Sunday, May 26, 2013

ကျန်းမာရေးအမေးအဖြေလေးနှစ်ခု



အမျိုးသမီးအင်္ဂါ ပိုးဝင်တာလား (အမေး အဖြေ)

  မေး။    ။ သမီးက အသက် 25 နှစ်ပါ။ အိမ်ထောင် ရှိပါတယ် (လက်ရှိ အဝေးရောက်နေ ပါတယ်)။ လွန်ခဲ့တဲ့ တပတ်  မေလ ၁၄ ရက်နေ့မှာပဲ  သမီး ဓမ္မတာ ပြီးပါတယ်။ ဒါပေမဲ့ အခု ၄၊ ၅ ရက် ကြာပြီးမှ နောက်ထပ် သွေးထပ်ဆင်းပါတယ်။ ပုံမှန် ဓမ္မတာ လာသလိုပါပဲ။ ကိုက်ခဲတာလဲ မရှိပါဘူး။ ပြီးခဲ့တဲ့ လတွေက ပုံမှန် ဓမ္မတာ ဆင်းတုန်းက အတိုင်းပါပဲ။ အဲ့ဒါ ဘာကြောင့်ဆိုတာ သိချင်ပါတယ်။ သမီးက အခု နိုင်ငံရပ်ခြားကို ရောက်တာ မကြာသေးပါဘူး။ ဒါကြောင့် ဒီဘက်က ဆေးခန်းပြဖို့ အဆင်မပြေတာတွေ ရှိလို့ပါ။ သမီး မနှစ်လောက်က အမျိုသားနဲ့ ဆက်ဆံတဲ့အခါ တခါတလေ အနံ့ဆိုး ထွက်တတ်ပါတယ်။ ဆရာဝန်နဲ့ ပြဖူးပါတယ်။ ဆရာမ ပြောတာတော့ ပိုးဝင် တယ်လို့ ပြော ပါတယ်။ အခုတော့ ကုလို့ပျောက်နေပါတယ်။ ဒါပေမဲ့ သမီး ဆေးစစ်ချင်ပါတယ်။ အမျိုးသမီးအင်္ဂါ ပိုးဝင်လို့ ဖြစ်တတ်တဲ့ရောဂါ၊ နောက်ပြီး HIV ကူးဆက်ခံရရင် ဘယ်လို လက္ခဏမျိုး အရင်ပြပါသလဲ။ အဖုလေးတွေ ပေါက်တယ်လို့ ကြားဖူးပါတယ်။ ဘယ်လို အဖု တွေများ ပေါ်လာတတ်ပါသေးလဲ။ ဖျားသလို ကိုယ်ပူသလိုလဲ တခါတလေဖြစ်တတ်တယ်ဆိုတာ ဟုတ်ပါသလား။ ပေါက်တဲ့အဖု တွေကရော ဘယ်လိုနေရာမှာ ပေါက်တတ်ပါသလဲ။ မျက်နှာလိုနေရာမှာရော ဖြစ်တတ်ပါသလား။

ဖြေ။    ။ ၁) ရာသီလာတာနဲ့ ပက်သက်ပြီး ပြောရရင် အခုလို နိုင်ငံရပ်ခြားမှာ လာနေရတာ၊ မိသားစုနဲ့ ခွဲနေရတာ စတာတွေက စိတ်ဖိစီးမှုကိုဖြစ်စေပြီး ရာသီလာတာကို ပုံမှန်မဖြစ်စေပါဘူး။ ဒီအတွက် စိတ်မပူပါနဲ့။ နိုင်ငံရပ်ခြားမှာ နေသားကျသွားရင် အဆင်ပြေမှာပါ။ စိတ်ဖိစီးမှု တစ်ခုခုရှိနေလို့ ဖြစ်တာမျိုးပါ။

၂) အမျိုးသားနဲ့ ဆက်ဆံရင် မိန်းမကိုယ်က အနံ့ဆိုးထွက်တယ်ဆိုတာ ပိုးဝင်တာလို့ ထတစ်ချ ပြောလို့မရပါဘူး။ ဓာတ်ခွဲခန်းမှာ သွေးစစ်၊ သို့မဟုတ် အမျိုးသမီး လိင်အင်္ဂါရည်ကို စစ်ဆေးပြီးမှ အတည်ပြုပြီး ပြောလို့ ရပါတယ်။ အဖြစ်များတာကတော့ Bacterial Vaginosis လို့ခေါ်တဲ့ အနံ့ဆိုးထွက်တဲ့ ပိုးဖြစ်နိုင်ပါတယ်။ ဒီအတွက် ကြောက်စရာမလိုပါဘူး။ မိန်းကလေးတိုင်းမှာ ဖြစ်တတ်ပါတယ်။ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြပြီး ဆေး ၁ ပတ်လောက်သောက်ရင် ပျောက်ပါတယ်။

၃) HIV ကူးစက်ရင် ဘာလက္ခဏာမှ သိသိသာသာ မပြပါဘူး။ ပိုးကူးစက်ခံရပြီး ၁ ပတ် ၂ ပတ်မှာတော့ တုန်ကွေးဆန်ဆန် ဖျားနာတာမျိုး ဖြစ်တတ်ပါယ်။ ဒါကို အတော်များများ သတိ မထားမိတတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ခုခံအားက အဲဒီအချိန်မှာ ကောင်းနေလို့ပါ။ ခုခံအားကောင်းနေသရွေ့ ဘာလက္ခဏာမှ မပြပါဘူး။ နှစ်နဲ့ချီပြီး သာမန်လူလိုပဲ နေနိုင်ပါတယ်။ ခုခံအား ကျခဲ့ရင်တော့ ရေယုံ၊ မက်ခရု စတာတွေပေါက်မယ်၊ ကာလ အတန်ကြာ ၀မ်းလျောမယ်။ ပိန်လာမယ်၊ ကာလအတန်ကြာ ချောင်းဆိုးမယ်။ အရေပြားမှာ ကူးစက်ရောဂါလေးတွေရှိလာမယ်။ မိန်းမကိုယ်မှာ အနာလေးတွေပေါက်လာမယ်။ မိန်းမကိုယ်မှာ အဖုပေါက်တာက အတိအကျ မရှိပါဘူး။ ရောဂါသည်က ခုခံအားကျလာတော့ သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ ရောဂါပိုးကို မူတည်ပြီး ရောဂါရကြတာပါ။ မျက်နှာမှာလည်း အဖူရယ်လို့ သီးသန့် မထွက်ပါဘူး။ ဒါပေမယ့် ရောဂါကျွမ်းတဲ့ အဆင့်ဆိုရင်တော့ အဖုတွေ ထွက်တတ်ပါတယ်။ အလွန်ဆိုးဝါးတဲ့ အခြေအနေမှပါ။

ဒီလောက်ဆို ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်
လမင်းကို


CD4 စစ်ချင်တာ (အမေးအဖြေ)

မေး။ ။ သမီး CD4 အကြောင်း သေချာ သိချင်လို့ ပါ။ ဘယ်လို အခြေအနေမျိုးမှာ စစ်ရမယ်ဆိုတာ သေချာ သိချင်ပါတယ်။ မစစ်ခင် ဆောင်ရန်ရှောင်ရန်တွေပါ သိချင်ပါတယ်။ ပင်ပမ်းနေတဲ့ အချိန်၊ အိပ်ရေး ပျက်ထားတဲ့ အချိန်၊ ခရီးသွားရတဲ့ အချိန်တွေမှာ စစ်မိရင် အဖြေက မှန်နိုင်ပါ့မလား။ စိုးရိမ်ရမယ့် အခြေအနေဆိုရင် ဘယ်လောက်မှာ ရှိပါသလဲ။ တကယ်လို့ များ Non reactive ဆိုရင်ကော စစ်ကြည့်လို့ ရပါသလား CD-4 ဘယ်လောက် ရှိနိုင်ပါသလဲ။

ဖြေ။ ။ CD4 စစ်တာ မပြောပြခင်မှာ CD4 ဆိုတာဘာလဲ အရင် ပြောပေးပါမယ်။

CD4 ဆိုတာ ဘာလဲ???
CD4 ဆိုတာ လင်ဖိုဆိုက် (Lymphocytes) လို့ခေါ်တဲ့ သွေးဖြူဥ တစ်မျိုးဖြစ်ပြီး ကိုယ်ခန္ဓာ အတွက် ရောဂါ ပိုးမွှားတွေကို တိုက်ခိုက်ပေး ခုခံအား စနစ်မှာ ပါတဲ့ သွေးဖြူဥ တစ်မျိုးဖြစ်ပါတယ်။ လူတိုင်းမှာ CD4 ရှိပါတယ်။ သာမန်အားဖြင့် သွေးတစ်စက်မှာ CD4 cell အရေအတွက် ၅၀၀ မှ ၁၅၀၀ ကြား ရှိနိုင်ပါတယ်။ CD4 အရေအတွက် နည်းနေတယ်ဆိုတာ ကိုယ်ခံအား ကျတာကို ပြသပါတယ်။ အထူးသဖြင့် HIV ပိုးရှိသူတွေမှာ CD4 စစ်ဆေးခြင်းဟာ ကိုယ်ခံအားကို သွယ်ဝိုက်သော နည်းနဲ့ တိုင်းတာခြင်း တစ်မျိုးပါ။ လူတစ်ဦးနဲ့ တစ်ဦး လိုက်ပြီး အရေအတွက် ကွဲပြားနိုင်ပါတယ်။

ဘယ်အချိန်မှာ CD4 ကို စစ်လေ့ရှိသလဲ?????
ဆရာဝန်တွေက သာမန်လူတိုင်းကို CD4 စစ်ခိုင်းလေ့ မရှိပါဘူး။ အထူးသဖြင့် HIV positive လူနာတွေကိုသာ CD4 cell count (အရေအတွက်)ကို စစ်ခိုင်းလေ့ရှိပါတယ်။

ရည်ရွယ်ချက်တွေကတော့
၁) HIV positive လို့ စသိခါစမှာ ပထမဆုံး အကြိမ်အနေနဲ့ ကြမ်းခင်း ပမာဏ အဖြစ် မှတ်သားရန်
၂) ART ဆေး သောက်ရန် လို/မလို ဆုံးဖြတ်ရန်
၃) ART ဆေး စသောက်ခါစ လူနာမှာ ကြမ်းခင်း ပမာဏ CD4 အရေအတွက် မှတ်သားရန်
၎) ပုံမှန်အားဖြင့် ခုခံအားစနစ်ကို မှန်းဆသိရှိရန် ၃ လ (သို့) ၆ လ တစ်ကြိမ် စစ်ဆေးရန်

စစ်လို့ရတာတဲ့ CD4 count က ဘာအတွက် အသုံးဝင်သလဲ???
CD4 အရေအတွက်က ၃၅၀ အောက် ရောက်နေရင်တော့ HIV positive လူနာတွေမှာ ART ကုထုံး လိုအပ်တယ်လို့ သတ်မှတ်ပါတယ်။ ၃၅၀ အထက် ရှိနေသေးရင်တော့ ဆေးကုဖို့ မလိုသေးပါဘူး။

ဘယ်လို အခြေအနေတွေက CD4 အရေအတွက်ကို ပြောင်းလဲစေသလဲ???
လူမျိုး (ဥပမာ- တရုတ်လူမျိုးတွေမှာ အနောက်နိုင်ငံသားတွေထက် CD4 နည်းတတ်ပါတယ်)
- ဖျားနာခြင်း၊
- သွေးစစ်တဲ့အချိန် (နေ့/ည)
- ဆေးလိပ်သောက်ခြင်း
- စိတ်ဖိစီးမှုများခြင်း
- ဓာတ်ခွဲခန်းက ယူလိုက်သော သွေးနမူနာ ... စတဲ့ အချက်တွေက CD4 အရေအတွက်ကို ပြောင်းလဲစေပါတယ်။
ဒီလောက်ဆို ကျေနပ်မယ်လို့ မျှော်လင့်မိပါတယ်။
လမင်းကို

No comments: