Thursday, July 23, 2015

အပြောကောင်းခြင်းနှင့် အကောင်းပြောခြင်း


စာရေးသူတို့ မြန်မာစကားမှာ ‘စကား စကား ပြောပါများ စကားထဲက ဇာတိပြ’ ဆိုတာ ရှိတယ်။ စကားဆိုတာ ၀န်ဆောင်မှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ ဟိုယခင်ကာလက ၀န်ဆောင်မှုက ရုပ်ပိုင်းဆိုင်ရာပစ္စည်း (Physical Product) မဟုတ်တဲ့အတွက် သိမ်းဆည်းထားလို့ မရလို့ ဆိုခဲ့ပေမယ့် ဒီကနေ့ခေတ်လို နည်းပညာတွေ တိုးတက်မြင့်မားလာချိန်မှာတော့ စကားပြောဝန်ဆောင်မှုကို သိမ်းဆည်းထားနိုင်ကြပြီ ဖြစ်တယ်။ စကားနဲ့ ပတ်သက်ပြီး သရုပ်ခွဲကြည့်ရာမှာ-
    (၁)    စကားအပြော ကောင်းပေမယ့် အကောင်း မပြောသူ၊
    (၂)    စကားအပြော မကောင်းပေမယ့် အကောင်း ပြောသူ၊
    (၃)    စကားလည်း အပြောမကောင်းသလို အကောင်းလည်း မပြောသူ၊
    (၄)    စကားလည်း အပြောကောင်းသလို အကောင်းလည်း ပြောသူ
ဆိုတဲ့ လူလေးမျိုး တွေ့ကြရမှာ ဖြစ်တယ်။ နောက်ထပ် စကားနဲ့ ပတ်သက်ပြီး ဆွဲထုတ်ယူနိုင်တဲ့ လူလေးမျိုးလည်း ရှိပြန်တယ်။
    (၁)    စကားများများ ပြောပြီး အလုပ်နည်းနည်း လုပ်သူ၊
    (၂)    စကားများများ ပြောပေမယ့် အလုပ်များများ လုပ်သူ၊
    (၃)    စကားနည်းနည်းပြော အလုပ်နည်းနည်း လုပ်သူ၊
    (၄)    စကားနည်းနည်းသာ ပြောပြီး အလုပ်များများ လုပ်သူ
ဆိုပြီး ဖြစ်တယ်။ နောက်ထပ်လည်း ရှိသေးတာက-
    (၁)    ပြောတဲ့အတိုင်း လုပ်တဲ့သူ၊
    (၂)    လုပ်မယ့်အတိုင်း ပြောတဲ့သူ၊
    (၃)    ပြောတဲ့အတိုင်း မလုပ်တဲ့သူ၊
    (၄)    လုပ်မယ့်အတိုင်း မပြောတဲ့သူ
ဆိုတာ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓ မြွက်ကြားခဲ့တဲ့ စကားအရာ ခြောက်ပါးကတော့-
    (၁)    မဟုတ်မမှန် အကျိုးမရှိ၊ သူတစ်ပါးလည်း မနှစ်သက်တဲ့ စကား၊
    (၂)    မဟုတ်မမှန် အကျိုးမရှိပေမယ့် သူတစ်ပါး နှစ်သက်တဲ့စကား၊
    (၃)    ဟုတ်မှန်တဲ့စကား ဖြစ်ပေမယ့် သူတစ်ပါး မနှစ်သက်တဲ့စကား၊
    (၄)    ဟုတ်မှန်တဲ့ စကားဖြစ်ပေမယ့် အကျိုးမရှိတဲ့ စကားဖြစ်ပေမယ့် သူတစ်ပါး နှစ်သက်တဲ့ စကား၊
    (၅)    ဟုတ်လည်း ဟုတ်မှန်တယ်၊ အကျိုးလည်းရှိတယ်၊ သို့ပေမဲ့ တစ်ပါးသူ မနှစ်သက်တဲ့ စကား၊
    (၆)    ဟုတ်လည်း ဟုတ်မှန်တဲ့စကား ဖြစ်တယ်၊ အကျိုးလည်းရှိပြီး တစ်ပါးသူလည်း နှစ်သက်တဲ့စကား
တွေ ဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်လိုစကားမျိုးကို ပြောကြရမယ်၊ ဘယ်လိုစကားမျိုးကို ယုံကြည်ရမယ်ဆိုတာ ချင့်ချိန်နိုင်ကြမှာ ဖြစ်တယ်။ ဒီကနေ့ခေတ်က နည်းပညာ အဆမတန် တိုးတက်လာနေတဲ့ခေတ်ကို ရောက်နေတာဖြစ်လို့ စကားတစ်ခွန်း ပြောမယ်ဆိုရင် မိမိပြောမယ့် စကားမှာ အမှားများပါသွားလေ မလားဆိုတာ ကြိုတင်တွေးကြရမယ်။ Think before your speak လို့ ဆိုထားတယ်မို့လား။ ခေါင်းဆောင်နေရာ ရောက်လာလေ အပြောဆင်ခြင်ရလေ ဖြစ်တယ်။ မိမိပြောလိုက်တဲ့ စကားတစ်ခွန်း မှားသွားရင် သာမန်လူက အကြောင်း မဟုတ်ပေမယ့် ခေါင်းဆောင်ပိုင်းနေရာကပြောရင် အဲဒီစကားတစ်ခွန်းက သမိုင်းဝင် စကားတစ်ခွန်း ဖြစ်သွားစေမှာဖြစ်တယ်။

မြန်မာစကားမှာ ကြားဖူးတာ ရှိသေးတယ်။ ‘နှုတ်ချို သျှိုတစ်ပါး’ ဆိုတာရယ်၊ ‘နှုတ်ချို စအိုခါး’ ဆိုတာ ဖြစ်တယ်။ အချို့က အပြောချိုသလို စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းကြပေမယ့် အချို့ကတော့ နှုတ်ချိုပေမယ့် စိတ်ဓာတ်မကောင်းသူတွေကို စအိုခါးလို့ သုံးတာ ဖြစ်တယ်။ ဒါကြောင့် ရှေးလူကြီးတွေက စကားအရာ လိမ္မာယဉ်ကျေးဖို့ ဆိုဆုံးမခဲ့ကြတာ ဖြစ်တယ်။

ဒီကနေ့ခေတ်က ကလိယုဂ်လို့ခေါ်တဲ့ ခေတ်ကို ရောက်နေပြီဖြစ်တယ်။ ကလိယုဂ်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းသူတွေ များလာတယ်။ အမှားလုပ်မယ့်သူတွေ များလာတယ်။ အ၀ိဇ္ဇာဖုံးလွှမ်းသူတွေ များလာနေတယ်။ ဒါကို ပဏ္ဍိတာရာမ ရွှေတောင်ကုန်း ဆရာတော်ကြီးက ‘သစ်သီးကို လေးစိတ်စိတ်လိုက်ရင် သုံးစိတ်က ပုပ်နေပြီး ကောင်းတာ တစ်စိတ်သာ ကျန်တော့တယ်။ ပုပ်တဲ့သုံးစိတ်ထဲမှာ မိမိ မပါပါစေနဲ့၊ ကောင်းတဲ့တစ်စိတ်မှာသာ ပါပါစေ၊ အဲဒီကောင်းတဲ့ တစ်စိတ်မှာသော်မှ အကောင်းဆုံး ဖြစ်ပါစေ’ လို့ သြ၀ါဒ ပေးပါတယ်။

ဒီမိုကရေစီခေတ်ရဲ့ အနှစ်သာရကောင်းတာတွေပြောပြီး ကောင်းတာတွေ လုပ်ပြကြရတော့မှာ ဖြစ်တယ်။ ယုံကြည်မှုဆောက်ရာမှာ ပထမ မိမိကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်ခြင်း၊ အများက မိမိအပေါ် ယုံကြည်မှုဖြစ်ရန် တည်ဆောက်ခြင်းကို စနစ်တကျ လုပ်ဆောင်နိုင်ရင် အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်ပြီး ဘ၀မှာ ဘက်ပေါင်းစုံ အောင်မြင်မှု ရရှိလာမှာ ဖြစ်တယ်။

ယုံကြည်မှု အပြန်အလှန် တည်ဆောက်ရာမှာ မိမိက မွန်မြတ်ကောင်းမွန်တဲ့စိတ်နဲ့ လုပ်ဆောင်တာဖြစ်ပေမယ့် အခြားတစ်ဖက်က မိမိလို စိတ်ဓာတ်မထားဘဲ လိမ်လည်လှည့်ဖြားလိုတဲ့ စိတ်ဓာတ်ရှိနိုင်တာမို့ သတိရှိဖို့ လိုအပ်တယ်။ ဒါကြောင့် ယုံကြည်မှုမှာ လွန်ကဲစွာ ယုံကြည်မှု ထားရှိတာနဲ့ ယုံကြည်မှု အားနည်းတာကိုသာ သတိနဲ့ လုပ်ဆောင်ဖို့ လိုအပ်တယ်။ ယုံကြည်မှု လွန်ကဲရင်လည်း ဒုက္ခရောက်တတ်၊ ဒုက္ခရောက်နိုင်သလို ယုံကြည်မှု အားနည်းရင်လည်း ဒုက္ခရောက်စေနိုင်တယ်။ ဒါကြောင့် အရာရာမှာ ဉာဏ်နဲ့ ချင့်ချိန်တတ်ဖို့ လိုအပ်တယ်။ တစ်ဖက်က အပြောကောင်းတာကို အဟုတ်မှတ်ယုံကြည်ရင် ဒုက္ခရောက်တတ်တာမို့ တစ်ဖက်လူရဲ့ ပြောဆိုမှုက ကောင်းမွန်တဲ့ စိတ်ဓာတ်နဲ့ ပြောဆိုမှု ဟုတ်မဟုတ်ဆိုတာ ဝေဖန်ပိုင်းခြားနိုင်ဖို့ လိုအပ်တယ်။

သတိတမံ ဉာဏ်မြေကတုတ် ပညာစွန်းချွန်းနဲ့အုပ် ဆိုတဲ့အတိုင်း အရာရာကို ဉာဏ်နဲ့ မျှော်ကြည့်နိုင်ရမှာ ဖြစ်တယ်။ တစ်ဖက်သား ပြောတာကို ယုံလွယ်တာက စာရေးသူတို့ နိုင်ငံသားတွေရဲ့ အားနည်းချက်ဖြစ်တယ်။ အယုံလွယ်ရခြင်း အကြောင်းတရားက အသိပညာ တိုးပွားအောင် စာများများ မဖတ်ကြလို့ ဖြစ်တယ်။ စာများများဖတ်ရင် အသိဉာဏ် ကြွယ်ဝလာပြီး အရာရာကို အမှားနဲ့အမှန် ဝေဖန်ပိုင်းခြားနိုင်ကြစေမှာ ဖြစ်တယ်။ ဒါဆိုရင် တစ်ဖက်လူရဲ့ ပြောစကားက အပြောကောင်းတာလား၊ အကောင်းပြောတာလားဆိုတာ သိသာနိုင်ကြမှာ ဖြစ်တယ်။ မိမိနိုင်ငံနဲ့ နိုင်ငံသားတွေအတွက် အကျိုးရှိစေမယ့် စကားတွေကိုသာ ပြောဆိုကြပြီး မိမိနိုင်ငံ တိုးတက်အောင် မိမိနိုင်ငံသားတွေဘ၀ အရည်အသွေး တိုးတက်အောင် လုပ်ဆောင်ပေးကြပါလို့ ဆိုချင်ကြောင်းပါ။

Writer: 

ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

No comments: