Sunday, May 19, 2013

ကျန်းမာရေးအမေးအဖြေအချို့



PLH တစ်ယောက်ရဲ့ ယားယံသည့်နေရာအား လက်အိတ် မပါပဲ ပွတ်သပ် ပေးရုံဖြင့် HIV ကူးစက်နိုင်ပါ သလား
မေး။    ။ အိပ်အိုင်ဗွီ ရောဂါရှိသူအား ပြုစုရာတွင် ထိုသူ၏ အသားအား ထိတွေ့ ကိုင်တွယ်ပေးပီး ယားယံသည့်နေရာအား မိမိ၏ လက်ဖြင့် ပွတ်သပ်ပေးခဲ့ ပါသည်။ ထို့နောက် ချီပိုးပေးခြင်း၊ နေရာရွှေ့ပြောင်းပေးခြင်း များ ပြုလုပ်ပေးပီး လက်ဆေးရန် မေ့ခဲ့ပါသည်။ လက်အိတ်လည်း အသုံးမပြု မိခဲ့ပါ။ မိမိ၏ မိသားစုဝင် ဆွေမျိုးဖြစ်သောကြောင့် ခဏတဖြုတ်ပေပဲလေဟု ဆိုကာ ဒီတိုင်းနေပီး သတိလက်လွတ် မိမိ၏နှာခေါင်း ယားယံမှုအား ပွတ်သပ် မိခဲ့ပါသည်။ ထို့နောက် မိမိနှာခေါင်း ယားယံလာသဖြင့် ခင်ပွန်းအားပြောပြခဲ့ရာ ခင်ပွန်းမှ မိမိအား စိတ်မသန့်ဖြစ်သဖြင့်၊ မိမိတွင်လည်း သားသုံးယောက် ရှိသဖြင့် ထိုပြုလုပ်မိသော အရာသည် ကူးစက်နိုင်ဖွယ် ရှိမရှိအား ဂရုဏာထားကာ ဖြေကြားပေးစေ လိုပါသည်။

ဖြေ။    ။ အိတ်ခ်ျအိုင်ဗွီ ပိုးရှိသူကို ယားယံတဲ့ နေရာကို ပွတ်သတ်ရုံနဲ့ ပြုစုပေးသူကို အိတ်ခ်ျအိုင်ဗွီ ပိုးအလွယ်တကူ မကူးစက်နိုင်ပါဘူး။ လူနာရဲ့ အရေပြားမှာ အရေပြားရောဂါ ဥပမာ- ရေယုံ၊ ပွေး၊ ၀ဲ စတာမျိုး ရှိနေ ရင်တော့ ပြုစုသူကို အရေပြား ရောဂါတွေ ကူးစက် တတ်ပါတယ်။ ဒါကလည်း ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။

လူနာရဲ့ အရေပြားမှာ ပြည်တည်နာတွေ၊ သွေးစုနာတွေ ရှိနေပြီး ပြုစုသူရဲ့ လက်မှာ အနာ (သို့) ထိခိုက် ရှနာရှိမှာသာ HIV ကူးစက်ဖို့ အခွင့်အလမ်း ရှိတာပါ။ ဒီလို အခြေအနေ မျိုးမှာတော့ လက်အိတ် သုံးသင့်ပါတယ်။

အိတ်ခ်ျအိုင်ဗွီပိုး ရှိသူတွေနဲ့ အတူနေထိုင်းခြင်းက ပိုးအလွယ်တကူ မကူးစက်နိုင်ပါဘူး။ အောက်ဖော်ပြပါ အခြေအနေတွေကြောင့် အိတ်ချိအိုင်ဗွီ ပိုးကူးစက်မှု မဖြစ်နိုင်ပါဘူး။

- ထမင်း တစ်ဝိုင်းတည်းအတူစားခြင်း
-ရေခွက်တစ်ခုတည်းကို မျှဝေ သုံးခြင်း
-အိမ်သာတစ်ခုကို မျှဝေသုံးခြင်း
-သာမန် လူနာကို ပြုစုပေးခြင်း (အေအိုင်ဒီအက်စ်အဆင့်မရောက်သေးသော လူနာ)
-တစ်ခန်းတည်း အတူအိပ်ခြင်း
-အလုပ်အတူတူလုပ်ခြင်း

အိတ်ချိအိုင်ဗွီပိုး ရှိတဲ့လူနာက အေအိုင်ဒီအက်စ် အဆင့် ရောက်နေရင်တော့ ပြုစုသူက သတိရှိရပါမယ်။
ဥပမာ - လူနာမှာ အရေပြားက ပြည်တည်နာ၊ သွေးစုနာ၊ အကြိတ်ပေါက်နာတွေ ရှိနေရင် လက်အိတ်သုံးပါ။ လူနာရဲ့ ၀တ်ပြီးသား အ၀တ်အစားတွေကိုလည်း သတိနဲ့ ကိုင်တွယ်ပါ။စနစ်တကျ လျှော်ဖွတ် သန့်စင်ပါ။

ဥပမာ - လူနာမှာ တီဘီရောဂါရှိနေရင် ပြုစုသူက နှာခေါင်းစည်းတပ်ထားရပါမယ်။ လူနာရဲ့ သလိပ်၊ သွေး၊ပြည် စတဲ့ အညစ်အကြေးတွေကို သတိနဲ့ ကိုင်တွယ် စွန့်ပစ်ရပါမယ်။ ကလေးတွေကို လူနာအနား မခေါ်ဆောင် သင့်ပါဘူး။
ဥပမာ - လူနာက ၀မ်းပျက်ဝမ်းလျှောဖြစ်နေရင် ပြုစုသူက တစ်ကိုယ်ရည် သန့်ရှင်းရေးကို အထူး ဂရုပြုရပါမယ်။ လူနာကို အစားအသောက် ပြင်ဆင်ပေးတဲ့ နေရာမှာ သန့်ရှင်းဖို့ လိုပါတယ်။

တကယ်တော့ အေအိုင်ဒီအက်စ် အဆင့် ရောက်နေတဲ့ လူနာတွေမှာ ခုခံအား အလွန်ကျဆင်းလာလို့ ပြုစုသူဆီကနေတဆင့် ရောဂါပိုးတွေ သူတို့ပြန်ပြီး ခံစားရဖွယ် ရှိပါတယ်။ ခုခံအား ကျလာတာနဲ့အမျှ ပြင်ပက ပိုးမျိုးစုံက ၀င်ရောက်ပြီး ရောဂါ ပိုဆိုးစေပါတယ်။ ဒီလို ရောဂါတွေ ခံစားရချိန်မှာ သူတို့အတွက် မိသားစုရဲ့ အပြုအစု အယုအယက အလွန် အရေးကြီးပါတယ်။ ဒီအချိန်မှာ ပြုစုသူတွေ မိသားစုတွေက ရွံရှာပြီး မပြုစုပဲ မျက်ကွယ်ပြုခဲ့ရင် ရောဂါသည်မှာ ပိုပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့တဲ့ လာပါတယ်။

မိတ်ဆွေအနေနဲ့ ရောဂါသည်ကို အခြေအနေ တစ်ခုအထိ ပြုစုပေးခဲ့တဲ့ အတွက် ဂုဏ်ယူကြောင်း ပြောပါရစေ။ ရောဂါသည်တွေ အပေါ် ကြင်နာမှုပြသခြင်းဟာ သူတို့အတွက် အသက်ရှင်သန်စေမှုကို အားဖြစ်စေပါတယ်။ အခုကိစ္စမှာ HIV ကူးနိုင်ခြေ မရှိပါဘူး။ ဒီတော့ သံသယတွေ ရှင်းပြီး နောက်တစ်ခါ ရောဂါ သည်နဲ့ ပြန်တွေ့ရင်လည်း အရင် တစ်ခေါက်လို ပြုစုပေးပါလို့ တိုက်တွန်းပါတယ်။
လမင်းကို


ပါတ်ဝန်းကျင်ကနေ HIV ကူးသလား

HIV ရှိတဲ့သူ သုံးထားတဲ့ သွေးပေချင်လည်း ပေဘူးထားမဲ့ အရာတွေကို နောက် လူက ကိုင်ရင် ကူးလားဆရာ။ HIV ပိုးရှိတဲ့သူ သုံးနေကျ ဓါးကို သုံးမိပါတယ်၊ လက်လည်း ရှသွားပြီးတော့ သွေးလည်း ထွက်ပါတယ်၊ ကူးနိုင်လား။ သူရှဘူးလားတော့ မသိပါဘူး ဆရာ။ HIV ပိုးက လေထဲမှာ ကြာကြာ အသက်မရှင်ဘူးဆို ဆရာ။

How Long Can HIV Live Outside the Body? ကိုယ်ခန္ဓာ အပြင်ဘက်မှာ HIV ဗိုင်းရပ်စ်ဟာ ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်သလဲ Transmission ကူးစက်နည်းလမ်း ပိုးရှိနေသူရဲ့ Blood သွေး၊ Semen ယောက်ျား သုက်ရည်၊ Vaginal fluid မိန်းမ ဗဂျိုင်းနား အရည်၊ Breast milk နို့ရည်၊ Saliva တံတွေး၊ သွားရည်၊ Tears မျက်ရည် (ရှားရှားပါးပါး) တွေထဲမှာ ပိုးပါနေနိုင်တယ်။ ဒီအရည် အမျိုးမျိုးဟာ တဖက်လူရဲ့ ကိုယ်ခန္ဓာ အရည်တမျိုးမျိုး (အထူးသဖြင့် သွေး) နဲ့ ထိစပ်မှုဖြစ်မှသာ ကူးစက်တယ်။

Viral Reproduction ဗိုင်းရပ်စ် မျိုးပွါးခြင်း
HIV ပိုးဟာ သက်ရှိလူရဲ့ ကိုယ်ခန္ဓာ ထဲမှာသာ မျိုးပွါးခြင်းဖြစ်နိုင်တယ်။ ကိုယ်ခန္ဓာ အပြင်ရောက်သွားရင် မျိုးပွါးနိုင်စွမ်းနဲ့ ကူးစက်နိုင်စွမ်းဟာ မိနစ် အနည်းငယ်သာ ရှိတယ်။

Survival Factors အသက်ရှင်နိုင်စွမ်းကို သက်ရောက်စေတဲ့ အကြောင်း အချက်တွေ
အပြင်မှာ ဘယ်လောက် ကြာကြာ ရှင်မလဲဆိုတာ ပိုးရောက်နေတဲ့နေရာရဲ့ အပူချိန်နဲ့ အောက်စီဂျင် အပေါ်မှာ မူတည်တယ်။ ပိုးအရေအတွက် အနည်း-အများပေါ်လဲ မူတည်သေးတယ်။ ဓါတ်ခွဲခန်းမှာ စမ်းသပ်တဲ့အခါ ၁၅ ရက်ထက် ပိုပြီး မရှင်ကြတာ တွေ့ရတယ်။ ဒီလို စမ်းသပ်တာဟာ ပိုးတွေကို လူ့ကိုယ်ထဲက အခြေအနေမျိုးတွေနဲ့ အတိအကျရှိအောင် စီမံထာတာ ဖြစ်တယ်။ တကယ်တန်း ကိုယ်ခန္ဓာ အပြင်ဘက်မှာ အဲလို အခြေအနေမျိုး ဆိုတာ ဘယ်နေရာမှာ မရှိပါ။ ဒါကြောင့် ၁၅ ရက်အထိ လုံးဝ မရှင်နိုင်ကြပါ။

Needles ဆေးထိုးအပ်
ဆေးထိုးပိုက်နဲ့ ဆေးထိုးအပ်တွေ ထဲမှာ ကြာကြာနေနိုင်ကြတယ်။ ရက်အနည်းငယ်လို့ ပြောနိုင်တယ်။ သွေးက ချက်ချင်း ခြောက်သွေ့သွားတာ မဟုတ်လို့ဖြစ်တယ်။

Environmental Contraction ပတ်ဝန်းကျင်အခြေအနေ
ဓါတ်ခွဲခန်း ထဲမှာ ပိုးတွေချည်း သပ်သပ်ထားတယ်။ ပါတ်ဝန်းကျင် သဘာဝ အခြေအနေမှာ ဒီလိုထားတာတွေက ၉ဝ-၉၉% ဟာ နာရီများစွာ ကြာရင် ခြောက်သွားတယ်။ ဒါကြောင့် လူ့ကိုယ်အပြင်ဘက် ပါတ်ဝန်းကျင်ကနေ ကူးစက်တယ်ဆိုတာ သုည လို့ပြောနိုင်တယ်။ ပိုးတွေဟာ ရိုးရိုး ရေနဲ့ ဆပ်ပြာသုံး ဆေးကြောတာ၊ အရက်ပြန်နဲ့ သုတ်တာနဲ့ သေကုန်တယ်။

Misconceptions အယူအဆမှားများ
HIV ပိုးဟာ tears မျက်ရည်၊ saliva သွားရည်-တံတွေး၊ sweat ချွေး၊ urine ဆီး၊ feces ဝမ်း နဲ့ vomit အန်ဖတ်တွေကနေ (သွေးပါမနေရင်) မကူးပါ။

Considerations သိထားပါ
HIV ပိုးဟာ အနာ-အဆာ၊ ထိခိုက်ဒဏ်ရာ၊ ကုပ်ခြစ်တာ မရှိတဲ့ အရေပြား အကောင်းထဲကို ဖေါက်ပြီးဝင်မလာနိုင်ပါ။

ဒေါက်တာတင့်ဆွေ (၆-၅-၂ဝ၁၃ )


သန္ဓေတားဆေး သောက်နေသလား (18 နှစ်ပြည့်မှ ဖတ်ပါ)

 ပရိုဂျက်စတင် (Progestin) နဲ့ အီစထရိုဂျင် (Estrogen) ဆိုတဲ့ ဟော်မုန်းနှစ်မျိုးကို ပမာဏ အနည်းငယ်စီ ထည့်သွင်းထားတဲ့ ဟော်မုန်းပါ သန္ဓေတားဆေးကို သောက်နေသူ အိမ်ထောင်ရှင် အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန် မရစေဖို့ တစ်နေ့တစ်လုံးမှန်မှန် သောက်သုံးဖို့ လိုပါတယ်။ ဒီဟော်မုန်းတွေက သားဥအိမ်ကနေ သားဥမကြွေအောင် တားဆီးပေးပါတယ်။ ဒါပေမဲ့ ဒီဆေးတွေကို သောက်တာကြောင့် လိင်ကနေတစ်ဆင့် ကူးစက်ရရှိနိုင်တဲ့ ရောဂါပိုးတွေကိုတော့ မကာကွယ်နိုင်ပါဘူး။
သန္ဓေတားသောက်ဆေး သောက်ခြင်းဖြင့် ရရှိနိုင်သော ကောင်းကျိုးများ

သန္ဓေတား သောက်ဆေးကို အညွှန်းအတိုင်း နေ့စဉ်မှန်မှန် (Sex ကိစ္စ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သောက်ပေးရပါမယ်) သောက်ပေးရင် အမျိုးသမီး အားလုံးနီးပါး (အမျိုးသမီး ၁၀၀ မှာ တစ်ဦးပဲ ကိုယ်ဝန်ရနိုင်ခြေရှိ) ကို ကိုယ်ဝန်မရရှိအောင် တားဆီး ပေးနိုင်ပါတယ်။ ရရှိနိုင်တဲ့ တခြားကောင်းကျိုးတွေကတော့-
ရာသီအကြိုနဲ့ ရာသီလာစဉ် ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာကို သက်သာစေတယ်။ သားအိမ်ကင်ဆာကို ကာကွယ်ပေးတယ်။ အတွင်းပိုင်းရှိ မျိုးဆက်ပွားအင်္ဂါတွေ မရောင်ရမ်းအောင် ကာကွယ်ပေးတယ်။ သားဥ အိမ်မှာ ရေအိတ်မတည်အောင် ကာကွယ်ပေးနိုင်သလို ရေအိတ်ငယ်တွေ ရှိရင်လည်း ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။ ဒီဆေးကို တိတိကျကျနဲ့ မှန်မှန်ကန်ကန် သောက်မယ်ဆိုရင် အလွန်ထိရောက်စွာ သန္ဓေတားနိုင်ပါတယ်။ ဒီဆေးကို ရပ်ပြီးတာနဲ့ ချက်ချင်း ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။

သန္ဓေတားသောက်ဆေး သောက်ခြင်းဖြင့် ရရှိနိုင်သော ဆိုးကျိုးများ
နေ့စဉ် မပျက်မကွက်၊ မမေ့မလျော့ သောက်နေရပါတယ်။ သန္ဓေတားဆေး သောက်သုံးတဲ့ အမျိုးသမီး တချို့မှာ အောက်ပါ ဆိုးကျိုးတွေ ရရှိတတ်ပါတယ်။
- ပျို့ချင်အန်ချင်ဖြစ်တယ်။
- စိတ်ခံစားမှု အပြောင်းအလဲတွေ ဖြစ်နိုင်ပါတယ်။
- ဝက်ခြံတွေ ပိုဆိုးလာတယ် (တချို့အမျိုးသမီးတွေမှာ ဝက်ခြံ သက်သာ လာပါတယ်)။
- ကိုယ်အလေးချိန် တက်လာတာ၊ ကျသွားတာ ဖြစ်တတ်တယ်။
- ခေါင်းကိုက်တာနဲ့ ခေါင်းမူးတာ ဖြစ်နိုင်ပါတယ်။ ရာသီလာတဲ့ ပုံစံပြောင်းလဲတာ (ဥပမာ- ရာသီပုံမှန် မလာတာ၊ ရာသီသွေး နည်းသွားတာ၊ ရာသီလာတဲ့ အကြိမ်ရေ ပုံမှန် မဟုတ်တော့တာ) ဖြစ်တတ်ပါတယ်။ ရင်သားတွေ တင်းမာတာ စတဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။


Tip! သန္ဓေတားဆေး သောက်တဲ့ အတွက် အမျိုးသမီးတွေမှာ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေ ပြောင်းလဲတာမျိုး မဖြစ်တတ်ပါဘူး။ အမျိုးသမီးအများစုဟာ သန္ဓေတားဆေးကို အန္တရာယ် ကင်းကင်း သောက်နိုင်ပေ မယ့် သွေးခဲတာ၊ လေဖြတ်တာ၊ နှလုံးရောဂါထတာ၊ အဝလွန်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ ဆီးချိုရောဂါရှိတာ၊ ရင်သားကင်ဆာရှိတာ၊ အသည်းရောဂါနဲ့ သည်းခြေရောဂါရှိတာ စတဲ့ အခြေအနေတွေ ရှိရင်တော့ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးပြီးမှ သန္ဓေတားဆေးကို သောက်သင့်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Ref - Good Health
ရေးမိရေးရာလေးများ - သန္ဓေတားဆေး သောက်နေသလား 

No comments: