Thursday, December 3, 2015

သတင်းစုံ



 အရေးပေါ် သတိပေးချက်များနှင့် သတင်းထုတ်ပြန်ချက်များကို အလိုအလျောက် အသိပေးနိုင်မည့် မိုဘိုင်းလ် App အသစ် ထွက်ရှိ 

မြန်မာနိုင်ငံ တစ်ဝှမ်း ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၂ ခု ခန့်မှာ ရေကြီး ရေလျှံမှု တွေ ဖြစ်ပေါ်လျက်ရှိပြီး လူဦးရေ ၂ သိန်း ကျော်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ဒုက္ခသည် စခန်းများမှာ ခိုလှုံနေရပါတယ်။ နိုင်ငံရေး ကျွမ်းကျင်သူများကတော့ ဒီလို ပြည်သူအများ ဒုက္ခတွေ့ရတာဟာ ကြိုတင်ကာကွယ်မှု ၊ အချိန် နဲ့ တစ်ပြေးညီ သတင်းထုတ်လွှင့်မှု အားနည်းခဲ့လို ဖြစ်ရတယ်လို့ သုံးသပ်ထားကြပါတယ်။

 မီဒီယာ များကလည်း မြန်မာနိုင်ငံရဲ့ အဆိုးဝါးဆုံး ရေဘေး ဒုက္ခ တွေ ထပ်မကြုံတွေ့နိုင်ဖို့အတွက် မိုးလေ၀သ ထုတ်ပြန်ကြေညာချက်များ ၊ သတိပေးချက်များ ၊ ရေဘေးသင့်ဒေသ အခြေအနေများ နဲ့ ပြန်လည် ထူထောင်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေကို အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ကြေညာနိုင်အောင် ကြိုးစားနေကြပါတယ်။

အခုလည်း မြန်မာနိုင်ငံ အတွင်း က ယုံကြည်စိတ်ချရသော သတင်းမီဒီယာ အသီးသီး ရဲ့ နောက်ဆုံးရ သတင်းတင်ဆက်မှုများကို စုစည်းဖော်ပြသွားပြီး တစ်နေရာတည်းမှာတင် မြန်မာနိုင်ငံ ရဲ့ ရေဘေး အခြေအနေများနဲ့ သတိပေးကြေညာချက်များကို ဖော်ပြပေးသွားမယ့် မိုဘိုင်းလ် App တစ်ခုထွက်ပေါ်လာပါတယ်။

ထို App ကတော့ Myanmar Alerts ဆိုတဲ့ App ပဲ ဖြစ်ပါတယ်။ ဒီ App ဟာ လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ရေဘေးအခြေအနေများကို ဒေသ အလိုက် သတ်မှတ်ဖော်ပြပေးသွားမှာ ဖြစ်သလို အရေးကြီး သတိပေးချက်များ ၊ ထုတ်ပြန်ကြေညာချက်များကိုလည်း App အားဖွင့်ထားစရာမလိုပဲ အလိုအလျောက် Notification များပေးပို့ခြင်းဖြင့် အသိပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထို App ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံ ရဲ့ အားနည်းချက်တစ်ခုဖြစ်နေတဲ့ အချိန်နဲ့ တစ်ပြေးညီ သတင်းထုတ်လွှင့်မှု ကို ပိုမို အားကောင်းလာစေရန် အတွက် မီဒီယာ နဲ့ ပြည်သူအကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးခြင်းပဲ ဖြစ်တယ်လို့ လည်းသိရပါတယ်။ ဒီ App ကို လိုချင်သူတွေအနေနဲ့ အောက်ပါ link များမှာ အခမဲ့ ဒေါင်းလုဒ် ရယူနိုင်မှာ ဖြစ်ပါတယ်။


Goolge Play Store : http://tiny.cc/MyanmarAlertsGooglePlay
1Mobile Market    : http://tiny.cc/MyanmarAlerts1M
Mediafire Link      : http://tiny.cc/MyanmarAlertsMF


( Mario )
 

Google နဲ့ Apple တို့ ကို အလဲထိုးဖို့ အတွက် Android နဲ့  iOS သုံး Cortana ကို Microsoft ဖြန့် ချိ 


အခုဆိုရင် AI တိုက်ပွဲမှာ Apple ရဲ့ Siri နဲ့ Google Now တို့ ပဲ ယှဉ်ပြိုင်ရတော့မှာမဟုတ်ပါဘူး။

Microsoft ဟာ ၎င်းတို့ ရဲ့ ဒီဂျစ်တယ်အထောက်အကူပြုစနစ် Cortana ကို iOS ဆီ ယူဆောင်လာဖို့ ကြိုးပမ်းနေကြောင်း ကြေငြာပြီးနောက် ခြောက်လအကြာမှာ  Cortana ကို iOS ပလက်ဖောင်းမှာ စတင်စမ်းသပ်နေပြီဖြစ်ကြောင်း တရားဝင်ကြေငြာလိုက်ပါတယ်။

Microsoft ဟာ Apple ရဲ့ Siri နဲ့ Google Now တို့ ရဲ့ စွမ်းဆောင်ရည်တွေကို ပေါင်းစပ်ထားတဲ့ Cortana ကို စမ်းသပ်ဖို့ အတွက် iPhone သုံးစွဲသူပေါင်း ၂၀၀၀ ကို ရွေးချယ်ခေါ်ယူထားပါတယ်။

ဒီ Cortana app ကို Apple ရဲ့ TestFlight tool ကနေပဲ သုံးစွဲလို့ ရမှာဖြစ်ပြီး developer တွေနဲ့ စမ်းသပ် သုံးစွဲသူတွေအနေနဲ့ ချို့ ယွင်းချက်၊အမှားအယွင်းလေးတွေ ကြုံတွေ့ ရရင် Microsoft ကို လှမ်းအကြောင်းကြား နိုင်မှာဖြစ်ပါတယ်။

စမ်းသပ်မှုကာလဟာ ရက် ၆၀ လောက်ကြာမြင့်နိုင်ပြီး အမေရိကနဲ့ တရုတ်နိုင်ငံတို့ မှာပဲ စမ်းသပ်သွားဦးမှာ ဖြစ်ပါတယ်။

“ Cortana ဟာ သင့်အလုပ်တွေအများကြီးပြီးဖို့ အတွက် ကူညီနိုင်ပါလိမ့်မယ်။ အင်တာနက်ပေါ်မှာ တစ်ခုခု ရှာတာမျိုး၊ ဒါမှမဟုတ် ကိုယ့်ဖုန်းမှာ သတိပေးချက်ထားတာမျိုး၊ email ကို ပါးစပ်က နှုတ်တိုက်ပြောပြီး ရေးခိုင်းတာမျိုး၊ နဲ့ စက်ရဲ့ setting ကို ပြောင်းချိန်တာမျိုး စတာတွေကို လုပ်ပေးနိုင်မှာပါ” လို့  Microsoft ရဲ့ Joe Belfiore က ပြောကြားခဲ့ပါတယ်။

“ ဒီနေ့ မှာတော့၊ Android ဖုန်းတွေနဲ့ iPhone တွေအတွက် Windows 10 တင်ထားတဲ့ PC နဲ့ တွဲဖက် လုပ်ဆောင်ပေးမယ့် Cortana application ကို ထုတ်လိုက်ပြီဖြစ်ကြောင်း ကြေငြာအပ်ပါတယ်”

“ PC မှာသွင်းထားတဲ့ ‘Phone Companion’ ကနေ Cortana app ကို ဖုန်းတွေထဲ Google Play ဒါမှမဟုတ် Apple App Store တို့ ကနေ သွင်းသွားနိုင်မှာပါ” လို့ သူက ရှင်းပြခဲ့ပါတယ်။

Cortana ဆိုတာ Xbox’s Halo ဂိမ်းထဲက AI ဇာတ်ကောင်ရဲ့နာမည်ကို အစွဲပြုပေးထားတာဖြစ်ပြီး ဂိမ်းထဲက လောက်တောင်လုပ်နိုင်စွမ်း မထက်မြက်ပေမယ့် Cortana ကနေ တဆင့် reminder ပေးတာ၊ လမ်းကြောင်း ရွေးခိုင်းတာမျိုး၊ စမတ်ဖုန်းကနေ ကိုယ်မေးသမျှပြန်ဖြေပေးတာမျိုးတွေ လုပ်နိုင်မှာဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref: Dailymail

ဟားဗတ်ရဲ့ ဥပဒေကျောင်းမှာ ဘွဲ့ရတဲ့ ပထမဆုံး မျက်မမြင်ဥပဒေကျောင်းသူ

 ပုံမှာမြင်တွေ့နေရတဲ့ Haben Girma အမည်ရ အမျိုးသမီးဟာ အမေရိကန်ပြည်ထောင်စု ဟားဗတ်ရဲ့

ဥပဒေကျောင်းကနေ ဥပဒေဘွဲ့ကို ရရှိတဲ့ ကမ္ဘာ့ပထမဆုံး မျက်မမြင် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ အစ်ကိုဖြစ်သူဟာလည်း သူ့လိုပဲ မွေးရာပါ မျက်မမြင် ဖြစ်ပါတယ်။ သူ့အစ်ကိုကိုမွေးပြီးနောက် သူ့မိသားစုဟာ အမေရိကန်ကို ပြောင်းရွှေ့ပြီး သူမကို အမေရိကန်မှာပဲ မိသာုးက မွေးဖွားပါတယ်။ အာဖရိက လူမည်းမျိုးနွယ်စုတစ်ခုမှ ဖြစ်ပါတယ်။

အမေရိကန်မှာ ကိုယ်လက် မသန်စွမ်းသူများအတွက် ကူညီထောက်ပံ့ ရပ်တည်ပေးတဲ့ Americans with Disabilities Act (ADA) ကို စတင်တည်ထောင်စ အချိန်နဲ့ တိုက်ဆိုင်ပြီး သူမဟာ ငယ်စဉ်ကတည်းက ပညာရေးကို လေ့လာလိုက်စားဖို့အတွက် ကူညီထောက်ပံ့မှု ရရှိခဲ့ ပါတယ်။ မျက်စိ မွေးရာပါ မမြင်ရသူ ဖြစ်ပေမယ့် သူမဟာ စွမ်းစွမ်းတမံကြိုးစားတာကြောင့် ဟားဗတ် ဥပဒေ ကျောင်းကို တက်ခွင့်ရရှိခဲ့ပါတယ်။ သူမရဲ့ ငယ်စဉ်ကနေကြီးပြင်းတဲ့ တောက်လျှောက်မှာလည်း မျက်မမြင်နဲ့ ကိုယ်လက်မသန်စွမ်းသူများအတွက် ယင်းဟာ အားနည်းချက် မဟုတ်ကြောင့် သာမန်လူများနဲ့ ကွာခြားမှုမရှိကြောင်း အစရှိသဖြင့် မသန်စွမ်းသူများဖက်မှ နေလို့ စွမ်းစွမ်းတမံ အားပေး ဆောင်ရွက်ခဲ့ပါတယ်။ သူမရဲ့ လုပ်ဆောင်ချက်ကောင်းများနဲ့ ပညာရေး ကြိုးစားမှုကြောင့် Harvard သို့ ရောက်ရှိခဲ့ပြီး အသက် ၂၇ နှစ်မှာပဲ ဘွဲ့ရပါတယ်။

ပြီးခဲ့တဲ့ လက်တလောက အမေရိကန်ပြည်ထောင်စု၊ သမ္မတ အိမ်ဖြူတော်မှာ ADA တည်ထောင်တဲ့နှစ် ၂၅ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်ပြီး ယင်းပွဲမှာ သူမဟာ မိန့်ခွန်းပြောခွင့် ရရှိခဲ့ပါတယ်။ အမေရိကန် သမ္မတ အိုဘားမားရဲ့ နှုတ်ဆက်မှု၊ စကားပြောဆို ဆွေးနွေးမှုကိုလည်း လက်ခံရရှိခဲ့ပါတယ်။ မသန်သော်လည်း စွမ်းသူများကို မြေတောင်မြောက်ဆောင်ရွက်ပေးနိုင်မှုကြောင့် သူတို့ရဲ့ စွမ်းရည်များကို အမေရိကန်နိုင်ငံအတွက် ပြန်လည် အကျိုးပြု အသုံးချနိုင်လျက်ရှိပါတယ်။
 

Betadine® အကြောင်း သိကောင်းစရာ

ပထမ ကမ္ဘာစစ် ကာလ အတွင်းမှာ စစ်ဘေး ဒဏ်ရာရ စစ်သားတွေကို အနာကနေ ရောဂါ ပိုးမွှား ဝင်ခြင်းမှ ကာကွယ် ကုသပေးဖို့ အတွက် iodine ဆိုတဲ့ ဓာတ်ကို Alexander Fleming လို့ အမည်ရတဲ့ စကော့တလန် သိပ္ပံပညာရှင်က စတင် တွေ့ရှိခဲ့ပါတယ်။
Betadine® သမိုင်းကြောင်း
၁၉၅၅ ခုနှစ်မှာ Povidone-iodine ဓာတု ဆေးဝါးဓာတ်ကို စတင် ဖြန့်ချိပြီး ကမ္ဘာသုံး iodine ရောဂါ ပိုးမွှားများ ကာကွယ်ဆေး ဖြစ်လာပါတယ်။
၁၉၆၀ ခုနှစ်ဝန်းကျင် အရောက်မှာတော့ ယင်း ဓာတ်ကို ပိုမို အဆင့်မြင့်အောင် ဖန်တီးနိုင်ခဲ့ပြီး ရောဂါ ပိုးမွှားများ ကူးစက်ခြင်းမှ ပါဝင်တဲ့ ပိုးမွားကိုပါ သတ်နိုင်တဲ့ ဆေး ဖြစ်လာခဲ့ပါတယ်။
၁၉၆၃ ခုနှစ်မှာတော့ Povidone-iodine ကို တရားဝင် မှတ်ပုံတင်ယူပြီး Betadine® အမည်ဖြင့် ကမ္ဘာအနှံ့ ဖြန့်ချိ ရောင်းချခဲ့ပါတယ်။
၁၉၆၉ ခုနှစ်မှာတော့ လကမ္ဘာသို့ သွားတဲ့ Apollo 11 အာကာသယာဉ်ပေါ်မှာ ပါလို့ပါလာငြား ကမ္ဘာ့အပြင်က ပိုးမွှားများကို သတ်ဖို့သုံးတဲ့ ဆေးဖြစ်တာကြောင့် ပိုမို လူသိများသွားခဲ့ပါတယ်။ ယင်းကတော့ Beatdine® ဟာ ဘက်တီးရီးယား ပိုးမွှား အတော်များများကို ကာကွယ် တားဆီးနိုင်ကြောင်း သက်သေ တစ်ခု ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှု ကျွမ်းကျင်သူများ၏ ရွေးချယ်မှု
Betadine® ကို ထိခိုက်ရှာနာနှင့် အခြား အနာများကို ရောဂါပိုးမွှား ကူးစက်ခြင်းမှ ကာကွယ်ပေးရန် ဆေးရုံများ၊ ဆရာဝန်များ ခွဲစိတ်ခြင်းနှင့် ဆေးပညာရပ် ဆေးခန်းများတွင် အဓိက ဆေး တစ်ခုအဖြစ် အသုံးပြုကြပါတယ်။

ကမ္ဘာတစ်ဝှမ်း ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အစည်းများနှင့် နေအိမ်များတွင် 45 နှစ်ကျော် အသိအမှတ်ပြု ယုံကြည် စိတ်ချစွာ အသုံးပြုကြပါတယ်။ မြန်မာပြည်ရဲ့ ဆေးဆိုင်များမှာလည်း အလွယ်တကူ ဝယ်ယူနိုင်တဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။
အသေးစိတ် အချက်အလက်များ သိရှိလိုပါက http://sg.betadine.com သွားရောက် လေ့လာ ကြည့်ရှု နိုင်ပါတယ်။

Ref : wiki, betadine

မနက် အိပ်ယာထတာနဲ့ ဒါတွေ မမေ့နဲ့  



၁။ ရေတစ်ခွက်ကို သောက်ဖြစ်အောင် အရင် သောက်လိုက်ပါ။ မျက်နှာသစ်ပြီးမှ သောက်လို့ ရသလို မသစ်ခင်သောက်လည်း ရတယ်။
၂။ ရေသောက်ပြီး မီနစ် ၃၀ လောက် နေပြီးတာနဲ့ နံနက်စာကို နေ့စဉ် မှန်အောင်စား။
၃။ ဘာသာ တရား လိုက်စားသူဆိုရင် ဘုရားရှိခိုး၊ တရားထိုင်၊ မနက်စောစော စိတ်ဟာ အလွန် ရှင်းလင်းပြီး တည်ငြိမ်နေတယ်။
၎။ လေ့ကျင့်ခန်း တစ်ခုခု မနက်တိုင်းမှာ လုပ်ကြည့်။
၅။ ရေချိုး ..ကိုယ်ရောစိတ်ပါ လန်းဆန်းသွားလိမ့်မယ်။
၆။ ဖြစ်နိုင်ရင် မနက်ကို စောစော ထပါ။
၇။ ကိစ္စတွေ အားလုံးပြီးရင် တစ်နေတာ အလုပ်တွေကို စလုပ်ပါ။ သူများတွေထက် ပိုမိုပြီး စိတ်ရော ကိုယ်ပါ တက်ကြွနေပါလိမ့်မယ်။ 

တစ်နာရီအတွင်း ၂ ကြိမ်တိုင် ချစ်တင်းနှောခြင်းဟာ ကိုယ်ဝန်ရနိုင်ခြေကို ၃ ဆ များစေ 

မှန်ကန် တဲ့ အစားအသောက် တွေ စားသုံးခြင်းက စလို့ သေချာတဲ့ Positionတွေ အသုံးပြုခြင်းအထိ နည်းလမ်း အမျိုးမျိုး ကို အသုံးပြုပြီး ဇနီးမောင်နှံ တွေဟာ သူတို့ရဲ့ ကလေး ရနိုင်တဲ့ အခွင့်အလမ်းကို မြှင့်တင်လေ့ရှိကြပါတယ်။

ဒါပေမယ့်လည်း ဒါဟာ သိပ်တော့မထိရောက်လှပါဘူး။ ကလေး ရယူဖို့ အခက်အခဲ ရှိတဲ့ ဇနီးမောင်နှံတွေအတွက် ကလေးရစေနိုင်မယ့် အကောင်းဆုံး အခွင့်အလမ်းကတော့ အမျိုးသားတွေအနေနဲ့ သုတ်ပိုး အားကောင်းလာပြီး မျိုးပွားနိုင်နှုန်း မြင့်မား လာသည်အထိ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်နေဖို့ပဲ ဖြစ်ပါတယ်။

ဘာပဲ ဖြစ်ဖြစ် လန်ဒန်မြို့က North Middlesex ဆေးရုံက သုတေသနအသစ်တစ်ခု က ဆွေးနွေးတင်ပြလာတာကတော့ တစ်နာရီအတွင်းမှာ ၂ ကြိမ်တိုင် ချစ်တင်းနှောခြင်းဟာ အမျိုးသားတစ်ယောက်ရဲ့ မျိုးအောင်နိုင်စွမ်းကို ၃ ဆ တိတိ မြှင့်တင်ပေးနိုင်တယ်ဆိုတာပါပဲ။

ထို လေ့လာမှုဟာ စုံတွဲ ၇၃ တွဲကို လေ့လာခဲ့ပါတယ်။ ထိုစုံတွဲ ၇၃ တွဲလုံးဟာ အမျိုးသားရဲ့ သုတ်ပိုးကို အမျိုးသမီးရဲ့ သားအိမ်ထဲ တိုက်ရိုက်ထည့်သွင်းထားတဲ့ IUI မျိုးပွားကုသခြင်းကို လုပ်ဆောင်ခဲ့သူတွေပဲဖြစ်ပါတယ်။ ထိုလေ့လာမှုအတွင်းမှာ အမျိုးသားတွေကတော့ တစ်နာရီအတွင်း သုတ်ပိုး ၂ ကြိမ် ထုတ်လွှတ်စေပြီး ဒုတိယ အကြိမ်မြောက်ထုတ်လွှတ်တဲ့ သုတ်ပိုးကိုတော့ IUI မျိုးပွားကုသခြင်း မှာ အသုံးပြုခဲ့ပါတယ်။

နောက်ဆုံး ရလဒ်ကတော့ ၂၀ ရာခိုင်နှုန်းရဲ့ ကိုယ်ဝန်ရနိုင်ခြေ ၊ မျိုးအောင်နိုင်ခြေ ဟာ အောင်မြင်ခဲ့တဲ့ ၆ ရာခိုင်နှုန်း ရဲ့ ၃ ဆ ဖြစ်နေခဲ့တာကိုလည်း တွေ့ရပါတယ်။

ဇနီးမောင်နှံတွေအတွက် ယုံကြည်မှု တစ်ခုရှိနေခဲ့တာကတော့ အမျိုးသမီးတွေရဲ့ ဓမ္မတာ ကာလတစ်ဝင်ခန့်မှာ အမျိုးသားတွေအနေနဲ့ ချစ်တင်းနှောခြင်းကို ရှောင်ကြည်သင့်တယ်ဆိုတာပါပဲ။ ဒါ့အပြင် အမျိုးသားကျန်းမာရေး ဌာန ရဲ့ ဂိုက်လိုင်းတွေအရတော့ သူတို့အနေနဲ့ ချစ်တင်းနှောခြင်း မတိုင်မီ ၂ ရက်ခန့်ကတည်းက လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ထားမှသာ မျိုးအောင်နိုင်ခြေများတဲ့ သုတ်ပိုးတွေကိုထုတ်လွှတ်နိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် လက်ရှိ သုတေသန အရတော့ လိင်ဆက်ဆံခြင်းကို ပိုမိုပြုပေးခြင်းကသာ မျိုးအောင်နိုင်ခြေများတဲ့ သုတ်ပိုးကို ထုတ်လွှတ် နိုင်မယ်ဆိုတာကိုတွေ့ရှိခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လေ့လာမှု အရတော့ တစ်နာရီအတွင်း ၂ ကြိမ်ထုတ်ယူထားတဲ့ သုတ်ပိုးတွေမှာ ဒုတိယ အကြိမ်မြောက် သုတ်ပိုးတွေဟာ ပိုမိုလတ်ဆတ်ပြီး အရည်အသွေးကောင်းမွန်ကာ မျိုးအောင်နိုင်ခြေများတဲ့ သုတ်ပိုးတွေ ဖြစ်နေခဲ့လို့ပါ။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail
 


No comments: