Thursday, July 16, 2015

အမျိုးသမီးရောဂါအချို့




ဆီးလမ်းကြောင်း ပိုးဝင်လေ့ရှိသည့် အကြောင်းများ

(၁) အမျိုးသမီးဖြစ်ခြင်း
အမျိုးသမီးများသည် အမျိုးသားများထက် ဆီးလမ်းကြောင်းပိုးဝင်မှု ပိုအဖြစ်များသည်။ အမျိုးသမီးဆီးပြွန်သည် အမျိုးသားထက်ပိုတိုပြီး ဘက်တီးရီးယားများ ကျော်ဖြတ်ဝင်ရောက်ရသည့် လမ်းကြောင်း ပိုမိုလွယ်ကူသောကြောင့် မကြာခဏ ဆီးပိုးကူးစက်လေ့ရှိသည်။


(၂) လိင်ကိစ္စများပြားခြင်း
မကြာခဏလိင်ဆက်ဆံသူများတွင် ဆီးလမ်းကြောင်းရောဂါပိုးဝင် ရောက်မှု ပိုများလေ့ရှိသည်။


(၃) သန္ဓေတားခြင်း
diaphragm အမျိုးအစားသန္ဓေတားနည်း အသုံးပြုသည့် အမျိုးသမီး များတွင် ဆီးလမ်းကြောင်းပိုးဝင်လေ့ ရှိသည်။


(၄) သွေးဆုံးခြင်း
သွေးဆုံးပြီးသည့် အမျိုးသမီးများ၌ အီစတရိုဂျင်ဟော်မုန်းချို့တဲ့ သောကြောင့် ဆီးလမ်းကြောင်းအတွင်းပြောင်းလဲမှုများဖြစ်ပွားပြီး ရော ဂါပိုးပိုမိုဝင်ရောက်စေသည်။


(၅)ဆီးလမ်းကြောင်းပုံမှန်မဟုတ်ခြင်း
မွေးရာပါ ချွတ်ယွင်းမှုများကြောင့် ဆီးလမ်းကြောင်းပုံမှန်မဟုတ် သည့်အခါ ဆီးစွန့်လျှင် ဆီးမကုန်ဘဲ ကျန်ခဲ့တတ်သောကြောင့် ပိုးများပိုပွားစေသည်။


(၆) ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း
ဆီးကျောက်တည်ခြင်း၊ ဆီးကျိတ်ကြီးခြင်းတို့ကြောင့် ဆီးကျန် တတ်ပြီး ပိုးများပါပိုပွားတတ်သည်။


(၇) ဆီးပိုက်တပ်ထားခြင်း
ဆီးမသွားနိုင်သည့် အကြောင်း တစ်မျိုးမျိုးကြောင့် ဆီးပိုက်တပ်ထားရသည့်အခါ ဆီးပိုက်မှတစ်ဆင့် ပိုးဝင်မှုများတတ်သည်။


သီဟ (Health Updates Journal)
အမျိုးသမီးနှင့် ကျန်းမာရေး - ဆီးလမ်းကြောင်း ပိုးဝင်လေ့ရှိသည့် အကြောင်းများ

မမျိုးပွားအင်္ဂါသို့ ရောဂါပိုးဝင်ရောက်ခြင်း လက္ခဏာများ

မကောင်းသော အနံ့အသက်များထွက်နေပြီး ယားယံကာ ဆီးသွားစဉ် နာကျင်မှုနှင့်အတူ ပုံမှန်မဟုတ်ဘဲ အမျိုးသမီး လိင်အင်္ဂါမှ အရည်များဆင်းခြင်း၊ လိင်အင်္ဂါတစ်ဝိုက် နီရဲနေပြီး ယားယံခြင်းကို ခံစားနေရပါသလား။
ယင်းအခြေအနေမှာ တစ်နှစ်လျှင် အမျိုးသမီး သန်းပေါင်းများစွာ ဖြစ်ပွားနေသည့် အလွန်အဖြစ်များသော မမျိုးပွားအင်္ဂါရောဂါပိုး ဝင်ရောက်သည့်ရောဂါ (Vaginitis) ဖြစ်နိုင်သည်။

Vaginitis ရောဂါကို ဆေးပညာအရ မအင်္ဂါရောင်ရမ်းခြင်း(သို့မဟုတ်) ယားယံခြင်းအဖြစ် သတ်မှတ်သည်။
အချို့သော အမျိုးသမီးများတွင် ရောဂါလက္ခဏာ လုံးဝပြသလေ့ မရှိပေ။ အချို့သော အမျိုးသမီးများတွင်မူ ထင်ရှားသော ရောဂါလက္ခဏာများ ပြလေ့ရှိသည်။

ယင်းရောဂါလက္ခဏာများမှာ မကောင်းသော အနံ့အသက်များရှိသည့် မအင်္ဂါမှ ပုံမှန်မဟုတ်ဘဲ အရည်များဆင်းခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ ပူစပ်ခြင်း၊ မအင်္ဂါအပြင်ဘက်တစ်ဝိုက် ယားယံခြင်း၊ လိင်ဆက်ဆံစဉ် မသက်မသာခံစားရခြင်း၊ ယားယံခြင်းနှင့် သွေးထွက်ခြင်းတို့ဖြစ်သည်။

Vaginitis ရောဂါဖြစ်ပွားရသည့် အကြောင်းရင်း အမျိုးမျိုးရှိ သည့် ယင်းရောဂါမှာ ဘက်တီးရီးယားပိုးများ ဝင်ရောက်ခြင်း၊ မှိုရောဂါကူးစက်ခြင်း၊ ပရိုတိုဇိုးဝါးဆဲလ်များကြောင့် ရောဂါကူးစက်ခြင်း၊ ဓာတ်မတည့်ဖြစ်နိုင်သော အရာများနှင့် ထိတွေ့ခြင်းတို့ကြောင့် ဖြစ် နိုင်သည်။

အမျိုးသမီး အင်္ဂါဇာတ်အတွင်းသို့ ရောဂါပိုး ဝင်ရောက်နိုင်သည့် အန္တရာယ်များကို အနည်းဆုံး ဖြစ်စေရန် မအင်္ဂါဇာတ် တစ်ဝိုက် သန့်ရှင်းအောင်ထားပြီး ကောင်းသော သန့်ရှင်းစင်ကြယ်ရေး အလေ့အထထားရှိပါ။
အပြင်းစား ဆပ်ပြာများနှင့် အမျိုးသမီးသုံးသည့် သန့်စင်ရေဖျန်းဆေးကဲ့သို့ ယားယံစေသော ပစ္စည်းများ အသုံးပြုမှုရှောင်ပါ။
မအင်္ဂါဇာတ် (သို့မဟုတ်) ဆီးပြွန်ထဲသို့ ရောဂါပိုးများ ဝင်ရောက်ခြင်းကို ကာကွယ်ရန် မအင်္ဂါကို သန့်စင်စဉ် ရှေ့ဘက်မှ နောက်ဘက်သို့ သုတ်၍ သန့်စင်သင့်သည်။

—Ref: TOI
7 Day Daily - မမျိုးပွားအင်္ဂါသို့ ရောဂါပိုးဝင်ရောက်ခြင်း လက္ခဏာများ

HIV ပိုး ရှိမရှိ သေချာစေလို နှင့် HIV ပိုးရှိတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးဟာ သက်တမ်းစေ့ မနေရဘူးလား (အမေးအဖြေ)

မေး။    ။ ကျွန်​​တော် လိင်အကာအကွယ်မဲ့ ၆ ပတ်​​နေပြီး သွေးစစ်တာ negative ပဲ။ စစ်ပြီး ၄ ရက်​​လောက်ကြာတော့ တကိုယ်လုံးယားနေတယ်။ တချို့နေရာက တစ်ခါတစ်ခါ ဆူးသလိုဖြစ်​​နေတယ်။ ကိုယ်ယားတာ တပတ်​​လောက်ရှိပြီ မပျောက်ဘူး။ အနီဖုလေးတွေလည်း ထွက်တယ်။ လည်ချောင်းက တခါတခါနာတယ်။ တခါတခါ မနာဘူး။ အသားတွေလည်းနီတယ်။ ကုတ်လိုက်ရင် အနီဆင်းဖြစ်​​နေတယ်။ ညဆိုချွေးပြန်တယ်။ ကျွန်​​တော်က အရက်လည်း တအားသောက်တယ်။ အဲ့ဒါ HIV လား၊ အရက်​​ကြောင့်လား။

ဖြေ။    ။ လိင်အကာအကွယ်မဲ့ ဆက်ဆံပြီး ၆ ပတ်နေလို့ စစ်ရင် အဖြေမှန် မရတတ်ပါဘူး။ တကယ်တော့ ၃ လ - မှ ၆ လ ကြာမှ စစ်သင့်တာပါ။ အခု စစ်ထားတဲ့ Negative ဆိုတာကို အတည်ယူလို့ မရသေးပါဘူး ခင်ဗျာ။
အခု ပြောပြတဲ့ အရေပြားယားယံတာ၊ အနီဖုတွေထတာ၊ လည်ချောင်းနာတာတွေက အရက်သောက်တာ များရင် ဖြစ်တတ်ပါတယ်။ ရာသီဥတုကြောင့်လည်း allergic reaction ပုံစံမျိုး ဖြစ်နိုင်ပါတယ်။ HIV ရဲ့ ကူးစက်တဲ့ လက္ခဏာ မဟုတ်ပါဘူး ခင်ဗျာ။
အကြံပြုချင်တာကတော့ နောက် ၃ လ သို့မဟုတ် ၆ လနေရင် သွေးပြန်စစ်စေချင်ပါတယ်။ ကွန်ဒုံးနဲ့ အကာအကွယ်သုံးပြီး လိင်ဆက်ဆံတာ HIV သာမက အခြား လိင်ကတဆင့် ကူးစက်တတ်တဲ့ အသည်းရောင်အသားဝါ၊ လိင်အင်္ဂါ ကြွက်နို့၊ ရေယုံ၊ ဂနို၊ ဆစ်ဖလစ် စတဲ့ ပိုးတွေကိုပါ အကာအကွယ်ဖြစ်စေပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ ခင်ဗျာ။

မေး။    ။ HIV ရှိတဲ့ ကိုယ်ဝန်ဆောင်သည်မှ မွေးဖွားလာတဲ့ ကလေးတယောက်ရဲ့ အသက်ရှင်ရာခိုင်နူန်း ဘယ်လောက်ရှိပါသလဲ။ ကလေးဆီသို့ ရောဂါမကူးအောင် ကာကွယ်လို့ရတယ်ဆိုပြီး ကလေးမွေးပြီး ၂ နှစ်လောက်ဆို ကလေးသေဆုံးတာ တွေ့ဖူးပါတယ်။ ဒါဆို ကလေးကမွေးလာလည်း လူ့သက်တမ်းစေ့ မနေရဘူးလား။
ဖြေ။    ။ HIV ပိုးရှိတဲ့ မိခင်ကနေ ကလေးကို HIV ပိုး ကူးစက်နိုင်ခြေက ၂၅-၃၀% ရှိပါတယ်။ ဘယ်အချိန်တွေမှာ ကူးနိုင်လဲဆိုတော့ -
၁) ကိုယ်ဝန်ဆောင်ချိန်- အချင်းမှ တဆင့်ကူး
၂) မွေးဖွားချိန်- သွေး၊ မွေးလမ်းကြောင်းမှ တဆင့်ကူး
၃) နို့တိုက်ချိန်- နို့ရည်မှ တဆင့်ကူး

ဒီအချိန် ၃ ခုလုံးမှာ ကလေးကို မကူးသွားအောင် စနစ်တကျ ကာကွယ်ရင် ကလေးဆီ လုံးဝ မကူးစက်အောင် တားဆီးနိုင်ပါတယ်။
စနစ်တကျဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာ အချင်းကျန်းမာအောင် ဂရုစိုက်တာ မွေးဖွားရင် သာမန်မမွေးဘဲ ဗိုက်ခွဲမွေးတာ၊ မမွေးမီ ART ဆေးသောက်တာ မိခင်နို့ စနစ်တကျတိုက်တာ တတ်ကျွမ်းတဲ့ ဆရာဝန်/ဆရာမတွေနဲ့ ပြသတာ.. အားလုံး ပါဝင်ပါတယ်။
စနစ်တကျ မကာကွယ်နိုင်ရင်တော့ ကလေးဆီ HIV ပိုး ကူးစက်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ စနစ်တကျ ကာကွယ်နိုင်တာ မြို့နေရာတွေမှာပဲ ရှိပါတယ်။ နယ်တွေ ကျေးရွာတွေမှာ စနစ်တကျ မကာကွယ်နိုင်သေးပါဘူး။
မွေးလာတဲ့ ကလေးမှာ HIV ပိုးကူးစက်ခံရရင် အသက်ရှင်သန်မှုက ကလေးကို ပြုစုတဲ့ ပတ်ဝန်းကျင်နဲ့ ဆိုင်ပါတယ်။ HIV ပိုးရှိပြီး အသက် ၁၄ နှစ်အထိ အသက်ရှင်တဲ့ ကလေးမျိုးကို တွေ့ဖူးသလို၊ မွေးပြီး ၆ လလောက်နဲ့ ဆုံးပါးသွားတဲ့ ကလေးမျိုးကိုလည်း တွေ့ဖူးပါတယ်။ ကလေးရဲ့ ပတ်ဝန်းကျင်ဆိုတာက မိဘတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အခြေအနေတွေ အားလုံး ပါဝင်ပါတယ်။

ဒီလောက်နဲ့ကျေနပ်မယ်ထင်ပါတယ်
လမင်းကို

No comments: