Tuesday, December 15, 2015

မန္တလေးတွင် စီစီတီဗီတပ်ဆင်လိုပါက Police Command Centerသို့ ဆက်သွယ်နိုင်



ကမ္ဘာလုံးဆိုင်ရာဆရာဆုအတွက် ဆန်ကာတင်လျာထားခံရတဲ့ ဖောင်တော်ဦး ဘကကျောင်း ဆရာတော်

နှစ်စဉ် ကမ္ဘာတ၀ှမ်းက စာသင်ကြားပေးတဲ့ ဆရာတွေထဲက စံပြအနေနဲ့ ရွေးချယ်ဆုပေးတဲ့ ၂၀၁၆ ကမ္ဘာလုံးဆိုင်ရာ ဆရာဆုအတွက် နောက်ဆုံးဆန်ကာတင် အယောက် ၅၀ စာရင်းထုတ်ပြန်ရာမှာ မန္တလေးမြို့ နန်းရှေ့က ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တည်ထောင်သူ ဆရာတော် အရှင်နာယကကို ရွေးချယ်ပါဝင်နေပါတယ်။ ဒီဆုဟာ နိုင်ငံပေါင်း ၁၄၈ ခုကနေ ပေးပို့လာတဲ့ ထောင်နဲ့ချီတဲ့ နာမည်စာရင်းတွေထဲက စိစစ်ရွေးချယ်ထားတာလို့ ဆုရွေးချယ်ချီးမြှင့်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အခုလို ဆုရွေးချယ်မှုနဲ့ ပတ်သက်လို့ ဆရာတော် အရှင်နာယက က “သူတို့ကလည်း မေးခွန်းတွေ အများကြီးမေးတယ်။ ဒီကလည်း ပြန်ပြီးဖြေတယ်ပေါ့။ ဒီကျောင်းက လွတ်လပ်စွာ တွေးခေါ်တက်အောင်ထားပြီးတော့  သင်ကြားလိုစိတ် ၊ သင်ယူလိုစိတ်၊ တွေးတက်ခေါ်တက်သင်ကြားရေးစနစ်နဲ့ သင်ကြားပြီးတော့ ကလေးတွေက တွေးခေါ်တက်တဲ့ ဖြစ်ထွန်းတာတွေ့ရှိရတယ်။ အဲ့လိုတွေ့ ရှိလို့ ရွေးတယ်ထင်ပါတယ်”လို့ ဒီဗီဘီ ပြန်လည် မိန့်ကြားပါတယ်။
လူမျိုးဘာသာမရွေး ဆင်းရဲနွမ်းပါးတဲ့ ကလေးသူငယ်တွေကို အခမဲ့ပညာသင်ကြားပေးဖို့ အရှင် နာယက ဟာ ဖောင်တော်ဦး ဘကကျောင်းကို ၁၉၉၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အခုလက်ရှိ အဲဒီ့ကျောင်းမှာ ကျောင်းသူကျောင်းသား (၇)ထောင်ကျော်ကို ဆရာ ဆရာမ ၅၀၀ လောက်နဲ့ ကျောင်းစာအပြင် ဘာသာစကား၊ အိုင်တီ နည်းပညာနဲ့ အသက်မွေးဝမ်းကျောင်း အတတ်ပညာတွေကိုပါ သင်ကြားပေးနေပါတယ်။ ဒီကျောင်းမှာ ကျောင်းသူကျောင်းသားတွေကို အထက်တန်းအဆင့်အထိ အခမဲ့ ပညာသင်ကြားပေးနေသလို ကျောင်းဆရာ၊ ဆရာမတွေကိုလည်း ပြန်လည် သင်ယူမွေးထုတ်ပေးနေတာပါ။ ဘက ပညာရေး သင်ကြားမှုစနစ်ကိုလည်း ခေတ်နဲ့အညီ ဆန်းသစ်ခဲ့ပြီး ကလေးသူငယ် ဗဟိုပြု သင်ကြားရေး ချဉ်းကပ်မှုပုံစံနဲ့ ကျောင်းဆရာတွေကိုလည်း လေ့ကျင့်သင်ကြားပေးတယ်လို့ သိရပါတယ်။
“ဒီကျောင်းရဲ့ ပေါ်လစီပေါ့နော်၊ မူဝါဒရှိတာပေါ့။ ဒီပေါ်လစီက ဘာလည်းဆိုလို့ရှိရင် ဒီကျောင်းစပြီးတော့ ၉၃ခုနှစ်ဖွင့်ကတည်းက ဘုန်းကြီးက ဒီ လွတ်လပ်စွာ တွေးခေါ်တဲ့ အတွေးခေါ်ကို အားပေးတယ်။ လူတိုင်းဟာ လွတ်လပ်စွာ ဆရာ၊ ဆရာမရော ကျောင်းသားရော လွတ်လပ်စွာ တွေးခေါ်ခိုင်းတယ်ပေါ့နော်။  လွတ်လပ်စွာ တွေးခေါ်ခိုင်းပြီးတော့ နောက်ကိုယ့် Right သူ့ Right ဆိုတဲ့ ကိုယ့်အခွင့်ရေး ၊ သူ့အခွင့်ရေးကို နားလည်အောင် ကြိုးစားခိုင်းတယ်ပေါ့နော်။ တကယ်လို ကိုယ်တွေးတဲ့ အတွေးခေါ် အကောင်ထည်ဖော်မယ်ဆိုရင် သူများရဲ့ အခွင့်ရေးကိုလည်း မထိခိုက်ဘူးပေါ့နော်။ ကိုယ့်အခွင့်ရေးကို မထိခိုက်ဘူးဆိုရင် လုပ်လို့ရတယ်ပေါ့နော်။ ကိုယ့်အခွင့်ရေးလည်း ထိခိုက်မယ်၊ သူများအခွင့်ရေးလည်း ထိခိုက်မယ်ဆိုရင် လုပ်လို့မရဘူးပေါ့နော်။ မလုပ်ရဘူးပေါ့။ ဒီကျောင်းမှာရှိတဲ့ ဒါပေါ်လစီ မူဝါဒပေါ့။ အဲ့ဒီပေါ်လစီအတိုင်း ကလေးတွေက  အပြန်အလှန် သူတို့ခြင်းခြင်း နားလည်တာပေါ့။ သူတို့အခြင်းခြင်း အပြန်လှန်နားလည်ပြီးတော့ သူတို့အချင်းချင်း ထိန်းကျောင်းသွားတာ။ အဲ့ဒါ မူရင်း လွတ်လပ်စွာ တွေးခေါ်ခိုင်းတဲ့ အရာဟာ အခြေခံကျတယ်ပေါ့နော်”လို့ ဖောင်တော်ဦး ဘကကျောင် တည်ထောင် လည်ပတ်နေပုံ အကြောင်းကို ဆရာတော်က ရှင်းပြပါတယ်။
ဒါ့အပြင် ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ဒီဗီဘီက မေးမြန်းရာမှာ “စာမေးပွဲ စနစ်ကို ပြင်ရမယ်။ စာမေးပွဲစနစ်ကို ပြင်ရမယ့် အခါကြမှ ဘာဖြစ်လာမလည်းဆိုရင် သင်ကြားမှု သင်ယူလိုစိတ်ကို ပေးတဲ့စနစ်ဖြစ်မယ်။ အလွတ်ကျက်တဲ့ စနစ်မဖြစ်ဘူး။ အဲ့လိုဆိုလို့ရှိရင်ကလေးတွေက တိုးတက်ဖွံ့ ဖြိုးသွားမယ်။ အခုဆိုလို့ရှိရင် ၄တန်းနဲ့ ၈တန်းဆိုတာက အရင်စာမေးပွဲစနစ်ကို ပြန်ကျင့်သုံးနေတယ်။နဂိုက ကောင်းနေတဲ့မူကို နောက်ကြောင်းပြန်လှည့်သွားသလို ဖြစ်နေတယ်။အဲ့တော့ ၄တန်းမှာ ဘယ်လိုတွေဖြစ်သွားလဲဆိုတော့ ခု စီစီအေ ကျောင်းက သင်တန်းတွေပေးလိုက်တယ်။ သင်တန်းတွေပေးပြီးတော့ ဆရာ ဆရာမတွေက တော်တော်များများ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို ပညာရေး သင်တန်းပေးတယ်ပေါ့။ ဆရာဖြစ်သင်တန်းတွေ ပေးလိုက်တယ်ပေါ့။ သူတို့တွေ သင်လို့ အစဉ်ပြေနေတဲ့ အချိန်မှာလည်း  ၄တန်းနဲ့ ၈တန်းက လာပြီးတော့ စာမေးပွဲဖြစ်လာတဲ့အတွက် သူတို့ ဒီမှာ သင်လို့ သိပ်မရတော့ဘူး။ အလွတ်ကျက်မယ့် စနစ်ကိုပဲ များသွားတယ်ပေါ့။ ပြောတော့ ပြောတာပဲ ၄တန်းနဲ့ ၈တန်းဟာ အလွတ်ကျက်မှု သိပ်မများတဲ့ မေးခွန်းတွေလို့ ပြောတာပဲ ဒါပေမယ့် မန်မိုရီ တက်စ်တွေက များနေသေးတယ်ပေါ့။ အဲ့အတွက် ဒီသင်ကြားသင်ယူလိုစိတ်ကို အားပေးတယ်။ တွေးတက်သင်တက်တဲ့ စနစ်ကိုမျိုးကို ပြောင်းပေးဖို့ လိုတယ်။ အဲ့ဒီပြောင်းပေးဖို့ဆိုတာလည်း ဒီစာမေးပွဲစနစ်နဲ့တော့ မဖြစ်ဘူး။ 


ဒီစာမေးပွဲစနစ်ကို ပြင်ပေးဖို့လိုတယ်ပေါ့”လို့ ဖောင်တော်ဦး ဘကကျောင်း တည်ထောင်သူ အရှင်နာယက က ဖြေကြားပါတယ်။
ဖောင်တော်ဦး ဘကကျာင်းမှာ လူငယ် ဆရာဆရာမတွေက ကလေးဗဟိုပြု နည်းလမ်းတွေ၊ ထိုးထွင်းစဉ်းစားမှု critical thinking သင်ကြားနည်းတွေကို အသုံးပြုနေသလို၊ ကျန်းမာရေးနဲ့ တကိုယ်ရည်သန့်ရှင်းတွေဆိုင်ရာ အသိပညာတွေကိုလည်း သင်ကြားပေးနေပါတယ်။ အရှင် နယကဟာ အမေရိကန် ၂၀၀၃ ခုနှစ်ကလည်း  အမေရိကန် နိုင်ငံခြားရေးဌာနက ဖိတ်ကြားခြင်း ခံရသလို၊ ၂၀၀၈ ခုနှစ်မှာလည်း ကုလသမဂ္ဂ နယူးယော့ခ်ဆီ ဖိတ်ခေါ်ပြီး မြန်မာ့ပညာရေး အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

အနာဂတ် ခေါင်းဆောင်တွေအဖြစ် ကျောင်းသားလူငယ်တွေကို မွေးထုတ်ပေးနေတဲ့ ဆရာတွေရဲ့ စွမ်းရည်ကို မြှင့်တင်ပံ့ပိုးပေးဖို့အတွက် varkey foundation ကနေ ဆုကြေး ဒေါ်လာ(၁)သန်း ပေးအပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဆရာဆုကို ၂၀၁၄ ခုနှစ်က စတင် ချီးမြှင့်လာခဲ့ပါတယ်။ အခု ၂၀၁၆ ကမ္ဘာလုံးဆိုင်ရာ ဆရာဆုအတွက် ဆန်ကာတင် ၅၀ စာရင်းမှာ နိုင်ငံပေါင်း ၂၉ ခုပါဝင်ပြီး နောက်နှစ် မတ်လကျရင် ဆုရရှိသူကို ကြေညာမှာ ဖြစ်ပါတယ်။
ဖော်တောင်ဦး - http://phaungdawoo.blogspot.com/

Iron Cross အဖွဲ့၏ နယူးရီးယားည ဖျော်ဖြေပွဲ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပြုလုပ်မည်ဖြစ်ပြီး ည ၁၂ နာရီအထိ ဖျော်ဖြေမည်

Iron Cross တီးဝိုင်းနှင့် ပင်တိုင် အဆိုရှင် လေးဦး၏ နယူးရီးယားည ဖျော်ဖြေပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည် ဟုသတင်းရရှိသည်။ အဆိုပါဖျော်ဖြေပွဲတွင် Iron Cross တီးဝိုင်းနှင့် အတူ အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီးနှင့် ၀ိုင်ဝိုင်းတို့ ပါဝင် ဖျော်ဖြေရန် စီစဉ်ထားခြင်း ဖြစ်သည်။
"နယူးရီးယားညမှာ ရန်ကုန်မှာ ဖျော်ဖြေဖို့ ရှိပါတယ်။ IC ရဲ့ပင်တိုင် အဆိုရှင် လေးဦးပါပဲ။ ရုပ်သံလုံးဝ မလွှင့်ပါဘူး။ နှစ်သစ်ကို ရော့ခ်သီချင်းတွေနဲ့ ကြိုဆိုနိုင်ဖို့ အတွက် စီစဉ်နေတာပါ။IC အဖွဲ့သားတွေလည်း ဆို မယ့် သီချင်းတွေက အစ တီးမယ့်ပုံစံတွေ၊ မီးအလင်း အမှောင်တွေ၊ တင်ဆက်မှုတွေ အား လုံးသေချာ ပြင်ဆင်သွားပါမယ်။ မတ်တတ်ရပ် တစ်မျိုးတည်းပဲ လက်မှတ် ရောင်းချသွားမှာပါ။ အားလုံး ပျော်ပျော်ပါးပါး ကြည့်နိုင်အောင် စီစဉ်တာပါ။ ပွဲကိုတော့ ည ၉ နာရီ မှစပါမယ်။ Count Down ပြီးတာနဲ့ ပွဲပြီးမှာပါ။ IC နဲ့နှစ်သစ်ကို ကြိုနိုင်မှာပါ" ဟု အဆိုပါ ဖျော်ဖြေပွဲအား စီစဉ်သည့် ကိုရှမ်းမက ရှင်းပြသည်။
Iron Cross တီးဝိုင်း၏ နယူးရီးယားည ဖျော်ဖြေပွဲ လက်မှတ်များကို ကျပ် ၁၀၀၀၀ ဟု သတ်မှတ်ထားပြီး ဒီဇင်ဘာ ၂၀ ရက် ၀န်းကျင်တွင် လက်မှတ်များအား စတင် ရောင်းချသွားရန် စီစဉ် ထားသည်ဟု သိရသည်။ Iron Cross တီးဝိုင်းသည် ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်သည့် Music Tour ဖျော် ဖြေပွဲများပြုလုပ်ရန်လည်း စီစဉ်ထားပြီး ယခု ဖျော်ဖြေပွဲမှာမူ ရုပ်သံမှ တစ်ဆင့် ထုတ်လွှင့်မည် မဟုတ်ဘဲ ဖျော်ဖြေပွဲ သီးသန့်သာ ပြုလုပ်သွားမည်ဟု သိရသည်။ Iron Cross တီးဝိုင်းနှင့် အဆိုရှင်များသည် နယူးရီးယားည ဖျော်ဖြေပွဲအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ဖျော်ဖြေပွဲ မတိုင်မီ ပြုလုပ်သွားမည် ဖြစ်ပြီး ထူးခြားသည့် တင်ဆက်မှုများဖြင့် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။       
Iron Cross တီးဝိုင်းအနေဖြင့် Live 90 ဖျော်ဖြေပွဲ များကိုလည်း ပြုလုပ်လျက် ရှိပြီး ဒီဇင်ဘာ ၁၁ ရက်တွင် မျိုးကြီး၏ Live 90 တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
                        
Writer: 
လင်းလင်းခိုင်

မန္တလေးတွင် စီစီတီဗီတပ်ဆင်လိုပါက Police Command Centerသို့ ဆက်သွယ်နိုင်

မန္တလေးမန္တလေးမြို့ပေါ်ရပ်ကွက်ကြီးများတွင် စီစီတီဗီတပ်ဆင်လိုပါက မန္တလေးတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့ရုံးအတွင်းရှိ Police Command Center ကော်မတီထံသို့ လာရောက်ညှိနှိုင်းလုပ်ဆောင်နိုင်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး၊ တာဝန်ရှိ သူတဦးက ဧရာဝတီသို့ ပြောသည်။ မန္တလေးမြို့တွင်း ဧရိယာတွင် စီစီတီဗီကေဘယ်ကြိုးများ ချဲ့ထွင် တပ်ဆင်ထားပြီးဖြစ်ပြီး စတိုးဆိုင်များ၊ဘဏ်ကြီးများ၊ မြို့ မိမြို့ဖများမှ မိမိတို့ရပ်ကွက်လုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် စီစီတီဗီတပ်ဆင်ရန်အတွက် ကင်မရာ၊ မီးအား ထိန်းညှိကိရိယာ၊ ကွန်ထရိုးဘောက်၊ မီးချောင်း၊ လိုင်းကြိုးစသည်တို့ လိုအပ်ကြောင်း ၎င်းက ပြောသည်။

“ကိုယ့်အိမ်မှာ ကိုယ့်ဘာသာတပ်ထားတာတွေ ရှိပါတယ်။ ဒါပေမယ့် စီစီတီဗွီကိုတနေကုန် စောင့်မကြည့်နိုင်ဘူး။ ဒီမှာက ၂၄နာရီ စောင့်ကြည့်နေတာပါ” ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောသည်။
တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သော ယွမ် ၃.၅သန်းတန်ဖိုးရှိ Police Command Centre အား ဒီဇင်ဘာ၈ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ရုပ်သေကင်မရာအလုံး (၂၀)၊ ၃၆၀ဒီဂရီ လှည့်ပတ်ကြည့်နိုင်သော ကင်မရာ အလုံး၂၀တို့ဖြင့် မန္တလေး ၄မြို့ နယ်ရှိ ပွိုင့် ၂၀နေရာတွင် စီစီတီဗွီများဖြင့် စတင်စောင့်ကြည့်ခဲ့ခြင်းဖြစ်ကာ ၁ဆိုင်းလျှင် ၈နာရီဖြင့် အဆိုင်း၃ ဆိုင်းခွဲပြီး ၂၄ နာရီမပြတ် စောင့်ကြည့်နေကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
မန္တလေးမြို့ တမြို့လုံးလွှမ်းခြုံစောင့်ကြည့်နိုင်ရန်အတွက် စီစီတီဗီကင်မရာအလုံး တထောင်ဝန်းကျင်ခန့် အနိမ့်ဆုံး လိုအပ် မည်ဖြစ်ပြီး ကေဘယ်ကြိုးဧရိယာမှာလည်း ၇မြို့နယ်စလုံးတွင် လွှမ်းခြုံထားရန် လိုအပ်ကြောင်း၊ ယခု တရုတ်ပညာရှင်များ လာရောက်တပ်ဆင်ပေးထားသော ကေဘယ်ကြိုးဧရိယာမှာ မြို့တွင်းဧရိယာသာ လွှမ်းခြုံနိုင်သေးသောကြောင့် Police Command Center ဖြင့် ချိတ်ဆက်ကာ စီစီတီဗီ ကင်မရာကို မိမိရပ်ကွက်အတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် တပ်ဆင် မည်ဆိုပါက ကုန်ကျစရိတ် များပြားနိုင်ကြောင်း လုံခြုံရေးကင်မရာ စနစ်ကျွမ်းကျင်သူ ဦးရဲအောင်က ပြောသည်။
“တရုတ်တွေ သွယ်ပေးထားတဲ့ ကေဘယ်ကွန်ရက်ကနေ ချိတ်ဆက်ရမှာဖြစ်တဲ့အတွက် တရုတ်တွေဘက်က ခွင့်ပြုမှရ မှာဖြစ်သလို သူတို့ဆီက ကင်မရာကို ဝယ်မှပဲရမယ်”ဟု ၎င်းက သုံးသပ်သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၅-၁၆ဘဏ္ဍာရေးနှစ်၌ အမှုကြီး(၁၀) မျိုးဖြစ်ပွားမှုအခြေအနေမှာ လူသတ်မှု (၆၈)မှု၊ ဓားပြမှု(၁)မှု၊ လုယက်မှု(၈)မှု၊ မုဒိမ်းမှု(၅၁)မှု၊ ဖောက်ထွင်းမှု(၁)မှု၊ တိရစ္ဆာန်ခိုးမှု(၃)မှု၊ လက်နက်မှု(၃)မှု၊ မတရားသင်း (၁)မှုတို့ဖြစ်ပြီး အခြားအမှု (၇)မျိုးတွင် ဖြစ်ပွားမှုအများဆုံးမှာ ဆိုင်ကယ်ခိုးမှု(၁၄၉)မှု၊ ခိုးမှု(ရိုးရိုး) (၂၇၆ )မှု နှင့် နာကျင် (ယာဉ်)တိုက်မှု (၁၁၈၀)မှုတို့ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တပ်မတော်သားကိုယ်စားလှယ်၊ ဒုတိယဗိုလ်မှူးကြီး ကျော်နိုင်က ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ၁၄ကြိမ်မြောက် ပုံမှန် အစည်းအဝေး(စတုတ္ထ)နေ့တွင် တိုင်း ဒေသကြီးအစိုးရ၏ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်မှု အခြေ အနေ တင်ပြချက် အစီရင်ခံစာများအပေါ် ပြန်လည် ဆွေး နွေး တင်ပြချက်၌ ထည့်သွင်းပြောကြားခဲ့သည်။
မန္တလေးမြို့အတွင်း ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ်လုပြေးခြင်း၊ ဆိုင်ကယ်ခိုးယူခံရခြင်း၊ လူအုပ်စုဖြင့် ရန်ပြုခံရခြင်း စသည့် မှုခင်းကိစ္စရပ်များကြုံရပါက Police Command Center ဖုန်း ၀၂ ၆၇၁၂၁သို့ ဆက်သွယ် သတင်းပေးနိုင်သကဲ့သို့ ယာဉ် တိုက်မှုဖြစ်ကာ အငြင်းပွားမှုများ ကြုံတွေ့ရပါက Police Command Center ရှိ စီစီတီဗီ ကင်မရာများတွင် လာရောက် စစ်ဆေးနိုင်ပြီး အဆိုပါ ကင်မရာများ၏ မန်မိုရီမှာ တလအထိ သိမ်းဆည်းထားနိုင်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

ရွေးချယ်ခံ အထက်မြန်မာပြည် NLD လွှတ်တော် ကိုယ်စားလှယ်များအား ပို့ချမည့် သင်တန်းများ ဦးတေဇပိုင် နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်တွင် ပြုလုပ်မည်

၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသည့် အထက်မြန်မာပြည်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်များအား ပို့ချမည့် သင်တန်းများကို ဦးတေဇပိုင် နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ ဒီဇင်ဘာ ၁၄ ရက် ထုတ်ပြန်မှုအရ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှ လွှတ်တော် ကိုယ်စားလှယ်များကို ဒီဇင်ဘာ ၁၆ ရက်မှ စတင်၍ နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်တွင် သင်တန်းပို့ချမည် ဖြစ်သည်။

အဆိုပါ သင်တန်းနှစ်ခုကို ဦးတေဇပိုင် နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်တွင် ပြုလုပ်မည်ဖြစ်ပြီး အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက် (AGD Bank) က Sponsored ပေးခဲ့ခြင်းဖြစ်ကြောင်း သင်တန်း တာဝန်ခံဖြစ်သူ NLD ပါတီ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“ဟုတ်ပါတယ်။ ဒီသင်တန်းကို AGD Bank က Sponsored ပေးတာပါ။ တခြား ကုမ္ပဏီတစ်ခုလည်း ပါပါသေးတယ်။ ရွှေစံအိမ် ဟိုတယ်ကလည်း ဦးတေဇပိုင် ဟိုတယ်ဆိုတာ ဟုတ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့ချုပ် ဥက္ကဋ္ဌက မြန်မာနိုင်ငံသား မဟုတ်တဲ့ ပြည်ပ အဖွဲ့အစည်းတွေရဲ့ အလှူငွေကို လက်မခံပါဘူး။ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးအတွက် မြန်မာနိုင်ငံသား အားလုံး ၀ိုင်းဝန်း လုပ်ဆောင်ရမှာပါ” ဟု  ဦးမျိုးရန်နောင်သိန်းက ပြောကြားသည်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ ထုတ်ပြန်မှုအရ သင်တန်းများကို အပတ်စဉ် ငါးခုခွဲကာ ပို့ချသွားမည်ဖြစ်ကာ အပတ်စဉ်  ၄ နှင့် ၅ ကို ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သွားမည်ဖြစ်ကာ မကွေးတိုင်း၊  ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း အနောက်ခြမ်းတို့အတွက် ပြုလုပ်မည့် သင်တန်းနေရာကို ထပ်မံ အကြောင်းကြားမည် ဖြစ်ကြောင်း သိရသည်။

ရွေးချယ်ခံ NLD ပါတီ ကိုယ်စားလှယ်များကို သင်တန်းပို့ချမည့် သင်တန်းမှူး တစ်ဦးဖြစ်သည့် တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ဒီဇင်ဘာ ၁၆ ရက်မှ စတင်၍ သင်တန်းများကို ငါးသုတ်ခွဲကာ နေပြည်တော်၊ ရန်ကုန်၊ ပြည်မြို့ သုံးမြို့ တွင် ပို့ချသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက်က ပြောကြားထားသည်။

သင်တန်းများတွင် လွှတ်တော် အမတ်များ သိသင့် သိထိုက်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အခြားဥပဒေများ၊ ရေးရာကော်မတီများ၏ လုပ်ငန်းတာဝန်များ၊ နိုင်ငံတကာ ဆက်ဆံရေးများကို ပို့ချသွားမည်ဟု ဦးကိုနီက ပြောကြားသည်။

ထို့ပြင် သင်တန်း ပို့ချမည့် သင်တန်းမှူးများနှင့် ပတ်သက်ပြီး ဦးကိုနီက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လွှတ်တော်အမတ်များ သိသင့်သည့် ဥပဒေများကို  ၎င်းကိုယ်တိုင် ပို့ချမည် ဖြစ်ကြောင်း၊ ပါတီ၏ စည်းမျဉ်း မူဝါဒများ၊ လွှတ်တော်ရှိ ရေးရာကော်မတီများ၏ လုပ်ငန်းတာဝန်များကို အမျိုးသားလွှတ်တော် အမတ် ဦးအောင်ကြည်ညွန့်က ပို့ချမည် ဖြစ်ကြောင်းနှင့် ဘတ်ဂျက်ရေးဆွဲမှုများ၊ ဘတ်ဂျက် ဥပဒေများ၊ နိုင်ငံတကာ ဆက်ဆံရေးများ၊ စီးပွားရေးနှင့် ပတ်သက်သည့် ကဏ္ဍများကို နိုင်ငံခြား တက္ကသိုလ်များတွင် ဘွဲ့ရရှိထားသည့် မြန်မာနိုင်ငံသား ပညာရှင်များက ပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ငြိမ်းကို
 

Credit: www.news-eleven.com 

No comments: