Saturday, December 12, 2015

Myanmar’s Sexual Revolution



မြန်မာလိင်မှုတော်လှန်ရေး

                                        ရန်ကုန်ရှိ ကလပ်တခုတွင် တွေ့ရသည့် မြင်ကွင်းတခု (ဓာတ်ပုံ – ozy.com)

 ရန်ကုန်မြို့မှ လူစည်ကားပြီး ဈေးကြီးသော ကလပ်တခုဖြစ်သည့် Mojo ကလပ်တွင် ပြည်ပ NGO အဖွဲ့အစည်း များမှ ဝန်ထမ်းများ၊ ဆရာများနှင့် စီးပွားရေး လုပ်ငန်းရှင်များက မြန်မာဘီယာကို တငုံချင်းစီသောက်နေကြပြီး ချမ်းသာကြွယ်ဝပုံ ရသည့် ခေတ်ဆန်ဆန် မြန်မာလူငယ် တသိုက်က နောက်ဆုံးပေါ် Techno ဂီတဖြင့် ကနေကြပါသည်။

အမေရိကန် နိုင်ငံသားတယောက်က သူ၏ ရည်းစားဟောင်း မြန်မာမိန်းကလေးအကြောင်းကို သူငယ်ချင်း တယောက်အား ပြောပြနေပြီး မလှမ်းမကမ်းတွင် မိန်းကလေးတယောက်က ဖုန်းပြောနေသည်။ တဖက်မှ သူ၏ မိဘများက ညဘက် အပြင် မထွက်ရန် တားမြစ်နေသည်ကို အဆိုပါမိန်းကလေးက ပြန်လည်ငြင်းခုံ ပြောဆိုနေ ပါသည်။ ဖုန်းချလိုက်ပြီး နောက်မှာ တော့ သူက အကကြမ်းပြင်ဆီသို့ လျှောက်သွားပြီး အရပ်ရှည်ရှည် နိုင်ငံခြားသား ၂ ယောက် ကြားထဲတွင် လှည့်ပတ်ကာ ကနေသည်မှာ ဘာမျှ ထူးခြားမှု မရှိသလိုပင်။

၂၀၁၀ အထိ စစ်အုပ်ချုပ်ရေး လက်အောက်တွင် နေထိုင်ခဲ့ကြရပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ကမှ ၂၅ နှစ် အတွင်း ပထမဆုံးသော လွတ်လပ်သည့် ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့သော အလွန်ရှေးရိုးဆန်သော မြန်မာနိုင်ငံတွင် အဆိုပါ မြင်ကွင်းများက တဖြည်းဖြည်းနှင့် မထူးဆန်းသလို ဖြစ်လာသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ကဲ့သို့ပင် လူမှုရေး အခြေအနေများက ပြောင်းလဲလာသည်။ လူမှုဆက်ဆံရေးနှင့် လိင်မှုကိစ္စများတွင်လည်း ရိုးရာယဉ်ကျေးမှု စံနှုန်းများနှင့် ဆန့်ကျင်သော ခေတ်ဆန်သည့် အတွေးအမြင်များက နေရာယူလာသည်။

အမျိုးသမီး တချို့က ကျား၊ မ ခွဲခြားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင်  ဆယ်ကျော်သက် လူငယ်များသည် လိင်မှုကိစ္စနှင့် ဆက်နွှယ်လာကြသည်။ LGBT နှင့်ပတ်သက်သော အရိပ်အယောင် အနည်းငယ်ရှိလာကာ လူမှု အသိုင်းအဝိုင်းက ထိန်းချုပ်မှု ပိုမိုလျှော့ရဲလာခဲ့သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

၁၉၆၀ ခုနှစ်များလောက်က ဆန်ဖရန်စစ်စကို မြို့၏ အခြေအနေမျိုး မဟုတ်သော်လည်း မြန်မာနိုင်ငံက လိင်မှု တော်လှန်ရေး (Sexual Revolution) ဆီသို့ ကိုယ်ပိုင်လမ်းကြောင်းဖြင့် သိမ်မွေ့စွာ သွားနေပါသည်။

“လူတွေက ကြင်နာသနားမှုကို လူသိရှင်ကြား ဖော်ပြနေကြပြီး သည်းခံနိုင်စွမ်း ကလည်း ပိုပြီး မြင်သာလာပါတယ်” ဟု မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးနေသည့် အစိုးရအဖွဲ့အစည်း မဟုတ်သော NGO တခုဖြစ်သော  Marie Stopes International ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ စစ်နိုင်က ပြောသည်။

အရပ်သားအမည်ခံအစိုးရ တက်လာသည့် ၂၀၁၀ ကစ၍ မြန်မာနိုင်ငံတွင် အလုပ်အကိုင်နှင့် ဝင်ငွေ တိုးတက်လာခဲ့ပါသည်။ တခြားဖွံ့ဖြိုးဆဲ စီးပွားရေးများတွင် ဖွံ့ဖြိုးတိုးတက်မှုက နှစ်စဉ်ပျမ်းမျှ ၄ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအတွင်းသာ ရှိသော်လည်း ပြီးခဲ့သည့် နှစ်များအတွင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုက ၈ ရာခိုင်နှုန်းကျော်အထိ တက်လာခဲ့သည်ဟု ကမ္ဘာ့ဘဏ် က ဆိုသည်။

အင်တာနက်နှင့် ကြိုးမဲ့ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးသည့် နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများ ဖြစ်ကြသော နော်ဝေနိုင်ငံမှ Telenor နှင့် ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီများ အပါအဝင် မြန်မာနိုင်ငံက နိုင်ငံခြား ခရီးသွားများနှင့် နိုင်ငံခြား လုပ်ငန်းရှင်များကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုကြောင့် ဝင်ငွေပိုများလာခြင်း၊ နိုင်ငံခြားသားများ ဝင်ရောက်လာခြင်း နှင့် ဆက်သွယ်ရေးတွင် ထိန်းချုပ်မှု နည်းပါးလာခြင်းတို့က ကာမဂုဏ်နှင့် ပတ်သက်၍ ပြောင်းလဲမှု အင်အားကောင်းစေ ခဲ့သည်။

ယခုခေတ်တွင် ညစ်ညမ်းစာအုပ်နှင့် ရုပ်ရှင်များက အင်တာနက်နှင့် လမ်းဘေးတွင် လက်သိပ် ထိုးရောင်းချနေသူများထံမှ အလွယ်တကူ ရနိုင်ခြင်းကလည်း လူငယ်တို့၏ အပြုအမူအပေါ် လွှမ်းမိုးမှုရှိခဲ့သည်။ အချို့လူငယ်များသည် အသက် ၁၆ နှစ် မတိုင်ခင် ကတည်းက အပျိုဘဝ လူပျိုဘဝကို ဆုံးရှုံးခဲ့ပြီး အရွယ်ရောက်လာ သောအခါ လိင်ကိစ္စနှင့် ပတ်သက်၍ ညစ်ညမ်းစာအုပ်နှင့် ရုပ်ရှင်များမှ အတုယူ၍ ပိုမို စမ်းသပ်ချင်လာကြကြောင်း ရန်ကုန်မြို့ရှိ Wired Media မှ ပြည်သူ့ ဆက်ဆံရေး လက်ထောက် အသက် ၂၃ နှစ်အရွယ် Dolly Henderson က ပြောသည်။

မြန်မာလူငယ် အများစုသည် တချိန်က သီးသန့် လူတစုအတွက်သာ ဖြစ်ခဲ့သည့် ဘားများနှင့် ကလပ်များ သို့မဟုတ် ပြည့်တန်ဆာများထံသို့ ပိုသွားလာကြပြီး ခဏတာ အပျော်ရှာခြင်းမျိုးကို ပြုလုပ်လာကြသည်။
“လွန်ခဲ့တဲ့ ၅ နှစ်လောက်ကဆိုရင် လူတွေက လိင်ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူမှ မပြောရဲကြဘူး၊ ရှက်ကြတယ်။ အခုတော့ ကျမရဲ့ တချို့ သူငယ်ချင်းတွေဆိုရင် တညတာ အပျော်တွဲတာမျိုး၊ ၃ ယောက် ပါဝင်တဲ့ လိင်ဆက်ဆံမှုမျိုး (threesomes) တွေ ရှိလာပါတယ်” ဟု Dolly Henderson က ပြောသည်။

ဆယ်ကျော်သက် အများစုက မိသားစုများနှင့် ဝေးပြီး မြို့၏ အစွန်အဖျားကျသည့် နေရာများတွင် တည်ရှိသည့် တက္ကသိုလ် များတွင် တက်ရောက်နေ ကြရသည့် အတွက် လိင်ကိစ္စနှင့် ပတ်သက်၍ လွယ်ကူနေပြီး ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နေခဲ့ခြင်း ကလည်း အကြောင်းတခု ဖြစ်ပါသည်။

ကျောင်းသားများက အာဏာသိမ်း စစ်အစိုးရအား ရန်ကုန်မြို့တွင် အကြီးအကျယ် ဆန့်ကျင်ဆန္ဒပြခဲ့ပြီး နောက် ၁၉၉၈ ခုနှစ်တွင် တက္ကသိုလ်များကို ဝေးလံသည့် မြို့အစွန်အဖျားသို့ ပြောင်းရွေ့ရန် အစိုးရက မူဝါဒချမှတ်ခဲ့သည်။
လိင်မှုကိစ္စများတွင် မြန်မာလူငယ်အားလုံး ပါဝင်နေခြင်း မဟုတ်ဘဲ အများစုက လက်မထပ်ခင် အထိ စောင့်ထိန်း နေထိုင် ကြသော်လည်း အွန်လိုင်းနှင့် လူမှုပတ်ဝန်းကျင်တွင်မူ တယောက်နှင့် တယောက် တရင်းတနှီး ဆက်ဆံရန် အခွင့်အလမ်း ပိုများလာသည်။

ထို့ကြောင့် သူ၏ တိုင်းပြည်တွင်ရော အိမ်မှာပါ ဒီမိုကရေစီ မရှိဟု ပြောခဲ့သော အသက် ၂၀ အရွယ် ဥပဒေကျောင်းသူ တဦး ဖြစ်သည့် မဆု ကဲ့သို့သော အမျိုးသမီးများ အတွက် အကူအညီ ဖြစ်စေခဲ့သည်။ “အခုဆိုရင် ကျမရဲ့မိဘတွေက လွတ်လပ်ခွင့် ပေးထားတယ်။ ကျမရဲ့ ချစ်သူ ဒါမမဟုတ် အိမ်ထောင်ဖက်ကို ကိုယ်တိုင် ရွေးချယ်ခွင့် ပေးထားတယ်” ဟု ပြောသည်။
သူတို့၏မိဘများသည် တိုးတက်လာနေသော စီးပွားရေးကြောင့်၊ အလုပ်ဖိအားများနှင့် လူနေမှုစရိတ်များ မြင့်တက်လာ သောကြောင့်၊ စိတ်ဖိစီးမှုများ တိုးလာခြင်းကြောင့် လူငယ်များ လွတ်လပ်စွာ နေနိုင်သည့် အတွက် အိမ်မှာနေရသည်ကို ပျော်ရွှင်လာကြခြင်း ကလည်း အကြောင်းတခု ဖြစ်သည်။

သို့သော် တချို့ အမျိုးသမီးများက လုပ်ပိုင်ခွင့် ပိုရလာသည်ဟု ခံစားရချိန်တွင် အလေးထားရမည့် စိန်ခေါ်မှုများက ကျန်နေ သေးသည်။ အမျိုးသားများက လွှမ်းမိုးထားသည့် မြန်မာနိုင်ငံ၏ လူ့အဖွဲ့ အစည်းတွင် အမျိုးသမီးများအတွက် မညီမျှမှုများ ရှိနေဆဲ ဖြစ်ပါသည်။

အကယ်၍ ယောကျာ်းလေးများက လိင်ကိစ္စ တွင်စိတ်ဝင်စားသည် ဆိုလျှင် ဆိုးသွမ်းမှုဟု သဘောထားသော်လည်း သည်းခံပေးကြသည်။

“ဒါပေမယ့် မိန်းကလေး တယောက်အနေနဲ့တော့ စူးစမ်းချင်လို့ လုံးဝ မရဘူး။ လိင်ကိစ္စနဲ့ ပတ်သက်လို့ နားလည် ထားချင်လို့တောင် မရဘူး” ဟု ဒေါက်တာ စစ်နိုင်က ပြောသည်။

အကျိုးဆက်အနေဖြင့် လိင်မှုကိစ္စနှင့် ပတ်သက်၍ ပညာပေးမှုများကို ကျောင်း သို့မဟုတ် အိမ်တွင် အမြဲတမ်း မရနိုင်ပါ။ ထို့ကြောင့် လူမှုပတ်ဝန်းကျင်တွင် လိင်ဆက်ဆံမှုမှ တဆင့် ကူးစက်နိုင်သော ရောဂါများ ပျံ့နှံ့မှုနှင့် မလိုချင်ဘဲနှင့် ကိုယ်ဝန် ဆောင်ရသည့် ပြဿနာများ ပေါ်ပေါက်လာရသည်။ ကိုယ်ဝန် မလိုချင်၍ ဖျက်ချခြင်းကြောင့် ထောင်ကျနိုင်မှုများ ဖြစ်လာ နိုင်ပါသည်။ မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပြီး ထောင်ဒဏ်ချမှတ်ခြင်း ခံရနိုင်သည့် အတွက် တရားမဝင် ဆေးခန်းများတွင်သာ ပြုလုပ်လေ့ရှိကြပါသည်။
မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချခြင်းမှာ မိခင်များ သေဆုံးရခြင်း၏ အဓိကအကြောင်းအရင်း ဖြစ်လာသည်ဟု ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (United Nations Population Fund) ၏ အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံတွင် လိင်ကိစ္စနှင့် ပတ်သက်၍ ပိုမို လွတ်လပ်လာခြင်းနှင့် အတူ စိန်ခေါ်မှုများလည်း မြင့်တက်လာမည်မှာ သံသယရှိစရာ မလိုသော်လည်း လွတ်လပ်မှုကြောင့် အခွင့်အရေးများလည်း ရှိလာပါသည်။ ယခုဆိုလျှင် ပန်းချီဆရာမ စန္ဒာခိုင်သည် သူရေးဆွဲထားသည့် အရောင်တောက်တောက် Nude ပန်းချီများကို ပြပွဲပြုလုပ်၍ ပြသခွင့်ရခဲ့ပါသည်။ 

ထို့အပြင် မြန်မာအမျိုးသမီး ပေါ့ပ်ဂီတ အကအဖွဲ့ ဖြစ်သည့် Me N Ma Girls အဖွဲ့၏ ဖျော်ဖြေမှုများကလည်း  ခေတ်ရှေ့ပြေး ခဲ့သည်။
တချိန်တည်းမှာပင် အခရာအဖွဲ့ကို တည်ထောင်သူ မထားထားကဲ့သို့  အမျိုးသမီးအခွင့်အရေး တောင်းဆိုလှုပ်ရှားသူများနှင့် အမျိုးသမီး အဖွဲ့အစည်းများက လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့် ယှက်မှုများကို ထိထိရောက်ရောက် ဖြေရှင်းပေးရမည် ဟု အစိုးရကို တောင်းဆိုခဲ့ကြသည်။ ယခုအချိန်တွင် မီဒီယာများသည်လည်း အမျိုးသမီးများ ရှေ့သို့ ပိုတက်လာနိုင်အောင် အင်အားဖြစ်စေနိုင်မည့် ကိစ္စများကို လွတ်လပ်စွာ ရေးသားနိုင်နေပြီ ဖြစ်ပါသည်။    ။

(Ozy.com တွင် ဖော်ပြထားသော Matthew Stain ၏ Myanmar’s Sexual Revolution ကို ဆုမွန်ဖြိုး ဘာသာပြန်သည်။)


No comments: