ယခုတပတ်အတွင်း ပုဂ္ဂလိကနေ့စဉ်သတင်းစာတွေမှာ သစ်သီးဝလံကြီးထွားဆေးတွေကို အမျိုးသမီးငယ်တစ်ယောက် ကိုယ်ခန္တာဝစေဖို့အတွက် သောက်လိုက်တာကြောင့် သေဆုံးသွားရပါတယ်။ ဒါ့အပြင် တိုင်းရင်းဆေး(လိမ်းဆေး)တမျိုးကို ဗိုက်ချပ်စေလိုတာကြောင့် သောက်ဆေးအဖြစ် အသုံးပြုတဲ့ မိန်းကလေးအချို့ ဆေးကုသမှု ခံယူနေရတာတွေလည်း ရှိနေပါတယ်တဲ့။
ပြီးခဲ့တဲ့နှစ်တွေက ဆေးမြီးတိုနဲ့ ဂမ္ဘီရအကြောင်း အသားပေးဖော်ပြတဲ့ လစဉ်ထုတ်မဂ္ဂဇင်းတစောင်က ကုတင်ကြမ်းခင်းတွေကို ပြုပ်သောက်ရင် အနာရောဂါ ပျောက်ကင်းတယ် ဆိုတာကြောင့် တကယ်သောက်တဲ့သူတွေ အသက်သေဆုံးရတာတွေ ရှိခဲ့တယ်။ ကုတင်ကြမ်းခင်းတွေ ပိုးမွှားဒဏ် ကာကွယ်စေဖို့ ပိုးသတ် ဆေးဖျန်းထားတာကို စနစ်တကျ မဆေးကြောပဲ ကြမ်းခင်းတွေကို ပြုပ်သောက်ရာက အသက်သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတာပါ။
အထက်ဖော်ပြပါ ဖြစ်ရပ်တွေက မြန်မာ့လူ့အဖွဲ့အစည်းရဲ့ တွေးခေါ်မြော်မြင်မှုရေချိန်ကို မေးခွန်းထုတ်နေပါပြီ။ ကျန်းမာရေး အသိနဲ့ စောင့်ရှောက်မှုတွေ တနိုင်ငံလုံး မလွှမ်းခြုံနိုင်သေးခင်မှာ ဆေးမြီးတိုတွေ အလုပ်ဖြစ်နေဦးမှာဖြစ်တယ်။ လိမ်းဆေးအတွက် သီးသန့်ထုတ်လုပ်တဲ့ဆေးဝါးတွေမှာ “သောက်ရန်မဟုတ်”ဆိုတဲ့ သတိပေးချက်ကို ထင်ထင်ရှားရှား ရိုက်နှိပ်ဖို့ လိုလာပါပြီ။
ဒီနေရာမှာ မေးစရာက မြန်မာတွေ ဝေဖန်ပိုင်းခြားမှုရှိရှိ စဉ်းစားတတ်ပြီလား။ ပြဿနာတွေဖြေရှင်းရာမှာ ဘယ်လိုစဉ်းစားကြသလဲ။ မြန်မာ့ပညာရေးက တွေးခေါ်မြော်မြင်နိုင်မှု စွမ်းရည်ကို ဘယ်လိုထောက်ပံ့ပေးစေလဲ။ စာဖတ်ခြင်းနဲ့ စဉ်းစားချင့်ချိန်မှုက ဘယ်လောက်ထိဆက်စပ်မှု ရှိသလဲ။ စဉ်းစားတွေးခေါ်မှုက လေ့ကျင့်ယူလို့ ရသလား အဲဒီမေးခွန်းတွေအတွက် အဖြေတွေကို ဆက်လက်လေ့လာရအောင်ပါ။
မိတ်ဆွေက အင်တာနက် လူမှုကွန်ယက် သုံးသူ တယောက်ဆိုပါစို့။ အင်တာနက်က သူငယ်ချင်းတွေထဲမှာ ရွှေရောင်ဖားဓာတ်ပုံလေး “Share”လိုက်လို့ အောင်ဘာလေထီဆုကြီး ပေါက်မယ်လို့ ရေးထားတာကို ယုံကြည်ပြီး “Share”ထားသူလား။ မြွေဖြူဓာတ်ပုံလေး “Like”လုပ်ရင် ငွေတွေ သောက်သောက်လဲ ၀င်လာမယ်ရေးထားလို့ အဟုတ်မှတ်ပြီး “Like”လုပ်သူလား။ ရွှေရောင်ဟင်္သာပုံလေးရဲ့ “Comment”မှာ လိုချင်တာကို ရေးလိုက်ရုံနဲ့ ဖြစ်လာမယ်လို့ အာမခံထားတဲ့ ပို့စ်အောက်မှာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ၀င်ပြီးသွေးတိုးစမ်းသူလား။ မိတ်ဆွေတွေ တနေရာရာမှာတော့ တခေါက်တခါဖြစ်ဖြစ် အနည်းဆုံး ပါဝင်ချင် ပါဝင်နိုင်လိမ့်မယ်။
ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ဒီလူတွေ တကယ်ရှိနေတယ်။ သူတို့က ဝေးလံသီခေါင်တဲ့ တောကြိုအုံကြားက ရွာငယ်ဇနပုဒ် မီးလေးမှိတ်တုပ်မှာ နေကြသူတွေ မဟုတ်ဘူး။ မြို့ကြီးပြကြီးမှာ နေထိုင်ကြတဲ့ ခေတ်ပညာတတ်ဆိုသူတွေတောင် ပါဝင်တယ်။ ယေဘုယျအားဖြင့်ဆိုရရင် ဆင်းရဲမွဲတေမှုက ပညာသင်ကြားမှုကို ဆုံးခန်းမတိုင်စေဘူး။ ဆင်းရဲမှုကြောင့် ပညာရေးဆုံးခန်းမတိုင်၊ ပညာရေချိန်နည်းပါးတော့ အသိပညာ ဗဟုသုတ မရှာမှီးနိုင်၊ ဗဟုသုတနည်းတော့ ဝေဖန်ပိုင်းခြားမှုမှာ အဆင်မပြေ၊ ဝေဖန်ပိုင်းခြားမှု မလုပ်နိုင်တော့ အလုပ်အကိုင် အခွင့်အလမ်း နည်းပါး၊ အကျိုးဆက်က ဆင်းရဲခြင်းသံသရာ ရှည်သွားတာပါပဲ။
နိုင်ငံသားတွေ အခြေခံပညာ ပြီးဆုံးအောင် လုပ်ပေးဖို့ တက်လာတဲ့ အစိုးရတိုင်းမှာ တာဝန်ရှိပါတယ်။ ဒီနေရာမှာ ခေတ်ပညာတတ်ဆိုသူတွေတောင် ခေတ်မီမီ ကမ္ဘာကြည့် မကြည့်နိုင်ဘဲ ဝေဖန်သုံးသပ် ပိုင်းခြားချင့်ချိန်နိုင်စွမ်း ဆုတ်ယုတ်လာနေတာမို့ ကျနော်တို့ သင်ကြားနေရတဲ့ ပညာရေးအဆင့်အတန်းနဲ့ အရည်အသွေးကိုလည်း စမ်းစစ်ကြည့်ဖို့ လိုလာနေပါပြီ။ မြန်မာတွေရဲ့ အခြေခံပညာရေးစနစ်မှာ စဉ်းစားတွေးခေါ်မှုကို အလေးပေးတဲ့ပုံစံကို ထည့်သွင်းဖို့ လိုတယ်။ လူတွေရဲ့ နေ့စဉ်ဘ၀ စဉ်းစားပုံတွေးခေါ်ပုံတွေက ပညာရေးစနစ်နဲ့ ဆိုင်တယ်။ ပညာရေးစနစ်က လူတွေကို တွေးတောဆင်ခြင်နိုင်စွမ်း ရှိအောင် သင်ပေးဖို့ လိုပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာပြီးဆုံးအောင် မသင်နိုင်ခဲ့ရင်လည်း ဝေဖန်ပိုင်းခြားတတ်အောင် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိအောင် ပညာရေးစနစ်က လေ့ကျင့်ပေးခဲ့ဖို့ လိုပါတယ်။ ပညာသင်ကြားခြင်း မပြီးဆုံးသည့်တိုင် ကိုယ့်ကိုကိုယ် စနစ်တကျပြုစု ပျိုးထောင်နိုင်ဖို့ အခွင့်အလမ်းတွေ ရှိနေဖို့နဲ့ ကိုယ်ကိုယ်တိုင်ကလည်း လေ့လာသင်ယူချင်တဲ့ တိုးတက်ရေးစိတ်ထားမျိုး ရှိဖို့ အရေးကြီးပါတယ်။
ဒီနေ့ခေတ်မှာ မီဒီယာတွေက အရင်နဲ့မတူအောင် ထွန်းကားနေတယ်။ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသမျှကို ယုံစားနေဖို့ မဖြစ်နိုင်ဘူး။ တကယ်အမှန်တွေလည်းရှိသလို တမင် ၀ါဒဖြန့်နေတာလည်း ရှိတယ်။ အဲဒီလိုဟာတွေကို စနစ်တကျ ဝေဖန်ပိုင်းခြားပြီး အမှားအမှန် ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းရှိအောင် ကိုယ့်ကိုကိုယ် ပျိုးထောင်ထားသူမှသာ အဆင်ပြေနိုင်မယ်။ နို့မို့ဆိုရင် သူများပါးစပ်ဖျားမှာတင် လမ်းဆုံးသွားနိုင်ပါတယ်။ ဖေ့စ်ဘုတ်ရဲ့သဘောက တူရာစုကြတယ်။ ပညာရေးဝါသနာပါသူချင်း စုတယ်။ နိုင်ငံရေး ၀ါသနာပါသူချင်းလည်း စုလေ့ရှိတယ်။ အားကစား ၀ါသနာပါသူချင်း စုတာလည်း ရှိပါတယ်။ ပန်းချီ၊ ပန်းပု၊ ဓာတ်ပုံ၊ စာပေစတဲ့ အနုပညာ ၀ါသနာပါသူချင်းလည်း စုဖွဲ့ကြတယ်။ အသိတူ၊ အရောင်တူ၊ ခံယူချက်တူသူတွေ စုရာက သတင်းမှားတွေ မရည်ရွယ်ပဲ ပေးမိသလိုဖြစ်တာလည်း ရှိတယ်။ တချို့ကတော့ သတင်းမှားတွေ တမင်ပေးပြီး နိုင်ငံရေး စီးပွားရေး လူမှုရေးတွေအတွက် ရည်ရွယ်ချက်ရှိရှိ တမင်ဝါဒဖြန့်နေကြတယ်။ အဲဒီလို ကိစ္စတွေကို ကိုယ်ပိုင်အသိနဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိရမှာ ဖြစ်တယ်။
ဒီနေ့ခေတ်မှာ လူအများစုက ဘ၀ရပ်တည်ရေးအတွက် နေ့စဉ်ရုန်းကန်နေကြရတယ်။ အချိန်အတော်များများကို စီးပွားရှာရာမှာ ပေးလိုက်ရတယ်။ ကျန်းမာရေးလိုက်စားဖို့ အချိန်မပေးနိုင်တော့ဘူး။ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှသာ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာတွေ တဆက်တည်း ကြံ့ခိုင်လာမှာ ဖြစ်တယ်။ ငွေရှာနေရလို့ စာဖတ်ဖို့၊ ဆွေးနွေးငြင်းခုန်ဖို့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ တနေ့ပြီးတနေ့ ငွေနောက်လိုက်ရင်း အချိန်တွေ ကုန်နေရတယ်။ကျန်တဲ့ ဖွံ့ဖြိုးမှုတွေအတွက် အချိန်တွေ မပေးနိုင် ဖြစ်လာရတယ်။
စာဖတ်ခြင်းက ဗဟုသုတများစေပြီး အချက်အလက်တွေအပြင် မျှဝေခံစားနိုင်ခြင်း အကျင့်ကိုလည်း ရရှိစေတယ်။ စာဖတ်တဲ့အကျင့်ကြောင့် ဝေဖန်ပိုင်းခြားတဲ့ အလေ့အကျင့်ကောင်းကို ပျိုးထောင်ပေးသလိုလည်း ဖြစ်စေတယ်။ ဒါပေမယ့် အများစုက စာဖတ်တဲ့ အလေ့အကျင့်နည်းလာတာကို စိတ်မကောင်းဖွယ် တွေ့လာရပါတယ်။ စာအုပ်အငှားဆိုင်တွေ မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်လာတာ စာဖတ်တဲ့ယဉ်ကျေးမှုနည်းလာတဲ့ အကောင်းဆုံးသက်သေပါပဲ။ စာအုပ်သစ်တွေ နေ့စဉ်နီးပါးထွက်ရှိနေတယ်ဆိုပေမယ့် သူတို့ရဲ့ အဓိကပစ်မှတ်က ကိုယ်ပိုင်ဝယ်စုသူ အနည်းငယ်နဲ့ စာကြည့်တိုက်တွေအတွက်သာ ဖြစ်နေတယ်။ စာကြည့်တိုက်တွေမှာလည်း ပုံမှန်အသုံးပြုသူသာရှိပြီး အသစ်တိုးမလာဘူး။ စာအုပ်အငှားဆိုင်တွေရဲ့ ပင်တိုင်ဖောက်သည်တွေက စာကြည့်တိုက်တွေဘက်မရောက်ပဲ ဒီဗီဒီဆိုင်နဲ့ နက်ဂိမ်းဆိုင်တွေကို ဖဲ့ပေးလိုက်ရတယ်။
ပညာရေး အဆင့်မြှင့်တင်လိုသူတွေကတော့ မြန်မာ့ပညာရေးစနစ် အမြန်ပြောင်းလဲဖို့လိုကြောင်း ထောက်ပြလာကြပါပြီ။ အထူးသဖြင့် အခြေခံပညာရေးမှာ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ပေးတဲ့ ပညာရေးစနစ် ဖြစ်ဖို့လိုပါတယ်။ ဒေသတွင်းနိုင်ငံတွေရဲ့ ပညာရေးစနစ်မှာလည်း အခြေခံပညာရေးမှာကတည်းက ဝေဖန်ပိုင်းခြား စဉ်းစားတွေးခေါ်တတ်အောင် လေ့ကျင့် သင်ကြားပေးကြတယ်။ အနာဂတ်မှာ မမျှော်လင့်တာတွေဖြစ်ခဲ့ရင်တောင် ရင်ဆိုင်ဖြေရှင်းနိုင်အောင် အခြေခံပညာရေးမှာ သင်ရိုးညွှန်းတမ်းတွေ ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းရေးဆွဲထားတယ်။
ရှေးခေတ်ဘုန်းတော်ကြီးသင် ပညာရေးသာပြီးဆုံးခဲ့တဲ့သူတွေတောင် လူရည်လူသွေး မညံ့ကြဘူး။ သူတို့က သု၊ စိ၊ ပု၊ ဘာ၊ ၀ိ၊ လိ၊ သိ၊ ဒါ ဆိုတဲ့ အက္ခရာရှစ်လုံး တကယ်ရခဲ့ကြသူတွေ ဖြစ်တယ်။ နာကြား၊ ကြံစည်၊ မေးမြန်း၊ ပြောဆို၊ စူးစမ်း၊ ရေးသား၊ လေ့ကျင့်၊ နှုတ်ငုံဆောင်ကြသူတွေ ဖြစ်တယ်။ ဘုန်းတော်ကြီးသင် ပညာရေးဖြစ်ပေမယ့် ကာလာမသုတ်လာ တွေးခေါ်မြော်မြင်နိုင်စွမ်းကို အားပေးတဲ့ ပညာရေးဖြစ်တာ တွေ့ရတယ်။ အကြောင်းမသင့်လို့ အခြေခံပညာရေးလောက်နဲ့ ပြီးဆုံးစေဦးတော့ ဘ၀မှာ ရပ်တည်နိုင်စွမ်း ရှိကြတယ်။
ပညာရေးပြုပြင်ပြောင်းလဲရေး ၀ါဒီတွေရဲ့အဆိုအရ တိုင်းပြည်အတွက် ပညာရေးပြုပြင်ပြောင်းလဲမှုကို နိုင်ငံတော်က လုပ်ပေးနိုင်ရင် အမြန် ခရီးရောက်လိမ့်မယ်လို့ ယုံကြည်နေကြတယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုကို နိုင်ငံတော်က လုပ်မပေးနိုင်ရင်ရော ဆိုတဲ့မေးခွန်းအတွက်တော့ ကိုယ့်ရပ်ကိုယ့်ရွာက စပြောင်းရပါလိမ့်မယ်လို့ သူတို့က အဖြေပေးတယ်။ ဆယ်စုနှစ်နဲ့ချီပြီး အချိန်ပေးရလိမ့်မယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် (ဘယ်သူလုပ်လုပ် မလုပ်လုပ်) ကိုယ့်ဘာသာကိုယ် လုပ်ရမယ်။ လုပ်ကို လုပ်ရမယ်။ တတ်နိုင်တာကို လုပ်ပေးရမယ်။ နည်းနည်းလုပ်တာက ဘာမှမလုပ်တာထက် ကောင်းတယ် (Something is better than nothing) ဆိုတဲ့ဆောင်ပုဒ်ကို ပညာရေးပြုပြင်ပြောင်းလဲလိုသူတွေ လက်ကိုင်ထားကြတယ်။
ကောင်းမွန်တဲ့ ပညာရေးက ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ပါတယ်။ တွေးခေါ်ချင့်ချိန်တဲ့ အလေ့အကျင့်ကောင်း ရနိုင်ဖို့ စနစ်တကျ ပျိုးထောင်ပေးရပါမယ်။ တွေးခေါ်စဉ်းစားတတ်တဲ့ အလေ့အကျင့်ရှိမှသာ ပြဿနာကြီးငယ်တွေကို ဖြေရှင်းနိုင်မှာဖြစ်တယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ လွယ်ကူစေမှာဖြစ်တယ်။ တွေးခေါ်စဉ်းစားစေခြင်းက တီထွင်ဖန်တီးနိုင်မှုကိုလည်း အားပေးပါတယ်။ ပညာရှင်တယောက်ရဲ့ စကားကို ကိုးကားချင်ပါတယ်။ “လူတွေက စဉ်းစားမှာလား၊သေမှာလားဆိုရင် မစဉ်းစားပဲနဲ့ အသေသာခံလိုက်ကြတယ်”တဲ့။ မိတ်ဆွေရော ဘယ်လိုလူလဲ။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)
Credit: ဧရာဝတီသတင်းဌာန
No comments:
Post a Comment