Tuesday, September 8, 2015

ဂဏန်းမဆလာ ပုစွန်ချိုချဉ်ကြော် ရေဘဝဲမရမ်းပြားအစပ်သုပ် ငုံးဥပဲပြားချဉ်စပ်ဟင်းရည်

 ဂဏန်းမဆလာ...

ဂဏန်းများကိုအခွံခွာ၍ထက်ခြမ်းခြမ်းကာလက်မများကိုဖြုတ်ပီးရေစင်အောင်ဆေးပါ

ငရုတ်ပွခြောက်ကိုရေစိမ်၍အစေ့ထုတ်ကာကြက်သွန်ဖြူ ချင်း ကြက်သွန်နီတို့နှင့်ရောကာညက်အောင်ထေင်းပါ

ဒယ်အိုးထဲတွင်ဆီထည့်၍ဆီပူလျှင်ထောင်းထားသောအနှစ်များကိုထည့်ဆီသတ်ပါ။အနံ့မွှေး၍ကြက်သွန်များကြွပ်လာလျှင်ကြက်ဥတစ်လုံးကိုဖောက်ထည့်၍မွှေပေးပါ

ကြက်ဥများကျေသွားလျှင်နုပ်နုပ်လှီးထားသောခရမ်းချဉ်သီးနှင့်ငရုတ်သီးစိမ်းကိုထည့်ပေးပါ

ခရမ်းချဉ်သီးကျေလျှင်အရသာမှုန့် တရုတ်မဆလာ ဆားအနည်းငယ်တို့ကိုထည့်ပီးအနံ့မွှေးလာလျှင်ဂဏန်းများကိုထည့်၍ချက်ပေးပါ

ထို့နောက်ရေအနည်းငယ်ထည့်၍တည်ပေးပီးဆီပြန်လာလျှင်အရသာမြည်းကာမီးပိတ်ပေးလို့ရပါပြီ။

ပုစွန်ချိုချဉ်ကြော်...


ချိုချဉ်ဆော့စ်ပြုလုပ်ပုံ

Tomato Ketchup. စားပွဲတင်ဇွန်း(၁)ဇွန်း
Chili Sauce. စားပွဲတင်ဇွန်း(၃)ဇွန်း
ပဲငံပြာရည်. စားပွဲတင်ဇွန်းဝက်
သံပုရာရည်. စားပွဲတင်ဇွန်း(၂)ဇွန်း
သကြား. စားပွဲတင်ဇွန်းဝက်
ဆား. အနည်းငယ်
ရေ. စားပွဲတင်ဇွန်း(၂)ဇွန်း

ပန်းကန်လုံးထဲတွင်ပါဝင်ပစ္စည်းများအားလုံးရောထည့်၍သကြားကျေသည်အထိမွှေပေးပါ

ပုစွန်များကိုခေါင်းဖြုတ်အခွံခွာ၍အလယ်မှခွဲကာရေဆေးပီးအရသာမှုန့် ဆားတို့ဖြင့်နယ်ထားပါ

ကြက်ဥနှင့်ဂျုံကိုခပ်ပျစ်ပျစ်ရော၍သမအောင်ခလောက်ထားပါ

ထိုအနှစ်ထဲသို့ပုစွန်များထည့်၍ဆယ်ပီးဆီပူပူတွင်ရွှေညိုရောင်သမ်းသည်အထိကြော်ကာစစ်ထားပါ

ထိုဆီထဲသို့ကြက်သွန်ဖြူချင်းဓားပြားရိုက်ထည့်ကာဆီသတ်ပီးမွှေးလာလျှင်ကြက်သွန်နီလေးစိတ်ကွဲ ခရမ်းချဉ်သီး ပန်းဂေါ်ဖီ ဘိုစားပဲသီး သခွားသီး နာနတ်သီး အရသာမှုန့် ဆားတို့ကိုထည့်၍(၂)မိနစ်ခန့်ကြော်ပေးပါ

ထို့နောက်ပုစွန်နှင့်ချိုချဉ်ဆော့စ်ထည့်ပီးသမအောင်မွှေကာအရသာစိတ်ကြိုက်ဖြစ်လျှင်မီးပိတ်လို့ရပါပီ

ရေဘဝဲမရမ်းပြားအစပ်သုပ်....
 

ရေဘဝဲများကိုခေါင်းဖြုတ်၍အလယ်မှအမဲအဆံလေးများကိုထုတ်ကာလက်များကိုရေဖြင့်စင်အောင်ဆေးပါ

ရေနွေးပွက်ပွက်ဆူထဲသို့ရှာလကာရည်အနည်းငယ်ထည့်ကာရေဘဝဲလက်များကို(၁၀)မိနစ်ခန့်ပြုတ်ပေးပါ

ထို့နောက်ဆယ်ပီးအတုံးလေးများလှီးကာပန်းကန်တစ်ခုထဲသို့ထည့်ထားပါ

ငရုတ်ဆုံထဲတွင်မရမ်းပြားခြောက် ရခိုင်ပုစွန်ငပိအနည်းငယ် ငရုတ်သီးစိမ်းတို့ကိုထည့်၍မညက်တညက်ထောင်းပေးပါ

ထို့အနှစ်များကိုရေဘဝဲပန်းကန်ထဲသို့ထည့်ကာကြက်သွန်နီမထူမပါးလှီး နံနံပင် အရသာမှုန့် ငံပြာရည်အနည်းငယ်တို့နှင့်ရောနယ်ကာသုံးဆောင်လို့ရပါပြီ။

ငုံးဥပဲပြားချဉ်စပ်ဟင်းရည်....
 

ငုံးဥများကိုပြုတ်၍အခွံခွာထားပါ။

ပဲပြားကိုအတုံးသေးလေးများတုံး၍အရသာမှုန့် ဆား ပဲငံပြာရည် ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ဖြင့်နယ်ထားပါ။

မျှစ်ချဉ်ကိုအမြောင်းသေးလေးများလှီး၍မုန်ညင်းထုပ်၊မုန်လာဥနီ၊ပန်းဂေါ်ဖီ ရွှေပဲသီးစတဲ့အသီးအရွက်များကိုသေးသေးလှီးပီးရေဆေးပါ။

မှိုခြောက်ကိုလည်းရေစိမ်ပီးညှပ်ထားပေးပါ။ခရမ်းချဉ်သီးကိုလေးစိတ်စိတ်ပါ

စပါးလင်ကိုအရင်းပိုင်းဖြတ်၍အဖျားမှအရွက်များကိုရေဆေးပီးထုံးပေးပါ။

အရင်းပိုင်းကိုပါးပါးလှီး၍ကြက်သွန်ဖြူနီချင်း၊ငရုတ်သီးပုတို့ဖြင့်ရော၍ညက်အောင်ထောင်းပါ

ထောင်းထားသောအနှစ်ကိုဆီသတ်ပါ။


မွှေးလာလျှင်နယ်ထားသောပဲပြားနှင့်ငုံးဥများကိုထည့်၍လုံးပေးပါ။ထို့နောက်မျှစ်ချဉ်၊စပါးလင်စည်းတို့ကိုထည့်၍ချက်ပေးပါ။

ရေထည့်ပေးပီးပွက်လာလျှင်ခရမ်းချဉ်သီး၊မှိုခြောက်နှင့်အသီးအရွက်များထည့်ပါ

အသီးအရွက်များနွမ်းလာလျှင်ငံပြာရည်၊အရသာမှုန့်၊ရှာလကာရည် ဆားတို့ထည့်၍အပေါ့အငံမြည်းပါ။

အရသာစိတ်ကြိုက်ဖြစ်ပီဆိုလျှင်ကြက်သွန်မြိတ်ကိုလက်တဆစ်ခန့်လှီးပီးအုပ်ပေးပါ။

No comments: