Sunday, September 27, 2015

စေတနာနှင့် ကံ




“လက်၌ အနာမရှိလျှင် လက်ဖြင့် အဆိပ်ကို ကိုင်ဆောင်နိုင်၏။
 အဆိပ်သည် အနာမရှိသော လက်သို့ အစဉ်မလိုက်၊
 စေတနာ မရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ”
                            (ဂေါတမမြတ်စွာဘုရား)            

“ရဟန်းတို့ စေတနာကို ကံဟု ငါဘုရား ဟောတော်မူ၏ (စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ)” ဟူသော ဘုရားစကားရှိ၏။ ကံကံဟူ၍ အများပြောနေကြရာတွင် ကံဟူသည် အခြားမဟုတ်။ အလုပ်ကိုသာ ဆိုခြင်းဖြစ်၏။
အလုပ်ဟူသည်မှာလည်း စေတနာကို ဆိုခြင်းဖြစ်၏။ စေတနာပါသည့် အလုပ်သည် ကံမြောက်ပြီး စေတနာမပါသည့် အလုပ်သည် ကံမမြောက်ပေ။ ကံမြောက်လျှင် အကျိုးသက်ရောက်မှုလည်း ရှိမည်ဖြစ်ပြီး ကံမမြောက်လျှင်ကား အကျိုးသက်ရောက်မှုလည်း ရှိလာမည် မဟုတ်ပေ။ ထို့ကြောင့် ကောင်းသည့်အလုပ်ဖြစ်စေ၊ မကောင်းသည့် အလုပ်ဖြစ်စေ စေတနာပါပါဖြင့် လုပ်သည့်အလုပ်သည်သာ ကောင်းကံ၊ မကောင်းကံများ ဖြစ်တတ်သဖြင့် အလုပ်လုပ်သည့်အခါ စေတနာကို အလေးထားကြရန် တိုက်တွန်းကြခြင်း ဖြစ်ပါ၏။ အထူးသဖြင့် မကောင်းသည့် အလုပ်များတွင် စေတနာ မပါမိကြစေဘဲ ကောင်းသည့်အလုပ်များတွင်ကား စေတနာထား လုပ်ကြရန် အသိစကား ပါးကြခြင်း ဖြစ်ပါ၏။

စင်စစ် သတ္တ၀ါမှန်သမျှသည် ဘဝနေရေးများအတွက် လှုပ်ရှားနေကြရ၏။ လှုပ်ရှားနေခြင်းသည် အလုပ်လုပ်နေခြင်းလည်း ဖြစ်၏။ အလုပ်လုပ်သည့်အခါ ကိုယ်ဖြင့်လည်း လုပ်တတ်ကြ၏။ နှုတ်ဖြင့်လည်း လုပ်တတ်ကြ၏။ စိတ်ဖြင့်လည်း လုပ်တတ်ကြ၏။ မည်သည့်အမူအရာ မည်သည့်အသွင်ဖြင့် ပြုလုပ်သည်ဖြစ်ပါစေ ထိုလုပ်သည့်အလုပ်များတွင် စေတနာက ခြယ်လှယ်ပေးထားတတ်၏။ ထိုစေတနာသည် အလုပ်လုပ်သူများအား အမြဲခြယ်လှယ် နေတတ်သဖြင့် ကောင်းသည့်အလုပ်များ လုပ်သည့်အခါတွင်လည်း စေတနာက ထောက်ပံ့ပေးနေပြီး မကောင်းသည့်အလုပ်များ လုပ်သည့်အခါတွင်လည်း စေတနာက အားပြုပေးနေပေ၏။ ထို့ကြောင့် တစ်ခါတရံ ကောင်းသည့်အလုပ် လုပ်နေသော်လည်း မကောင်းသည့်စေတနာက လွှမ်းမိုးထားသဖြင့် လုပ်ရပ်မှန်သော်လည်း အကျိုးပေး မမှန်ဘဲ ဖြစ်တတ်သကဲ့သို့ မကောင်းသည့် အလုပ်လုပ်နေသော်လည်း ကောင်းသည့်စေတနာက လွှမ်းမိုးထားသည့်အခါ လုပ်ရပ်မှားသော်လည်း အကျိုးပေးမမှားဘဲ ဖြစ်နေတတ်၏။ အရင်းစစ်သော် ပြုလုပ်သူ၏ စေတနာကြောင့်သာ အကျိုးသက်ရောက်မှု ကွဲပြားကြခြင်း ဖြစ်ပေ၏။

ထိုစေတနာ၏ သဘောတရားသည် အလုပ်လုပ်သူများ လက်တွေ့ခံစား သိရှိနိုင်သည့် သဘောတရားမျိုး ဖြစ်၏။ အထူးသဖြင့် မကောင်းကျိုးများ ဖြစ်ပေါ်လာသည့် အခါမှသာ အလွန်အကြောက်ကြီးတတ်သည့် ပုထုဇဉ်သတ္တဝါများ အနေဖြင့် ပို၍ထင်လွယ်မြင်လွယ်သည့် သဘောတရားမျိုး ဖြစ်ပါ၏။ မကောင်းမှုလုပ်သည့်အခါ စေတနာအား ကောင်းကောင်းဖြင့် လုပ်မိတတ်သူများသည် အကျိုးတရား ဖြစ်ပေါ်လာသည့်အခါ အကြီးအကျယ် ခံရသည်များ ရှိတတ်၏။ တစ်ခါတရံ မကောင်းမှု တစ်ခုခုကို လုပ်ဖြစ်နေသော်လည်း စေတနာမပါဘဲ ပြုလုပ်တတ်သည်များ ရှိတတ်၏။ ထိုအခါ မကောင်းမှုကံလည်း မရှိ၊ မကောင်းကျိုး မလာသည်များလည်း ရှိတတ်၏။ ဤသဘောသည် အနာမရှိသော လက်ဖြင့်အဆိပ်ကို ကိုင်သည့်သဘောမျိုး ဖြစ်၏။ အဆိပ်သည် အနာရှိသည့်လက်ဖြင့်ကိုင်လျှင် ကိုင်သူကို စပ်ပူခြင်း၊ နာကျင်ခြင်းကို ဖြစ်စေနိုင်သော်လည်း အနာမရှိသည့်လက်ဖြင့် ကိုင်လျှင်ကား မည်သည့်ခံစားမှုမျိုးမှ မဖြစ်ပေါ်စေနိုင်သကဲ့သို့ မကောင်းမှု အကုသိုလ် အလုပ်ကို လုပ်နေရသူပင် ဖြစ်သော်လည်း လုပ်သည့်အခါ စေတနာမပါလျှင် မကောင်းမှုကံ၏ အကျိုးသက်ရောက်မှုသည် ဖြစ်ပေါ်ခြင်း မရှိနိုင်သည့် သဘောမျိုးဖြစ်၏။

***** ဗုဒ္ဓရှင်တော်မြတ် လက်ထပ်တော်က ကုက္ကုဋမိတ္တ အမည်ရသည့် မုဆိုးတစ်ဦးရှိ၏။ ထိုမုဆိုးသည် သားသမင်များကို ဖမ်းဆီးသတ်ဖြတ်ကာ လှည်းဖြင့်လှည့်လည် ရောင်းချရင်း တစ်ချိန်တွင် ရာဇဂြိုဟ်ပြည်သို့ ရောက်လာခဲ့၏။ ရာဇဂြိုဟ်မြို့တွင်း လှည့်လည်ရောင်းချနေသည့် မုဆိုးကို ရာဇဂြိုဟ်ပြည်ရှိ သူဌေးသမီး တစ်ဦးသည် မြင်မြင်ချင်းပင် ချစ်ခင်နှစ်သက်မှုကိုဖြစ်ကာ မိဘများမသိစေဘဲ လိုအပ်သည် လက်ဝတ်တန်ဆာများ ယူဆောင်လျက် မုဆိုးနောက်သို့ လိုက်လေတော့၏။ မုဆိုးသည် သူဌေးသမီးကို မလိုက်ရန် ပြောသော်လည်း သူဌေးသမီးက သူမအနေဖြင့် မုဆိုးအပေါ် ချစ်ခင်နှစ်သက်မှု ရှိသူဖြစ်ပြီး ယခုလို မုဆိုးနောက်ကို လိုခြင်းသည် အရှင်ကခေါ်၍ လိုက်ခြင်းမဟုတ်ဘဲ မိမိသဘောဖြင့်သာ လိုက်ခြင်းဖြစ်သဖြင့် စိုးရိမ်စရာမရှိကြောင်း ပြောဆိုသဖြင့် နောက်ဆုံးတွင် မုဆိုးကြီးလည်း သဘောတူ လက်ခံကာ သူဌေးသမီး၏ မိဘများ မသိရာအရပ်တွင် အတူတကွ ပေါင်းသင်းနေထိုင်ကြလေ၏။

မုဆိုးကြီးသည် ရာဇဂြိုဟ်သူဌေးသမီးနှင့် အိမ်ထောင်ကျပြီး သား (၇)ယောက်အထိ ထွန်းကားခဲ့၏။ မုဆိုးနှင့် သူဌေးသမီးတို့၏ ဘဝသည် မုဆိုးလုပ်ငန်းဖြင့် အသက်မွေးသူနှင့် မုဆိုးကြီး ခိုင်းသမျှကို လုပ်ပေးရသည့် ဇနီးမယား အဖြစ်ဖြင့်သာ နှစ်ပေါင်းမြောက်များစွာ နေထိုင်လာခဲ့ကြ၏။ သားများ အရွယ်ရောက်ပြီး အိမ်ထောင်အသီးသီးပင် ကျသွားပြီဖြစ်သော်လည်း မုဆိုးကြီး၏ မုဆိုးအလုပ်ကား အဆုံးမသတ်နိုင်သေးပေ။ ထို့အတူ ဇနီးဖြစ်သူ ရာဇဂြိုဟ်သူဌေး သမီး၏ မုဆိုးခိုင်းသမျှ အလုပ်ကို လုပ်ပေးနေရခြင်းသည်လည်း အဆုံးမသတ်နိုင်သေးပေ။ မုဆိုးအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရသော မုဆိုးကြီးအား တစ်နေ့တွင် သားများနှင့်အတူ တရားရရန် အကြောင်းဖြစ်လာခဲ့၏။ မြတ်စွာဘုရားရှင်၏ ရွှေဉာဏ်တော်တွင်လည်း မုဆိုးနှင့်သားများ၏ တရားရမည့်အကြောင်း ထင်မြင်တော်မူလာ၏။ ထို့ကြောင့် ထိုနေ့တွင် မြတ်စွာဘုရားရှင်သည် မုဆိုးကြီးထောင်ထားသည့် ကျော့ကွင်း၌ ခြေတော်ရာကို ချထားလိုက်ပြီး သားသမင် မမိစေရန် ဖန်တီးထားလိုက်၏။ သားသမင်ထောင်ထားသည့် ကျော့ကွင်းသို့ ရောက်ရှိလာသည့် မုဆိုးကြီးသည် မိနေကျကျော့ကွင်းတွင် မည်သည့်သားကောင်မျှ မရှိဘဲ ခြေရာကိုသာ တွေ့ရသဖြင့် ဤခြေရာကြောင့်သာ သားသမင် မမိခြင်းဖြစ်ရမည်ဟု တွေးမြင်ကြိမ်းမောင်းကာ ခြေရာပိုင်ရှင်ကို လိုက်ရှာလေ၏။


ထိုသို့ရှာရင်း မနီးမဝေး သစ်ပင်အောက်တွင် သီတင်းသုံးနေတော်မူသည့် ဘုရားရှင်ကို တွေ့မြင်သွားပြီး မြတ်ဗုဒ္ဓအား မြားဖြင့်ခွင်းရန် လေးကိုတင်လေ၏။ သို့သော် မြတ်ဗုဒ္ဓ၏ တန်ခိုးတော်ကြောင့် အလွယ်တကူ တင်နေကျလေးမှာ တင်မရဘဲဖြစ်နေခဲ့၏။ အကြိမ်ကြိမ် ကြိုးစားသော်လည်း မည်သို့မျှ တင်မရဖြစ်နေပြီး အချိန်သာ ကုန်လာခဲ့၏။ အိမ်တွင်ကျန်နေခဲ့သည့် ဇနီးနှင့် သားများ၊ ချွေးမများသည် အချိန်တန်သော်လည်း ပြန်မလာသေးသည့် ဖခင်နောက်သို့ လိုက်လာရင်း ဖခင်နှင့်ဘုရားရှင်တို့၏ အခြေအနေကို သိရှိသွားခဲ့၏။ ထိုအခြေအနေကို မြင်တွေ့ရသည့် ရာဇဂြိုဟ်သူဌေးသမီးသည် မိဘအိမ်တွင် နေစဉ်ကပင် သောတာပန်တစ်ယောက် ဖြစ်ခဲ့ပြီးဖြစ်သဖြင့် ဘုရားရှင်အပေါ် အလွန်ကြည်ညိုရင်း ရှိသည့်အလျောက် အဖဘုရားဟု နှုတ်တော်မှထုတ်ဖော်ကာ ရိုသေတုပ်ဝပ်စွာ ရှိခိုးကန်တော့လေ၏။ မုဆိုးနှင့်သားသမီးများသည် ဘုရားကို ဘုရားဟုမသိဘဲ မိခင်၏ အဖဟူသည့် အသံအရ အမှန်ပင် သူဌေးသမီး၏ အဖေဟု ထင်မှတ်ကာ အားလုံးရိုသေသမှုဖြင့် ဦးညွတ်လိုက်ကြ၏။ ထိုအခါမှ ဘုရားရှင်သည် မုဆိုးနှင့်သားများ၊ ချွေးမများအား တရားစကား မိန့်ကြားတော်မူ၏။ ဘုရားရှင်၏ တရားတော်ကို နာရသဖြင့် မုဆိုးနှင့်သားများ၊ ချွေးမများသည် သောတာပတ္တိဖိုလ်၌ တည်သွားကြ၏။


မုဆိုးကြီးနှင့် ဇနီးမယားမိသားစု အားလုံး တရားရသွားပြီးနောက် ထိုအကြောင်းအရာနှင့် စပ်လျဉ်း၍ ဘုရားတပည့်သား ရဟန်းတော်များကြားတွင် ဆွေးနွေးပြောဆိုမှုများ ရှိလာကြ၏။ “မိဘအိမ်တွင် ရှိစဉ်ကပင် သောတာပန်တည်ပြီးသော အမျိုးသမီးသည် မုဆိုးနှင့် အိမ်ထောင်ကျပြီးနောက်တွင် နှစ်ပေါင်းများစွာ မုဆိုးခိုင်းသည့် အလုပ်များဖြင့် အသက်မွေးရမည်မှာ အမှန်ပင် ဖြစ်ကြောင်း၊ မုဆိုးကြီး တောလိုက်ရန်အတွက် မြားယူခဲ့ဆိုလျှင်လည်း ယူပေးရမှာဖြစ်ကြောင်း၊ လေးယူခဲ့ဆိုလျှင်လည်း ယူပေးရမှာဖြစ်ကြောင်း၊ ဓားလှံလက်နက် စသည်ယူခဲ့ဆိုလျှင်လည်း ဆောင်ယူပေးရမှာ ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ပေးရသည့် ဇနီးမယားသည်လည်း တစ်နည်းအားဖြင့် သူ့အသတ်ကို သတ်နေခြင်းပင်ဖြစ်ကြောင်း၊ သို့ဆိုလျှင် သောတာပန်လည်း ပါဏာတိပါတကံ ကျူးလွန်ရာ ရောက်နေကြောင်း” စသည်ဖြင့် ဆွေးနွေးပြောဆို နေကြ၏။


ထိုရဟန်းတော်များ၏ ဓမ္မသာကစ္ဆာဝိုင်းသို့ ဘုရားရှင် ရောက်တော်မူလာသည့်အခါ မြတ်ဗုဒ္ဓက ထိုအကြောင်းနှင့် စပ်လျဉ်း၍ “ ချစ်သားရဟန်းတို့ သောတာပန်မည်သည် သူ့အသက်သတ်ခြင်းကို မပြုကြကုန်၊ ထိုအမျိုးသမီးသည်ကား လင်ယောက်ျားစကားကို လိုက်နာရုံသက်သက်သာ ဆောင်ရွက်ပေးခြင်းဖြစ်၏၊ ဤလေးမြားလက်နက် စသည်ကိုယူကာ မုဆိုးကြီးအနေဖြင့် သားသမင်စသည်တို့ကို သတ်ဖြတ်ပါစေ၊ သားသမင်များသည်လည်း ဤလက်နက်များကြောင့် အလွယ်တကူ သေပါစေစသည့် စိတ်စေတနာသည် ထိုအမျိုးသမီးအား မရှိ၊ လက်ဝါးပြင်၌ အနာမရှိလျှင် အဆိပ်ကို ကိုင်ယူသောသူအား အဆိပ်ဒဏ်သည် မဖြစ်နိုင်သကဲ့သို့ အကုသိုလ် စေတနာ မရှိခြင်းကြောင့် မကောင်းမှုကို မပြုလိုသောသူအား လေးလက်နက်စသည်ကို ထုတ်ပေးနေသော်လည်း မကောင်းမှုမည်သည် မဖြစ်နိုင်” စသည်ဖြင့် မိန့်တော်မူကာ  
“လက်၌ အနာမရှိလျှင် လက်ဖြင့် အဆိပ်ကို ကိုင်ဆောင်နိုင်၏။
အဆိပ်သည် အနာမရှိသော လက်သို့ အစဉ်မလိုက်၊

စေတနာ မရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ”
(ဓမ္မပဒ၊ ပါပဝဂ်၊ ကုက္ကုဋမိတ္တမုဆိုးဝတ္ထု) ဟူ၍ အထက်ပါ တရားစကားကို မိန့်ကြားတော် မူလိုက်လေ၏။*****

ဤကား စေတနာသာ ကံမည်ကြောင်း ဘုရားဟောသည့် အထောက်အထား သာဓက တစ်စိတ်တဒေသပင် ဖြစ်ပါ၏။ ကံဟူသည် အလုပ်ဟုဆိုသော်လည်း ထိုအလုပ်သည် စေတနာအပေါ်တွင် တည်မှီနေသည့် သဘောပင် ဖြစ်ပါ၏။ ထို့ကြောင့် ကံဟူသည် စေတနာပင်ဖြစ်ကြောင်း တိုက်ရိုက်ကောက်ယူ ပြောဆိုကြခြင်း ဖြစ်၏။ တစ်နည်းအားဖြင့် စေတနာဖြင့် လုပ်သည့်အလုပ်သည် ကံဖြစ်လာပြီး ကံဖြစ်လာလျှင် အကျိုးသက်ရောက်မှု ရှိလာမည်ဖြစ်သဖြင့် လုပ်သည့်အလုပ်မှန်သမျှတွင် စေတနာကို အထူးသတိပြုကြရန် ပြောဆိုကြခြင်း ဖြစ်၏။ အဘိဓမ္မာ သဘောအရဆိုလျှင် စေတနာစေတသိက်သည် ကုသိုလ်အကုသိုလ် နှစ်မျိုးလုံးတွင် စပ်ယှဉ်နေပြီး စိတ်ကို ကုသိုလ်စိတ်၊ အကုသိုလ်စိတ်ဖြစ်ရန် စေ့ဆော်နိုင်သဖြင့် စေတနာကို မကောင်းသည့် အကုသိုလ်တွင် မစပ်ယှဉ်မိစေရန် သတိပြုဆင်ခြင်သင့်ကြောင်း ဆိုခြင်းဖြစ်၏။

မှန်၏။ တစ်ခါတရံ လက်တွေ့ဘဝများတွင် အလုပ်လုပ်နေကြသည့် လူအများကို သတိထားကြည့်ပါက စေတနာ၏ တန်ပြန်သက်ရောက်မှုကို ကောင်းစွာသိရှိနိုင်ကြ၏။ အချို့သည် ကောင်းသည့်အလုပ်များကို လုပ်နေသော်လည်း စေတနာမပါဘဲ လုပ်နေကြသူများ ရှိတတ်သကဲ့သို့ အချို့သည် မကောင်းသည့် အလုပ်များကို မဖြစ်မနေ လုပ်နေရသော်လည်း စိတ်စေတနာ မပါဘဲ လုပ်နေကြရသူများ ရှိတတ်၏။ ကောင်းသည့်အလုပ်ကို လုပ်နေရသော်လည်း စေတနာမပါဘဲ လုပ်နေရသဖြင့် ကောင်းသည့် အကျိုးတရား မထင်ရှားဘဲ ဖြစ်နေကြသူများ၏ အဖြစ်နှင့် မကောင်းသည့် အလုပ်များကို လုပ်နေရသော်လည်း စေတနာမပါဘဲ လုပ်နေရသဖြင့် မကောင်းကျိုးကို မခံစားရဘဲ ဖြစ်နေကြသူများ၏ အဖြစ်သည် စေတနာပါခြင်း၊ မပါခြင်း၏ ကွဲပြားခြားနားမှု တစ်ခုအဖြစ် အထင်အရှား တွေ့မြင်နိုင်ကြမည်ဖြစ်ပါ၏။ မည်သို့ဆိုစေ အလုပ်လုပ်သူများ၏ အကျိုးသက်ရောက်မှုသည် စေတနာအပေါ်မူတည်၍ ကွဲပြားခြားနားကြသည်မှာ အမှန်ပင် ဖြစ်ပါပေ၏။

ထို့ကြောင့် လူချင်းတူသော်လည်း ကံခြင်းမတူဟု ပြောဆိုကြရာတွင် ကံဟူသည် ပြုလုပ်သူ၏ စေတနာသာ ဖြစ်ပြီး ကံမတူခြင်းသည် စေတနာမတူခြင်း ဖြစ်သဖြင့် အကျိုးပေးလည်း မတူခြင်းဖြစ်သည်ကို ကောင်းစွာသဘောပေါက် ဆင်ခြင်ကာ အလုပ်လုပ်သည့်အခါ စိတ်စေတနာကို အရင်းပြု၍ ကောင်းသည့်အလုပ်များတွင် စေတနာအပြည့်ထားလျက် မကောင်းသည့် အလုပ်များတွင်ကို စေတနာမပါမိအောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း အလုပ်ကောင်းတွင် စေတနာကောင်းဖြင့်လုပ်ကာ ကံကောင်းသူများအဖြစ် ပစ္စုပ္ပန် သံသရာ နှစ်ဖြာကြီးပွားသူများ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။

အားလုံး အလုပ်ကောင်းတွင် စေတနာကောင်းဖြင့် လုပ်နိုင်ကြသဖြင့် ကံကောင်းသူများ အလျဉ်အမြန် ဖြစ်နိုင်ကြပါစေ…

No comments: