Saturday, May 11, 2013

ကြက်သားအုန်းနို့မဆလာ၊ မန်းကျည်းသီးစိမ်း ပုစွန်ငါးပိချက်၊ ပဲကြီးနှင့် ခွေးတောက်ရွက်ဟင်းချို



ဒီတစ်လအတွက် ဆရာမလမင်းမိုမိုက ဘာတွေချက်ပေးထားလည်းဆိုတော့ ကြက်လက်မောင်းသားလေးတွေ အုန်းနို့နဲ့ မဆလာနဲ့ချက်တယ်၊ ဟင်းရံအဖြစ် မန်းကျည်းသီးစိမ်းကို ပုစွန်ကျော့လေးတွေနဲ့ ငါးပိချက်လေးချက်ပြီး ဟင်းရည် သောက်အတွက်တော့ ပဲကြီးကို ခွေးတောက်ရွေက်လေးနဲ့ချက်ထားပါသတဲ့။

ဟီး ဟီး သွားရေတွေကျနေပြီဟုတ်။ ကိုယ်တော့ လိုက်ချက်ကြည့်ရင်း မြည်းလိုက်စားလိုက်နဲ့ ဟင်းလည်းကျက်ရော ဗိုက်လည်းကားရောပဲ။

ကြက်သားအုန်းနို့ မဆလာ
လိုအပ်သောပစ္စည်းများ
ကြက်လက်မောင်း ၂၀ခု (City Mart တွေမှာ ဘူးနဲ့ထုပ်ပိုးပြီးရနိုင်ပါတယ်)၊ ဆီ ငါးကျပ်သား၊ အုန်းနို့မှုန့် စားပွဲဇွန်း နှစ်ဇွန်း၊ ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ သုံးမြွှာ၊ ရှောက်ရွက် သုံးရွက်၊ ငရုတ်သီးစိမ်း ခုနှစ်တောင့်၊ ကြက်သားမှုန့် စားပွဲဇွန်း တစ်ဇွန်း၊ မဆလာ စားပွဲဇွန်း တစ်ဇွန်း၊ ငါးပိစိမ်းစား လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ပုစွန်ငံပြာရည် စားပွဲဇွန်း တစ်ဇွန်း၊ ဆား/နနွင်းမှုန့် အနည်းငယ်စီ။

ချက်ရန် ကြာမြင့်ချိန် - 20 မိနစ်

ကြက်လက်မောင်းရင်းလေးတွေကို နနွင်းမှုန့်၊ငံပြာရည်၊ကြက်သားမှုန့်၊ မဆလာ တစ်ဝက်တို့နဲ့နယ်ပြီး ၁၀မိနစ်ခန့် နှပ်ထားပါ။
အုန်းနို့မှုန့်တွေကို ရေအနည်းငယ်နဲ့ဖျော်ထားပါ။ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို တောက်တောက်စဉ်းထားပါ။
ဆီကို အပူပေးပြီး ကြက်သွန်ဖြူ/နီ တောက်တောက်စဉ်းကို ဆီသတ်ပါ။

ကြက်သွန်ဖတ်တွေ ကျွမ်းရင် ကြက်သားတွေထည့်ပါ။ အုန်းနို့ရည်နဲ့ ငါးပိစိမ်းစား အရည်ဖျော်ထည့်ပြီး ခဏချက်ပါ။
ဆီပြန်လာလျှင် ငရုတ်သီးစိမ်း၊ရှောက်ရွက်၊မဆလာ ကျန်တစ်ဝက်ထည့်မွှေပြီး ရေအနည်းငယ်ထည့်ပါ။ ရေမကျန်ဘဲ အနှစ်ပျစ်ပျစ်ရချိန်မှာ အပေါ့၊အငန်မြည်းပြီး အိုးချကာ သုံးဆောင်နိုင်ပါပြီ။

(ထမင်းပူပူနွေးနွေးနဲ့ လိုက်ဖက်တဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်။)

မန်းကျည်းသီးစိမ်း ပုစွန်ငါးပိချက်
လိုအပ်သောပစ္စည်းများ
မန်ကျည်းသီးစိမ်း ၁၅ကျပ်သား၊ ပုစွန်အသေး ၁၀သား၊ ဆီ သုံးကျပ်သား၊ ကြက်သွန်နီ တစ်ဥ၊ ကြက်သွန်ဖြူ သုံးမွှာ၊ အရောင်တင် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊ ငါးပိစိမ်းစား စားပွဲဇွန်း တစ်ဇွန်းခွဲ၊ ငရုတ်သီးစိမ်း ၁၀ - ၁၅တောင့်၊ ပုစွန်ငံပြာရည် စားပွဲဇွန်း တစ်ဇွန်း၊ ဆား/သကြား/ဟင်းခတ်မှုန့် အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် - ၂၀မိနစ်

မန်ကျည်းသီးစိမ်း အပေါ်ယံအခွံကို ဓားနဲ့ခြစ်ပြီး ရေဆေးပါ။ အဲဒီနောက် ညက်အောင် ထောင်းထားပါ။
ကြက်သွန်ဖြူ/နီတို့ကို ညက်ညက်ထောင်းပါ။ ဆီအပူပေးပြီး ဆီဆူရင် ကြက်သွန်ဖြူ/နီထောင်းထားတာကို အရောင်တင်မှုန့်ထည့်ကာ ဆီသတ်ပါ။

ကြက်သွန်ကျက်လျှင် မန်းကျည်းသီးစိမ်းတွေ ထည့်ပါ။ ငါးပိစိမ်းစားရေဖျော်၍ ထည့်ပါ။ ငံပြာရည်ထည့်ပါ။ ငရုတ်သီးစိမ်းကို ထက်ခြမ်းကွဲအောင်ထုပြီး ထည့်ပါ။

ပြီးနောက် ရေခန်းဆီပြန်အောင် ချက်ပါ။ ဆီပြန်ရင် အရသာမြည်းကြည့်ပြီး မန်းကျည်းသီးစိမ်း အကျက်လိုပါက ရေအနည်းငယ်စွက်ပါ။

ဆီပြန်အောင် ထားပြီး ပုစွန်စိမ်း၊ဆား၊သကြားဟင်းခတ်မှုန့်အားလုံးထည့်မွှေပေးပါ။

ပုစွန်အားလုံး အနီရောင်သန်းရင် ကျက်ပါပြီ။ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

(ဟင်းတချို့မှာ ငံပြာရည်ရော ဆားပါထည့်တာက ငန်ပုံအရသာမတူညီတာကြောင့်ဖြစ်ပြီး အချိုးအဆကို မိမိနှစ်သက်သလို သင့်တော်သလို ချိန်ဆထည့်ဖို့ ဖြစ်ပါတယ်။)

ပဲကြီးနှင့် ခွေးတောက်ရွက်ဟင်းချို
လိုအပ်သောပစ္စည်းများ
ပဲကြီးရေစိမ် ၂၀သား၊ ခွေးတောက်ရွက် လက်တစ်ဆုပ်ခန့်၊ဆီ နှစ်ကျပ်သား၊ ကြက်သွန်နီ တစ်ဥ၊ ကြက်သွန်ဖြူ သုံးမြွာ၊ ဆား/နနွင်း/ဟင်းခတ်မှုန့် အနည်းငယ်စီ

ချက်ရန်ကြာမြင့်ချိန် - ၂၀ မိနစ်

ဆီပူစေပြီး ကြက်သွန်နီပါးပါးလှီး၊ကြက်သွန်ဖြူထုကာ နနွင်းမှုန့် ပါလေကာမျှနဲ့ ဆီသတ်ပါ။ အတန်ငယ်ကျွမ်းရင် ပဲကြီးရေစိမ်ကို ထည့်ပါ။ ဆား၊ဟင်းခတ်မှုန့်တို့ထည့်ပြီး ရေအနည်းငယ်ထည့်ချက်ပါ။

ဈေးမှာရောင်းတဲ့ ပဲကြီးရေစိမ်က နူးညံ့ပြီးသားဖြစ်တဲ့အတွက် အကြာကြီး ချက်ဖို့မလိုပါဘူး။ ရေသင့်ရုံခန့်မှန်းထည့်ပြီး ရေဆူလို့ မိမိအလိုရှိသလောက်ကျန်ရင် ခွေးတောက်ရွက်တွေ ခတ်ပါ။ အိုးပေါ် ခဏထားပြီး ချနိုင်ပါပြီ။

(ဆိမ့်သက်သက်နဲ့ အရသာထူးကာ ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်။)

No comments: