စာတွေရေးရင် ဘယ်လိုစာမျိုး ရေးရတာ
အခက်ဆုံးလဲလို့ စာရေးသက်ကြာတဲ့ လူတွေ မေးကြတယ်။ အားလုံးက တညီတညွတ် ပြောကြတာက
သရော်စာ (Satire) တဲ့။ ရိတိတိ၊ ရွဲ့တဲ့တဲ့၊ ခနဲ့တဲ့တဲ့၊ ခပ်စောင်းစောင်း၊
ပြုံးစိစိ၊ မချိတချိ၊ ဘာတာတာ၊ ခိုးလိုးခုလု၊ စာဖတ်တဲ့သူများ ရသအစုံ ဖန့်တငံ့ငံ့
ခံစားလို့ရတဲ့စာ။ အဆင့်မြင့်ရေးတဲ့ သရော်စာ တစ်ပုဒ်က ရေးဖို့ဆိုတာ အခက်ဆုံးပဲ။
ကျွန်တော် စာစရေးစကတည်းက သရော်စာဆို
အရမ်းရေးချင်တယ်။ ရေးကျင့်တယ်။ ဒါပေမဲ့ မရေးတတ်တော့ ဆော်တဲ့စာဖြစ်လိုက်၊
ခပ်ကြောင်ကြောင်စာတွေ ဖြစ်လိုက် ဖတ်ခိုင်းခံရတဲ့ လူတွေကလည်း ရယ်ရမလို၊ ငိုရမလို၊
ကောင်းသလားမေးရင်တော့ ပုတ်ခတ်ပုတ်ခတ်နဲ့ ဇွတ်ခေါင်းညိတ်တော့တာပဲ။ လူနိုင်တွေကိုး။
အဲဒီကတည်းက သဘောပေါက်လိုက်ပြီ။ ကောင်းလိုက်တဲ့ သရော်စာ။
(၂)
အခုတလော facebook၊ website တွေ သတင်းတွေထဲမှာ အရမ်းအရမ်း လော်ဘီလုပ်တာ ခေတ်စားနေတယ်။ ဘယ်သူ သမ္မတဖြစ်သင့်တယ်။ ဘယ်သူကတော့ဖြင့် သနားပါတယ်။ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ အရည်အချင်း ဘယ်လိုရှိတာ။ တစ်ယောက်နဲ့တစ်ယောက် ပြိုင်လိုက်ကြ။ ကာယကံရှင်တွေကတော့ မသိဘူး။ ဒီမှာတော့ ရန်ပွဲက တခြိမ့်ခြိမ့်။ တို့အမေနဲ့ ဘာနှိုင်းစရာ လိုလို့လဲ...ဘာညာဘာညာ Bla Bla Bla ကိုများ ပြောလိုက်၊ ဒီဘက်ကလည်း မင်းတို့အမေက ဘာတိုင်းပြည်ကောင်းအောင် ဘာလုပ်ဖူးလို့လဲ... Bla Bla Bal ပေါ့။ တို့အဖေကမှ ကြွေးတွေကျေသွားအောင် လုပ်နိုင်တယ် Bla Bla Bla (ဒီအကြွေးတွေ ဘယ်လိုကြောင့် တင်တယ်တော့ မပြောဘူး။ သိကော သိရဲ့လား မသိဘူး)...ရဲ့ စေတနာ၊ ...ရဲ့ ရင့်ကျက်မှု Bla Bla Bla တွေနဲ့ မွှမ်းလိုက်တဲ့ စာတွေ။

(၃)
ကျွန်တော့်ခေါင်းထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆုံးသွားတဲ့ ကျွန်တော့်ဘကြီးသက် ပြောတာ သတိရမိတယ်။ ဘကြီးသက်က ကျွန်တော့်အဖေရဲ့ အစ်ကိုအကြီးဆုံး။ သခင်စိုး တပည့်။ နစ်နီမော်ကွန်းဝင် ဒုတိယဆင့်၊ ဂျပန်ခေတ်က ယောနင်းလား ဘာလားတက်၊ တောခို၊ သူအလင်းဝင်ပြီး ဂန့်ဂေါက ကျွန်တော့်အဖေဆီ လာလည်တုန်းကမှ စမြင်ဖူးတာ။ ကျွန်တော်က ရှိလှ ၁၀ နှစ်ပေါ့။ အလင်းဝင်ပြီး နေတော့လည်း နစ်နီတို့ရဲ့ ပျော်စံရာ ပုလဲမြို့နယ် လယ်မ္မရွာမှာ။ တစ်နှစ်တစ်ခေါက် ရန်ကုန်ကို လာတယ်။ အသက် ၈၈ နှစ်ရှိတာတောင် တစ်ယောက်တည်း လာတယ်။ ငွေတစ်ပြားမှ မပါဘဲ ရန်ကုန်လာဖို့ဆိုတာ မလွယ်ဘူး။ မျက်စိကလည်း မမြင်တာတောင် တွေ့ရာကားကြုံစီး၊ သူများတွေကျွေးတဲ့ ထမင်းစား၊ အ၀တ်နှစ်စုံလောက်နဲ့ ရန်ကုန်ကိုလာတာ၊ ရန်ကုန်ကိုရောက်ရင် ပထမဆုံး ကျွန်တော့်ရုံးကို လာတာပဲ။ ဒီတစ်ခေါက် နောက်ဆုံးအခေါက်ကတော့ သူ စိတ်ဓာတ်ကျသွားပုံ ရတယ်။ ကျွန်တော့်အဖေ မသေခင် ညီအစ်ကို နှစ်ယောက် နောက်ဆုံးတွေ့တော့ အဖေက ပြောလိုက်တယ်။

"ဒီတစ်ခေါက်
နောက်ဆုံးတွေ့တာဖြစ်မယ် ကိုကို။ ကျွန်တော်မရှိရင် ကိုကို မလာနဲ့တော့" လို့
ပြောလိုက်တယ်။ နောက်ဆုံးတစ်ခေါက်မှာ သူထူးထူးဆန်းဆန်းတွေ ပြောတယ်။
ငါအောင်ဆန်းစုကြည်နဲ့ တွေ့ချင်တယ်။ ငါပြောစရာတွေ ရှိတယ်တဲ့။
ဒီနိုင်ငံမှာ သမ္မတဖြစ်ရတာ
လွယ်မှတ်လို့။ ချစ်တဲ့လူတွေက မုန်းကြမယ်။ မချစ်တဲ့လူတွေက အောင့်ကာ တရွှတ်ရွှတ်
လုပ်ကြဦးမယ်။ မိတ်ဆွေတွေက ရန်သူဖြစ်မယ်။ ရန်သူတွေက မိတ်ဆွေဟန် ဆောင်မယ်။
ပြည်သူပြည်သူနဲ့ တစ်နေကုန် အသံထွက်ရော စိတ်ထဲကပါ ရွတ်ရဦးမယ်။ ဟိုးထိပ်ဆုံးက
သိကြားမင်းကအစ အောက်ဆုံးက ပုရွက်ဆိတ်အဆုံး သမ္မတကြီးကို တိုင်တည်ပြောကြမယ်။
ခုတုံးလုပ်ကြမယ် . . . . .
|
ကြံကြီးစည်ရာ ဘကြီးသက်ရယ်ဆိုပြီး
အားလုံးက ၀ိုင်းဟားကြတော့ မျက်နှာကြီးရှုံ့လို့ ငါစာရေးမယ်တဲ့။ (ပြောဖို့မေ့နေတာ သူကဗိုလ်ချုပ်ကို
အရမ်းချစ်တယ်။ ဂျပန်ခေတ်တုန်းက ဘီဒီအေမှာ ဗိုလ်ချုပ်ရဲ့တပည့် ဖြစ်ဖူးတယ်တဲ့။
ဒေါ်စုကိုလည်းတော် တော်ချစ်ပုံရတယ်။)
စကားတွေတောင် ဟိုရောက်
ဒီရောက်ဖြစ်ကုန်ပြီ။ ဘာလို့ ပြောချင်လို့လဲမေးတော့ သူပြောတဲ့ အမှတ်တရ စကားက
"အောင်ဆန်းစုကြည် သမ္မတလုပ်မယ်လို့ ပြောနေတယ်။ သူက သူ့အဖေလိုပဲ ခေါင်းမာတယ်။
သူသမ္မတလုပ်ရင် မင်းတို့ဂျာနယ်တွေကလည်း အရမ်းလျှောက်ရေးကြမယ်။ ဆန္ဒပြတဲ့ သူတွေကလည်း
ပြကြဦးမယ်။ ငါမမြင်ရက်ဘူး။ သူ့ကို ငါသတိပေးစရာ ရှိတယ်။ တွေ့မှငါပြောမယ်"
တဲ့။
အခုတော့ ဘကြီးသက် သူပျော်စံရာ
ပုံတောင်ပုံညာမှာ ခေါင်းချသွားပြီ။ သူဘာတွေ သတိပေးခဲ့ချင်သလဲ ကျွန်တော်
သိချင်မိတယ်။
(၄)
အာဏာရှင် စနစ်မှာ အာဏာရှင် လုပ်ရသလိုတော့ ဒီမိုကရေစီခေတ်မှာ သမ္မတဖြစ်ရတာ၊ အထူးသဖြင့် ဒီနိုင်ငံမှာ သမ္မတဖြစ်ရတာ လွယ်မှတ်လို့။ ချစ်တဲ့လူတွေက မုန်းကြမယ်။ မချစ်တဲ့လူတွေက အောင့်ကာ တရွှတ်ရွှတ် လုပ်ကြဦးမယ်။ မိတ်ဆွေတွေက ရန်သူဖြစ်မယ်။ ရန်သူတွေက မိတ်ဆွေဟန် ဆောင်မယ်။ ပြည်သူပြည်သူနဲ့ တစ်နေကုန် အသံထွက်ရော စိတ်ထဲကပါ ရွတ်ရဦးမယ်။ ဟိုးထိပ်ဆုံးက သိကြားမင်းကအစ အောက်ဆုံးက ပုရွက်ဆိတ်အဆုံး သမ္မတကြီးကို တိုင်တည်ပြောကြမယ်။ ခုတုံးလုပ်ကြမယ်။

မထိတထိ ရိတိတိနဲ့ ဂျာနယ်လစ်တွေကိုလည်း ပြုံးပြရဦးမယ်။
တိုင်စာ၊ ပစ်စာ၊ အကြံပေးစာတွေကို မဖတ်ဘဲ ဖတ်ဟန် ဆောင်ရဦးမယ်။ ခရိုနီ၊ ခရိုပြာ၊
ခရိုနက်တွေနဲ့ ရင်းနှီးပေမယ့် မသိချင်ယောင် ဆောင်ရဦးမယ်။ အကြံဉာဏ်တွေ မလိုလည်း
ခပ်စွာစွာတွေ ပါးစပ်ပိတ်အောင် အကြံပေး ခန့်ရဦးမယ်။ အားအားယားယား ဘာမှမရဘဲ
ဖားနေတဲ့သူတွေ၊ ကိုယ့်ကို အရမ်းအရမ်း ထောက်ခံနေတဲ့ သူတွေကိုလည်း facebook
ဖွင့်ပြီး ပြန်ချီးကျူးခိုင်းရဦးမယ်။ ရှုပ်တော့ တော်တော်ရှုပ်တဲ့ အလုပ်ပဲ။
ဒါပေမဲ့ သမ္မတဖြစ်ဖို့က ဒေါ်စုအတွက်ဆို
၉၂ ရာခိုင်နှုန်းနဲ့ အတည်ပြုပြီး ၁၅ နှစ် ရေးဆွဲထားတဲ့ ဂန္ထ၀င်ဖွဲ့စည်းပုံ (၂၀၀၈)
ကို ပြင်ရဦးမယ်။ မဲ အရွေးမခံရဘဲ လွှတ်တော်ထဲ ရောက်နေတာ ၂၅ ရာခိုင်နှုန်း
ရှိနေတာတောင် အရွေးမခံရတဲ့သူတွေ (ဒုတိယပဲ ရတယ်ဆိုတာ ပြည်သူက မကြိုက်လို့ပေး)
လွှတ်တော်ရောက်ဖို့ PR စနစ်ကလည်း လာဦးမယ်။ ၂၅ ရာခိုင်နှုန်းတွေ ထွက်သွားမှ PR
စနစ်လာရင် တော်သေးရဲ့။ PR စနစ်သာ ဇွတ်လုပ်ရင် ဝေဖန်သူတွေပြောတဲ့ တစ်မတ်သားကနေ
ငါးမူးသား ဒီမိုကရေစီဖြစ်မှ ပြည်သူတွေရဲ့ ပိုင်ခွင့်ဖြစ်တဲ့ မဲတစ်ပြားက ဘာမှ
အသုံးမ၀င် ဖြစ်ရဦးမယ်။
တကယ်တော့ Strong Democracy
လို့ပဲခေါ်ခေါ် Direct Democracy လို့ပဲခေါ်ခေါ် လူထုတွေ အပြည့်အ၀ ပါဝင်ခွင့်ရတဲ့
ဒီမိုကရေစီဆိုတာ ကိုယ်အုပ်ချုပ်မယ့် သမ္မတကို လူထုမဲနဲ့ တိုက်ရိုက်ရွေးချယ်တာပဲ
ဖြစ်ပါတယ်။ အခုဖွဲ့စည်းပုံအရ ၇၅ ရာခိုင်နှုန်း လူထုရွေးချယ်ထားသူတွေက ၂၅
ရာခိုင်နှုန်း အရွေးမခံရသူတွေနဲ့ ရွေးချယ်ခံ သမ္မတလောင်းနှစ်ယောက်နဲ့ စစ်တပ်က
သမ္မတလောင်းတစ်ယောက် (ရေးရတာကို တော်တော်ရှုပ်တဲ့ ဖွဲ့စည်းပုံ) ထဲကနေ သမ္မတရွေးရတာပါ။
ဒီလောက်ရှုပ်တဲ့ သမ္မတလောင်း စနစ်ကို ပိုရှုပ်သွားမလားတော့ မသိဘူး။ လူထုလည်း
ပါလို့ရအောင်၊ သမ္မတလောင်း ငါးယောက်လုပ်လိုက်၊ အမျိုးသားလွှတ်တော်က နှစ်ယောက်၊
ပြည်သူ့လွှတ်တော်က နှစ်ယောက်၊ တပ်မတော်က တစ်ယောက်ရွေး၊ ဒီငါးယောက်ကို လူထုက
တိုက်ရိုက်မဲပေး ရွေးချယ်။ အများဆုံးသူ သုံးယောက်က သမ္မတ၊ ဒုသမ္မတဖြစ်၊ အများဆုံးသူက
သမ္မတဖြစ်။ ကဲ ပိုမရှုပ်ဘူးလား။ ပိုခက်ရင် လူစိတ်ဝင်စားမယ်လေ။ PR စနစ်
လုပ်ချင်သူတွေလည်း ၂၅ ရာခိုင်နှုန်းကြီး မရှိတော့မှ စကြရင် မကောင်းဘူးလား။
နို့မို့ဆိုရင် မည်ကာမတ္တ ဒီမိုကရေစီ ဆိုတာလေးတောင် ပျောက်သွားဦးမယ်။ စစ်တပ်က တစ်မတ်၊
ပီအာက တစ်မတ် ရွေးကောက်ပွဲလည်း လုပ်မနေကြပါနဲ့ ကွယ်ရို့။
ဒီလောက်ဇာတ်ရှုပ်တဲ့ သမ္မတဖြစ်ဖို့
ဒီလိုခပ်ရှုပ်ရှုပ်လေး သွားကြရင် မကောင်းဘူးလား။ သရော်စာလား၊ ဆော်စာလား၊
ခပ်ကြောင်ကြောင်စာလား မသိတော့။ လူထုကြိုက်တာကတော့ တိုက်ရိုက် ဒီမိုကရေစီလေ။
ဘယ်သူပဲ သမ္မတဖြစ်ဖြစ် ဂျာနယ်လစ်တွေကတော့ "ဒီကစောင့်နေသူ..."။
ကဲ အားလုံး ... Bla Bla Bla ပါပဲ။
No comments:
Post a Comment