Tuesday, September 15, 2015

ရုပ်ရှင်ရုံအမည်ခံ ချစ်သူစုံတွဲ အခန်းများကို ဖမ်းဆီး



HIV ပိုးတွေ့ရှိသူ မန္တလေးမြို့တွင် ၁ လလျှင် လူ ၁ဝဝ ခန့်ရှိနေ
မန္တလေးမြို့မှာ အိပ်ခ်ျအိုင်ဗွီကူးစက်ခံရပြီး ပိုးတွေ့ရှိသူတွေ၊ အေအာတီဆေး သောက်ဖို့ လိုအပ်နေသူတွေ၊ ဆေးရရှိသူတွေ နေ့စဉ် တိုးလာနေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

“မန္တလေးမှာ ၁ ပတ်ကို လူနာအသစ် ၂၀ ကျော်လောက်ရှိတယ်။ ၁ လဆိုရင်တော့ ၁၀၀ ၀န်းကျင်လောက်ရှိတယ်။ လူလတ်ပိုင်းမှာ အများဆုံးတွေ့ရတယ်။ အခြေခံ လူတန်းစားတွေမှာတော့ ပိုတွေ့ရပါတယ်” လို့ Myanmar Positive Group ရဲ့ ဒုတိယဥက္ကဋ္ဌ စိုင်းဟတ်ခေးက ပြောပါတယ်။

ကုလသမဂ္ဂစာရင်းတွေအရ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူ ၉၀၀၀ ၀န်းကျင် ရှိခဲ့ပါတယ်။
မန္တလေးမြို့က ဆေးရုံကြီးမှာ အေအာတီဆေးလာယူသူက ၁ ရက်ကို ၅၀ အထက်မှာရှိပြီး လူသစ်က ၁၅ ယောက် ၀န်းကျင် ရှိနေတာပါ။

“ကျနော်တို့ လုပ်အားပေးရင်းတွေ့ရတာက ဆေးလာတန်းစီတဲ့ လူသစ် ၁ ရက်ကို ၁၀ ယောက်၊ ၁၅ ယောက်ဝန်းကျင်မှာ တွေ့ရတယ်” လို့ Myanmar Positive Group က အကြံပေးပုဂ္ဂိုလ် ကိုဗညားဦးက ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိ မန္တလေးတိုင်းမှာ အေအာတီဆေးသောက်နေသူ နှစ်သောင်းဝန်းကျင် ရှိတာပါ။
ကမ္ဘာမှာ အေအိုင်ဒီအက်စ် ဝေဒနာကို လုံးဝပျောက်ကင်းအောင်ကုသစရာ ဆေးမရှိသေးပေမယ့် ကာကွယ်တားဆီးနိုင်မယ့် နည်းလမ်းတွေတော့ရှိပါတယ်။

“သွေးမြန်မြန်စစ်ပါ။ ပိုးတွေ့ရင် ဆေးမြန်မြန်သောက်လို့ရတယ်။ အဲဒါဆိုရင် သာမန်လူတယောက်လိုပဲ သက်တမ်းစေ့နေနိုင်တာပေါ့။ ကျနော်တို့ကြိုးစားနေတာကလည်း လူများများကို သွေးစစ်နိုင်ဖို့ပါ” လို့ အထက်မြန်မာပြည် ခုခံအားကျဆင်းမှုကူးစက်ရောဂါနဲ့ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံကိန်း တာဝန်ခံဆရာဝန်ကြီး ဒေါက်တာသန်းဝင်းက ဆိုပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီရောဂါအတွက်  အေအာတီဆေးတွေကို နိုင်ငံတကာ အကူအညီကြောင့် လုံလုံလောက်လောက်နီးပါး ရရှိနေပေမယ့် ပညာပေး တာကတော့ လျော့နည်းလာတယ်လို့ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ပတ်သက်ပြီး ကူညီလှုပ်ရှားနေသူတွေက ပြောပါတယ်။
ကုလသမဂ္ဂစာရင်းတွေအရ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီနဲ့ နေထိုင်သူ ၂ သိန်း ၁ သောင်းကျော်ရှိပြီး အေအာတီဆေးရရှိထားသူကတော့ ၈ သောင်းခွဲကျော် ရှိပါတယ်။
DVB - HIV ပိုးတွေ့ရှိသူ မန္တလေးမြို့တွင် ၁ လလျှင် လူ ၁ဝဝ ခန့်ရှိနေ 

မလိုလားအပ်သည့် ကိုယ်ဝန်နှင့် အန္တရာယ်ရှိ ကိုယ်ဝန်ဖျက်ချခြင်းကို အရှိန်အဟုန်မြှင့် ကာကွယ်မည်
 မလိုလားအပ်သော ကိုယ်ဝန်ဆောင်ခြင်းနှင့် အန္တရာယ်ရှိသော ကိုယ်ဝန်ဖျက်ချခြင်းတို့ကို ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရှိန်အဟုန်မြင့်တင်ကာကွယ်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာ သိန်းသိန်းဌေးက ပြောကြားလိုက်သည်။

သြဂုတ်လ (၂၆) ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မရမ်းကုန်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မေ၀င်းမြင့်က ကိုယ်ဝန်ဆောင် မိခင်သေဆုံးမှု လျော့ချနိုင်ရေး ကိစ္စနှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်းအပေါ် ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကာကွယ်ဖို့အတွက် မျိုးဆက်ပွား ကျန်းမာရေး ဆေးတွေနဲ့ ဆေးပစ္စည်းများ ပြည့်ပြည့် စုံစုံဖူလုံအောင် ဆောင်ရွက်မယ့်စနစ်ကို တိုင်းဒေသကြီးတွေနဲ့ ပြည်နယ် (၄) ခုမှာရှိတဲ့ မြို့နယ် (၁၂) မြို့နယ်တို့ကို ရှေ့ပြေးအဖြစ် ဆောင်ရွက်နေပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာသိန်းသိန်းဌေး က ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးအသုံးစရိတ်မှ ကိုယ်ဝန်ဆောင် မိခင်ကျန်းမာရေးနှင့် သားဆက်ခြား ဆေးဝါးများကို ၀ယ်ယူရန် သီးသန့်ရန်ပုံငွေများ  ထားရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကိုယ်ဝန်ဆောင် မိခင်ကျန်းမာရေး အရေးပေါ်ဆေးဝါးပစ္စည်းများနှင့် သားဆက်ခြား ဆေးဝါးပစ္စည်းများကို ၀ယ်ယူရန် ကျပ်ငွေ သန်း (၂၆၀)၊ ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေသန်း (၆၁၀)၊ ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာရေး နှစ်တွင် ကျပ်ငွေသန်းပေါင်း (၅၀၀) သုံးစွဲခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်က ပြုလုပ်ခဲ့သည့် စစ်တမ်းများအရ အရှင်မွေးတစ်သိန်းလျှင် မိခင်သေဆုံးမှု (၅၈၀) ဦးရှိခဲ့ရာတွင် ၂၀၁၃ ခုနှစ်ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ၏ ခန့်မှန်းချက်များအရ (၂၀၀) ဦးအထိ ကျဆင်းလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စစ်တမ်းများအရ သိရသည်။

ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း လွှမ်းခြုံမှုရာခိုင်နှုန်းသည် ၂၀၀၅ ခုနှစ်တွင် ၆၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၈၄ ရာခိုင်နှုန်းသို့ တိုးမြှင့်လာခဲ့ကြောင်း ဒုတိယ၀န်ကြီး ဒေါက်တာသိန်းသိန်းဌေးက ဖြေကြားထား သည်။


ရုပ်ရှင်ရုံအမည်ခံ ချစ်သူစုံတွဲ အခန်းများကို ဖမ်းဆီး 

ဓါတ်ပုံ -(Facebook)
      မဟာအောင်မြေ မြို့နယ်တွင် ရုပ်ရှင်ရုံ အမည်ခံကာ သမီးရည်းစား အတွဲများအား အခကြေးငွေယူ၍ အခန်းဌားခြင်း လုပ်ကိုင်နေသော ဆိုင်အား ဖမ်းဆီးခဲ့ကြောင်း တိုင်းရဲရုံးထံမှ သိရသည်။

      ယခုလ (၁၃)ရက်နေ့ နေ့လယ် (၂)နာရီ အချိန်တွင် ဦးမြင့်ဦး(မြို့နယ် အုပ်ချုပ်ရေးမှူး၊ မဟာအောင်မြေ)နှင့် အဖွဲ့၊ ဒုရဲအုပ် မိုးဝင်းစိန်(မြို့မစခန်း၊ မဟာအောင်မြေ)နှင့်အဖွဲ့ ၊ဦးယဉ်မောင်ထွန်း(ရပ်ကွက် အုပ်ချုပ်ရေးမှူး မဟာမြိုင်-၂)နှင့် အဖွဲ့တို့သည် မဟာအောင်မြေ မြို့နယ် မဟာမြိုင် (၁)ရပ်ကွက် (၃၈)လမ်း (၆၉x၇၀) ကြားရှိ Mr-38 Mini Cinema ဆိုင်အမည်ခံလျက် ဆိုင်အတွင်း အများပြည်သူ အလွယ်တကူ မမြင်နိုင်သော အခန်းများဖွဲ့၍ သမီးရည်းစားများအား အခကြေးငွေယူကာ အခန်း ငှားရမ်း လုပ်ကိုင်နေသော ဆိုင်အား ၀င်ရောက် စစ်ဆေးရာ မန်နေဂျာအား ဆိုင်အတွင်း တွေ့ရှိရပြီး (၉x၆)ပေ အခန်း(၁၄)ခန်းဖွဲ့၍ အချိန်ပိုင်း အလိုက် အခကြေးငွေယူကာ အခန်းငှား လုပ်ကိုင်နေသည်ကို သက်သေခံ ပစ္စည်းအများနှင့်အတူ သိမ်းဆည်းရမိခဲ့သည်။

      “ဘယ်ဆိုင်မဆို အခန်းမဖွဲ့ရဘူး။ အပြင်က လှမ်းကြည့်ရင် ဆိုင်ထဲကို ရှင်းရှင်းလင်းလင်း မြင်နေရမယ်။ အခုဟာက အများပြည်သူ လှမ်းကြည့်ရင်တောင် အလွယ်တကူ မမြင်နိုင်ဘူး။ အဲဒီဆိုင်ကို သတင်းရလို့ ၀င်စစ်တော့ အခန်းတွေလည်း ဖွဲ့ထားတယ်။ လိုင်စင်လည်း မရှိဘူး မှတ်ပုံတင်မပါဘဲ တည်းခိုနိုင်တဲ့သဘော ဖြစ်နေတယ်။အခု ဆိုင်ကို ပိတ်သိမ်း ခိုင်းထားတယ်။ နောက်ထပ်လည်း ဒီလိုမျိုးဖွင့်ထားတဲ့ ဆိုင်တွေရှိတဲ့အကြောင်း သိရရင် သတင်းကြားရရင် ဖမ်းမှာပါ”ဟု တိုင်းရဲရုံးမှ တာဝန်ရှိသူ ဒုရဲမှူး တစ်ဦးက ပြောသည်။

      အဆိုပါ လုပ်ငန်းအား လုပ်ကိုင်သူ ကို ............. ဦးမြင့်ဦး(မြို့နယ် အုပ်ချုပ်ရေးမှူး-မဟာအောင်မြေ)မှ ပြစ်မှုပုဒ်မ ၁၈၈ဖြင့် ယခုလ(၁၄)ရက်နေ့တွင် မဟာအောင်မြေမြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားတရား စွဲတင်ပို့သွားမည် ဖြစ်ကြောင်း တိုင်းရဲရုံး မှုခင်းမှတ်တမ်းအရ သိရသည်။

The Messenger Media
http://messengernewsjournal.com

No comments: