Tuesday, May 14, 2013

သားအိမ်ခေါင်း ကင်ဆာနှင့် သားအိမ်ခေါင်းကြည့် မှန်ပြောင်း (Colposcopy)



အာရှတွင် သားအိမ်ခေါင်း ကင်ဆာကြောင့် ၄ မိနစ်တိုင်း အမျိုးသမီးတစ်ဦး သေဆုံးနေရပါသည်။

အမျိုးသမီးတိုင်း အတွက် ကြောက်ရွံ့စရာ သားအိမ်ခေါင်း ကင်ဆာ

• အာရှအမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာဟာ သေဆုံးမှုနှုန်း ဒုတိယအများဆုံးကင်ဆာ ဖြစ်ပါတယ်။
• ဒီအချက်ကို သတိပြုမိမှု တော်တော်နည်းနေသေးတာဟာအမှန်တကယ် တုန်လှုပ်စရာကောင်းလှ ပါတယ်။
• အမျိုးသမီးများရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်ရန်ရှာရုံတင်မကပဲ မသေဘဲ ဝေဒနာခံစားနေရသူ များမှာလည်း ကိုယ်ရောစိတ်ပါ ထိခိုက်ခံစားရပါတယ်။
• ဝေဒနာခံစားနေရသူတွေရဲ့မိသားစု၊ လုပ်ငန်းခွင်၊ လူနေမှုဘ၀၀န်းကျင်ကိုပါ အကြီးအကျယ် ပြောင်းလဲ ထိခိုက်နိုင်ပါတယ်။
• အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး၊ အမျိုးသမီးတိုင်း ဖြစ်ပွားနိုင်ပါတယ်။
• သင် ရောဂါဝေဒနာခံစားရလျှင် သင်သာမက သင့်မိသားစု၊ သင့်ဝန်းကျင်၊ သင့်ကိုချစ်သောသူများ အားလုံး သင်နဲ့ထပ်တူခံစားရမယ်၊ ကြေကွဲရမယ် ဖြစ်ပါတယ်။


HPV (Human Papilloma Virus) ပိုးကြောင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ရတယ်
• တခြားကင်ဆာတွေနဲ့မတူတာက သားအိမ်ခေါင်းကင်ဆာရောဂါဟာ HPV ပိုးကြောင့်ဖြစ်ပြီး ကာကွယ်လို့ရပါတယ်။
• HPV အမျိုးပေါင်း ၁၀၀ ကျော်အနက်က အချို့သာလျှင် ကင်ဆာဖြစ်စေပါတယ်။
• HPV -၁၆ နဲ့ ၁၈ ကြောင့် သားအိမ်ခေါင်း ကင်ဆာကို ၇၀% ဖြစ်စေပါတယ်။
• လိင်ဆက်ဆံမှုရှိတဲ့ အမျိုးသမီးငါးယောက်မှာ လေးယောက်ဟာ ကူးစက်ခံရနိုင်ပါတယ်။
• ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ဟာ Virous ပိုးဝင်လာရင် ပြန်လည်တိုက်ထုတ်ဖို့ ကိုယ်ခံစွမ်းအားတည်ဆောက်လေ့ ရှိပါတယ်။
• အမျိုးအစားတွေက များလွန်းတော့ ခန္ဓာကိုယ်က မမှတ်မိတော့ဘဲ အချို့ကို ကာကွယ်နိုင်ပေ မယ့် နောက်ထပ်တစ်မျိုးဝင်လာရင် အခက်တွေ့ရ ပြန်ပါတယ်။


အမျိုးသမီးတိုင်းဟာ HPV ပိုး ကူးစက်ခံရဖို့်အန္တရာယ်ရှိနေတယ်
• HPV ပိုးဟာ လိင်ဆက်ဆံခြင်း (သို့) လိင်အင်္ဂါအရေပြားချင်း ထိတွေ့ခြင်းကြောင့် အဓိက ကူးစက်ရခြင်းဖြစ်ပါတယ်။
• အမျိုးသမီးများဟာ ပထမအကြိမ် လိင်ဆက်ဆံခြင်းကစလို့ ဘ၀တစ်လျှောက်လုံး အကြိမ်ကြိမ် ကူးစက်ခံနိုင်ပါတယ်။
• ဒါကြောင့် အမျိုးသမီးတိုင်းဟာ သားအိမ်ခေါင်းကင်ဆာအကြောင်း သိထားသင့်ပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသင့်ပါတယ်။
• အမျိုးသမီးတိုင်း သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကာကွယ်ကြမလဲ
• လက်ရှိအချိန်အထိ အကောင်းဆုံးကာကွယ်နည်းကတော့ ပုံမှန်စမ်းသပ်စစ်ဆေးပြီး စောစီးစွာ ကုသမှုခံယူရန် ဖြစ်ပါတယ်။
• ပုံမှန်စစ်ဆေးခြင်းကြောင့် ရောဂါဖြစ်ပွားနှုန်း သိသိသာသာ လျော့ကျသွားကြောင်း တွေ့ရှိရပါတယ်။
• ပုံမှန်အခြေအနေမှ မည်သည့်ပြောင်းလဲမှုမျိုးကိုမဆို စောစီးစွာသတိပြုမိပြီး ထိရောက်စွာ ကုသနိုင်ပါတယ်။
• ဒါကြောင့် သင်၏ဆရာဝန်နှင့် ပုံမှန်စမ်းသပ်စစ်ဆေးမှုခံယူပြီး စောစီးစွာ ကုသမှု ခံယူသင့်ပါတယ်။
• ကင်ဆာရောဂါအကြောင်း သိလိုသည်များကို ဆရာဝန်အား ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင် မေးမြန်းထားသင့်ပါတယ်။


သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရန်မှာ အမျိုးသမီးတိုင်း အတွက်ပါ
၁။ ဆရာဝန်နှင့် ပုံမှန်စမ်းသပ်စစ်ဆေးမှုခံယူပြီး မေးမြန်းတိုင်ပင်ပါ။
၂။ ကာကွယ်ဆေးထိုးပါ။
၃။ စောစီးစွာကုသမှုကို ခံယူပါ။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ဆေးထိုးနည်း စနစ်
၁။ (၀၊ ၁၊ ၆) လများ
• ပထမတစ်လုံး စထိုးရက်
• ဒုတိယတစ်လုံး စထိုးရက်မှ (၁) လအကြာ
• တတိယတစ်လုံး စထိုးရက်မှ (၆) လအကြာ
၂။ ကာကွယ်ဆေးထိုးရာ၌ လက်မောင်းတွင် အသားဆေး (intramuscularly) ထိုးနှံရပါမည်။
ကာကွယ်ဆေးသယ်ဆောင်ရာတွင် ရေခဲဘူး၊ ရေခဲချပ်များဖြင့် သယ်ဆောင်နိုင်ပါသည်။


သားအိမ်ခေါင်းကြည့်မှန်ပြောင်း
သားအိမ်ခေါင်းကို မှန်ပြောင်းကြည့်ခြင်းသည် သားအိမ်ခေါင်း အခြေအနေကို ကြည့်ရှုရန် အတွက် နည်းလမ်းကောင်း တစ်ခု ဖြစ်ပါသည်။ သားအိမ်ခေါင်း ကြည့်မှန်ပြောင်းတွင် ပါဝါအငယ်စား မှန်ဘီလူး ပါဝင်ပြီး မှန်ပြောင်း ကြည့်သူသည် သားအိမ်ခေါင်း၏ ပုံမှန်မဟုတ်သော နေရာများကို ရှာဖွေရန်နှင့် ဓာတ်ခွဲစမ်းသပ်ရန် အတွက် အသားစ ယူခြင်းတို့ကို အဆင်ပြေစွာဆောင်ရွက်နိုင်ရန် အထောက်အကူ ပြုပါသည်။


သားအိမ်ခေါင်း ကြည့်မှန်ပြောင်းဖြင့် စမ်းသပ် စစ်ဆေးခံမည့်သူသည် အထွေအထူး ပြင်ဆင်စရာ မလိုပါ။ စမ်းသပ်မခံမီ ဆီးသွားခြင်း၊ ၀မ်းသွားခြင်းတို့ကို ပြုလုပ်ထားပါက စမ်းသပ်စစ်ဆေးသောအခါ သက်တောင့် သက်သာ ရှိစေနိုင်ပါသည်။ စမ်းသပ် စစ်ဆေးမှု မပြုလုပ်မီ ၂၄ နာရီအတွင်း အမျိုးသမီး အင်္ဂါအတွင်းသို့ သန္ဓေတားဆေးဖျန်းခြင်း၊ အရာဝတ္ထုများ ထည့်သွင်းခြင်းနှင့် လိင်ဆက်ဆံခြင်း တို့ကို မပြုလုပ်သင့်ပါ။ ရာသီသွေးပေါ်ချိန် အတွင်း စမ်းသပ်ပါကလည်း ခက်ခဲမှုများ ရှိနိုင်ပါသည်။ သို့သော် လိုအပ်ပါက စမ်းသပ်နိုင် ပါသည်။ ကိုယ်ဝန်ရှိလျှင်ဖြစ်စေ၊ ကိုယ်ဝန်ရှိနိုင်လျှင်ဖြစ်စေ စမ်းသပ်မှုမပြုလုပ်မီ ဆရာဝန်အား ပြောပြ ထားသင့် ပါသည်။

သားအိမ်ခေါင်းကြည့် မှန်ပြောင်းကြည့်ခြင်းသည် နာကျင်မှု တစ်စုံတစ်ရာ မရှိပါ။ မှန်ပြောင်းသည် ခန္ဓာကိုယ်၏ မည်သည့်နေရာနှင့်မှ ထိတွေ့ခြင်းမရှိပါ။ သားအိမ်ခေါင်းကို ပိုမိုရှင်းလင်းစွာ မြင်စေရန် အတွက် ပြုလုပ်ပေးသော စပက်ကူလမ် (Speculum) ထည့်သွင်း ချိန်တွင် အနည်းငယ် အနေရခက်ခြင်းမျိုး ရှိနိုင်ပါသည်။ လိုအပ်၍ အသားစ ယူသောအခါ လက်မ၊ လက်ညှိုးတို့ဖြင့် ညှပ်၍ ဆွဲသကဲ့သို့ တင်းကျပ်ကျပ် ခံစားရနိုင်ပါသည်။ အသားစ ယူပြီးသောအခါ သွေးအနည်းငယ် ထွက်နိုင်ပါသည်။ အလွန် အမင်း သွေးထွက်ပါက ပုံမှန်မဟုတ်ပါ။ အသားစယူပြီး ၁ နာရီအတွင်းပတ် (Pad) တစ်ခု ရွှဲနစ်လောက်အောင် သွေးဆင်းပါက ဆရာဝန်ကို ချက်ချင်းပြရ ပါမည်။ သွေး ဆင်းမှု ပမာဏကို ဂရုပြုမိစေရန် အတွက် အမျိုးသမီး လစဉ်သုံး ပစ္စည်းဖြစ်စေ၊ ၄င်းနှင့်တူသောအရာများဖြစ်စေ စမ်းသပ် စစ်ဆေးပြီးနောက် ရက်အနည်းငယ် အတွင်း အသုံးမပြု သင့်ပါ။ စမ်းသပ် စစ်ဆေးနေချိန်အတွင်း အသားနာမည်ဟု မျှော်လင့်ထားသည့်အတွက် အစမ်းသပ်သပ်ခံ အမျိုးသမီးများသည် အသက်ရှူအောင့် ထားလေ့ ရှိကြပါသည်။ ဖြည်းဖြည်းနှင့်မှန်မှန် အသက်ရှူရန် အာရုံစိုက်နေခြင်းသည် ခန္ဓာကိုယ်ကို သက်သောင့်သက်သာ အနေအထားဖြစ်နေစေ ပြီး နာကျင်မှုရှိခဲ့လျှင် အနာသက်သာစေနိုင်ပါသည်။

သားအိမ်ခေါင်းကင်ဆာ ဖြစ်နေခြင်း သို့မဟုတ် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်သော အနေအထား ရှိနေခြင်းတို့ကို သိရှိရန်အတွက် သားအိမ်ခေါင်းကြည့် မှန်ပြောင်းကို အသုံးပြုခြင်းဖြစ်ပါသည်။ အများအားဖြင့် Pap Smear ပုံမှန်မဟုတ်သူများကို သားအိမ်ခေါင်းကြည့်မှန်ပြောင်းဖြင့် စမ်းသပ်စစ်ဆေးပါသည်။ လိင်ဆက်ဆံပြီး သွေးဆင်း သူများတွင်လည်း သားအိမ်ခေါင်းကြည့်မှန်ပြောင်းဖြင့် စစ်ဆေး သင့်ပါသည်။ မွေးလမ်းကြောင်း တစ်လျှောက် ဆရာဝန်မှ စမ်းသပ်စစ်ဆေးနေစဉ်အတွင်း သားအိမ်ခေါင်းတွင် ပုံမှန်မဟုတ်သော အသားစများကို စမ်းသပ်မိခြင်း (Abnormal growth)၊ မွေးလမ်းကြောင်း တစ်လျှောက် ကြွက်နို့များ ရှိနေခြင်း( Genital warts)၊ သားအိမ်ခေါင်းယောင်နေခြင်း (Cervicitis) တို့ကို တွေ့ရှိပါကလည်း သားအိမ်ခေါင်းကြည့် မှန်ပြောင်းဖြင့် ထပ်မံစစ်ဆေးနိုင်ပါသည်။

သားအိမ်ခေါင်းကြည့် မှန်ပြောင်းဖြင့် ကြည့်ရှုနေစဉ် အတွင်း သားအိမ်ခေါင်းသည် ပန်းနုရောင်ရှိပြီး ချောမွေ့သော မျက်နှာပြင် ရှိပါက ပုံမှန်ဖြစ်ပါသည်။ သားအိမ်ခေါင်းတွင် ပုံမှန်မဟုတ်သော အသားစများတွေ့ရှိပါက မှန်ပြောင်း ကြည့်ရှုနေစဉ်အတွင်း ပုံမှန်မဟုတ်သော အသားစအား အသားစယူသည့် ကိရိယာဖြင့် ယူလိုက်ပါသည်။ ထို့နောက် ၄င်းအသားစကို ရောဂါဗေဒ ကျွမ်းကျင်သူထံသို့ပို့ကာ ဓာတ်ခွဲစမ်းသပ် ကြည့်ပါသည်။ အသားစ အဖြေကိုရရှိရန် တစ်ပတ်မှ နှစ်ပတ် အထိ စောင့်ရပါသည်။ အသားစ အဖြေသည် ပုံမှန်ဖြစ်ပါက ပို့လိုက်သော အသားစတွင် ကင်ဆာဆဲလ် သို့မဟုတ် ကင်ဆာဖြစ်နိုင်သောဆဲလ် မရှိဟု ဆိုလိုပါသည်။

အသားစအဖြေသည် ပုံမှန်မဟုတ်ပါက -
(၁) သားအိမ်ခေါင်းကင်ဆာ (Cancer of cervix)
(၂) ကင်ဆာဖြစ်နိုင်သော အသားစ (Cervical dysplasia)
(၃) မျိုးပွားအင်္ဂါ ကြွက်နို့ (Cervical warts) စသည်ဖြင့် ခွဲခြား သိရှိနိုင်ပါသည်။


အသားစယူပြီးသောအခါ -
(၁) သွေးဆင်းသည့် ပမာဏများပြီး သွေးဆင်းချိန် ၂ ပတ်ကျော်လျှင်သော်လည်းကောင်း
(၂) ၀မ်းဗိုက်ပိုင်း သို့မဟုတ် မျိုးပွားအင်္ဂါတစ်လျှောက်တွင် နာကျင်ကိုက်ခဲမှုရှိလျှင်သော် လည်းကောင်း
(၃) ပိုးဝင်ခြင်း လက္ခဏာ (ဖျားနာခြင်း သို့မဟုတ် မိန်းမကိုယ်မှ အနံ့နံသောအရည်၊ ချွဲကျိသော အရည်များ ဆင်းခြင်း) ရှိလျှင်သော်လည်းကောင်း ဆရာဝန်နှင့် ချက်ချင်းပြသရပါမည်။


သားအိမ်ခေါင်းမှန်ပြောင်းကြည့်ရင်း အသားစယူခဲ့ပါက
စမ်းသပ်မှုပြီးသောအခါ တစ်ပတ်ခန့်ကြာအောင် သွေးအနည်းငယ် ဆင်းနိုင်ပါသည်။ အမျိုးသမီး အင်္ဂါအတွင်းသို့ သန္ဓေတားဆေးဖျန်းခြင်း၊ အမျိုးသမီးအင်္ဂါ အတွင်း ထည့်ရသည့် လစဉ်သုံးပစ္စည်း အသုံးပြုခြင်း၊ အမျိုးသမီး အင်္ဂါအတွင်းသို့ အဆီအနှစ်များလိမ်းခြင်းနှင့် လိင်ဆက်ဆံခြင်းတို့ကို အသားစယူပြီးနောက် တစ်ပတ်ခန့် ကြာအောင် ရှောင်ကြဉ်ရပါမည်။ အချိန်မည်မျှကြာအောင် ရှောင်ရမည်ကို ဆရာဝန်နှင့် တိုင်ပင်မေးမြန်းရပါမည်။ အိမ်သာသုံးစက္ကူ အသုံးပြုခြင်းကိုမူ ပြုလုပ်နိုင်ပါသည်။


Our Dear Readers, WE CARE YOUR HEALTH.
Yangon Health Guide is the most complete and compact guide book, for the health of you, your family and the one you love.
Now available at all branches of City Mart. So, you can get YHG easily during your shopping time.
And also available at စာပေလောက (လှည်းတန်း) ၊ စာပေလောက (၂-ပန်းဆိုးတန်း) ၊ စာပေလောက (၅-ပန်းဆိုးတန်း) ၊ စာပေလောက (၇-တောင်ဥက္ကလာ) ၊ စာပေလောက (၈-မြောက်ဥက္ကလာ)၊ ကျိုက္ကဆံ Super One၊ အင်းဝ စာအုပ်တိုက် (ပန်းဆိုးတန်း)၊ အင်းဝ စာအုပ်တိုက် (လှည်းတန်း)၊ စာပေရတနာ၊ TAB book centre၊ ရာပြည့် စာအုပ်ဆိုင်၊ အရုဏ်သစ်စာပေ (ဗိုလ်ချုပ်လမ်း)၊ အရုဏ်သစ်စာပေ (ကုန်သည် လမ်း)၊ ပြည့်ဝေကျော် စာပေ၊ အမေ့အိမ်စာပေ၊ စောဦးစာပေ၊ ၀ါးတန်း Medical Book Centre၊ စာပေဗိမာန်၊ နေစေးစာပေ၊ ခတ်သစ်စာပေ (၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းကြား)။

For further more information, please contact us by telephone or email. It is easy to get in touch with us. So, give us your feedback or let us know what we can do to help you today.
Tel: 09 - 508 4196, 09 - 49 717 919
 Yangon Health Guide - သားအိမ်ခေါင်း ကင်ဆာနှင့် သားအိမ်ခေါင်းကြည့် မှန်ပြောင်း (Colposcopy) 

No comments: