Thursday, December 10, 2015

အရူးကြီးများလက် ဘူးသီးနုနု မအပ်ရ




ဆေးရုံခုတင်ထက်မှ သမီးဖြစ်သူ၏ စူးစူးဝါးဝါးအော်ဟစ်ငိုယိုလိုက်သံကြောင့် သူမ လန့်နိုးသွားသည်။ ပြေကျနေသည့်ဆံပင်ကိုပင်မစုစည်း နိုင် ကမန်းကတန်းထပြီး သမီး၏ခေါင်းကို သူမ တစ်ချက်နှစ်ချက်သပ်ကာ ရင်ခွင်ထဲသို့ ခပ်မြန်မြန်ဆွဲယူထွေးပွေ့လိုက်သည်။

”မေမေ သမီးနာတယ်”
သမီးငယ် မဌေးဌေးစံက သူ့ ရဲ့ခန္ဓာကိုယ်အောက်ပိုင်းနေရာ တစ်ခုကို လက်ကလေးနှင့် ဖိကာမျက်ရည်များထပ်မံ စီးကျ လာနေသဖြင့် မိခင်ဖြစ်သူလည်း မျက်ရည်များစီးကျ၍ သွားသည်။ ”ခဏနေ အနာပျောက်သွားမှာ သမီးရဲ့ တိတ်တိတ်နော်”ထိုကဲ့သို့ညသန်းခေါင်ယံ အချိန်တိုင်း နေ့စဉ်ရက်ဆက် ချော့သိပ်ခဲ့ရပြီးနောက် သမီးဖြစ်သူသည် ၂ဝ၁၅ အောက်တိုဘာလ ၂၁ ရက် နေ့တွင် မိသားစုကိုကျောခိုင်းကာ ဘဝတစ်ပါးသို့ စွန့်ခွာသွားသည်။ ထိုသို့ စွန့်ခွာသွားရခြင်းမှာ အမျိုးသား၏ သူငယ်ချင်းဖြစ်သူ အမှတ် ၃၅၄ ခြေမြန်တပ်ရင်းမှ ဒုတပ်ကြပ်
နေဝင်းအောင်ကြောင့်ဟု သူမက ပြောသည်။

”ဒီလိုဖြစ်မှန်းသိရင်အဲဒီနေ့က ကျွန်မသမီးလေးအနားကနေ ဘယ်မှမခွာပါဘူး”ဟု သူမက မျက်ရည်များကျကာ ဆိုသည်။ နဂိုမူလ အာဟာရချို့တဲ့သည့် ရောဂါအခံလည်းရှိ၊ စစ်သားကြီးတစ်ယောက်၏ ကြမ်းတမ်းစွာဆက်ဆံမှုတို့၏နောက်ဆက်တွဲကို ရခိုင်ပြည်နယ်စစ်တွေ ဆေးရုံကပင် မဆိုထားနှင့် နိုင်ငံတွင် အကောင်းဆုံးဟု ဆိုနိုင်သည့်ရန်ကုန်ရှိ ရန်ကင်းကလေးဆေးရုံကပင် မဌေးဌေးစံကို သက်သာအောင် ကုသမှုမပြုပေးနိုင်ခဲ့။ ကာမဘီလူးဝင်စီးသူ၏ ယုတ်မာမှုကြောင့် အသက်၈ နှစ်ဆိုသည့် အရွယ်လေး နှင့်မဌေးဌေးစံမှာ ပန်းကောင်းအညွန့် ချိုးခံလိုက်ရပြီး မသေဆုံးမီအချိန်အထိဝေဒနာကို ပြင်းထန်စွာခံစားရင်း သေဆုံးသွားခဲ့ရသည်။

ပန်းကောင်းအညွန့်ချိုးခံရသူတွေ ဘယ်လောက်တောင်ရှိ
နိုင်ငံတွင် ယင်းကဲ့သို့သော ပန်းကောင်းအညွန့်လိုက်ချိုးသူ တို့ကြောင့် ကြေမွပျက်စီးသွားခဲ့ရသည့်ပန်းပွင့်ပေါင်းများစွာတို့သည် ဆယ်စုနှစ်တစ်ခုအတွင်း ထောင် နှင့်ချီကာ ရှိနေကြသည်။ နှစ်စဉ် တိုးတက်လာခြင်းကြောင့် နိုင်ငံရှိ မိန်းကလေးငယ်တို့အပေါ် ခြိမ်း ခြောက်မှုတစ်ရပ်ပင်အသွင်ဆောင်လာနေသည်ကို ရဲတပ်ဖွဲ့မှတ်တမ်းတို့က ဖော်ပြနေသည်။ ပြီးခဲ့သည့် ၂ဝ၁၄ခုနှစ်တစ်နှစ်လုံးနှင့် ယခုနှစ် ၂ဝ၁၅ ခုနှစ်ဇန်နဝါရီလမှ နိုဝင် ဘာလကုန်အထိတစ်နိုင်ငံလုံး၌ ဖြစ် ပွားခဲ့သော မုဒိမ်းမှု ၁၄ဝဝ ကျော် တွင် သက်ငယ်မုဒိမ်းမှုက ထက် ဝက်ကျော်ပါနေပြီးထိုထဲတွင်ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့မှာ အများဆုံး ဖြစ်နေသည်။ ကျန်ဒေသများဖြစ်သည့် နေပြည်တော်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လည်း သက်ငယ်မုဒိမ်းမှုများက မဖြစ်မရှိ ဖြစ်လျက်ရှိနေသည်ကို တွေ့ရသည်။

လွန်ခဲ့သည့် ၂ဝဝ၃ခုနှစ်က ၂ဝ၁၃ ခုနှစ်အထိ ပြည်တွင်းတွင် အမှုဖွင့်တရားစွဲခဲ့သော သက်ငယ် မုဒိမ်းမှု ၃ဝဝဝကျော် ဖြစ်ခဲ့သည်။
ယင်းဆယ်စုနှစ်တာကာလအတွင်း (၂ဝဝ၃ခုနှစ်မှ ၂ဝ၁၃ခုနှစ်) မုဒိမ်း မှုကြုံခဲ့ရသည့်အသက်ကို စစ်တမ်း ထုတ်ကြည့်ရာ နှစ်နှစ်မှ ငါးနှစ်ထိ ၁၆၇ ဦး၊ ခြောက်နှစ်မှ ၁ဝ နှစ် အထိ ၅၃၁ ဦး၊ ၁၁ နှစ်မှ ၁၃ နှစ်အထိ ၇၃၇ ဦးနှင့် ၁၄နှစ် အထက် ၈၆၇ ဦးတို့ဖြစ်နေသည်ကို တွေ့ရသည်။ ထိုသို့ဆိုလျှင် ထို ပမာဏရှိသောကလေးငယ်တို့သည် သက်ကြားအိုကြီးများ၊ မုဒိမ်းမုဆိုး များအောက် ပြားပြားမှောက်ခဲ့ရပြီး အချို့ဆိုလျှင်အသွေးအသားတို့အပြင် အသက်များပါပေးခဲ့ရသည်။



ဥပဒေ လျော့ရဲလို့လား
တည်ဆဲဥပဒေက အသက် ၁၄ နှစ်အောက် လူမသေဘဲဖြစ်ခဲ့သည့် မုဒိမ်းမှုဆိုပါက ကျူးလွန်သူကို ပုဒ်မ ၃၇၆ အရ အမြင့်ဆုံးထောင်ဒဏ် ၁ဝနှစ်သို့တည်းမဟုတ် တစ်သက်တစ်ကျွန်းအထိ ရုံးတော်ကို ချမှတ်ခွင့်ပေးထားသည်။ သို့ သော်လည်းအချို့ဆိုလျှင်အလျှောက် ကောင်း၍ အထောင်းသက်သာသွားပြီးထောင် ၁ဝ နှစ်ပင်ကျမသွားသူများ၊ ထောင် ၁ဝ နှစ်ကျခံခဲ့ရသော်လည်း လွတ်ငြိမ်းနှင့်နှစ်မပြည့်မီ ပြန်လွတ်လာကြသူများ ရှိနေသည်။ တစ်သက်တစ်ကျွန်း ဆိုသည်မှာ မရှိသလောက်ပင် ရှားသည်။ လူထုတောင်းဆိုနေသည့် တရားဥပဒေစိုးမိုးမှုက ထိုသူများထဲမှအချို့အပေါ်လျော့ရဲသွားသည်။
မကြာသေးမီက ဖြစ်ခဲ့သော ဥပမာတစ်ခုကို ကောက်နုတ်ပြရလျှင် – လွန်ခဲ့သည့် ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ရန်ကုန် ကမာရွတ် (၃) ရပ်ကွက် တွင်အသက် ၇၂ နှစ်အရွယ်အမျိုး သားတစ်ဦးမှအသက် ၇ နှစ်အရွယ် ကလေးငယ်အား အဓမ္မ ပြုကျင့်ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ၂၇ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးက ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့သည်။ ထိုသို့အမိန့်ချခံရပြီး နောက်ထပ် ၄လအကြာတွင် ထိုတရားခံမှာ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပြန်လည်လွတ်မြောက်လာသည်။ ယင်းအပေါ် ကာယကံရှင် မိသားစုဝင်တို့က မကျေနပ်။ တရားဥပဒေစိုးမိုးမှုကို လက်ညှိုး ထိုးကြတော့သည်။ လွတ်မြောက်လာသူ၏ငွေကြေးကြွယ်ဝမှုကို အပြစ်တင်ကြသည်။

ပွင့်လင်းလာသည့် ယခုလို ကာလမျိုးမှာပင် တရားဥပဒေကို ခြိမ်းခြောက်လာပြန်သော အဖြစ်အပျက်တစ်ခုက မွန်ပြည်နယ် မော်လမြိုင်တွင်၂ဝ၁၅ခုနှစ် ဇူလိုင် လအတွင်းက ထပ်မံ ဖြစ်ပွားခဲ့ သည်။ ပြစ်မှုကျူးလွန်ခဲ့သူဟု စွပ် စွဲခံရသူ မော်လမြိုင်မြို့နေသူ ဦးမျိုး မြင့်ဆိုသူမှာ အသက် ၇ဝ ကျော် အရွယ်ပင်ရှိနေပြီး လက်ရှိတွင် အချုပ်ထဲတွင် မနေရဘဲ ပြင်ပတွင် ယနေ့အထိ လွတ်လွတ်လပ်လပ် နေထိုင်လျက်ရှိကြောင်းသိရသည်။ ၎င်းအဓမ္မကျင့်ခဲ့သူက အသက်၃ နှစ်နှင့် ၈ လသာ ရှိသေးသည့် မိန်းကလေးငယ်ကို ဖြစ်သည်။ ထိုကလေးငယ်မှာ လက်ရှိဆေးစာတို့အရ ယခုအချိန်အထိ သားအိမ်နုနုတွင် အနာမကျက်သေးဘဲ၊ စအိုမှ ဒဏ်ရာကပါမစင်စွန့်ချိန်တွင် စပ်နေကြောင်း သိရသည်။

မိန်းကလေးငယ်၏ အဖိုးဖြစ်သူ ဦးငွေဘော်က”ကျွန်တော့် မြေးက တစ်ခါတလေကျရင် တစ်နေကုန်ငိုင်နေတတ်တယ်။ အကြာကြီးပဲ။ ခုဆို ၅ လရှိပြီ။သူ (ကျူးလွန် သူဟု စွပ်စွဲခံရသူ)ကတော့ အပြင်မှာ အေးအေးဆေးဆေးပဲ၊ ကျွန်တော်လုံးဝမကျေနပ်ဘူး” ဟု ပြောသည်။ သက်ငယ်မုဒိမ်းမှုကျူးလွန် ပြီး ပြင်ပတွင် သာသာယာယာဆက်လက်ရှင်သန်ခွင့်ရသူများက ရနေချိန်တွင်၊ မုဒိမ်းအကျင့်ခံ ကလေးငယ်များ ကိုယ်စီကတော့ သူတို့ပေး ခဲ့သောဒဏ်ရာဒဏ်ချက်များကို သေရာပါသည်အထိ ယူသွားရတော့သည်။

တင်းကျပ်တဲ့ ဥပဒေပြဋ္ဌာန်းဖို့ တောင်းဆိုခဲ့ဖူးသေးတယ်
ထို့သို့သော အဖြစ်အပျက်များ ပေါ်မလာခင်ကတည်းက အလားတူဖြစ်ရပ်မျိုးများဖြစ်ခဲ့သဖြင့် ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် ပြည်သူ့ လွှတ်တော် ပထမအကြိမ် သတ္တမ ပုံမှန်အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ်အမတ် ဦးသိန်းညွန့်က သက်ငယ်မုဒိမ်းမှု ကျုးလွန်သူကို သေဒဏ်ပေးနိုင်သည့် အထူးဥပဒေ ပြဋ္ဌာန်းပေးရန် အဆိုတင်သွင်းခဲ့သော်လည်း သေဒဏ်ကို မကြားလိုသော ပြည်ခိုင်ဖြိုးအမတ်မင်း အများစုကြီးစိုးရာ လွှတ်တော်က ပယ်ချခဲ့သည်။ ဦးသိန်းညွန့်က ဥပဒေပြဋ္ဌာန်းပေးရန် လွှတ်တော်၏ (၈)ကြိမ်မြောက် အစည်းအဝေးအတွင်းနောက်တစ် ကြိမ်ထပ်မံတင်သွင်းရန် ကြိုးစားခဲ့ ပြန်သေးသော်လည်း မအောင်မြင်ခဲ့၍ အစိုးရနှင့် လွှတ်တော်အပေါ်သားသမီးချင်း ကိုယ်ချင်းမစာကြသူများဟု လူထု၏ ဝေဖန်သံညံခဲ့ကြသည်။

ချွေးသိပ်မှုတွေကို အစိုးရကလုပ်ခဲ့တယ်
ထိုသို့ လူထု၏ ဝေဖန်သံကို ချွေးသိပ်သည့်အနေဖြင့် အစိုးရကကလေးသူငယ်များအတွက် မေတ္တာထားကာ ၂ဝ၁၃ခုနှစ် မေ ၃ဝ ရက် နေ့၌ ကလေးသူငယ်လိင်ပိုင်း ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကာကွယ်သည့် ရဲတပ်ဖွဲ့ကို စတင်ဖွဲ့စည်းပေးလိုက်သည်။ ထိုတပ်ဖွဲ့သည် ယနေ့ဆိုလျှင် သက်တမ်း ၂ နှစ်ခွဲခန့်ရှိခဲ့ပြီ ဖြစ်သော်လည်း ကလေးသူငယ်များအရေး နှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်ရရှိမှု၊ လုပ်ဆောင်ပေးနိုင်မှု၊ ရဲတပ်ဖွဲ့ဝင် အင်အား၊ အစိုးရပံ့ပိုးဆောင်ရွက် ပေးမှုစသည့်နေရာများတွင် မြန်မာနိုင်ငံအစိုးရမှ တရားဝင် ဖွဲ့စည်းပေးထားသောအဖွဲ့အစည်းတစ်ခု နှင့် မလိုက်အောင်ပင်လွန်စွာအား နည်းစိတ်ပျက်ဖွယ် ဖြစ်လျက်ရှိသည်။ လူဦးရေ ၇ သန်းကျော်နေထိုင်ပြီး သက်ငယ်မုဒိမ်းမှု အများဆုံး ဖြစ်ပွားနေသည့် ရန်ကုန်တိုင်းဒေသကြီးမှာပင် ကလေးသူငယ်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်က ၁ဝ ဦးပင် အပြည့်မရှိ။ဟန်ပြသဘောပုံပေါက် နေသည်။

ကယ်တင်ပေးပါ
နိုင်ငံ၏ သဘာဝအရင်းအမြစ်များထက် လွန်စွာအရေးကြီးလှ သော လူသားအရင်းအမြစ်များကို ကူညီကယ်ဆယ် စောင့်ရှောက်ရန်၊ ကျူးလွန်သူကို ပြင်းထန်သည့် ပြစ် ဒဏ်ပေးရန် ဥပဒေပြဋ္ဌာန်းသည့် လွှတ်တော်၊ အကောင်အထည်ဖော် ရ မည့် ရဲတပ်ဖွဲ့၊ တရားသူကြီးနှင့် ဥပဒေအရာရှိများမှာ လက်ရှိ ပြ ဿနာကို ပြေလည်အောင် အဓိက ဖြေရှင်းပေးနိုင်မည့် သူများသာဖြစ် တော့သည်။ ဆယ်စုနှစ်တစ်ခုစာ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများ ကို ဆန်းစစ်ရာတွင် အရပ်သား (သူစိမ်း) က ၁၉၄၈ ဦး၊ နိုင်ငံ ဝန် ထမ်းက ၁၄ ဦး၊ တပ်မတော်သား က၂၉ ဦး၊ သံဃာက ၃၄ ဦး၊ ရဲတပ် ဖွဲ့ဝင်က ၁ဝ ဦး၊ ကျောင်း သားက ၁၁ ဦး၊ ဖခင်က ၈၅ ဦး၊ ပထွေးက ၁၁၇ ဦးနှင့် ဆွေမျိုးက ၁၂၂ ဦးတို့ ပါဝင်နေသည်။ ယခုလို ပန်းကောင်း အညွန့် ချိုးမည့်သူများ ပတ်လည် ဝိုင်းနေသည့် လူ့လောက အသိုင်း အဝိုင်းထဲမှ မွှေးပျံ့လာမည့် ပန်းပွင့်များကို မကြွေကျစေရန် ပြင်းထန်သည့် အထူးဥပဒေကို အမြန် ပြဋ္ဌာန်းပေးရန် အမှန်ပင်လိုအပ်နေသည်။ သတင်းဂျာနယ်များကို အမြဲ တမ်းဖတ်ရှုနေသည့် ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းဆရာ ကိုသက်ထွေးက ”အခုကျွန်တော်တို့ နိုင်ငံက ကမ္ဘာမှာ မုဒိမ်းမှုအဖြစ်များတဲ့ ဒုတိယအိန္ဒိယ ဖြစ်လာပြီလားဗျာ” ဟုပြောသည်။

No comments: