ဗုဒ္ဓမြတ်စွာသည် လူသားတို့၏ လောကီ၊လောကုတ္တရာ နှစ်ဖြာသောအကျိုးစီးပွား
ဖြစ်ထွန်းရေးကို ရှေးရှုလျက် တရား ဒေသနာတော်များ ဟောကြားခဲ့ပေသည်။ လောကီကြီးပွား တိုးတက်ရေးအတွက်ဟောကြားခဲ့သော
ဒေသနာတော် များစွာထဲတွင်ပင် စီးပွားရေးလုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ဟောကြားခဲ့သည့်
အဆိုအမိန့်များလည်း ပါဝင် လျက်ရှိပေသည်။
ဗုဒ္ဓမြတ်စွာ၏ စီးပွားရေးဆိုင်ရာလမ်းညွှန်ချက်များဟုဆိုနိုင်သည့်
ယင်းဒေသနာတော်များသည် ပိဋကတ်တော်များတွင် အခြားသော အကြောင်းအရာများနှင့်အတူ ရောနှောတည်ရှိနေပေသည်။
ပမာဆိုရသော် စိတ်ထားစင်ကြယ်မြင့်မြတ် လာအောင် ကျင့်ကြံအားထုတ်ရေးဆိုင်ရာ ဒေသနာတစ်ရပ်တွင်ပင်
စီးပွားရေးဆိုင်ရာလမ်းညွှန်ချက်များ ထည့်သွင်း ဟောကြားခဲ့ဖူးပါသည်။
ယင်းသို့ဟောကြားခဲ့ရခြင်းသည် အကြောင်းမဲ့မဟုတ်ပါချေ။ လက်တွေ့ဘ၀တွင်
စိတ်ထားစင်ကြယ်မှုနှင့် စီးပွားဖြစ်ထွန်းမှု ဆိုသော ရလဒ်နှစ်ခုသည်
အပြန်အလှန်အားဖြင့် မှီခိုဆက်စပ်နေခြင်းကြောင့်ပင် ဖြစ်သည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့သည်
ဗုဒ္ဓမြတ်စွာ၏ စီးပွားရေးဆိုင်ရာလမ်းညွှန်ချက်တို့ကိုလေ့လာဆည်းပူးလိုသည် ဆိုပါက အခြားအကြောင်းအရာများနှင့်
စပ်လျဉ်း၍ ဟောကြားခဲ့သည့် တရားဒေသနာတော်များထဲမှ ကောက်နုတ်လေ့လာမှု ပြုကြရပေမည်။
စီးပွားရေးနှင့်ပတ်သက်သော ဒေသနာတစ်ရပ်အနေနှင့် အထူးဟောကြားမှုမပြုခဲ့သော်လည်း
စားစရာ၊ ၀တ်စရာ၊နေစရာ နှင့် ဆေးဝါး တည်းဟူသော ပစ္စည်းလေးပါးနှင့်သက်ဆိုင်သည့်
သွန်သင်ချက်များကို သုတ္တန်များစွာတွင် တွေ့ရှိရပေသည်။ အဆိုပါပစ္စည်းလေးပါးနှင့် ပတ်သက်၍
ဗုဒ္ဓဟောကြားခဲ့သည့် အဆုံးအမသြ၀ါဒများသည် အနှစ်သာရပိုင်းတွင်ကား စီးပွားရေးနှင့် ပတ်သက်သော
သွန်သင်ချက်များပင်ဖြစ်တော့သည်။
ဝိနည်းတော်
ဝိနည်းတော်သည် ရဟန်းတော်များအား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ဆေးဝါးတည်းဟူသော
ပစ္စည်းလေးပါးကို မည်သို့ သဘောထား ဆင်ခြင်သုံးဆောင်ကြရမည်ကို ပြဋ္ဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းများပင်ဖြစ်သည်။
ရဟန်းတော်များ သည် ၄င်းတို့၏ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များ ရရှိရေးအတွက် သူတစ်ပါးပေးကမ်းလှူဒါန်းမှုအပေါ်တွင်သာ
မှီခိုအားထား ရသူများဖြစ်ကြသည်။ သူတို့အနေဖြင့် လူဝတ်ကြောင်များ၏ ပေးကမ်းလှူဒါန်းမှုကို
ခံယူထိုက်သော အပြစ်ကင်းသည့်ဘ၀တစ်ခုကို တည်ဆောက်နိုင်စေရန် ရည်ရွယ်လျက် ဗုဒ္ဓမြတ်စွာက
ဝိနည်းစည်းကမ်းဥပဒေများကို ပြဋ္ဌာန်းပေးခဲ့ခြင်းဖြစ်သည်။
ဘ၀တစ်သာတာတွင် ဓမ္မကိုလေ့လာဆည်းပူးခြင်း၊ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းနှင့်
တရားဓမ္မပြန်လည်ဟောပြောပို့ချခြင်း တို့ကို အလေးထားလုပ်ကိုင်မှုသည်သာ ရဟန်းတော်နှင့်
သီလရှင်များအတွက် မှန်သောအသက်မွေးမှု (သမ္မာအာဇီဝ)မည် ပါပေသည်။
ဝိနည်းနှင့်အညီ အလှူခံယူရရှိထားသော ပစ္စည်းလေးပါးကို ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်း၊အငြင်းပွားခြင်းကင်းရှင်းစွာ
ငြိမ်းငြိမ်း ချမ်းချမ်း၊ ညီညီညွတ်ညွတ် အသုံးပြုကြစေရန် လိုအပ်သော စံသတ်မှတ်ချက်နှင့်
စည်းမျဉ်း ဥပဒေများကိုလည်း ၀ိနည်း ပိဋကတ်တွင် ဖော်ပြထားပေသည်။
ဗုဒ္ဓဘာသာ ရဟန်းတော်များသည် ဒါယကာ၊ ဒါယိကာမများထံမှ ထူးကဲကောင်းမွန်သော
လူ့အသုံးအဆောင်ပစ္စည်းများ ပေးကမ်းလှူဒါန်းကြစေရန် တောင်းဆိုပိုင်ခွင့်မရှိချေ။
ရဟန်းတော်တစ်ပါးသည် ခြိုးခြံစွာနေထိုင်သုံးဆောင်ပြီး ရောင့်ရဲတင်းတိမ်မှုရှိရမည်ဖြစ်သည်။
ပစ္စည်းလေးပါးနှင့်ပတ်သက် ၍ ရဟန်းတော်များထားရှိအပ်သော သဘောထားကို ဗုဒ္ဓမြတ်စွာက အရိယာတို့၏အစဉ်အလာ(၄)ပါးအဖြစ်
အောက်ပါ အတိုင်း လမ်းညွှန်မိန့်ကြားခဲ့ပေသည်။
(၁) ဤသာသနာ၌ ရဟန်းသည် အယုတ်အမြတ်အမှတ်မထားဘဲ မိမိရရာသင်္ကန်းဖြင့်ရောင့်ရဲ၏။
ထိုရောင့်ရဲခြင်းဂုဏ်ကို လည်း ပြောလေ့ရှိ၏။ သင်္ကန်းကိုအကြောင်းပြု၍ မသင့်လျော်သည့် ရှာမှီးမှုမပြု။သင်္ကန်းမရခြင်းကြောင့်လည်း
မတောင့်တ၊ သင်္ကန်းရ၍လည်း မက်မောတွေဝေမှုမရှိဘဲ အပြစ်ကိုသာမြင်လျက်၊ဒုက္ခဆင်းရဲခြင်းမှ
လွတ်မြောက်ရာပညာဖြင့် ဆင်ခြင် လျက်သာ သုံးဆောင်၏။ စွဲလမ်းမှုကင်းရာ ရရာသင်္ကန်းဖြင့်ရောင့်ရဲခြင်းအားဖြင့်
မိမိကိုယ်မိမိ မချီးမြှောက်သလို တစ်ပါးသူ အားလည်း ရှုတ်ချခြင်းမပြုပေ။
အကြင်ရဟန်းသည် အစွဲအလမ်းမရှိ။ ရရာသင်္ကန်းဖြင့် ရောင့်ရဲနိုင်၏။
မပျင်းမရိ၊ သတိသမ္ပဇဉ်ရှိ၏။ ဤရဟန်းကို ရှေးကျ ၍အထွတ်အမြတ်ဟု မှတ်ယူအပ်သော အရိယာတို့၏
အစဉ်အလာကို လိုက်နာစောင့်ထိန်းသော ရဟန်းဟုဆိုအပ်၏။
(၂) ဤသာသနာ၌ ရဟန်းသည် အယုတ်အမြတ်အမှတ်မထားဘဲ မိမိရရာဆွမ်းဖြင့်ရောင့်ရဲ၏။
(၃) ဤသာသနာ၌ ရဟန်းသည် အယုတ်အမြတ်အမှတ်မထားဘဲ မိမိရရာကျောင်းဖြင့်
ရောင့်ရဲ၏။
(၄) ဤသာသနာ၌ ရဟန်းသည် ဘာဝနာ၌မွေ့လျော်၏။ ကာမစ္ဆန္ဒနီဝရဏတို့ကိုပယ်မှု၌
မွေ့လျော်၏။
ထိုသို့ မွေ့လျော် ခြင်းကြောင့် မိမိကိုယ်ကို မချီးမြှောက်သလို တစ်ပါးသူအားလည်း
ရှုတ်ချခြင်းမပြုပေ။ အကြင်ရဟန်းသည် ဘာဝနာဖြင့် မွေ့လျော်ခြင်း၌ ကျွမ်းကျင်လိမ္မာ၏၊မပျင်းမရိ၊သတိသမ္ပဇဉ်ရှိ၏။
ဤရဟန်းကို ရှေးကျ၍အထွတ်အမြတ်ဟု မှတ်ယူအပ် သော အရိယာတို့၏ အစဉ်အလာကို လိုက်နာစောင့်ထိန်းသော
ရဟန်းဟု ဆိုအပ်၏။
(အင်္ဂုတ္တရနိကာယ်၊စတုက္ကနိပါတ်၊
အရိယာဝံသသုတ်)
အထက်ပါဒေသနာက ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်မှုအပေါ် ရောင့်ရဲတင်းတိမ်မှုနှင့်
ရုပ်ဝတ္ထုအသုံးအဆောင်ပစ္စည်းများကို လူသားတို့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်အဖြစ်အသုံးချရန်
အားထုတ်ကြိုးပမ်းမှုတို့အကြား ဆက်စပ်နေပုံကို ဖော်ပြထားသည်။
ဝိနည်းတော်လာ ပြဋ္ဌာန်းချက်များက တတ်နိုင်သမျှ ရုပ်ဝတ္ထုပစ္စည်းပမာဏ
အနည်းဆုံးသုံးစွဲနေထိုင်သည့် လူနေမှုဘ၀ဟန်ပန်တစ်ခုကို စံနမူနာအဖြစ်ထုတ်ဖော်ပြထားပေသည်။
ယင်းသို့သော လူနေမှုဘ၀ဟန်ပန်ကို ဖော်ဆောင်ခဲ့ရခြင်းအတွက် ခိုင်လုံသောအကြောင်းပြချက်လည်းရှိပါသည်။
ရဟန်းတော်နှင့် မယ်သီလရှင်များသည် ယင်းသို့ခြိုးခြံစွာ
နေထိုင်ကျင့်သုံးခြင်းအားဖြင့် လူ့အဖွဲ့အစည်းအတွက် ၀န်ထုပ် ၀န်ပိုးမဖြစ်စေသည့်အပြင်
သူတို့ပိုင်ဆိုင်သောအချိန်ကာလနှင့် စွမ်းအားများကို ဓမ္မတရားတော်များ သင်ယူခြင်း၊ ဘာဝနာ
ကမ္မဋ္ဌာန်းစီးဖြန်းခြင်းနှင့် အခြားသူများအား ပြန်လည်သင်ကြားပို့ချခြင်းတို့တွင် အချိန်များစွာအသုံးချနိုင်သောကြောင့်ပင်
ဖြစ်ပါသည်။ ထို့အပြင် သူတို့အနေနှင့် တတ်နိုင်သမျှ လူမှုရေးအနှောင်အဖွဲ့များဆီမှ လွတ်ကင်းစွာ
နေထိုင်နိုင်ကြသည် ဖြစ်ရာ အသက်မွေးဝမ်းကျောင်းပြုရာတွင် လူ့အသိုင်းအ၀ိုင်းက တန်ဖိုးထားသော
ဂုဏ်ပကာသနများကို ပိုင်ဆိုင်ရန် ကြိုးပမ်းအားထုတ်နေရန် မလိုတော့ပေ။
မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုက်ပြီးသော ရဟန္တာကြီးများပင်ဖြစ်စေ၊
သာသနာ့ဘောင်ဝင်ကာစ ရဟန်းတော်ပင်ဖြစ်စေ၊ ဗုဒ္ဓ ဘာသာ ရဟန်းတော်မှန်သမျှသည် ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်မှုအနည်းဆုံးနှင့်
ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းမှုလုပ်ငန်းတွင် အကောင်းဆုံး နှစ်မြုပ်လုပ်ကိုင်ရေးဟူသော မူဝါဒကိုသာ
တစ်ပြေးညီ လိုက်နာကျင့်သုံးကြရပေသည်။
ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်မှုကို စွန့်ပယ်ပြီး
အေးချမ်းစွာနေထိုင်နိုင်ရန် ရဟန်းတော်များသည် ကိုယ်ကျင့်တရားမြဲမြံမှုအပေါ် မှီခိုအားထားကြရပေသည်။
အောက်ဖော်ပြပါ ကိုယ်ကျင့်တရားအသီးသီးကို လိုက်နာစောင့်ထိန်းမှုပြုခြင်းအားဖြင့် စင်ကြယ်မြင့်မြတ်သောတရားထူးကို
မျက်မှောက်ပြုစေနိုင်ပါသည်။
(၁)
ကိုယ်နှုတ်မလွန်ကျူးခြင်း (ပါတိမောက္ခသံဝရသီလ)
ရဟန်းတော်များ လိုက်နာကျင့်သုံးရန်
ဘုရားရှင်ချမှတ်ပေးခဲ့သော စည်းကမ်း(ပါတိမောက္ခ)ဘောင်အတွင်းနေထိုင်ခြင်း၊ တားမြစ်ထားသောအပြုအမူများကို
ရှောင်ကြဉ်ပြီး ညွှန်ပြထားသော အပြုအမူများကို လိုက်နာကျင့်သုံးခြင်း၊ တရားဓမ္မ ကျင့်ကြံအားထုတ်ရာတွင်
သတ်မှတ်ထားသော စည်းကမ်းများကို လုံ့လစိုက်ထုတ် လိုက်နာကျင့်သုံးခြင်းပင်ဖြစ်သည်။ ဤသီလကို
‘သဒ္ဓါ’ အားဖြင့် ပြည့်စုံစေနိုင်ပါသည်။
(၂)
ဣနြေ္ဒများကိုစောင့်စည်းခြင်း (ဣန္ဒြိယသံဝရသီလ)
ရူပါရုံ၊သဒ္ဒါရုံ၊ဂန္ဓာရုံ၊ရသာရုံ၊ဖောဋ္ဌဗ္ဗာရုံ၊
ဓမ္မာရုံဟူသော အာရုံခြောက်ပါးထဲမှ တစ်ပါးပါးကိုတွေ့ကြုံခံစားရသောအခါတွင် နှစ်သက်ခြင်း၊
မနှစ်သက်ခြင်း၊တွယ်တာမက်မောခြင်း၊ရွံရှာစက်ဆုပ်ခြင်းဟူသော အကုသိုလ်စေတသိတ်များ ဖြစ်ခွင့်မပေး
ဘဲ မိမိစိတ်ကိုမိမိစောင့်ထိန်းရပေသည်။ ဤသီလကို ‘သတိ’ အားဖြင့် ပြည့်စုံစေနိုင်ပါသည်။
(၃)
အသက်မွေးမှု စင်ကြယ်ခြင်း (အာဇီဝပါရိသုဒ္ဓိသီလ)
မှားယွင်းသောအသက်မွေးမှုကို ရှောင်ကြဉ်ပြီး
ရိုးသားမှန်ကန်စွာ အသက်မွေးမှုပြုကြရသည့် ရဟန်းတော်များအနေနှင့် ဈာန်တရား၊ မဂ်တရားတို့ကို
အမှန်မရရှိဘဲ ရရှိသယောင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကြွားဝါခြင်းမပြုရပေ။
ဖျားနာခြင်းမရှိဘဲ အထူးကောင်းမွန်သော စားဖွယ်ဘောဇဉ်တို့ကိုအလှူခံခြင်း၊ တပည့်ဒါယကာများထံမှ
ပေးကမ်းလှူဒါန်းမှု ကို မျှော်ကိုးကာ အဆန်းတကြယ် အံ့ဖွယ်ကျင့်စဉ်များ ကျင့်ကြံအားထုတ်ခြင်းတို့မှ
ရှောင်ကြဉ်ရသည်။
ကိုးကွယ်ဆည်းကပ်သူများအား မျက်နှာလိုမျက်နှာရလုပ်ခြင်း၊
မိမိအားလှူဒါန်းပါစေကြောင်း စကားရိပ်သန်းပြခြင်း၊ အနိုင်ကျင့်ခြိမ်းခြောက်အလှူခံခြင်း၊
မိမိက နည်းနည်းစွန့်ကြဲပြီး သူတစ်ပါးထံမှများများရယူဖို့ မျှော်ကိုးလျက် အလဲအလှယ်ပြုခြင်းတို့ကိုလည်း
ရှောင်ကြဉ်ရ၏။ ဤသီလကို ‘၀ီရိယ’ အားဖြင့် ပြည့်စုံစေနိုင်ပါသည်။
(၄)
ပစ္စည်းလေးပါးကို သင့်လျော်သောအကြောင်းအားဖြင့် ပညာနှင့်ဆင်ခြင်ကာ မှီဝဲသုံးဆောင်ခြင်း
(ပစ္စယသန္နိဿိတသီလ)
ပစ္စည်းလေးပါးကို အလိုဆန္ဒအလျောက် အသုံးပြုခြင်းထက်
ယင်းတို့၏စစ်မှန်သော အသုံးဝင်မှုနှင့်တန်ဖိုးတို့အား သတိပြု ဆင်ခြင်သုံးဆောင်ခြင်းဖြစ်သည်။အစာရေစာသုံးဆောင်ချိန်တွင်
ရဟန်းတို့သည် ယင်းအစာရေစာတို့၏ အရသာကို ခံစား ရန်မဟုတ်ဘဲ အဟာရဖြစ်ထွန်းခြင်းအားဖြင့်
ဓမ္မကိုကောင်းစွာ လိုက်နာကျင့်သုံးနိုင်ရန်သာဖြစ်ကြောင်း ပညာဖြင့် ဆင်ခြင် နှလုံးသွင်းမှု
ပြုကြရသည်။ ဤသီလကို ‘ပညာ’ အားဖြင့် ပြည့်စုံနိုင်စေပါသည်။
အိမ်ယာထူထောင်
လူတို့ဘောင်ဝယ်
ဗုဒ္ဓမြတ်စွာ၏ သွန်သင်ချက်အတော်များများသည်
ရဟန်းတော်များအတွက် ရည်ရွယ်ဟောကြားခဲ့ခြင်းဖြစ်ပေသည်။ အိမ်ရာထူထောင် လူဝတ်ကြောင်များကိုပါ
ရဟန်းတော်များနည်းတူ ၀ိနည်းသိက္ခာပုဒ်များကို လိုက်နာစောင့်ထိန်းစေ လိုသော အထောက်အထား
တစ်စုံတစ်ရာမျှ ပိဋကတ်တော်၌မတွေ့ရပေ။ ထို့အပြင် လူတိုင်း ရဟန်းနှင့် မယ်သီလရှင် များအဖြစ်
ခံယူကြရန်ကိုလည်း ဗုဒ္ဓမြတ်စွာက ဘယ်အခါကမျှ မညွှန်ကြားခဲ့ပါချေ။
ဗုဒ္ဓသည် သူ၏သံဃိကအစည်းအရုံးကို ထူထောင်ခဲ့စဉ်အခါက
မြင့်မြတ်မှန်ကန်သောလမ်းစဉ်ကို လိုက်နာကျင့်သုံးပြီး အမှီအခိုကင်းသည့် လူ့အဖွဲ့အစည်းတစ်ခုအတွက်
စံနမူနာပြအဖြစ် ဖန်တီးပေးခဲ့ပါသည်။ သံဃိကအစည်းအရုံးက ဓမ္မ ဒေသနာတော်များ ပြန့်ပွားပေးခဲ့သည်။
သံဃိကအစည်းအရုံးသည် ဓမ္မဒေသနာတော်များ ပြန့်ပွားစေခြင်းအားဖြင့် လူ့ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးကို
တစ်ဖက်တစ်လမ်းမှ အားဖြည့်ကူညီပေးခဲ့ပါသည်။ ထို့အပြင် သံဃိကအစည်းအရုံး သည် ဘ၀တစ်သက်တာပတ်လုံး
ဓမ္မတရားတော်များ လေ့လာဆည်းပူး ကျင့်ကြံအားထုတ်သွားလိုသူများအတွက် ခိုလှုံ အားထားရာလည်း
ဖြစ်စေခဲ့ပါသည်။
အရိယာသူတော်စင်များသည် သာသနာ့ဝန်ထမ်းရဟန်းတော်များ
ဖြစ်နိုင်သလို လောကီလူ့ဘောင်အတွင်း သာမန်ပုထုဇဉ် လူသားများနှင့် ရောယှက်နေထိုင်သူ လူဝတ်ကြောင်များအဖြစ်နှင့်လည်း
ရှိနေနိုင်ပါသည်။ သို့ဖြစ်ရာ ဗုဒ္ဓမြတ်စွာပြဋ္ဌာန်းပေး ခဲ့သော ၀ိနည်းဥပဒေများ၊ တစ်နည်းဆိုရသော်
ကိုယ်ကျင့်တရားများသည် သံဃာများနှင့်သာ တိုက်ရိုက်သက်ဆိုင်သည်ဟု ဆိုနိုင်သော်ငြား၊
အိမ်ရာထူထောင် လူဝတ်ကြောင်များအနေနှင့်လည်း မိမိတို့ဘ၀အတွက်အကျိုးရှိအောင် အသုံးချ၍ရနိုင်
ပါသည်။
ဗုဒ္ဓမြတ်စွာသည် ရဟန်းတော်များ၏ လူနေမှုဘ၀ကို
ပစ္စည်းလေးပါး ချို့တဲ့သည့်အကြားမှာပင် အဆင်ပြေချောမွေ့နေစေ ရန် စီစဉ်ပုံဖော်ပေးခဲ့ပါသည်။
ဤနည်းအားဖြင့် “ဘ၀ဆိုသည်မှာ ပစ္စည်းလေးပါး မပြည့်စုံစေဦးတော့၊
ချမ်းမြေ့စွာ အသက်ရှင်သန်နေထိုင်သွားနိုင်သည်” ဆိုသောအချက်ကို ရဟန်းတော်နှင့် သီလရှင်တို့၏
လူနေမှုဘ၀ဟန်ပန်က စံနမူနာပြသလျက်ရှိပါသည်။
သို့ရာတွင် လူပြိန်းအများစုမှာကား ချမ်းမြေ့ပျော်ရွှင်ပြီး
အဆင်ပြေသောဘ၀တစ်ခုကို တည်ဆောက်နိုင်ရန်မှာ ပစ္စည်း လေးပါးပြည့်စုံမှုသည် မရှိမဖြစ်လိုအပ်ချက်ဟုသာ
ထင်မှတ်နေကြလေသည်။
သားသမီးများကို ပြုစုပျိုးထောင်ရန်နှင့်
အသက်မွေးဝမ်းကျောင်း စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင်လုပ်ကိုင်နိုင်ရန် ဟူသော အကြောင်းပြချက်ဖြင့်
လူဝတ်ကြောင်တို့သည် ရဟန်း၊သီလရှင်တို့ထက်ပို၍ ရုပ်ဝတ္ထုပစ္စည်း ပြည့်စုံကြွယ်ဝဖို့ လိုအပ်သည်ဟုလည်း
ထင်မှတ်ထားကြပေသည်။ ထို့ကြောင့် ပစ္စည်းလေးပါးသည် ဘ၀၏အခြေခံ လိုအပ်ချက်အားလုံးကို ပြည့်စုံစေသည်ဟု
ယူဆမြဲယူဆလျက်သာ ရှိနေကြသည်။ အိမ်ရာထူထောင်နေထိုင်သူများအတွက် စီးပွားရေးနှင့် ပတ်သက်ပြီး
လက်တွေ့ကျကျ သွန်သင်ညွှန်ပြထားပုံများကို သုတ္တန်ဒေသနာများ၌ တွေ့ရှိရပေသည်။ ဗုဒ္ဓမြတ်စွာသည်
သက်တော်ထင်ရှားရှိစဉ် လေးဆယ့်ငါးဝါပတ်လုံး ဘ၀အခြေအနေမျိုးစုံ၊ စရိုက်မျိုးစုံရှိသော
ပုဂ္ဂိုလ်မျိုးစုံတို့ကို သူတို့နှင့် သင့်တော် အကျိုးရှိစေမည့် အဆုံးအမသြ၀ါဒများ မိန့်ကြားခဲ့ပေသည်။
အိမ်ယာထူထောင်သူများအနေနှင့် ဥစ္စာဓနကို
မည်သို့ရှာဖွေရမည်၊ မည်သို့ သိမ်းဆည်း ရမည်။ မည်သို့ သုံးစွဲ ရမည်။ ယင်းဥစ္စာဓနတို့အပေါ် မည်သို့
သဘောထားရမည်ဆိုခြင်းနှင့် ပတ်သက်၍ သုတ္တန်ဒေသနာတော်များတွင် အောက်ပါ အတိုင်း ဖော်ပြထားပေသည်။
(၁)
ရှာဖွေခြင်း
ဥစ္စာဓနများကို မတရားသဖြင့် ရယူသိမ်းပိုက်မှုမပြုဘဲ
မိမိ၏ကာယအား၊ ဉာဏအား စိုက်ထုတ်ကြိုးပမ်းရှာဖွေသင့်သည်။ ကိုယ်ကျင့်တရားနှင့် လျော်ညီသော
နည်းလမ်းဖြင့်သာ ရှာဖွေရယူသင့်သည်။
(၂)
ဂရုပြုသိမ်းဆည်းခြင်း
အခြားသော အသက်မွေးမှု စီးပွားရေးလုပ်ငန်းများတိုးချဲ့ရင်းနှီးမြှုပ်နှံရန်ဖြစ်စေ၊
နောင်အနာဂတ်ကာလတွင် ဆင်းရဲချို့တဲ့ ခြင်းမှကာကွယ်ရန် အိုစာမင်းစာအနေနှင့်ဖြစ်စေ ဥစ္စဓနကို
စုဆောင်းသိမ်းဆည်းသင့်သည်။
(၃)
အသုံးပြုခြင်း
(က) မိမိကိုယ်တိုင်နှင့် မိသားစုအကျိုးစီးပွားကို
ပံ့ပိုးရန်၊
(ခ) နောက်လိုက်ငယ်သားများ၏ အကျိုးစီးပွားနှင့်
မိတ်သင်္ဂဟများအား ဧည့်ခံကျွေးမွေးခြင်း၊ ကူညီထောက်ပံ့ခြင်းကဲ့သို့ သော လူမှုဆက်ဆံရေးကိစ္စများတွင်
ပံ့ပိုးရန်။
(ဂ) ပတ်ဝန်းကျင် စည်ပင်ဖွံ့ဖြိုးတိုးတက်ရေး
အစီအစဉ်ကဲ့သို့သော အကျိုးပြုလုပ်ငန်းများအတွက် အားပေးပံ့ပိုးရန်စသော ကိစ္စရပ်များအတွက်
ဥစ္စာဓနကို အသုံးပြုသင့်ပေသည်။
(၄)
ထားရှိအပ်သော သဘောထား
ဥစ္စာဓနပိုင်ဆိုင်မှုသည် သောကများခြင်း၊
စိုးရိမ်ပူပန် ကြောင့်ကြခြင်းတို့၏ အရင်းခံအကြောင်းတရား မဖြစ်သင့်ပေ။ ဥစ္စာဓနကပေးစွမ်းနိုင်သည့်
အကျိုးစီးပွား အစစ်အမှန်နှင့် ယင်း၏အကန့်အသတ်တို့ကို နားလည်သဘောပေါက်ရမည်။ လူ့အရည်အသွေး
ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်မှုကို ဦးတည်ရှေးရှုသော နည်းလမ်းနှင့်အညီသာ ဥစ္စာဓနကို
အသုံးပြုရန် ရည်ရွယ်သင့်ကြောင်းတင်ပြလိုက်ရပေသည်။
။
ကျမ်းကိုး - Buddhist
Economics by Ven. P.A. Payutto
ဝင်းသိန်းဦး
(ဓမ္မရံသီ၊ အမှတ် -၁၁၁၊၁၉၉၉-ခုနှစ်၊မတ်လ။)
No comments:
Post a Comment