Friday, May 17, 2013

ထေရ၀ါဒသည် တစ်ကိုယ်ကောင်းဝါဒလော


ဗုဒ္ဓသာသနာတွင် ထေရ၀ါဒနှင့် မဟာယာနဟူ၍ ဂိုဏ်းကွဲကြီးနှစ်ခုက သိသာထင်ရှားစွာ တည်ရှိနေပေသည်။အနောက်တိုင်းသားတို့သည် ယင်းဂိုဏ်းကွဲကြီးနှစ်ခု၏ ပိဋကတ်ကျမ်းစာတို့အနက် မဟာယာနကျမ်းစာတို့နှင့်သာ ဦးစွာတွေ့ထိမှုရှိခဲ့သည်။ ထို့အပြင် မဟာယာန၀ါဒ သည် အနောက်တိုင်းသားတို့၏ မူလဘာသာအယူဝါဒနှင့် အခြေခံသဘောတရားချင်း အတော်အတန်နီးစပ်သည်ဖြစ်ရာ ကမ္ဘာ့နောက် ခြမ်းတွင် ထေရ၀ါဒထက် ဦးစွာရောက်ရှိခဲ့သလို တွင်ကျယ်မှုလည်း များစွာရှိခဲ့ပေသည်။

မြန်မာနိုင်ငံမှာကား အနော်ရထာမင်းလက်ထက်မှစ၍ မဟာယာန၀ါဒမှေးမှိန်ခဲ့ပြီး ထေရ၀ါဒက 'စံ' အဖြစ်တည်ရှိလာခဲ့သည်။ မဟာယာန အယူအချို့နှင့် မိရိုးဖလာဓလေ့ထုံးစံအချို့ကို ခံယူကျင့်သုံးမှုရှိစေကာမူ မြန်မာနိုင်ငံသား တိုင်းရင်းသားဗုဒ္ဓဘာသာဝင် အများစုကြီးမှာ မိမိ တို့ကိုယ်ကို ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအဖြစ်သာ ခံယူထားကြသည်။ သို့သော် ဒဿနစာပေကို အထုံဝါသနာကြီးစွာ လေ့လာ လိုက် စားတတ်ပြီး အနောက်တိုင်းစာပေနှင့်လည်း အတော်အတန် နီးစပ်သူတို့အနက် တချို့မှာကား မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင် ကျမ်းတတ် ပညာရှင်များရေးသားပြုစုထားသည့် ဗုဒ္ဓ၀ါဒဆိုင်ရာ သုတေသနပြုချက်များကို ဖတ်ရှုလေ့လာရင်း မိမိတို့မိရိုးဖလာ ကိုးကွယ်ခဲ့သော ထေရ၀ါဒ ဗုဒ္ဓဘာသာအပေါ် နဂိုမူလကထက် ပို၍ကြည်ညိုလေးစားကာ ဗုဒ္ဓဓမ္မ၏အနှစ်သာရကို နားလည်သဘောပေါက်သွားကြသလို အခြားတစ်ဖက်တွင်လည်း ထေရ၀ါဒဗုဒ္ဓဘာသာသည် တစ်ကိုယ်တော် လွတ်မြောက်ရေးဝါဒ၊ တစ်ကိုယ်ကောင်းဝါဒဟု ထင်မြင်ယူဆကာ ဝေဖန်ရှုတ်ချပစ်ပယ်မှု ပြုလိုသူများလည်း ရှိလာခဲ့သည်။

သူတို့၏ အဓိကအကြောင်းပြချက်မှာ ထေရ၀ါဒသည် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုရေးတည်းဟူသော တစ်ကိုယ်ရေလွတ်မြောက်မှုကို သာ အရေးတကြီးပန်းတိုင်းအဖြစ် သတ်မှတ်ထားသည်။ အများသူငါ မျက်မှောက်ပြုကြုံတွေ့နေရသော လောကီပြဿနာအထွေထွေကို ကူညီဖြေရှင်းပေးရန်ကား တာဝန်မယူလျစ်လျူရှုထားသည့် အယူဝါဒ ဖြစ်သောကြောင့်ဟုဆိုသည်။

ဗုဒ္ဓသည် ဘုရားမဖြစ်မီဗောဓိသတ္တဘ၀ဖြင့် သံသရာတွင် ကျင်လည်ကျက်စားရင်း ဖြစ်ရာဘ၀၌ သတ္တ၀ါတို့လောကီအကျိုးအတွက် စွန့် ခြင်းကြီးများစွာ စွန့်လွှတ်ခြင်းဖြင့် ပါရမီဖြည့်ကျင့်ခဲ့သည်။ နောက်ဆုံးဘ၀တွင်သာ ဗောဓိဉာဏ်ကို မျက်မှောက်ပြုပြီး ဘုရားအဖြစ်ခံယူ ခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓ၏နောက်လိုက် ဗုဒ္ဓဘာသာဝင်တိုင်းသည် လောကုတ္တရာကိစ္စဖြစ်သော ၀ိပဿနာတရား အားထုတ်ခြင်းဖြင့် ဤတစ်ဘ၀တည်းနှင့် သံသရာဇာတ်သိမ်းကာ နိဗ္ဗာန်မဂ်ဖိုလ်ကို မျက်မှောက်ပြုမည့်အစား လူသားအကျိုးပြုလောကီကိစ္စများတွင် ပါဝင် လုပ်ကိုင်ခြင်းဖြင့် ပါရမီဖြည့်ကျင့်သင့်သည်။ နောက်ဆုံးဘ၀တွင်မှ ၀ိပဿနာကိစ္စကိုပြုကာ ဘုရားအဖြစ်ခံယူရင်း လောကသားအပေါင်း ကို ကယ်တင်စောင်မသင့်သည်ဟု ယူဆကြသည်။

ပွင့်ပွင့်လင်းလင်းဆိုရလျှင် ၀ိပဿနာတရားအားထုတ်ကာ မဂ်ဖိုလ်နိဗ္ဗာန်မျက်မှောက်ပြုရေးလမ်းစဉ်ကို လိုက်နာကျင့်သုံးနေသူတို့အား တစ်ကိုယ်ကောင်းသမားဟု ယူဆကြခြင်းပင် ဖြစ်သည်။ တစ်ကိုယ်ကောင်းလမ်းစဉ်ဖြစ်သဖြင့် နိမ့်ကျသည်။ ထို့ကြောင့် ထေရ၀ါဒ ဗုဒ္ဓ ဘာသာကို ဟိန(နိမ့်ကျသော) + ယာန (လမ်းစဉ်) = ဟိနယာနဗုဒ္ဓဘာသာဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း အဓိပ္ပာယ်ဖွင့်ကြသည်။

စင်စစ်အားဖြင့် ဗုဒ္ဓ၀ါဒသမိုင်းကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာ သုတေသနပြုထားသော အရှေ့တိုင်း၊အနောက်တိုင်းသား ဗုဒ္ဓ၀ါဒ သုတေသီတို့၏ အဆိုအမိန့်တို့အားလေ့လာပါက ထေရ၀ါဒဗုဒ္ဓဘာသာလာ အယူအဆတို့သည်သာ မူရင်းပင်မဗုဒ္ဓ၀ါဒနှင့် အနီးစပ်ဆုံး ဖြစ်သည်ဆိုသည့်အချက်ကို တွေ့ရှိနိုင်ပေသည်။ အခြားသော ဗုဒ္ဓဘာသာ ဂိုဏ်းဂဏတို့သည်လည်း ဗုဒ္ဓ၀ါဒကို ခံယူကျင့်သုံးကြစေကာမူ ထေရ၀ါဒ ဗုဒ္ဓဘာသာလောက် မူရင်းပင်မ ဗုဒ္ဓ၀ါဒနှင့် မနီးစပ်သည်ကို ကမ္ဘာ့သုတေသီအားလုံးက လက်ခံထားပြီးဖြစ်သည်။ သို့ဖြစ်ရာ ထေရ၀ါဒသည် တစ်ကိုယ်ကောင်းဝါဒဟုဆိုပါလျှင် မူရင်းပင်မဗုဒ္ဓ၀ါဒသည် တစ်ကိုယ်ကောင်းဝါဒဖြစ်သည်ဟု ဆိုလိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပေသည်။

တချို့က ယနေ့ကမ္ဘာတွင် ၀ိပဿနာကို လူသိများအောင် အဖြန့်ဖြူးနိုင်ဆုံးပုဂ္ဂိုလ်ကြီးဖြစ်သည့် ဆရာကြီးဦးဂိုအင်ကာသည် သူ့ကိုယ်သူ ထေရ၀ါဒဗုဒ္ဓဘာသာဝင်ပါဟု မည်သည့်အခါကမျှ မကြွေးကြော်ခဲ့ကြောင်းဆိုကြပြန်သည်။ မှန်ပါသည်။ ဆရာကြီးသည် သူ့ကိုယ်သူ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ပါဟု မကြွေးကြော်သည့်အပြင် သူ့ဖြန့်ဝေနေသော ၀ိပဿနာသည် ဘာသာဝင်မရွေး ကျင့်သုံးနိုင်သည့် ကျင့်စဉ်သာဖြစ်ပြီး ဗုဒ္ဓ၀ါဒ၏ မူပိုင်မဟုတ်ဟုလည်းဆိုထားပြီးဖြစ်ပါသည်။ သို့သော် ဆရာကြီး ဦးဂိုအင်ကာသည် ဤ၀ိပဿနာကျင့်စဉ်ကို မည်သည့်ဆရာသမားတို့ထံမှ သင်ယူရရှိခဲ့ပါသနည်း ဆိုသည်ကိုတော့ ကျွန်ုပ်တို့လေ့လာသင့်သည်။

စာရှုသူအများစု သိပြီးဖြစ်သည့်အတိုင်း ဆရာကြီးဦးဂိုအင်ကာသည် ဤကျင့်စဉ်ကို မြန်မာနိုင်ငံမှ ၀ိပဿနာဆရာကြီး ဦးဘခင်ထံမှ သင်ယူခဲ့ရပါသည်။ ဆရာကြီး ဦးဘခင်သည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်စစ်စစ်ကြီး ဖြစ်ပါသည်။ ဆရာကြီး ဦးဘခင်၏ ဆရာမှာကား အနာဂါမ်ဆရာသက်ကြီးအမည်ရ ၀ိပဿနာတရားပြ ဆရာကြီးဖြစ်သည်။ အနာဂါမ်ဆရာသက်ကြီး၏ ဆရာကို ဆက်လက်လေ့လာ လိုက်မည်ဆိုပါလျှင် ဗုဒ္ဓသာသနာတော်တွင် ပရိယတ္တိ၊ပဋိပတ္တိအရာ၌ မြန်မာမှာသာမက ကမ္ဘာကပါလေးစားအသိအမှတ်ပြုခြင်းခံရသူ လယ်တီဆရာတော်ဘုရားကြီးပင်ဖြစ်တော့သည်။ လယ်တီ ဆရာတော်ဘုရားကြီးသည် ထေရ၀ါဒ ဗုဒ္ဓဘာသာရဟန်းတော် အရှင်သူမြတ် ကြီးတစ်ပါးဖြစ်သည်ဆိုခြင်းကိုကား အထူးတလည်ရေးသားဖော်ပြနေရန်ပင် မလိုတော့ချေ။

"၀ိပဿနာသည် ဗုဒ္ဓဘာသာ၏မူပိုင်မဟုတ်" ဟုဆိုခြင်းကို လက်ခံရမည်ဖြစ်သလို၊ ဤကျင့်စဉ်ကို နှစ်ပေါင်းနှစ်ထောင့်ခြောက်ရာနီးပါးတိုင် အောင် မပျောက်မပျက်အောင် ထိန်းသိမ်းဖြန့်ဖြူးလာသူတို့မှာ ထေရ၀ါဒ ဗုဒ္ဓဘာသာရဟန်းတော်များသာလျှင် ဖြစ်သည်ဆိုသော သမိုင်း ကြောင်းကိုလည်း လျစ်လျူရှုမထားသင့်ပါချေ။ ယခုဆိုလျှင် ဆရာကြီးဦးဂိုအင်ကာ၏ အားထုတ်မှုကြောင့် ထေရ၀ါဒဗုဒ္ဓ၀ါဒီတို့ မပျောက် မပျက်စောင့်ထိန်းခဲ့သည့် ၀ိပဿနာကျင့်စဉ်သည် ကမ္ဘာ့အလယ်တွင် တင့်တင့်တယ်ထင်ရှားစွာ ပျံ့နှံ့နေပါပြီ။

မကြာသေးသောကာလက အမေရိကန်သမ္မတ၊ကမ္ဘာ့ကွန်ပျူတာဆော့(ဖ်)၀ဲဘုရင်၊ ကမ္ဘာ့စတော့ရှယ်ယာသူဌေးကြီးအစရှိသော ကမ္ဘာ့ နိုင်ငံရေး၊ အတတ်ပညာနှင့် စီးပွားရေးထိပ်သီးကြီးတို့ တလေးတစား ဖိတ်ကြားနာယူခဲ့ရသည့် ဆရာကြီး ဦးဂိုအင်ကာ ပို့ချခဲ့သော ဟောပြောချက်များသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ နှစ်ပေါင်းထောင်ချီ၍ အစဉ်အဆက်ထိန်းသိမ်းခဲ့သည့် 'ဓမ္မ' လမ်းစဉ်မှတစ်ပါး အခြားမဖြစ်နိုင်ပေ။

ဤသို့ရေးသား တင်ပြရခြင်းသည် 'ဓမ္မ' ကိုထေရ၀ါဒ၏ မူပိုင်ပြုရန်မဟုတ်ပါ။ အကယ်၍ ထေရ၀ါဒဗုဒ္ဓဘာသာ တိမ်မြုပ်ပျောက်ကွယ်သွား လျှင်လည်း 'ဓမ္မ' ကတော့ ထာဝရတည်ရှိနေမည်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် 'ဓမ္မ' ဟူသည် လောကသဘာဝဖြစ်စဉ်ကြီးကို ဆိုလိုခြင်းကြောင့်သာဖြစ်ပါသည်။ ပုံပမာခိုင်းနှိုင်းပြရပါမူ ကမ္ဘာ့ဆွဲငင်အားသည် နယူတန်မပေါ်မီကမ္ဘာတည်ကတည်းက ရှိပြီးသားဖြစ် သလို ယခု နယူတန်မရှိတော့သည့် နောက်တွင်လည်း ရှိနေမြဲဖြစ်ပါသည်။ နယူတန်ကြောင့် ကမ္ဘာ့ဆွဲငင်အားပေါ်ပေါက်လာရခြင်း မဟုတ်ပေ။ သို့မဟုတ် နယူတန် သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးကသာ မတွေ့ရှိမဖော်ထုတ်ခဲ့ပါမူ ကျွန်ုပ်တို့သည် ကမ္ဘာမြေတွင် ဆွဲငင်အားရှိကြောင်း သိကြလိမ့်ဦးမည်မဟုတ်ချေ။

'ဓမ္မ'သည်လည်း ထိုသဘောအတိုင်းပင်ဖြစ်ပေသည်။ ဂေါတမဗုဒ္ဓမြတ်စွာ မပေါ်ထွန်းခဲ့လျှင်လည်း 'ဓမ္မ'ကတော့ ထာဝရတည်ရှိနေမည် သာ ဖြစ်သည်။ သို့သော် 'ဗုဒ္ဓ'သာမပေါ်ထွန်းခဲ့လျှင် ကျွန်ုပ်တို့လူသားထုကြီးသည် 'ဓမ္မ'ကို သိမြင်ကြရလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် 'ဓမ္မ'သည် ဗုဒ္ဓဘာသာဝင်တို့၏ မူပိုင်မဟုတ်သော်လည်း ဗုဒ္ဓ၏ကျေးဇူးကြောင့်'ဓမ္မ'ကို လူသားတို့ သိမြင်ခဲ့ရသည်ဆိုခြင်းကိုကား မမေ့ သင့်ပေ။ ထို့အတူ ဆရာကြီး ဦးဂိုအင်ကာကမ္ဘာတစ်ဝန်း ဖြန့်ဖြူးနေသော '၀ိပဿနာ'တရားသည် ထေရ၀ါဒဗုဒ္ဓဘာသာဝင်တို့က မူပိုင် လုပ်ထားသော ကျင့်စဉ်မဟုတ်သော်လည်း ထေရ၀ါဒ ဗုဒ္ဓဘာသာသည်သာ မျက်မှောက်ခေတ် တိုင်အောင် မတည်တံ့ခဲ့ပါမူ '၀ိပဿနာ' ကျင့်စဉ်သည်လည်း ယခုအခါကမ္ဘာတွင် တိမ်မြှုပ်ပျောက်ကွယ်ခဲ့ပြီး ဖြစ်မည်ဆိုသည့်အချက်မှာကား မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။

ထေရ၀ါဒကို တစ်ကိုယ်ကောင်းဝါဒ၊ တစ်ကိုယ်တော်လွတ်မြောက်ရေးဝါဒဟု ဝေဖန်ပြောဆိုနေသူတို့ကပင် -

ကမ္ဘာ့ထိပ်သီးကြီးများက အလေးအမြတ်ပြုရသည်ဆိုသော ဆရာကြီးဦးဂိုအင်ကာ၏ '၀ိပဿနာ'တရားကိုတော့ အထင်ကြီးလေးစား ပါသည်။ ဆရာကြီး၏ တရားဓမ္မသည်သာ ကမ္ဘာကြီးကို ငြိမ်းချမ်းမှုပေးစေမည့် တရား၊ ထောင်စုနှစ်သစ် ကမ္ဘာ့ရွာသားလူသားထု တစ်ရပ်လုံးအတွက် အကောင်းဆုံး၊အမွန်မြတ်ဆုံးအဖြေမှန်ဟုရေးသား ပြောဆိုနေခြင်းသည်ကား -

ဝိပဿနာကျင့်စဉ်ကို သမိုင်းအဆက်ဆက် သန့်ရှင်းစင်ကြယ်စွာ တည်တံ့နေအောင် စောင့်ရှောက်ထိန်းသိမ်းဖြန့်ဖြူးခဲ့သည့် ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ကျေးဇူးတရားကို ဂုဏ်ပြုချီးကျူးရာ ရောက်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတော့သည်။

ဝင်းသိန်းဦး
(၁၁-၅-၂၀၀၀)
(ဓမ္မရံသီ၊အမှတ်-၁၃၁၊၂၀၀၀ပြည့်နှစ်၊နိုဝင်ဘာလ)

No comments: