ပြီးခဲ့တဲ့ စနေနေ့က ၈၈ မျိုးဆက်၊
ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ လူထု ဆက်ဆံရေး ဌာနက စီစဉ်ကျင်းပတဲ့
Social Media များနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ တက်ဖြစ်တယ်။ ဆွေးနွေး ဖြစ်ကြတာက
အွန်လိုင်း လူမှုရေး ကွန်ရက်တွေမှာ ရည်ရွယ်ချက် တစ်ခုနဲ့ အဖျက်အမှောင့်
လုပ်နေသူတွေကြောင့် မြန်မာပြည်ရဲ့ အွန်လိုင်းယဉ်ကျေးမှု သိပ်ညစ်နွမ်းပြီး
ပြင်ပအထိပါ သက်ရောက် ထိခိုက်လာမယ့် အန္တရာယ်ကို ဘယ်လို ကာကွယ်ကြမလဲ စုပေါင်းအဖြေ
ရှာကြဖို့ပါ။ သူတို့ရဲ့ရည်ရွယ်ချက်နဲ့ စေတနာ အင်မတန် ကောင်းတယ်။ ကျွန်တော်လည်း
သူတို့နဲ တစ်သဘောတည်း မြင်ရ၊ ခံစားရ တယ်။
တကယ်တော့ ဒီကိစ္စကို သေသေချာချာ
စုံစမ်းထောက်လှမ်း ကြည့်မယ်ဆိုရင် ပြင်ပမှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေက
အွန်လိုင်းလူမှုရေး ကွန်ရက်နဲ့ အတော်ကြီး ချိတ်ဆက် နေတယ် ဆိုတာ တွေ့ကောင်း
တွေ့နိုင်တယ်။ အွန်လိုင်းပေါ်က အဆိုးမြင် မှတ်ချက်တွေကို ကြည့်ရင် တချို့က
စနစ်ဆိုးကြီးကြောင့် ငယ်ကတည်းက အဖိအနှိပ်၊ အကွပ်အညှပ်ခံရလို့ အကောင်းမြင်စိတ်
နည်းပြီး အဆိုးမြင်စိတ်နဲ့ အားလုံးကို ဘုတော နေတာမျိုး။ သူတို့က အောက်တန်းကျကျ
ဆဲဆိုတာမျိုးတော့ မရှိဘူး။
ဒါပေမဲ့ သူတို့က နေရာတိုင်းမှာ
ဝင်ပြီး ဘုကန့်လန့်မှတ်ချက်တွေနဲ့ သူတို့ခံစားချက်ကို ထွက်ပေါက် ပေးလေ့ရှိတာက
ပြဿနာပေါ့။ သဘောထားမတူတာကို ယထာဘူတကျကျ၊ ကျိုးကြောင်းဆက်စပ်မှုရှိရှိ
ရပ်ခံတာမျိုးထက် သက်သက် ကန့်လန့်တိုက်တဲ့ သဘောပိုဆန်တယ်။
နောက်တစ်မျိုးက Follow the Crowd
အများနောက်လိုက်ပေါ့။ လူအများက အဆိုးမြင်နေရင် ဟုတ်နိုးကောင်းနိုး လိုက်ပြီး
အဆိုးမြင်တာ။ တကယ့်အဖြစ်အပျက်ကို သမိုင်းကြောင်းနဲ့ တကွ ထဲထဲဝင်ဝင် မသိဘူး။
အများယောင်လို့ လိုက်ယောင်တာ။ သူတို့နဲ့ တူရာတူရာ စုဖွဲ့ထားတဲ့ အုပ်စု
အမြင်အတိုင်း ပဲ့တင်ထပ်ပေးတာ။ အဲဒီအစုထဲမှာတောင် လူသိများထင်ရှားတဲ့ နာမည်ကျော်တွေ
ပြောရင် အကုန် Like လုပ်တာမျိုးလည်းပါရဲ့။ နာမည်ကျော် ဆိုတဲ့နေရာမှာ ကောင်းတဲ့
ဘက်ရော မကောင်းတဲ့ဘက် ရောပါတယ်။ တချို့ကျတော့ အွန်လိုင်းပေါ်မှာ အားလုံးကို ပတ်ပြီး
ပက်ပက်စက်စက် ဆဲနေတဲ့သူကို အထင်တကြီး Follow လိုက်တာ။ ကိုယ်တင်တဲ့ ပို့စ်ကျ
အဲလိုလူမျိုးက လာမဆဲအောင် မျက်နှာချိုသွေးတဲ့ သဘောပါတယ်။ ဒီအုပ်စုက ဟိုဘက်ဒီဘက်
အစွန်းနှစ်ဖက်ကို အချိန်မရွေး ယိမ်းနိုင်တဲ့ သူတွေပေါ့။
နောက်အုပ်စုကတော့ ဟိုမရောက်ဒီမရောက်
အုပ်စု။ အရာရာ သိပြီးတတ်ပြီးသား လိုလို၊ ဘယ်သူမှ သူလောက် သိပ်အသုံးမကျသလိုလို
အမြင်နဲ့ ဆရာကြီး မှတ်ချက်တွေ ဝင်ပေးတတ်သူတွေ။ အကောင့်တစ်ခုခုမှာ ရေးတဲ့
ပို့စ်တစ်ခုခုက အများစိတ်ဝင်စားနေပြီ ဆိုရင် ဒီလိုလူတွေ ဝင်လာပြီး ကိုယ်ရည်
သွေးပြလေ့ရှိတယ်။ အမှန်အကန် ငြိမ်းချမ်းရေးပြောတာ၊ ပညာရှင်ပီပီသသ ရှင်းပြတာမျိုး
မဟုတ်ဘူး။ ဘာနဲ့တူလဲဆိုတော့ ပညာရှင်တစ်ယောက် လုပ်တဲ့ ဟောပြောပွဲမှာ Q&A
ကဏ္ဍကိုစောင့်ပြီး မေးခွန်းမေးတာလည်း မဟုတ်၊ အကြံပြုတာလည်း မဟုတ်ဘဲ အချိန်ကို
ငွေနဲ့ဝယ်ထားသူတွေ ကိုမှ အားမနာ ကိုယ်ရည်သွေး တီးလုံးတွေတီးပြီး ကိုယ့်ကိုယ်ကိုယ်
ကြော်ငြာ လာထိုးတဲ့သူ တွေနဲ့ တူတယ်။ သူတို့ရဲ့ တစ်ဖက်သားကို နင်းပြီး
ကိုယ်ရည်သွေးတတ်တဲ့ ဉာဉ်က အဆိုးဆုံးပေါ့။
နောက်ဆုံးအုပ်စု ကတော့ ဒီမိုကရေစီက
ပရမ်းပတာ အထိန်းအကွပ်မဲ့ ဝါဒဆန်ဆန် ပုံပေါ်အောင် မငြိမ်မသက်မှုတွေ၊ ဆူပူမှုတွေ၊
ရန်ပွဲတွေ၊ ပဋိပက္ခ တွေဖြစ်အောင် တမင် သွေးထိုး၊ မြှောက်ပင့်၊ ရန်စ၊ အပုပ်ချ၊
ကောလာဟလ ဖြန့်၊ အောက်တန်းကျကျ ဖရုဿဝါစာ စကားလုံး အညစ်အနွမ်းတွေနဲ့
လူမှုရေးစာမျက်နှာတွေကို အိုးမဲသုတ်နေသူတွေ။ သူတို့က အန္တရာယ် အကြီးဆုံး။ သူတို့က
ဒီလိုလုပ်ဖို့ကို စနစ်တကျ လေ့ကျင့်ပေးထားတာ။ လစာ၊ ရိက္ခာ မက်လုံး အများကြီး
ပေးထားတဲ့သူတွေ။ နောက် ငယ်စဉ်ကတည်းက ဦးနှောက်ဆေးပြီး ပုံသွင်းခံထားရတဲ့ သူတွေ။
အဖွဲ့အစည်းတစ်ခုရဲ့ အထောက်အပံ့နဲ့ပဲ ထမင်းစား၊ ပညာသင်၊ အလုပ်ရ၊ ဟန်ကျနေတဲ့
သူတွေဆိုတော့ အဲဒီအဖွဲ့အစည်း ကခိုင်းရင် လူတောင်သတ်ပေးမယ့် လူမျိုးတွေ။
အဲလိုဖြစ်ခဲ့တာတွေ ရှိတယ်။ ကုန်ခဲ့တဲ့ နှစ်၂၀ သမိုင်းကိုပဲ ပြန်ကြည့်။
အဲဒီအုပ်စုကပဲ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကို အဓိကနေရာကနေ အားတက်သရော
ပါဝင်ကူညီဆောင် ရွက်နေကြတဲ့ နယ်ပယ် အသီးသီးက ကီးပလေယာတွေကို ဘက်တစ်ဖက် တစ်ခုတည်း ကနေ
ရပ်ပြီး တစ်ချိန်လုံး အပုပ်ချ၊ တိုက်ခိုက်နေကြတာ။ သူတို့က သူတို့စာမျက်နှာတွေမှာ
လူကြည့်များအောင် ပုရိသကြိုက် အညှီအဟောက် တွေနဲ့ ဆွဲဆောင်ပြီး သည်းခြေကြိုက်၊
ခံစားမှုပြင်းတဲ့ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်ဝါဒတွေ ဖြန့်ချိလေ့ရှိတယ်။
ဒီလိုလူမျိုးတွေ ကိုယ့်စာမျက်နှာ ဝင်လာပြီဆိုရင်တော့ ဘာမှပြောမနေနဲ့ တစ်ခါတည်း
ဘလော့ခ် လုပ်ပစ်လိုက်။ ဘလော့ခ် လုပ်တာက သိပ်ကြမ်းတယ်ထင်ရင် အဖက်မလုပ်ဘဲနေ။
ဒါမှမဟုတ် ပုံမှန် Delete လုပ်သွား။ အဲလောက် အချိန်မပေးနိုင်ဘူး၊ အလုပ်ရှုပ်၊
ခေါင်းရှုပ်လည်း မခံချင်ဘူး ဆိုရင်တော့ ဘလော့ခ်နည်းက အရှင်းဆုံး။ ဒါတွေက
ကြိုသိထားဖို့လိုပြီး သိထားရင် ဘယ်လို ကာကွယ်ရမယ်ဆိုတာ သိနိုင်တဲ့ ရေတိုနည်းလမ်း။
ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းနဲ့
လျော်ညီတဲ့ ချစ်စရာ ကောင်းတဲ့ အွန်လိုင်း လူမှုရေးကွန်ရက် ဖြစ်အောင်ဆိုရင်တော့
ရေရှည်စီမံကိန်း တွေနဲ့ သွားရမယ်။ ကလေးဘဝ ကတည်းက ယဉ်ကျေးပြီး နိုင်ငံကြီးသား
ပီသတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းတဲ့သူတွေ ဖြစ်ရမယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ
ဗြဟ္မစိုရ်တရားလေးပါး လက်တွေ့ကျကျ ထွန်းကားတဲ့ လူ့အဖွဲ့အစည်း နဲ့ ထိတွေ့လာတဲ့
သူတွေဖြစ်ရမယ်။ သီလ၊ သိက္ခာ၊ သမာဓိ၊ ရိုးဖြောင့်မှုရှိတဲ့ လူတွေနဲ့
ပုံမှန်ဆက်ဆံလာတဲ့ သူတွေ ဖြစ်ရမယ်။ ပညာနဲ့တူတဲ့ ပညာရေးကို သင်ကြားခဲ့ပြီးတဲ့
ပညာတတ်နဲ့တူတဲ့ ပညာတတ်တွေ ဖြစ်ရမယ်။ ပြည်သူ့ နီတိလို့ပြောရမယ့် Civic Education
ကို မဖြစ်မနေ သင်ခဲ့တဲ့သူတွေ ဖြစ်ရမယ်။ အဲလိုသင်ခဲ့ဖို့အတွက် မူလတန်းကနေ
တက္ကသိုလ်အထိ သင်ရိုးညွှန်းတမ်း အားလုံးမှာ ထည့်ရမယ်။ အစိုးရရှိနေမှန်း ကို မသိရတဲ့
အစိုးရမျိုး အုပ်ချုပ်တဲ့ နိုင်ငံမျိုးမှာ နေထိုင်တဲ့သူ တွေ ဖြစ်အောင်လုပ်ရ မယ်။
ပြောချင်တာက ပိုပြီး ပိုပြီး ယဉ်ကျေးတဲ့ လူ့ဘောင်အဖွဲ့ အစည်းဖြစ်အောင်
ကိုယ်တတ်နိုင်တဲ့ နေရာကနေ ဝိုင်းတည်ဆောက်ကြဖို့ပါ။
မကြာသေးခင် ရက်ပိုင်းက မြန်မာနိုင်ငံ
လာသွားခဲ့တဲ့ Google အမှုဆောင် ဒုတိယ ဥက္ကဋ္ဌက မြန်မာနိုင်ငံ ရဲ့ အင်တာနက်သုံးစွဲမှု က
အန္တရာယ် ရှိနေကြောင်း သုံးသပ် သွားခဲ့တယ်။ မှန်ပါတယ်။ ပွင့်လင်း မြင်သာမှု
လုံးဝမရှိခဲ့ တဲ့အပြင် သတင်း လွတ်လပ်ခွင့် မရှိဘဲ အရာရာ ထိန်းချုပ် ခံထား ခဲ့ရတဲ့
လူ့အဖွဲ့အစည်းတစ်ရပ် အတွက် ကိုယ်ဘယ်သူ ဘယ်ဝါဖြစ်ကြောင်း အမှန်အတိုင်း ထုတ်ဖော်ဖို့
မလိုဘဲ ကိုယ့်စိတ်ခံစားမှု ရှိတဲ့အတိုင်း အထိန်းအကွပ်မရှိ ပြောဆို၊ ရေးသား၊
ဖြန့်ဝေခွင့်ရနေတဲ့ အွန်လိုင်းပေါ်မှာ အာဏာရှင်စနစ် တစ်လျှောက်လုံး မျိုသိပ်
အောင့်အည်းလာသမျှ ဖွင့်အန်လာကြတယ်။
ဒါကြောင့် စိတ်ခံစားချက်တွေ၊
တေးမှတ်ထားတာတွေ၊ မကျေနပ်ချက်တွေ၊ ဒေါသတွေ ပေါက်ကွဲထွက်လာ တာပေါ့။ အကြောင်း၊
အကျိုးသဘောနဲ့ ဆင်ခြင်ကြည့်ရင် နားလည်ပေးနိုင်တဲ့ အခြေအနေပါ။ ဒါပေမဲ့ အခြေခံသဘောအရ
သည်းခံ ခွင့်လွှတ်တတ်တဲ့ မြန်မာပြည်သူ လူထုထဲမှာလည်း လူအမျိုးမျိုး၊ စိတ်အထွေထွေ၊
ကိုယ်စားပြုအဖွဲ့အစည်း အသီးသီးရှိကြတော့ တချို့နေရာတွေမှာ အလွန်အကျွံ ပြောဆိုတာ၊
အစွန်း ရောက်လှုံ့ဆော် သွေးထိုးတာတွေလည်း မြင်လာရတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်
ပဋိပက္ခ၊ လက်ပံတောင်းတောင် စီမံကိန်း၊ မိတ္ထီလာအရေး ကိစ္စတွေမှာ ဘာသာရေး၊ လူမျိုးရေး
အကြောင်းပြုပြီး အွန်လိုင်းပေါ်က လူမှုရေးကွန်ရက်တွေက တစ်ဆင့် တစ်ဖက်နဲ့တစ်ဖက်
ပြင်းပြင်းထန်ထန် စွပ်စွဲတိုက်ခိုက် ခဲ့ကြတယ်။ အဲဒီကွန်ရက် တွေကနေ ပြင်ပနဲ့ပါ
ချိတ်ဆက်ပြီး အကြမ်းဖက်မှုတွေ ကျူးလွန်လာတဲ့အထိ အတင့်ရဲလာခဲ့တယ်။
ပြီးခဲ့တဲ့လပိုင်းက “ဥပဒေအထက်မှာ
လွှတ်တော်ရှိနေသလား” ဆိုတဲ့ စကားနဲ့ အွန်လိုင်းပေါ်မှာ ပြည်ထောင်စုလွှတ်တော်ကို
ဂုဏ်သိက္ခာကျဆင်း အောင် တမင်ရည်ရွယ်ချက်နဲ့ မထေမဲ့မြင်ပြုတယ်လို့ ယူဆပြီး
ဒေါက်တာဆိတ်ဖွား ဆိုသူ ဘလော့ဂ်ဂါ တစ်ဦးကို ပြည်ထောင်စုအဆင့် ကော်မရှင်တစ်ရပ်
ဖွဲ့စည်းပြီး စုံစမ်း၊ စစ်ဆေး၊ ဖော်ထုတ်ခဲ့တယ်။ တစ်နေ့ကပဲ အဲဒီဆိတ်ဖွားဆိုသူ ဘယ်သူ
ဘယ်ဝါဖြစ်ကြောင်း ကော်မရှင်က ဖော်ထုတ်နိုင်ခဲ့တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဖြစ်သူရဲ့
အဆိုအရ သိရတယ်။ အဲဒီ ဆိတ်ဖွားဆိုသူ (ဒါမှမဟုတ်) အဖွဲ့ဆိုတာ တကယ်တော့
ပြည်ထောင်စုလွှတ်တော်တင် မကဘူး၊ နယ်ပယ်အသီးသီးက လူထုအသိအမှတ်ပြု ခေါင်းဆောင်တွေ၊
အစိုးရနဲ့ အတိုက်အခံပြုနေသူလို့ သူ (သို့မဟုတ်) သူတို့ ယူဆထားသူတွေ၊ မီဒီယာလောကထဲက
နာမည်ရ သတင်းစာဆရာတွေ ကိုလည်း ပုဂ္ဂိုလ်ရေး အပုပ်ချပြီး ပုံမှန်တိုက်ခိုက်လေ့
ရှိတယ်။
လူမှုရေးကွန်ရက်များ ပေါ်က အဲလို
အစွန်းရောက် ဆဲဆို၊ ပုတ်ခတ်၊ သွေးထိုး၊ လှုံ့ဆော်နေသူတွေရဲ့ မှတ်ချက်တွေကို
စဉ်ဆက်မပြတ် ဖတ်ကြည့်ရင် လေသံနဲ့ အခြေခံသဘောထားတွေ တူနေတာကို တွေ့လိမ့်မယ်။
အခြားတစ်ဖက်မှာလည်း အတိုက်အခံ ဒါမှမဟုတ် အစိုးရဆန့်ကျင်သူလို့ ဆိုရမယ့် ဘက်မှာလည်း
ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်း ဖုံးကွယ်ထားသူတချို့က သူတို့ ကြည်ညိုလေးစားသူကလွဲလို့
အစိုးရ၊ တပ်မတော်၊ ခရိုနီလုပ်ငန်းရှင်၊ အစိုးရနဲ့ နီးစပ်သူလို့ သူတို့ယူဆထားတဲ့
လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အားလုံးကို လူမှုရေးကွန်ရက်တွေက တစ်ဆင့် အမြဲ အပုပ်ချ၊
စွပ်စွဲတိုက်ခိုက် နေတယ်။
မြန်မာနိုင်ငံရဲ့လက်ရှိ လူမှုရေး
ကွန်ရက် အသုံးပြုသူတွေကို ကျင့်ဝတ် စည်းကမ်းချိုးဖောက်သူ၊ အစွန်းရောက်မျိုးချစ်၊
အာဏာရှင်စနစ်ကို လိုလားသူ၊ ကိုယ်ကျိုးစီးပွား ပျက်စီးမှာကို စိုးရိမ်နေသူ တွေက
သည်းခြေကြိုက်စကားလုံး၊ ရုပ်ပုံ တွေနဲ့ ဆွဲဆောင်စည်းရုံးပြီး ဘာသာရေး၊ လူမျိုးရေး
ပဋိပက္ခတွေ ဖန်တီးဖို့ ကြိုးစားနေတယ်။ လူထုချစ်ခင်လေးစားမှု ထူးထူးကဲကဲ ရထားသူတွေ၊
နယ်ပယ်အလိုက် ထင်ရှားကျော်ကြားသူတွေကို ပုဂ္ဂိုလ်ရေး သွားပုပ်လေလွင့် သတင်းတွေလွှင့်ပြီး
စနစ်တကျ အုပ်စုဖွဲ့ အကွက်ချ တိုက်ခိုက်တယ်။ ဆိုက်ဘာတိုက်ခိုက်မှု တွေနဲ့
အနှောင့်အယှက် ပေးတယ်။ နဂိုမူလကတည်းက ခံစားချက်၊ နာကြည်းချက်၊
မျိုသိပ်အောင့်အည်းမှု များနေတဲ့ မြန်မာပြည်သူ အများစုက အဲဒီအုပ်စုရဲ့
အောက်လမ်းနည်းနဲ့ ဆွဲဆောင် လှုံ့ဆော်မှုတွေ နောက်ကို အသိမဲ့ ပါသွားတတ်တယ်။
အဲဒီမှာတင် မြန်မာနိုင်ငံသား အများစု
သုံးနေတဲ့ Facebook လို လူမှုရေးကွန်ရက်တွေမှာ အနီရောင်တွေ သိပ်လွှမ်း ထားသလို
သွားတာပဲပေါ့။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းခါစမှာ
အပြောင်းအလဲကို မလိုလားသူတို့တွေရဲ့ အခုအခံတွေ ကြုံရတတ်စမြဲပါ။ အဲအခုအခံတွေက
နေရာမျိုးစုံက နည်းမျိုးစုံနဲ့ လာနိုင်တယ်။ လွှတ်တော် အတွင်း၊ အစိုးရအဖွဲ့အတွင်း၊
နိုင်ငံရေးပါတီတွေ အတွင်း၊ တပ်မတော်အတွင်း၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အတွင်း၊
ခရိုနီများအတွင်းနှင့် ယုတ်စွအဆုံး ပြည်သူလူထု အတွင်းမှာလည်း ရှိနေနိုင်တယ်။
မြန်မာနိုင်ငံမှာ ကုန်ခဲ့တဲ့ ၂နှစ် တာကာလအတွင်း ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေ၊
ပဋိပက္ခတွေ၊ အကြမ်းဖက်မှု တွေ၊ သွေးထွက်သံယိုမှု တွေနဲ့ လူမှုရေးကွန်ရက်တွေ ပေါ်က
တစ်ဆင့် သွေးထိုးလှုံ့ဆော်မှုတွေကို ကြည့်ရင် တစ်စုံတစ်ရာ ဆက်စပ်မှု ရှိနေနိုင်တယ်။
သူတို့နောက်ကွယ်မှာ ငွေကြေးအင်အား
တောင့်တောင့်တင်းတင်းနဲ့ စနစ်တကျ လေ့ကျင့်ထားပြီး အကွက်ကျကျ လှုပ်ရှားနေကြတယ်လို့
ယူဆနိုင်တယ်။ အွန်လိုင်း အသုံးပြုနေကြတဲ့ မြန်မာနိုင်ငံသားတို့ အနေနဲ့
လူမှုကွန်ရက်တွေ အပေါ်မှာ မိမိကိုယ်ကိုယ် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း
ရိုးရိုးဖြောင့်ဖြောင့် ထုတ်ဖော်မထားဘဲ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့
ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အကောင်အထည် ဖော်နေကြသူတွေအကြား နားလည်မှု
လွဲမှားစေမယ့် ယဉ်ကျေးမှု အဆင့်နိမ့် စကားလုံးတွေနဲ့ အောက်တန်းကျကျ
တိုက်ခိုက်နေသူတွေနဲ့ သူတို့မှတ်ချက်တွေကို လက်ခံတာ၊ အသိအမှတ်ပြု တာ၊၊
သူငယ်ချင်းဖွဲ့တာ၊ ထပ်မံမျှဝေတာမျိုး မလုပ်ခြင်း အားဖြင့် ဒီမိုကရေစီနဲ့
ထိုက်တန်တဲ့ နိုင်ငံကြီးသားတွေအဖြစ် ပြသကြဖို့ အကြံပြု တိုက်တွန်းပါရစေ။
(အံ့ဟိန်း)
|
Credit:
The Voice Weekly Journal
No comments:
Post a Comment