပ်တာ ကိုယ်နဲ့ ဆိုင်တယ်လို့ လက်ခံတာ။
ဒါ ကံ, ကံ, ကံ၏ အကျိုးကို လက်ခံတာပဲ။
“ကမ္မဿကတာ သမ္မာဒိဋ္ဌိ”။
ကံ , ကံ၏အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရားအပေါ်
အခြေခံပြီးဖြစ်တဲ့ “သမ္မာဒိဋ္ဌိဉာဏ်” လို့ ဆိုရတယ်။
အဲဒီတော့ ကံ, ကံ၏အကျိုးကို ယုံကြည်မှု လက်ခံမှုသည်
“အခြေခံ သဒ္ဓါတရား” လို့ ဒီလိုပြောရမယ်။
လက်ခံနေရုံလေးနဲ့တော့ အလုပ် မဖြစ်သေးဘူးနော်။
လက်ခံပြီးတဲ့အခါ ရှေ့ဆက်လုပ်ဖို့ လိုတယ်။
ဒါကြောင့်မို့ သဒ္ဓါဆိုတာ ဗုဒ္ဓဘာသာမှာ အစကလေးပဲ။
တခြားဘာသာတွေမှာတော့ သိပ်အရေးပါတယ်။
ဗုဒ္ဓဘာသာမှာ ယုံကြည်မှုသည် တကယ့်ကို
အစလေးပဲ ရှိသေးတယ်၊
❖ယုံကြည်မှုနောက်မှာ
“ပညာ” မလိုက်နိုင်သေးဘူးဆိုရင်...
ယုံကြည်မှုသည် blind faith လို့ခေါ်တဲ့
“မျက်ကန်း ယုံကြည်မှုမျိုး” ဖြစ်သွားနိုင်တယ်။
အင်္ဂလိပ်လို ပြန်ရင် သဒ္ဓါကို confidence လို့ ပြန်တယ်။
confidence ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တာမျိုး။
ကိုယ့်အားကိုယ်ကိုးတာမျိုး၊အဲဒါတင်မကဘူး၊
တကယ်ကတော့ faith ယုံကြည်တာမျိုး အားလုံးကို
“သဒ္ဓါ” ခေါ်နိုင်တယ်။ကောင်းပြီ။ယုံတယ်ဆိုတာ-
✤နံပါတ် (၁) ကံ, ကံ၏အကျိုးကို
“အခြေခံအားဖြင့် လက်ခံမှု”။
✤နံပါတ် (၂)ကျတော့ အဲဒီထက် အဆင့်မြင့်သွားတယ်၊
ဘာကို လက်ခံတာတုန်းဆိုတော့ မြတ်စွာဘုရားရဲ့
“သဗ္ဗညုတဉာဏ်တော်ကြီး” ကို ယုံတယ်၊
ဒါ ဗုဒ္ဓရဲ့ အရည်အချင်းကို ယုံကြည်တာ၊
ဗုဒ္ဓရဲ့ အရည်အချင်းတွေထဲမှာ ဉာဏ်ဟာ အဓိက
မကျဘူးလား။အေး ၊ ဉာဏ်မရှိလို့ရှိရင်
မှားမှားယွင်းယွင်းတွေ ဟောမှာပေါ့၊
အသိပညာ မလုံလောက်တဲ့ ပုဂ္ဂိုလ်က ဟောမယ်ဆိုရင်
မှားမှားယွင်းယွင်းတွေ ဖြစ်ကုန်မှာပေါ့နော်။
မှားမှားယွင်းယွင်းတွေ လိုက်နာလုပ်မိမယ်ဆိုရင်
ထင်တဲ့အတိုင်း ဖြစ်မလား။ လမ်းစဉ်တစ်ခုက
မှားနေပြီဆိုရင် ဘယ်လိုမှ အကောင်အထည်ဖော်လို့
ရမှာမဟုတ်ဘူး။အကောင်အထည်ဖော်ရင်
ကိုယ်ထင်တဲ့အတိုင်း တစ်ခုမှ ဖြစ်လာမှာ
မဟုတ်တော့ဘူးနော်။ဒါကြောင့်မို့ မှန်ကန်မှုဆိုတာ
အသိဉာဏ် ပြည့်ပြည့်စုံစုံရှိမှ ဖြစ်တာ။
ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတာ သေသေချာချာ
သိတဲ့ အသိဉာဏ်မျိုးနဲ့ ဟောမှ မှန်တာ။
ဒါကြောင့်မို့ မြတ်စွာဘုရားက အာမခံတယ်၊
“သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေမိ”
သူဟောတဲ့ တရားတွေက
-ကိုယ်တိုင်သိပြီးမှ ဟောတာတဲ့။
-tradition အနေနဲ့ စာထဲမှာပါလို့ ပြောတာမျိုး မဟုတ်ဘူး။
-ဆရာ့ဆရာကြီးတွေ ပြောခဲ့တဲ့စကားကို မှတ်ထားပြီး
ပြောတာမျိုး မဟုတ်ဘူးတဲ့။
-သမိုင်းထဲပါလို့ ပြောတာမျိုး မဟုတ်ဘူး။
-ဘယ် ဖီလိုဆော်ဖာဆရာကြီးက ဘယ်လို
ပြောတယ်ဆိုတာမျိုးကို ထပ်ဆင့် တင်ပြတာမျိုး
မဟုတ်ဘူးတဲ့။
“သယံ အဘိညာ” - ကံ, ကံ၏ အကျိုးရှိတယ်ဆိုတာ
ကိုယ်တိုင်သိတာ၊ကိုယ်တိုင်သိရုံတင်မကဘူး၊
“သစ္ဆိကတွာ” - တကယ့်ကို မျက်မှောက်ပြုပြီး ဖြစ်တယ်၊
သိတာလည်း ကိုယ်ကိုယ်တိုင် သိတယ်၊
ကိုယ်တွေ့လည်း ကြုံတယ်။
အဲဒီလို အဆင့်မြင့် သဒ္ဓါကျတော့ မြတ်စွာဘုရားရဲ့
သဗ္ဗညုတဉာဏ်တော်ကြီးကို ယုံကြည်တာ။
ဒါကြောင့်မို့ စာပေကျမ်းဂန်တွေမှာ မြတ်စွာဘုရားက
“သဒ္ဒဟတိ တထာဂတဿ ဗောဓိံ”။
“တထာဂတဿ- မြတ်စွာဘုရားရဲ့၊
ဗောဓိံ- အသိဉာဏ်ကို၊
သဒ္ဒဟတိ- ယုံကြည်တယ်၊ လက်ခံတယ်။
အဲဒါ သဒ္ဓါအစစ်နော်၊ အဆင့်မြင့်သွားပြီ။
ဘုရားရဲ့ အသိဉာဏ်ကို လက်ခံတယ်လို့ ဆိုလိုက်တာနဲ့ပဲ
ဘုရားဟောတဲ့ တရားကိုလည်း လက်ခံတယ်၊
ဘုရားဟောတဲ့ တရားအတိုင်း လိုက်နာကျင့်ကြံလို့
အောင်မြင်ပေါက်ရောက်နေတဲ့ အရိယာ
သံဃာတွေကိုလည်း လက်ခံတယ်ဆိုတဲ့
အဓိပ္ပာယ် မပြီးပေဘူးလား။
အဲဒါကို “အဆင့်မြင့်သဒ္ဓါ”လို့ ခေါ်တယ်နော်။
▬▬▬▬▬▬▬▬▬▬▬▬▬▬
“အာကာရ၀တီ သဒ္ဓါ”
▬▬▬▬▬▬▬▬▬▬▬▬▬▬
အဲဒီ အဆင့်မြင့်သဒ္ဓါဟာ “မဂ်”နဲ့ ယှဉ်တွဲပြီး၊
လာတဲ့အခါကျတော့ လုံးဝ ခိုင်မြဲတယ်။
ဒါကြောင့်မို့ အဲဒီ သဒ္ဓါမျိုးကို “အာကာရ၀တီ သဒ္ဓါ”။
“အာကာရ၀တီသဒ္ဓါ”ဆိုတာက “ကျိုးကြောင်းဆီလျော်တဲ့
အကြောင်း လုံလုံလောက်လောက်ရှိတဲ့သဒ္ဓါ”လို့ ပြောတာ။
အရမ်းမဲ့ယုံတဲ့ သဒ္ဓါ မဟုတ်ဘူးတဲ့။
▬▬▬▬▬▬▬▬▬▬▬▬▬▬
“ဒဿနမူလိကာ သဒ္ဓါ”
▬▬▬▬▬▬▬▬▬▬▬▬▬▬
နောက်တစ်ခုက “ဒဿနမူလိကာ သဒ္ဓါ၊
ကိုယ်တိုင် သိမြင်မှုကို အခြေခံတဲ့ သဒ္ဓါ”။
ဘယ်သူ ပြောလို့မှ လက်ခံစရာ အကြောင်း မရှိတော့ဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင် သိတာကိုး၊
ကိုယ်တိုင် မသိရင်တော့ သူများပြောတာ လက်ခံရဦးမှာပဲ။
ဥပမာ ဆိုပါတော့ ရန်ကုန်မြို့နေတဲ့ ပုဂ္ဂိုလ်ဟာ
ရွှေတိဂုံဘုရားရောက်တာ အခေါက်ခေါက် ရှိနေပြီ။
ဘုရားရောက်ဖူးတော့ ရွှေတိဂုံဆိုတာ ဘယ်လိုလဲဆိုတာ
သိတယ်။ဘယ်နားမှာလဲ ဆိုတာလည်း သိတယ်။
ဟိုးနယ်မှာနေတဲ့ ပုဂ္ဂိုလ်တွေကျတော့ ရွှေတိဂုံဘုရား
ကြားတော့ ကြားဖူးတယ်။
ဘယ်နားမှန်း မသိဘူး။ ပုံထဲတော့ မြင်ဖူးတယ်။
တစ်ယောက်နဲ့ တစ်ယောက် တူရဲ့လား။
ဒီလူက ကိုယ်တိုင်သိပြီး လက်ခံတာ။
ဟိုလူက အကြားနဲ့ လက်ခံတာ။
“ဒဿနမူလိကာ” ဆိုတာ “အမြင်”ကို
အခြေခံပြီးတော့ လက်ခံတာ၊
မြင်ပြီဆိုလို့ရှိရင် ဘယ်သူကမှ ပြောင်းလွဲပစ်လို့ မရဘူး။
တစ်ခါတုန်းက မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို
မေးတယ်။
“သာရိပုတ္တရာ- တဲ့၊ အတွေးမပါတဲ့ ကြံစည်မှု၊
သုံးသပ်မှုမပါတဲ့ သမာဓိမျိုး ရှိတယ်ဆိုတာ
ယုံကြည်သလား” လို့ မေးတော့
ရှင်သာရိပုတ္တရာက
“အရှင်ဘုရား၊ တပည့်တော် မယုံပါဘူး၊
ကိုယ်ကိုယ်တိုင် သိတာပါ၊
သူများပြောလို့ ယုံတာ မဟုတ်ပါဘူး”တဲ့။
ဒါ တပည့်တော် ကိုယ်တိုင်ကို ခဏခဏ အကြိမ်ကြိမ်
ဝင်စားလို့ ဒီသမာဓိမျိုး ရခဲ့ပါတယ်လို့ ပြောတာနော်။
ဒါကြောင့်မို့ ဓမ္မပဒမှာ ရှင်သာရိပုတ္တရာကို “အဿဒ္ဓေါ”တဲ့၊
သူတစ်ပါးစကားနဲ့ ယုံတဲ့ပုဂ္ဂိုလ် မဟုတ်ဘူးလို့ ပြောတာ။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင် သိတာကိုး။
ကိုယ်တိုင်သိတဲ့ ပုဂ္ဂိုလ်က သူများစကား ယုံစရာ မလိုဘူး။
ဒါကြောင့်မို့ သဒ္ဓါဟာ ဒီလို “အဆင့်နှစ်ဆင့်”
ရှိတယ်လို့ မှတ်ထားရမယ်။တစ်ခုနဲ့ တစ်ခု မတူဘူး။
တစ်ယောက်နဲ့တစ်ယောက် သဒ္ဓါချင်း မတူဘူး၊
“အသိဉာဏ် ပါတဲ့ သဒ္ဓါ၊
အသိဉာဏ် မပါတဲ့ သဒ္ဓါ၊”
ဒီလိုလည်း ခွဲရဦးမယ်နော်။
▬▬▬▬▬▬▬▬▬▬▬▬▬▬
“ပညာမဲ့ သဒ္ဓါ”
▬▬▬▬▬▬▬▬▬▬▬▬▬▬
အသိဉာဏ်မပါတဲ့ “ပညာမဲ့ သဒ္ဓါ” ကျတော့
တလွဲ ရောက်သွားတတ်တယ်။
ပညာနဲ့တွဲတဲ့ သဒ္ဓါကမှ တန်ဖိုးရှိတယ်။
ဒါကြောင့်မို့ “သဒ္ဓါကို ပညာစောင့်မှ လမ်းဖြောင့်မယ်”တဲ့။
ပညာနဲ့ ထိန်းမပေးလို့ရှိရင် သဒ္ဓါက လမ်းချော်သွား
နိုင်သေးတယ်။ဒါက “ယုံတဲ့အပိုင်း”။
▬▬▬▬▬▬▬▬▬▬▬▬▬▬
“စိတ်ကြည်မှု”
▬▬▬▬▬▬▬▬▬▬▬▬▬▬
“ကြည်တဲ့အပိုင်း”က သဒ္ဓါ ဖြစ်လာလို့ရှိရင်
ကာမဂုဏ်အာရုံ ခံစားချင်တဲ့ စိတ်တွေ၊
မုန်းတီးတဲ့ စိတ်တွေ၊ ထိုင်းမှိုင်းတဲ့ စိတ်တွေ၊
တွေဝေလွင့်ပျံ့တဲ့ စိတ်တွေ၊
ဒါတွေ အကုန်လုံး ကင်းပြီး စိတ်ဟာ
အညစ်အကြေး ကင်းပြီးတော့ ကြည်နေတယ်။
စိတ်ကြည်နေပြီဆိုရင်
တရားပွဲသွား တရားနာဦးမှ
ဆိုတဲ့ စိတ်လည်း ပေါ်တယ်နော်။
စိတ်မကြည်တဲ့လူ ဒီစိတ် ပေါ်မှာ မဟုတ်ဘူးနော်။
အိမ်ဦးဘုရားခန်းလေး ရှင်းပြီးတော့ ပန်းလေးတွေ လဲဦးမှပဲ။
ဘုရားဆွမ်းတော် တင်ဦးမှပဲ၊ ဘုရားရှိခိုးဦးမှပဲ၊
ပုတီးစိပ်ဦးမှပဲ၊ ကမ္မဋ္ဌာန်း ထိုင်ဦးမှပဲဆိုတဲ့ စိတ်ကူးဟာ
စိတ်ကြည်နေတဲ့အခါမှ ဖြစ်တယ်ဆိုတာ သတိထားရမယ်။
အဲဒီလို မိမိသန္တာန်မှာ ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်ပြီး
စိတ်ကြည်နေတာဟာလည်း “သဒ္ဓါ”လို့ အဲဒီလို မှတ်ရမယ်။
စိတ်ကလေး ကြည်ရုံတင် မကဘူး။
တစ်ခါတလေ စိတ်ကလေးက စွမ်းအားတွေ ပြည့်လာတယ်။
တစ်စုံတစ်ခု လုပ်မယ်ဆိုရင် ရွတ်ရွတ်ချွံချွံ လုပ်တယ်။
ဘယ်အရာပဲဖြစ်ဖြစ် ဆုံးဖြတ်ပြီးလို့ရှိရင်
သဒ္ဓါဆိုတဲ့ စွမ်းအားလေးတွေ ရလာပြီဆိုလို့ရှိရင်
ဟော လှူမှု၊တန်းမှုမှာလည်း နောက်မတွန့်တော့ဘူး။
သဒ္ဓါစွမ်းအား ပြင်းလာလို့ရှိရင် ကုသိုလ်ကောင်းမှု
လုပ်ဖို့ရာလည်း နောက်မတွန့်ဘူး။
ဒါ သဒ္ဓါရဲ့ စွမ်းအားပဲ။
သဘာဝတစ်ခုမှာ စွမ်းအားတွေ ရှိတတ်တယ်။
အေး ဒါကြောင့်မို့ ဗုဒ္ဓတရားတော်အရ သောတာပန်
ဖြစ်သွားပြီဆိုလို့ရှိရင် ဒီသဒ္ဓါဟာ perfect ဖြစ်သွားတယ်။
ဘာလို့တုံးဆိုတော့ သောတာပန်ပုဂ္ဂိုလ်သည်
“အမြင်မှားခြင်းဆိုတဲ့ ဒိဋ္ဌိနဲ့ သံသယဖြစ်ခြင်းဆိုတဲ့
ဝိစိကိစ္ဆာ” လုံးဝ ရှင်းသွားပြီ မဟုတ်လား။
အဲဒီတော့ သံသယဖြစ်တာနဲ့ မှားမှားယွင်းယွင်း မြင်တာ
မရှိဘူးဆိုရင် သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ တည်ငြိမ်သွားပြီးပေါ့။
ဒါကြောင့်မို့ သူ့ရဲ့သဒ္ဓါဟာ “ခိုင်မြဲတဲ့ သဒ္ဓါ” လို့ ဆိုတယ်။
ကျန်တဲ့ ပုထုဇဉ်တွေရဲ့ သဒ္ဓါဟာ မခိုင်မြဲသေးဘူး။
ပြောင်းလွဲမှုတွေ များစွာ ဖြစ်နိုင်သေးတယ်။
သဒ္ဓါကို ထိန်းမယ့် ပညာကလည်း အားနည်း
နေသေးတဲ့အတွက် ဟိုလူပြောရင် ဟုတ်နိုးနိုး၊
ဒီလူပြောရင် ဟုတ်နိုးနိုး၊
ဟိုဘာသာက ဟောရင် ဟုတ်သလိုလို၊
ဒီ ဘာသာက ဟောရင် ဟုတ်သလိုလို ဒါမျိုးတွေ ဖြစ်တယ်။
▬▬▬▬▬▬▬▬▬▬▬▬▬▬
“ခိုင်မာတဲ့ သဒ္ဓါ”
▬▬▬▬▬▬▬▬▬▬▬▬▬▬
အေး ဒါကြောင့်မို့ ဒီသဒ္ဓါကို ခိုင်မာအောင် လုပ်ဖို့လိုတယ်၊
သဒ္ဓါဟာ ခိုင်မာလာပြီဆိုရင် သူနဲ့ပတ်သက်လာတဲ့
စိတ်ထဲက အညစ်အကြေးတွေကို တွန်းထုတ်နိုင်ပါတယ်။
အများကြီး တွန်းထုတ်နိုင်တယ်။
ကာမစ္ဆန္ဒ ဆိုတဲ့ လောဘတွေ၊
ဗျာပါဒ လို့ဆိုတဲ့ အလိုမကျတဲ့ ဒေါသတွေ၊
ဥဒ္ဒစ္စ ကုက္ကုစ္စ ဆိုတဲ့ စိတ်လွင့်တာ၊
စိတ်ငြိမ်းချမ်းမှု မရှိတာတွေ စိတ်ပူပန်နေတာတွေ၊
ထိန မိဒ္ဓ လို့ခေါ်တဲ့ စိတ်အားတွေ လျော့ကျသွားတာတွေ၊
လျော့ရဲ ထိုင်းမှိုင်းသွားတာတွေ၊
ဝိစိကိစ္ဆာ လို့ခေါ်တဲ့ သံသယတွေ ဝင်နေတာတွေ၊
အဲဒါတွေကို သဒ္ဓါက ပယ်ရှားပစ်နိုင်တယ်။
“သဒ္ဓါရဲ့ စွမ်းရည်” နော်။
❖နောက် စိတ်ကို ပူပန်စေတတ်တဲ့
ကိလေသာတွေကိုလည်း
ဟောဒီသဒ္ဓါက ဖယ်ရှားပစ်နိုင်တယ်။
သဒ္ဓါတရား ရှိလာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ
လမ်းမှန်ကို ရောက်မယ်။ မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်ကို “သဟမ္ပတိဗြဟ္မာကြီး”က
“နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ”လို့
တောင်းပန်တဲ့အခါ ဘုရားက
“ငါ နိဗ္ဗာန်တံခါး ဖွင့်မယ်၊ ဒါပေမယ့်
“ပမုဉ္စန္တု သဒ္ဓံ- ငါ့အပေါ်မှာ ယုံကြည်ချက်တော့
ထားကြ” လို့ ဒီလို ဟောခဲ့တာ။
ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် မယုံကြည်ရင်
နားထောင်မှာမှ မဟုတ်ဘဲကိုး။
ဒါကြောင့်မို့ နားထောင်ဖို့အတွက် ယုံကြည်မှုက
အရေးပါတယ်။ဒီသဒ္ဓါဟာ ကောင်းတဲ့စိတ်တွေနဲ့
ယှဉ်တွဲပြီး ဖြစ်တာမို့ အင်မတန်မှာ တန်ဖိုး ရှိတယ်။
ကြည်တာနဲ့ ပတ်သက်ပြီးတော့
စကြဝတေးမင်းကြီးရဲ့
ပတ္တမြားရတနာ ထည့်လိုက်ရင် အနည်တွေထိုင်ပြီး၊
ရေကြည်သွားနိုင်တယ်။ ထို့အတူပဲ လူ့ရဲ့စိတ်ဟာ
လောဘ၊ဒေါသ၊မောဟ ဆိုတဲ့ အနောက်တွေ
ရှိနေသော်လည်း ဟောဒီ သဒ္ဓါဆိုတဲ့
သဘောတရားတစ်ခု စိတ်ထဲဝင်လာတာနဲ့
တစ်ပြိုင်နက် အနောက်တွေ အနည်ထိုင်ပြီး
ကြည်သွားတယ်လို့ ပြောတာနော်။
စိတ်ကြည်သွားပြီဆိုရင် ဘာလုပ်တုန်း၊
❖ဒါနကောင်းမှုလုပ်တယ်၊
❖သီလဆောက်တည်တယ်၊
❖ဥပုသ်စောင့်တယ်၊
❖ဟောစိတ်ကြည်ရင် ကုသိုလ် လုပ်ဖို့အတွက်
စိတ်အားတွေ တက်လာတယ်။
ဒါ သဒ္ဓါရဲ့ စွမ်းဆောင်ချက်တွေပဲ။
ကိုယ့်သန္တာန်မှာ သဒ္ဓါဖြစ်လာပြီ ဆိုလို့ရှိရင်
ဒီ အခြေအနေတွေ ပေါ်လာပြီလို့ ဒီလိုမှတ်နော်။
▬▬▬▬▬▬▬▬▬▬▬▬▬▬
“သဒ္ဓါရှိသူရဲ့ စိတ်ထား”
▬▬▬▬▬▬▬▬▬▬▬▬▬▬
အေး ကောင်းပြီ။သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ်ရဲ့
လုပ်ဆောင်ချက်တွေက ဘာတွေရှိလဲလို့ဆိုတော့
သဒ္ဓါတရားစွမ်းအား ထက်လာတဲ့ ပုဂ္ဂိုလ်ဟာ
(အင်္ဂုတ္ထိုရ်ပါဠိတော်မှာ မြတ်စွာဘုရား ဟောထားတယ်။)
✤“ဒဿနကာမော သီလ၀တံ”
သီလရှိတဲ ပုဂ္ဂိုလ်တွေကို ဖူးချင်တယ်။တွေ့ချင်တယ်။
ကိုယ်ကျင့်တရားကောင်းတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆုံစည်းချင်တယ်။
သဒ္ဓါရှိတဲ့ပုဂ္ဂိုလ်က ဘယ်ပုဂ္ဂိုလ်ဖြင့် အကျင့်ကောင်းတယ်။
ဘယ်ဆရာတော်ကြီးဖြင့် အကျင့်ကောင်းတယ်။
သီလရှိလို့ ကြည်ညိုစရာ ကောင်းတယ်။
အကျင့် အနေအထိုင်ကောင်းတယ်ဆိုတာမျိုး
သွားဖူးတွေ့ချင်တယ်။
လူ ပုဂ္ဂိုလ်တွေထဲကလည်း ကိုယ်ကျင့်တရား
ကောင်းတဲ့သူဆိုရင် တွေ့ချင်တယ်နော်။
အရပ်ထဲမှာ ဒီလူကတော့ သိပ်တော်တာပဲ။
အနေအထိုင် ကောင်းတယ်၊ အသောက်အစား ကင်းတယ်၊
ကိုယ်ကျင့်တရား အင်မတန် ကောင်းတယ်။
လိမ်တာညာတာ မရှိဘူး၊ အပျော်အပါး မရှိဘူးဆို
“တော်လိုက်တာ၊ တွေ့ချင်တယ်”ဆိုတာ သဒ္ဓါရှိတဲ့
ပုဂ္ဂိုလ်ရဲ့ စိတ်နေစိတ်ထား တစ်ခုပါပဲ။
✤ “သဒ္ဓမ္မံ သောတု မိစ္ဆတိ”
သူတော်ကောင်းတရား ဆိုရင် နာချင်တယ်၊
ဘယ်နေရာဖြစ်ဖြစ် တရားပွဲ ရှိတယ်ဆိုရင်
သွား နာချင်တယ်။တကယ့် အစစ်အမှန် တရားဓမ္မတွေကို
သူက နာယူချင်တဲ့စိတ် ဖြစ်တယ်။
✤ “၀ိနယေ မစ္ဆေရမလံ” နှမြော ၀န်တိုခြင်းဆိုတာ
သူ့ဆီမှာ မရှိဘူး။စိတ်က ပေးဖို့ ကမ်းဖို့ပဲ။
ဘာပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာ
အတွင်းက ပေးဖို့ ၊ ကမ်းဖို့ အသင့် ဖြစ်နေတယ်။
တချို့က ရှိလည်း ပေးချင်မှ ပေးတာလေ။
မရှိလို့ မပေးတာက တခြားလေ။
“မစ္ဆရိယ” ဆိုတာ နေရာတကာရှိတာ။
မီးဖိုချောင်ထဲမှာ ပိုဖြစ်တတ်တယ်။
မီးဖိုချောင်ထဲမှာဆိုရင် ဟင်းကောင်းလေးချက်ရင်
ဘေးမှာထားပြီးတော့ ဒါ ငါ့အတွက်ဆို၊
သူများကို မပေးချင်တာမျိုးလည်း ဖြစ်တတ်သေးတယ်။
အဲဒီတော့ မစ္ဆရိယဆိုတာက လွယ်လွယ်လေးနဲ့
ဖြစ်တာနော်။
မစ္ဆရိယဆိုတဲ့ အညစ်အကြေး ကင်းတဲ့သူမှာ
သူ့ဖို့ ၊ ငါ့ဖို့ဆိုတာ မရှိဘူး။အတူတူပဲ။
ခွဲဝေခြင်း မရှိဘူး၊ ဒါကတော့ ဘယ်သူ့အတွက်၊
ဒါက ဘယ်သူ့အတွက်၊ ဒီလို မထားဘူး။
အကုန်လုံးပဲ ညီတူညီမျှ ဒီလိုဟာမျိုး ရှိတယ်။
ခွဲခြမ်း၊ခွဲခြမ်း မရှိဘူး။
ခွဲခြမ်း၊ခွဲခြမ်း လုပ်လာရင်တော့ အဲဒါ
မစ္ဆရိယ ရှိနေပြီနော်။ဒီလို မှတ်ရမယ်။
✤လူတစ်ယောက်ရဲ့ ဂုဏ်ကျေးဇူးကို ပြောပြီဆိုရင်လည်း
ကြည့်။မစ္ဆရိယ၀င်လာပြီဆိုရင် အကောင်း မပြောနိုင်ဘူး။
ဟိုလူတစ်ယောက်က တော်လိုက်တာလို့ ပြောလို့ရှိရင်
“ဟုတ်ပါတယ်၊ ဒါပေမယ့်”ဆိုပြီး အပြစ်ပြောတတ်တယ်။
အဲဒါ “မစ္ဆရိယ အခြေခံပြီး ပြောတာ”လို့ မှတ်ပေတော့နော်။
“ဒါပေမယ့် …”တက်လာတာနဲ့ တစ်ပြိုင်နက်
စိတ်အညစ်အကြေး တစ်ခုခုတော့ လာပြီနော်။
အဲဒီလို ဖြစ်တတ်တယ်တဲ့။
✤နောက် အရှင်အာနန္ဒာတို့ကျတော့
ဘယ်လောက်တောင် ပြောတုန်းဆိုရင်
ကုသိုလ်ကောင်းမှု လုပ်တဲ့နေရာမှာတောင်
ဝေယျာဝစ္စ လုပ်ကြတဲ့အခါ မစ္ဆရိယ ရှိလာပြီဆိုရင်
သူက ကိုယ့်ကိုယ်ကိုယ် ညှာလာတာ။
ကိုယ့်ကိုယ်ကိုယ် ညှာပြီးတော့ နည်းနည်း သက်သာတဲ့
အလုပ်ကို ရွေးလုပ်လာတယ်။အဲဒါ “ကိုယ့်ရဲ့
ချမ်းသာမှုမှာ မစ္ဆရိယဖြစ်တယ်” လို့ ခေါ်တာ။
“ကာယမစ္ဆေရ ဂရုနော”- ကိုယ့်ကိုယ်ကိုယ် ညှာလိုက်တာ။
ကိုယ့်ကိုယ်ကိုယ် ညှာလိုက်တော့ လုပ်ရမယ့် လုပ်နိုင်တဲ့
အလုပ်ကို မလုပ်တော့ဘူး၊
တရားအားထုတ်လို့ရှိရင်
“သိပ်ပင်ပင်ပန်းပန်း အားမထုတ်နဲ့ ကျန်းမာရေး
ထိခိုက်လိမ့်မယ်” ဆိုပြီး ညှာလိုက်တာ၊
အဲဒါလည်း မစ္ဆရိယ သဘောတဲ့။
▬▬▬▬▬▬▬▬▬▬▬▬▬▬
“ဘာသာခြားတို့ရဲ့ ယုံကြည်မှု”
▬▬▬▬▬▬▬▬▬▬▬▬▬▬
အေး ကောင်းပြီ။
အဲဒီ အညစ်အကြေးတွေ အားလုံးကို သဒ္ဓါ စွမ်းအား
ကြီးမားလာပြီ ဆိုလို့ရှိရင် ဖယ်ရှားပစ်နိုင်တယ်လို့
ဟောထားတယ်နော်။စိတ်အညစ်အကြေးတွေ
လုံးဝ ပျောက်ကွယ် သွားနိုင်တယ်။
သဒ္ဓါက ဆုံးဖြတ်ချက်ဟာ ရဲရင့်စေတယ်၊
ဒါနဲ့ ပတ်သက်ပြီး အဋ္ဌကထာက ဆွေးနွေးထားတာလေး
တစ်ပုဒ်ရှိတယ်။ယုံကြည်တယ်ဆိုတာနဲ့၊
ယုံတယ်ဆိုတာနဲ့ ပတ်သက်လာတယ်၊
“ဘာသာခြားတွေကော သူတို့ဘုရား သူတို့မယုံဘူးလား”
လို့ မေးစရာ ရှိတယ်။
“အဲဒါကို သဒ္ဓါလို့ ခေါ်နိုင်မလား”တဲ့။
ရှင်မဟာဗုဒ္ဓဃောသကတော့ ဒီသဒ္ဓါဆိုတဲ့ စကားလုံးမှာ
ဗုဒ္ဓဘာသာမှာ သုံးတာ အကောင်းဘက်ပဲ သုံးတယ်။
အဆိုးဘက် မသုံးဘူး။
ဒါကြောင့်မို့ စိတ်ဖြူစင်မှု အင်အားစုများလို့ ပြောတာနော်။
မှားမှားယွင်းယွင်း ယုံကြည်တာမျိုးကို သဒ္ဓါလို့ မခေါ်ဘူးတဲ့၊
ဒါကြောင့်မို့ မမှန်ကန်တဲ့ အရာကို မှန်ကန်တယ်လို့ ထင်တယ်။
ဆိုပါစို့၊ ကိုယ့်ကို တန်ခိုးရှင်က မဖန်ဆင်းဘဲနဲ့
ဖန်ဆင်းတယ်လို့ ထင်တာ အမှန်လား၊ အမှားလား။
အဲဒီ အမှားမျိုးကို လက်ခံတာကျတော့ ဒါ
“သဒ္ဓါ” လို့ မခေါ်ဘူးတဲ့။ဒါက “သက်သက် စဉ်းစားဉာဏ်
ကင်းမဲ့တာပဲ” လို့ ဒီလို ပြောတယ်။
သဒ္ဓါဆိုတာ အဲဒီဟာမျိုးမဟုတ်ဘူးတဲ့။
ယုံကြည်ထိုက်တဲ့ နေရာမှာ ယုံကြည်တာမျိုးကို
သဒ္ဓါလို့ သုံးရတယ်။ ဒါက အဋ္ဌကထာဆရာရဲ့
ဆွေးနွေးချက်နော်။
နောက်တစ်မျိုး စဉ်းစားကြည့်မယ်ဆိုရင်
ယုံကြည်တာတွေဟာ ပညာနဲ့ ယုံကြည်တာ ရှိတယ်။
ပညာမဲ့ ယုံကြည်တာ ရှိတယ်။
အဲဒီတော့ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ သဒ္ဓါဆိုတာ
ပညာနဲ့ အထိန်းပါတဲ့ အသိဉာဏ်နဲ့ ယုံကြည်တဲ့
သဒ္ဓါလို့ ဒီလို ယူမယ်ဆိုရင်
“ယုံတာတွေဟာ သဒ္ဓါတော့ သဒ္ဓါပဲ။
သို့သော် ပညာမဲ့သွားရင် လမ်းချော်သွားနိုင်တယ်”
လို့ ဒီလိုမှတ်ရမယ်နော်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ၏ “အဘိဓမ္မာ မြတ်ဒေသနာ”မှ-
ကောက်နှုတ် ကူးယူပူဇော်မျှဝေပါသည်။】
Posted by►
www.facebook.com/youngbuddhistassociation.mm