Monday, September 7, 2015

မြန်မာပြည်သားတွေရဲ့ အမေ့ခံ မြန်မာ့မူပိုင်လက်မှုပစ္စည်း





ဓာတ်ပုံများ - ခင်အေးမြလွင်/ ဧရာဝတီ

အောက်ပြည်ကလူတွေကတော့ ဒီအစေ့တွေကို အဝေရာစေ့လို့ ခေါ်ကြပါတယ်။ အထက်မြန်မာပြည် ဖက်မှာတော့ ဒီအစေ့လေးတွေကို ဘောစကိုင်းစေ့လို့ ခေါ်ပါတယ်။ ဘောစကိုင်းပင်များကိုတော့ စစ်ကိုင်းတောင်နဲ့ ရွာထောင်လမ်းခွဲဖက်တွေမှာ တွေ့နိုင်ပါတယ်။ တီထွင်ကြံဆအားကောင်းတဲ့ စစ်ကိုင်းဖက်က ဒေသခံတွေကပဲ ဘောစကိုင်းစေ့ကလေးတွေကို အသုံးပြုပြီး လူ့အသုံးအဆောင်လက်မှုပစ္စည်းလေးတွေအဖြစ် စတင်ပြုလုပ် ရောင်းချခဲ့ကြတာပါ။ အမရပူရမြို့ခံတွေကတော့ ဒီဘောစကိုင်းစေ့နဲ့ ပြုလုပ်ထားတဲ့ လက်မှုပစ္စည်းလေးတွေကို စစ်ကိုင်း၊ အင်းဝ၊ အမရပူရမှာသာမက ပုဂံဖက်မှာလည်း တွေ့ရတယ်လို့ သိရပါတယ်။ နိုင်ငံခြားသားဧည့်သည်တွေ အများဆုံးရောက်တဲ့ နေရာတိုင်းမှာ တွေ့ရတတ်ပါတယ်။

အခုအချိန်မှာဆိုရင်တော့ ဒီပစ္စည်းလေးတွေကို တောင်ကြီးဖက်မှာတောင် တွေ့နေရပါပြီ။  ဒေသထွက် ဘောစကိုင်းစေ့ကလေးတွေနဲ့ ပြုလုပ်ထားတဲ့ အိတ်ကလေးတွေ၊ ဆံထိုးနဲ့ ဆွဲကြိုးလေးတွေ၊ သော့ချိတ်လေး တွေကို ပြုလုပ်ရတာ လက်ဝင်ပြီး အနုစိတ်လှပေမယ့် နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နိုင်အောင်      တန်းဝင်ဖို့ကတော့ များစွာ လိုအပ်လှပါ သေးတယ်။

ဘောစကိုင်းစေ့နဲ့ လုပ်ထားတဲ့ အလှဆင်ပစ္စည်းလေးတွေရဲ့မူလအစက “စစ်ကိုင်းဖက်က လက်မှုသည်တွေက စတင်ခဲ့တယ်လို့ ထင်ပါတယ်။ အဒေါ်တို့ ဒီမှာ ဈေးရောင်းနေတာ (၁၈)နှစ်ရှိပါပြီ။ ဒီဘက်ကို ဘောစကိုင်းစေ့နဲ့ လုပ်ထားတဲ့ လက်မှုပစ္စည်းလေးတွေ ရောက်လာတာ (၉)နှစ်ဝန်းကျင်ပဲ ရှိသေးတယ်ထင်တယ်။ အဲဒီတုန်းက ကလေးမလေးတွေက အိတ်တွေ ထိုးရောင်းတာ မဟုတ်သေးဘူး၊ သော့ချိတ်တွေ ထိုးရောင်းတာ။ အိတ်တွေ ဖြစ်လာတာ (၂)နှစ် (၃)နှစ်ပဲရှိပါသေးတယ်” လို့  ဒေါ်ဖက်တီးဆိုတဲ့ တောင်သမန်အရပ် ဦးပိန် တံတား အဆင်းနားက အကြော်ဆိုင်ပိုင်ရှင် အဒေါ်ကြီးတစ်ဦးက ဆိုပါတယ်။

“ကျွန်မတို့က မုံရွာဖက်ကပါ။ လွန်ခဲ့တဲ့ (၁၂)နှစ်လောက်က အမရပူရကိုပြောင်းလာပြီး အိမ်ငှားနေခဲ့ရပါတယ်။ သမီးကျောင်းစရိတ်လေးရအောင် ဘောစကိုင်းစေ့တွေနဲ့ ပစ္စည်းလေးတွေ ဖြစ်အောင်ထိုးပြီး ရောင်းခဲ့ရပါတယ်။  ဒီမှာ အရင်တုန်းကတော့ စစ်ကိုင်းသူတွေပဲ ထိုးရောင်းတာ။ ဒီကို စစ်ကိုင်းက ဈေးသည်တဦး၊ နှစ်ဦး ရောက်လာပြီး လာရောင်းကြတာ။ အဲဒီတုန်းက သူတို့က ပေါ်တင် ထိုးမပြဘူး။ ကိုယ်က နောက်ဖက်ကနေ မသိမသာကြည့်ပြီး လိုက်လေ့လာရတာ။ သူတို့ထိုးပြီးသားလေးတွေကို ကြည့်ပြီးမှ နည်းယူရတာ။” လို့ ဘောစကိုင်းစေ့လက်မှုများနဲ့ အသက်မွေးနေတဲ့ ဈေးသည်တစ်ဦးက ဆိုပါတယ်။ အခုတော့ သူရော သူ့သမီးပါ ပစ္စည်းလေးတွေကို အတူတကွရောင်းချနေကြပါတယ်။



ဘောစကိုင်းစေ့နှင့်ပြုလုပ်ထားတဲ့ ပိုက်ဆံအိတ်ကလေးများ 

ဒီလိုဘောစကိုင်းစေ့ ပိုက်ဆံအိတ်တွေ၊ ဆွဲကြိုး၊လက်ကောက်တွေ၊ သော့ချိတ်တွေ ဖြစ်လာဖို့ကိုတော့ ဘောစကိုင်းပင်ကအစေ့များကို အသုံးပြုကြရတာပါ။ ဘောစကိုင်းပင်တွေကို စစ်ကိုင်းဖက်မှာပဲ တွေ့ရပါတယ်။  အခြားနေရာမှာတွေ့ရခဲပါတယ်။ ဆွတ်ခူးစဉ်မှာတော့  အစေ့တွေဟာ အစိမ်းရောင်ဖြစ်ပြီး အိုးနဲ့ ပေါင်းလိုက် တော့မှ အညိုရောင်ရင့်ရင့် ဖြစ်သွားတာပါ။ ပေါင်းပြီးပြီးချင်း ပူပူနွေးနွေးလေးဖြစ်နေတဲ့ အစေ့တွေကို ယူပြီး လိုရာပစ္စည်းကို ထိုးယူရပါတယ်။ ပြီးတဲ့နောက် နေလှမ်းရပါတယ်။ နေလှမ်းပြီးမှသာ အုန်းဆီသုတ်လိမ်းလို့ အရောင်တင်ရတာပါ။ အစိုတွေကို ဆီသုတ်လိုက်ရင် မှိုတက်သွားတတ်ပါတယ်။ အုန်းဆီကို အသုံးပြုခြင်းဟာ ပစ္စည်းများရဲ့အရောင်ကို စိုပြေစေဖို့ ဖြစ်တဲ့အပြင် ပစ္စည်းများကို ဖုန်နဲ့ မှိုမတက်စေဖို့အတွက်လည်း အသုံးပြုခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“အစ်မက အမရပူရဇာတိပါပဲ။ ဒီပစ္စည်းလေးတွေကို စရောင်းတာတော့ (၈)နှစ်လောက်ရှိပါပြီ။ လွန်ခဲ့တဲ့ (၃)နှစ်လောက်အထိတော့ ကိုယ်တိုင်ထိုးရောင်းပါသေးတယ်။ အခုတော့ မထိုးနိုင်တော့ပါဘူး။ ဒါလေးတွေက စိတ်ရှည်လက်ရှည် ထိုးရတာပါ။ မျက်ရိုးတွေပါကိုက်တော့ မထိုးနိုင်တော့ပါဘူး။ အခုတော့ ပစ္စည်းတွေကိုတော့ စစ်ကိုင်းက မှာရောင်းပါတယ်။ သူတို့က ဒီကိုလာပို့ပေးတယ်လေ။ လက်မြန်တဲ့ သူကတော့ တစ်နေ့ကို ပိုက်ဆံအိတ် (၂) အိတ်လောက် ထိုးပြီးတယ်။ ထိုးပြီးတာနဲ့ မပြီးသေးဘူး ပြန်သီပြီး ပြန်ချုပ်ရသေးတယ်။ ဆွဲကြိုးလေးတွေ ထိုးရင်တော့ နာရီဝက်လောက်ပဲ ကြာတယ်။ သူကလည်း အသေးစိတ်လုပ်ရတယ်လေ။” လို့ ဈေးသည် မနီနီက ဆိုပါတယ်။ ဦးပိန်တံတားအဆင်း အမှတ်တရပစ္စည်းအရောင်းဆိုင်က မချိုသဲကတော့ “ဒီကို ပစ္စည်းလာပို့တော့ ပစ္စည်းအလွတ်တွေလာပို့တာ။ ဇစ်တွေ၊ ချိတ်တွေက သပ်သပ် ပြန်ဝယ်   ပြီး တပ်ရတယ်။” လို့ ရှင်းပြပါတယ်။

ဆက်လက်ပြီးသူက လုပ်ပြီးသားကိုတော့ အခုတစ်ရာဈေးနဲ့ ပြန်ဝယ်ရကာ ယခင်က အစေ့တွေ ၀ယ်ထိုးချိန်က ဆိုရင်တော့ ဘောစကိုင်းစေ့တစ်ပြည်ကို (၁၂၀၀) နဲ့ စစ်ကိုင်းဖက်က ၀ယ်ရတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း ဈေးကျသွားတော့ တစ်ပြည်ကို (၇၀၀)၊ (၈၀၀) ဖြစ်သွားတာပါ။ ပြန်ရောင်းတဲ့အခါမှာ လက်ပတ်နှင့် သော့ချိတ် တွေကို (၅၀၀)ဖိုး သုံးခု၊ တစ်ခုတည်းဆိုရင် (၂၀၀)၊ ပိုက်ဆံအိတ်တွေကိုတော့ ဆိုဒ်အကြီး (၃၅၀၀)၊  အသေး (၂၀၀၀) ရောင်းပါတယ်။  ဆံထိုး တခု (၅၀၀)နဲ့ စသဖြင့် ရောင်းဈေးများကို သတ်မှတ်ထားတယ်လို့ သူက ပြောပြပါတယ်။

မန္တလေး ဦးပိန်တံတားနားတ၀ိုက်တွင်သာမက ခရီးသည်ကားကြီးတွေစိုက်လာပြီဆိုရင်လည်း လက်တွေပေါ်မှာ ချိတ်ပြီး အပြေးလေး လိုက်ရောင်းတတ်သူ မနီနီကတော့ “ဈေးနှုန်းကတော့ ပုံသေကားချပ်မရှိဘူး။ ၀ယ်သူအပေါ် မူတည်ပြီး ရောင်းရတာပါ။ ထိုင်းတို့ဘာတို့ကို ရောင်းရင်တော့ ဈေးသိပ်မရဘူးပေါ့။ စပိန်တို့ ၊ အီတလီလူမျိုးတွေကို ရောင်းရင်တော့ ဈေးရတယ်။ တချို့ဈေးမပေးတဲ့ ဧည့်သည်တွေလည်းပါတာပေါ့လေ။ သော့ချိတ်လေးတွေကတော့ တစ်ခုတစ်ထောင်နဲ့ ရောင်းတယ်။ ဈေးမရတဲ့ အခါကြတော့လည်း တစ်ထောင်ဖိုး (၃)ခု၊ တစ်ထောင်ဖိုး (၅)ခု ရောင်းရတဲ့အခါတွေလည်း ရှိပါတယ်။ အိတ်တွေကတော့ အသေးဆို (၃၀၀၀)၊ အကြီးဆို (၅၀၀၀)လည်း ရတယ်၊ (၆၀၀၀)၊ (၇၀၀၀)နဲ့ ရောင်းထွက်သွားတဲ့အခါတွေလည်း ရှိတယ်။ အများဆုံး (၈၀၀၀)နဲ့ ရောင်းဖူးပါတယ်။” လို့ ဆိုပါတယ်။




ကီးချိန်းနှင့် လက်ပတ်လေးများ 

ခရီးသည်တင်ကားကြီးတွေ စိုက်လာပြီဆိုရင် ဘောစကိုင်းစေ့ အနုပညာပစ္စည်းလေးတွေကို ခေါင်းမှာရွက်၊ လက်မှာချိတ်ပြီး လိုက်ရောင်းရသူတွေအဖို့ ကားတစ်စီးက ခရီးသည်တစ်ယောက်က ဈေးဦးဖောက် လိုက်ပြီ ဆိုရင်ပဲ တခြား ခရီးသည်တွေကပါ လိုက်ဝယ်လေ့ရှိပါတယ်။ သို့ပေမယ့် ကားတစ်စီးက ခရီးသည်တစ်ဦးက စိတ်ဝင်စားဟန် မပြဘူးဆိုရင်တော့ ကျန်ခရီးသည်တွေကိုပါ ရောင်းချဖို့ ခက်သွားတဲ့ အခြေအနေမျိုးကိုလည်း မကြာခဏကြုံရတာတွေ့ရပါတယ်။ ကော်မရှင်စားနဲ့ပဲ ယူရောင်းရတဲ့ ပစ္စည်းလေးတွေကို မြန်မာလူမျိုးတွေက အ၀ယ်နည်းပေမယ့် နိုင်ငံခြားသားဧည့်သည်တွေကတော့ စိတ်ဝင်တစား ၀ယ်ယူကြတာများပါတယ်။ ဖောက်သည်အကျဆုံးရာသီတွေကတော့ သြဂုတ်လဖြစ်ပြီး  အဲဒီလဆိုရင် နိုင်ငံခြားသား ဖောက်သည်တွေ အမရပူရဖက်ကို အလာများကြပါတယ်။ ဒီဇင်ဘာမှာလည်း အရောင်းသွက်တယ်လို့ ဈေးသည်များက ဆိုပါတယ်။ တောင်ပြုန်းပွဲရှိတဲ့ ရာသီတွေဆိုလည်း ဖောက်သည်ဦးရေ တက်လာတတ်တယ်လို့ သိရပါတယ်။

ဘောစကိုင်းစေ့တွေနဲ့ပြုလုပ်ထားတဲ့ ဒီလက်မှုပစ္စည်းလေးတွေဟာ နောက်တစ်ချိန်မှာရော တိမ်ကော ပျောက်ကွယ်သွားနိုင်သလားလို့ဆိုတော့“မကွယ်ပျောက်ပါဘူး။ ခုဆို စစ်ကိုင်းအနောက်ဖက်မှာ ခြံတွေနဲ့တောင် စိုက်နေပြီ။ ဒီလိုစိုက်တာက အလုပ်ဖြစ်တယ်လေ။ တစ်ပင်ဝယ်လိုက်ရုံနဲ့ အလေ့ကျ ပေါက်တာ။ တိုးလာတဲ့ နေရာတိုင်းမှာ ဒါတွေရှိလာပြီ။ အခုဆို တောင်ကြီးမှာတောင် ရောက်နေပြီ။ ဟိုတလော လာတဲ့ ပြင်သစ်ကြီး တစ်ယောက်ဆို သူ့ဆီမှာလည်း ဈေးဆိုင်ဖွင့်ထားတယ် ထင်ပါရဲ့၊ ဒီပစ္စည်းတွေကို မြန်မာဈေးနဲ့ လာဝယ်တယ်။ အချို့ မြန်မာကလေးမလေးတွေက အဲဒီပစ္စည်းတွေကို နိုင်ငံခြားသားတွေအတွက် စုထားပေးပြီး တစ် သိန်းဖိုး နှစ်သိန်းဖို့ ပြန်ရောင်းကြတာလည်း ရှိတယ်” လို့ ဦးပိန်တံတားခြေရင်းက အကြော်ဆိုင်ပိုင်ရှင် ဒေါ် ဖက်တီးက ဆိုပါတယ်။

“အခု စစ်ကိုင်းဖက်က အိမ်တွေမှာဆို အစေ့တွေကို ဂိုဒေါင်တွေနဲ့ လှောင်ထားတာ။ ပြီးတော့ အစေ့တွေကို ထိုးသားတွေကို အပ်ပြီး ထိုးခိုင်းတယ်။ လုပ်ပြီးသားတွေကို တရုတ်ပြည်ကိုပို့တာ။ အခုဆို အ၀ယ်တအား လိုက်တယ်။ အရင်က အစ်မတို့ အိတ်တွေဆို မယူဘူး။ အခုဆိုယူလာတယ်။ လက်ရာလည်း ပိုပြီး သပ်ရပ် လာတယ်။ ၀ယ်လိုအားလည်း တိုးတက်လာတယ်။”လို့  ဦးပိန်တံတားတ၀ိုက် ဘောစကိုင်းစေ့ ပစ္စည်းလေး များကို ရောင်းချနေတဲ့ ဈေးသည်အမျိုးသမီး တစ်ဦးကလည်း ဆိုပါတယ်။



အလှပိုက်ဆံအိတ်လေးတွေ

ဘောစကိုင်းစေ့နဲ့ ပြုလုပ်ထားတဲ့ လက်မှုအနုပညာ ပစ္စည်းလေးများကို မြန်မာလူမျိုးတွေအနေနဲ့ကတော့     စိတ်ဝင်စားမှု အားနည်းပေမယ့် နိုင်ငံခြားသားပရိတ်သတ်တွေကိုတော့ ဆွဲဆောင်နိုင်တဲ့ ပစ္စည်းတခုလို့ သတ်မှတ်ရမှာပါ။ လက်ရာသေသပ်မှု၊ အရည်အသွေးကို ထိန်းသိမ်းနိုင်မှု၊ ဈေးကွက်ဝင်အောင် ရောင်းချနိုင်မှု၊   ကြော်ငြာအားကောင်းမှုများသာ ရှိလာရင်တော့ အမှတ်တရပစ္စည်းတစ်ခုမှသည် ကမ္ဘာနဲ့အ၀ှမ်းမှာရှိတဲ့ ဧည့်ခန်းများထဲမှာ ၀င့်ဝင့်ကြွားကြွား နေရာယူလာနိုင်မယ့် ပစ္စည်းတစ်ခုလည်း ဖြစ်လာမှာ သေချာပါတယ်။ မြန်မာ့မြေပေါ်မှာကျတဲ့ အစေ့လေးများဟာ ကမ္ဘာ့မြေပေါ်မှာ အဆင့်အတန်း မြင့်မြင့် နေရာယူနိုင်ဖို့ အတွက်တော့ မြန်မာနိုင်ငံသားများ အနေနဲ့လည်း မိမိဒေသထွက်ကုန်ကို မြတ်နိုးဖို့၊ စိတ်ဝင်စားဖို့၊ အစဉ်အမြဲ တိုး   တက်ကောင်းမွန်အောင် တီထွင်ကြံဆနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဘောစကိုင်းစေ့လက်မှုပစ္စည်လေးဟာ ယခုထိတိုင် မြန်မာ့မူပိုင်ဖြစ်နေဆဲမို့ မြန်မာ့ အမှတ်တံဆိပ်ကို ထာဝရကတ်ချိတ်နိုင်ဖို့ ဆက် လက် ကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်။


ခင်အေးမြလွင် 

No comments: