Tuesday, May 14, 2013
ပင်လယ်ရဲ့ မနက်ဖြန်
အပြာရောင် စက်ဝိုင်းကြီး ထဲက အစက်အပြောက် လေးတချို့ မြင်လိုက် ရတယ် ဆိုရင်ပဲ ကောင်လေးရဲ့ ခန္ဓာကိုယ်ဟာ လှိုင်းမိတဲ့ လှေတစ်စင်းလို ရုတ် တရက် လူးလွန့်လှုပ်ရှား သွားတယ်။
ကောင်လေးရဲ့ မျက်လုံး တွေက မျှော်လင့် နေတဲ့ တစ်စုံ တစ်ရာကို လျှပ်တစ်ပြက် မြင်လိုက် ရသလို ပြုံးယောင် သန်းလာ တယ်။ မမှိတ်မသုန် စိုက်ကြည့် နေရင်းက ဘာစိတ်ကူး ပေါက်တယ် မသိ။ ကောင်လေးက သူ့လက် နှစ်ဖက်ကို အဝေးကြည့် မှန်ပြောင်း သဏ္ဌာန် လုပ်လိုက် ပြီး အစက်အပြောက် လေးတွေကို ထပ်ပြန် ကြည့်တယ်။
အပြုံး။ နှစ်လိုဖွယ် ကောင်းသော အပြုံး။ လိုချင်တာ ရသွားတဲ့ ကလေး တစ်ယောက်ရဲ့ အပြုံး။ လှပတဲ့ အပြုံးနဲ့ အတူ ကောင်လေးရဲ့ လက်နှစ်ဖက်က လျင်မြန်စွာ မျက်လုံး အစုံကနေ ခွာပြီး ပါးစပ်ပေါက်ကို ကပ်ကာ လက်ဟွန်း တစ်ခု ဖြစ်သွားတယ်။ တစ်ချိန် တည်းမှာပဲ အပြာရောင် မိုးကုတ် စက်ဝိုင်းကြီး ထဲက အစက်အပြောက် လေးတွေ ကလည်း ကောင်လေးထံ ဦးတည် ရွေ့လျား နေလာ နေတယ်။ တိမ်တစ်မျှင်၊ မြူတစ်စ တောင် မရှိတဲ့ ဆည်းဆာ ကောင်းကင် ပြာမှာ အဖြူရောင် မီးခိုးတန်း လေးများလို ဝေ့ကာ၊ ၀ဲကာ။ ကောင်လေးက တစ်ရက်ပြီး တစ်ရက် ပြည့်ဖြိုး လင်းလက် လာတဲ့ လမင်းကြီးလို အလင်းလက် ဆုံးမျက်လုံး၊ အချိုဆုံး မျက်နှာ၊ အပျော်ရွှင်ဆုံး ရင်တွင်း ဆန္ဒတို့ကို ဖော်ဆောင်ပြီး ပါးစပ်မှာ တပ်ဆင် ထားဆဲ ဖြစ်တဲ့ သူ့လက်ဟွန်းကို အင်အားသုံးကာ အော်ခေါ်လိုက် တယ်။ သနားစရာ။ ကောင်လေးရဲ့ အသံဟာ လေထဲကို ရောက်မလာ ခဲ့ဘူး။ ဒါပေမဲ့ ကောင် လေး စိတ်ပျက် သွားပုံ မရဘူး။ သူမျှော်လင့် နေတဲ့ အရာတွေ ဆည်းဆာနဲ့ အတူ သူ့ဆီ လာနေပြီ မဟုတ် လား။
တကယ်ဆို ကောင်လေး တစ်ယောက် စိတ် ဂနာမငြိမ်။ လူဂနာ မငြိမ်ဖြစ်နေတာ တစ်ပတ်တိ တိရှိခဲ့ပြီ။ မနက် တမျှော်မျှော်၊ ညနေ တကြည့်ကြည့်နဲ့ စိတ်နဲ့ လူမကပ် သလိုလို ဖြစ်နေတာ။မနက်က ပဲကြည့်။ ကောင်လေးဟာ အလုပ်လုပ်နေ ရင်းတန်း လန်းနဲ့ ခေါင်းတမော့မော့၊ လည်တဆန့် ဆန့်ဖြစ်နေတာ။ အလုပ်တွေလည်း အယောင် ယောင်အမှားမှား။ ပိုက်က ဖြတ်နေကျ ငါးအသေ တွေရဲ့ဆူးတောင် တွေကိုင်မိလို့ လက်ကို စူးဝင်တာ လည်းအခါခါ။ ငါးအကြီး အသေး ရွေးပြီး ရေခဲပုံ တွေထဲ ထည့်တော့လည်း လွဲထည့် မိတာ အကြိမ် ကြိမ်။ ဒီလို တလွဲတချော် ဖြစ်နေတာကို ပိုက်ခေါင်း ဆောင်က ဘယ်အချိန် မြင်တယ် မသိဘူး။ ကောင် လေးရဲ့နားအုံကို နောက်ကနေ နှစ်ချက် ဆင့်ရိုက် တာ ခံလိုက်ရတယ်။ ငုတ်တုတ်ထိုင် လုပ်နေတာဆို တော့ ပိုက်ခေါင်းဆောင် ရိုက်တဲ့ အရှိန်နဲ့ ဦးစိုက်ပြီး သင်္ဘောကြမ်းနဲ့ ခေါင်းမိတ်ဆက် သွားသေးတာ။ ဦးခေါင်း တစ်ခုလုံး ချာချာလည်လို့။ ယောင် ယောင် ကန်းကန်းနဲ့ အရိုက်ခံ ရတဲ့ နားအုံကို လက်နဲ့ ကိုင်မိတာ ငါးညှီနံ့တွေ၊ ငါးကြေးခွံ တွေ စွဲကပ် ကုန်တယ်။
ပိုက်ခေါင်းဆောင်က သူ့ခါးက ခါးပတ်ကို ဆွဲဖြုတ်လိုက်မှ ကောင်လေး ခမျာ သတိဝင် လာတာ။ သတိဝင် လာတော့မှ ကောင်လေးရဲ့ လက်ကအလုပ် နဲ့လက် ဇယ်ဆက်သလို မြန်၊ မှန်တော့တာ။ ပိုက်ခေါင်းဆောင် ကတော့ မပြီးနိုင် မစီးနိုင် ဆဲရေး တိုင်းထွာ နေလိုက်တာ နာရီ ၀က်လောက် ကြာတယ်။ ကောင်လေး နားမလည်တဲ့ ဘာသာ စကားမို့သာ တော်တော့တယ်။
နေ့လယ်ခင်း ထမင်း စားချိန် အလုပ်နားတော့ ကောင်လေးမှာ မနားရဘူး။ ထမင်းစား ခွင့်လည်း မပေးဘူး။ ခေါင်းဆောင် အမိန့်နဲ့ ပိုက်တွေ ရေဆေး နေရ တယ်။ ဒီနေ့ကျမှ နေကလည်း ပူလိုက်တာ အရမ်းပဲ။ လေကလည်း ငြိမ်သက် နေလိုက်တာမှ အသက်ရှူ ရတာကို မ၀ချင်ဘူး။ အခါတိုင်းဆို ကျင်းတွေ ချိုင့်တွေ၊ ရေလှိုင်း လိပ်ဖြူဖြူ တွေနဲ့ မြူးနေ တတ်တဲ့ ပင်လယ်ပြင်ဟာ ဒီနေ့တော့ ပစ်ခဲ နေတဲ့ ကြည်ပြာရောင် ကျောက်ကျော ဗန်းကြီးလိုပဲ။ နေလုံးကြီး နဲ့တောင် ပိုနီးကပ် သွားသလိုလို။ ကောင်လေး ကတော့ လေမတိုက်၊ လှိုင်း မပုတ်တဲ့ ပင်လယ်ပြင်ကို ကြည့်ရတာဟာ အိပ်ချင်ယောင်ဆောင် နေတဲ့ မြွေပွေး တစ်ကောင်ကို ကြည့်နေရ သလိုလို့ ထင်တယ်။ ဟုတ်တယ်လေ၊ ပင်လယ်ရဲ့မာယာ။ ပင်လယ်ရဲ့ ဒေါသ၊ ပင်လယ် ရဲ့ အဇ္ဈတ္တကို အတူနေ၊ အတူစား၊ အတူသွား ခဲ့ရလို့ အူမ ချေးခါး မကျန် သိနေပြီ ပဲဟာ။ အခုလည်း ကြည့်ပါဦး။ မှန်တစ်ချပ်ပေါ် နေရောင် ထိုးထား သလို အလင်းပြန် နေလိုက်တာ မနက် စောစောက မြင်ရတဲ့ ကျွန်းတွေ၊ ကျောက်ဆောင်တွေ တောင် ဘယ်ရောက်လို့ ဘယ်ပျောက် ကုန်မှန်း မသိတော့ ဘူး။
ကောင်လေး ကတော့ ဘာကိုမှ သဲကွဲစွာ မမြင်ရလည်း တစ်ချက်တစ် ချက် ဟိုမျှော်ကြည့် လိုက်၊ ဒီမျှော်ကြည့် လိုက်ပဲ။ နေမင်းကြီးရဲ့အပူကို လည်း ကောင်လေး မမှုတော့ပါဘူး။ ကောင်လေး ရဲ့ အရေပြား တွေကလည်း ပူခြင်း၊ အေးခြင်းကို ရောက်ခါ စရက်များလို မခံစား တတ်တော့ ပါဘူး။ ပိုက်ခေါင်းဆောင် ရိုက်သွားတဲ့ နားအုံက နာကျင်မှု ကလည်း ရေထဲ ခဲကျသလို ပျောက်ဆုံး သွားပါ ပြီ။ ကောင်လေး ဦးခေါင်းမှာ မွေးက တည်းက ဗွေနှစ်ခုပါ လာပေမဲ့ ကောင်လေး ကတော့ ဘယ် အရာတွေကိုမှ ဗွေမယူ တတ်တော့တာ ကြာခဲ့ ပါပြီ။ လောလောဆယ် ကောင်လေး ဦးခေါင်းက ဗွေချိန်ခွင်နဲ့ စက်ယူရမဲ့ အရာ ကတော့ နှစ်ခုပဲ ရှိတယ်။ ဒါကို ကောင်လေးက လွဲလို့ သူ့ရဲ့ကိုယ် စောင့်နတ် တွေတောင် သိမှာ မဟုတ်ဘူး။
ဒီ အကြောင်း အမေ့ကိုသာ ဖွင့်ပြော ခွင့်ရရင် ဘယ် လောက်ရယ်(ရီ)လိုက်မလဲ။ “ငါ့သားနှယ် ရွှေနဲ့ စက်ရမဲ့ ချိန်ခွင်များ ရေနဲ့ စက်လို့တော်”နဲ့ ရှိမှာ။
အတွေးပေါင်း များစွာနဲ့ အလုပ်လုပ် နေတဲ့ ကောင်လေးမှာ ငဘ နောက် က ရောက်နေတာကို မသိ လိုက်ဘူး။ မော့ကြည့်တော့ ငဘမှာ အထုပ် တစ်ထုပ်လက်က ဆွဲလို့။ ကျီးကြည့် ကြောင်ကြည့်နဲ့ ကောင်လေး ဘေးနား အထုပ်ကို ချကာ လစ်ပြေး တယ်။ ကောင်လေး အထုပ်ကို ဖြေကြည့်တော့ ဟင်းနဲ့ နှယ်ထားတဲ့ ထမင်းတွေ။ ကောင်လေးမှာ ငဘကို ကျေးဇူးတင် လိုက်ရတာ။ ရင်ထဲအသည်း ထဲ အရောက်ပဲ။ ငဘ လက်ဆွဲပြီး အမေ့ကို ပြောပြ လိုက်ချင် စိတ်တောင် ပေါက်သွားတယ်။
ငဘ ဆိုတာ ကောင်လေး ပေးထားတဲ့ နာမည် ပါ။ ကောင်လေး သူ့နာမည် အရင်းကို မသိပါဘူး။ သင်္ဘောပေါ် မှာရှိတဲ့ ဘယ်သူ့ကို မှလည်း နာမည် မသိပါဘူး။ ငဘလို့ ခေါ်မိတာက ငဘဟာ ဘင်္ဂလားဒေ့ရှ် လူမျိုး(ဘကုန်း) ဖြစ်နေလို့ပါ။ အမှန်ဆို ငဘလို့ မခေါ်သင့် ပါဘူး။ “ငကျွဲ”လို့ ခေါ်သင့် တာပါ။ငဘ အသား အရေဟာ နဂိုက မည်းပါ တယ်ဆိုမှ ပင်လယ်ထဲ နေတာ ကြာတော့ (တစ်လနေလို့ ရေတစ်ခါ မချိုး ရတာမို့) သပိတ် ရောင်ထ နေပါပြီ။ ကျွဲတစ်ကောင်ရဲ့ အသားအရေ ကို သူ့အရေပြား တွေက ချေး(ဂျီး)တွေနဲ့ မည်းနက် နေပြီ။ဒါပေမဲ့ ငဘဟာ အသားမည်း သလောက် စိတ်ထား ဖြူတဲ့သူပါ။ ပုံနှိုင်း ရရင် ဒန်အိုးမည်း မည်းထဲ ထည့်ကျို ထားတဲ့ နွားနို့လို ဖြူတဲ့သူမျိုး။ ကောင်လေး ကိုလည်း အမြဲတစေ ကူညီတတ်တဲ့ သူ။ တကယ်လို့များ ဒီသင်္ဘောပေါ်မှာ ဘယ်သူ့ ကို သံယောဇဉ် အရှိဆုံးလဲလို့ မေးမယ့်သူ ရှိခဲ့ရင် ကောင်လေးကတော့ ငဘကိုပဲ လက်ညှိုး ထိုးပြမိ မယ်ထင်တယ်။ ဘာဖြစ်လို့ လဲဆို ငဘကကောင် လေးနဲ့အတူ ဒီသင်္ဘောကို ရောက်လာ ခဲ့သူ မဟုတ် လား။
အမှန်တော့ ကောင်လေးနဲ့ ငဘရဲ့ ရေစက်က ဘယ်ဘ၀က ပြုခဲ့တယ် မဆိုနိုင်ဘူး။ ကောင်လေး နိုင်ငံ တစ်ခုမှာ အိုဗာ စတေး အဖြစ်နဲ့ အဖမ်းခံရ တယ်။ ပြောရရင် ကောင်လေးမှာ အဲဒီ နိုင်ငံရောက် ဖို့ လှေနဲ့ တစ်မျိုး၊ ကားနဲ့ တစ်ဖုံ၊ ခြေလျင်တစ် ဆင့်၊ ဆိုင်ကယ်နဲ့ တစ်သွယ် သွားခဲ့ရတာ။ ခိုးကြောင် ခိုးဝှက်မှ အသက်ကို သရဏ ဂုံတင်ရတဲ့ အထိပဲ။ ရောက်လို့ လေး-ငါးလပဲ ကြာသေး တယ် အဖမ်းခံရတာ။ လာစရိတ် မပြောနဲ့ အလုပ် ရှာပေးတဲ့ အေးဂျင့် ကြွေးတောင် မကျေသေးဘူး။
အဲဒီတုန်းက အဖြစ် အပျက်ကို ပြန်တွေးတိုင်း ကောင်လေးမှာ မချင့် မရဲ ဖြစ်ရတယ်။ ဟုတ် တယ်လေ။ သူတစ်ပါး တိုင်းပြည်မှာ ညောင်သီး လည်း ရှာ၊ လေးသံလည်း နားစွင့်နေ ပါလျက်က ကိုယ်နေတဲ့ အိမ်မပြန် တတ်လို့ လမ်းမေး မိပါ တယ်။ရဲ ဖြစ်နေလို့ အဖမ်းခံ ရတာ ရှက်စရာ ကောင်းမနေ ဘူးလား။ တကယ်။ အဲဒီကတည်း က ကောင်လေး ခမျာ ဘယ်အရာကိုမှ သူ့ အသိ ဉဏ်နဲ့ မတိုင်းရဲ တော့ဘူး။ အမေသာ သိရင် “ငါ့သားက ငယ်သေးတာ ကိုး၊ အတွေ့ အကြုံနု သေးတဲ့ဟာ”လို့ ဆို လေမလား။
အချုပ်ထဲမှာ သုံးလ ကြာတယ်။ တစ်နေ့မှ ထမင်းနှစ်နပ်ပဲ စားရတယ်။ ဟင်းကောင်းတစ် နပ်ပါပေမဲ့ ထမင်းကတော့ ကောင်လေး လက်နဲ့ ငါးခါ မဆုပ်ရဲဘူး။ ထောင်ထဲ ရောက်တော့မှ ကောင်လေးလည်း နိုင်ငံစုံက လူမျိုးစုံကို(အပြင်မှာ ထက်) တွေ့ဖူး မြင်ဖူး တော့တယ်။ ကောင်လေး သိသလောက်တော့ အင်ဒိုနီး ရှား၊ ထိုင်း၊ တရုတ်၊ မြန်မာ၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ အိနိ္ဒယ၊ ကမ္ဘောဒီးယား၊ နီပေါ။
အားလုံးရော ထားတာ ဆိုတော့ အားလပ်ချိန် ဆို ညံပွက် နေတာ။ တစ်ခါတလေ များဆို ကောင် လေးတို့ဆီက ညောင်သီး သီးချိန် ညောင်သီးလာ စားတဲ့ငှက် တွေလိုပဲ ဘယ်အသံက ဘယ်ငှက်မှန်း မသိတော့ သလို။ အဲဒီ့နိုင်ငံရဲ့ အချုပ်ထဲ မှာလည်း အဲဒီလိုပဲ။ အဆိုးထဲက အကောင်းလို့ပဲ ပြောရ မလား။ ကြိမ်ဒဏ်မမိ။ ထောင်တွေ ဘာတွေ မကျ ဘဲနဲ့ ကောင်လေး အပါအ၀င် လူရှစ်ဆယ် လောက် ပြန်ပို့ခံ ရတယ်။ မိခင်နိုင်ငံ အထိတော့ မဟုတ်ပါ ဘူး။ သူတို့ နိုင်ငံရဲ့ နယ်စပ် အထိတင်ပဲ။ ပူစရာမလို တော့ပါဘူး။ ဘယ်လူမျိုး ဘယ်နိုင်ငံသား ဖြစ်ဖြစ် ပွဲစား ဆိုတာ ရှိတယ်။ ရဲတွေက နယ်စပ်မှာ ရှိတဲ့ ပွဲစား တွေဆီ ဆိုင်ရာဆိုင်ရာ ရောင်းလိုက် ကြတာ။
နွားပွဲစား တွေက နွားတွေ ခြံထဲ ထည့်ထား ပြီး ကြိုက် ဈေးရမှ ထုတ်ရောင်းသလို ကောင် လေးတို့ မြန်မာ အုပ်စုနဲ့ ဘင်္ဂလား အုပ်စုကိုလည်း ပွဲစားက တောကြို တောင်ကြားထဲ မိုးကာတဲ တွေနဲ့ မ၀ ရေစာကျွေး၊ မလုံမခြုံ ထားပြီး အကျပ်ကိုင် တော့တာပဲ။ သူတို့မှာ သေနတ်တွေနဲ့ ဆိုတော့ ဒူး တုပ်ဆို ဒူးတုပ်။ မှောက်လျား ထိုးဆို မှောက်လျား ထိုးမျက်ခုံးတောင် တင်မကြည့်ရဲဘူး။ မထင်ရင် မထင်သလို ထုလိုက် နှက်လိုက် ကြတာ လည်းလွန် ရော။ နွားပွဲစား ကမှ သနား ညှာတာစိတ် ရှိဦးမယ်။
ပွဲစားဘက် ကတော့ ရှင်းတယ်။ အိမ်ပြန် မလား၊ အဖမ်း မခံရတဲ့ နိုင်ငံ ပြန်တက်မလား၊ ရောင်းစားခံ မလား၊ ကြိုက်တာ ရွေးပဲ။ ကလန် ကဆန်လုပ်လို့ ကတော့ အသက် ဖက်နဲ့ ထုပ်ထား ရောပဲ။ အပေါင်းအသင်း သူငယ်ချင်း ကောင်းရှိ တဲ့သူ။ ဆွေမျိုး သားချင်း ကူညီမဲ့ သူရှိတဲ့ သူတွေက တော့ ပြန်တက် ကြတာပေါ့။ ကိုယ့်အိမ်ကို ပြန်ချင် ရင်လည်း လွယ်တယ်။ မိဘ ဆွေမျိုးဆီ ဖုန်းဆက်။ ဘယ်နေ့ ဘယ်နေရာမှာ ငွေဘယ်လောက်နဲ့ လာရွေး ပါ ပြောလိုက်ရုံ။
ကောင်လေးနဲ့ ငဘက အဲဒီမှာ ဘ၀ စတာ။ ဘာကြောင့် နှစ်ယောက် စလုံး ဘ၀ စသလဲ ပြောရ ရင် ငဘ ကလည်း သူ့နိုင်ငံက မိသားစုရဲ့ဖုန်းနံ ပါတ်ကို မသိဘူး။ ကူမယ့်သူ လည်း မရှိဘူး။ ကောင်လေး ကလည်း တစ်ယောက်တည်း သာရှိတဲ့ အမေအို မျက်နှာ မွဲကို ဒုက္ခထပ် မပေး ချင်တော့ ဘူး။ ထပ်ပေး စရာလည်း ကောင်လေးရဲ့ အမေအိုမှာ ဘာမှ မရှိတော့ဘူး။ ကောင်လေး သွားခဲ့ တာတောင် မျက်ခွက် လောက်ဝိုင်း ကလေးနဲ့ ဇရပ်လောက် အိမ်စုတ် ကလေး ပေါင်သွား ခဲ့ရတာ မဟုတ်လား။ တစ်ကျပ်မှလည်း မပို့နိုင်။ တစ်ခါမှလည်း ဖုန်းမဆက်၊ ခွေးလုံးလုံး ဖြစ်မှတော့ ကောင်လေး အိမ်မပြန်ချင် တော့ဘူး။ မိဘစကား နားမထောင် မိလို့ အရှင် လတ်လတ် ငရဲ ဆင်းရမှ တော့လာ မဲ့ဘေး ပြေးတွေ့ရုံလို့ပဲ ကောင်လေး ခံယူ ထားလိုက်တယ်။ ကောင်လေးရဲ့ အိပ်မက်တွေ ထဲမှာတောင် အမေအိုက သီလရှင် ၀တ်နေပြီလို့ အိပ်မက် မက်နေပြီပဲ ဥစ္စာ။ ကောင်လေးကတော့ အိပ်မက် အတိုင်း ဖြစ်ပါစေ လို့ပဲ ဆုတောင်းတယ်။
ပွဲစား ကတော့ ကိုယ်ချင်းစာ တရားကို ပါးစပ် ဖျားမှာတောင် မထားသူ ပီပီ အိမ်မပြန်နိုင်၊ ပြန်မ တက်နိုင်တဲ့ သူတွေ ထဲက အားကောင်း မောင်းသန် ငယ်ရွယ်သူ မှန်သမျှ ငါးဖမ်း သင်္ဘောကို ရောင်းစား လိုက်တာပဲ။ ၃ နှစ် စာချုပ်နဲ့ တဲ့။ တစ်ဝက် သူ ယူ။ တစ်ဝက် ကတော့ နှစ်ပြည့်လို့ ပြန်ရင် စရိတ်က ပိုတာ ပြန်ပေးမယ် လို့ ဆိုတယ်။ စာချုပ် လို့သာ ပြတာ၊ စာချုပ်ထဲက ဂျူးမြစ် ဘာသာ စကားကို ကောင်လေးတို့ တစ်တွေ ဘာနားလည် မှာလဲ။ ငရဲက လာတဲ့ သူတွေ ဆိုတော့ ငရဲပြန် ပို့လည်း ခေါင်းညိတ် လိုက်ရတာပဲ။ သူတို့ကို ခေါင်းခါ တဲ့သူ၊ သူတို့ အတွက် အသုံးမကျတဲ့ သူတွေကတော့ ဘယ်လမ်း ဆိုတာ ဘုရားမှ တစ်ပါး...။
သင်္ဘောပေါ် စရောက်တော့ အလုပ်သမား အားလုံးထဲမှာ ကောင်လေး က အသက် အငယ်ဆုံး၊ အသေး ကွေးဆုံး။ ကောင်လေးမှာ သင်္ဘော ပေါ်က နေ ပင်လယ်ပြင် ကြီးကို ကြည့်ရတာ အံ့သြ မဆုံးဘူး။ ဒီလောက် ကြီးကျယ်တဲ့ ပင်လယ်ပြင်ကြီး ဒီလောကမှာ ရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ ကောင်လေး မထင်ထား ခဲ့ဘူး။ ကြီးလိုက်တာမှ မိုးကုပ် စက်ဝိုင်းရဲ့ အနားစတွေ ကိုတောင် ၀ါးမျို ထားသလား ထင်ရတယ်။ ပြီးတော့ ပင်လယ်ပြင် ထဲက ကျောက် ဆောင်တွေ၊ ကျွန်းတွေ။ ကောင်လေး တစ်ခါမှ မမြင်ဖူးတဲ့ ရောင်စုံ ငါးတွေ။ သစ်ပင်ပါလို့ ကျိန်ပြောရမဲ့ ကျောက်ခက် ပန်းပင်တွေ။ ထိတွေ့ကြည့်မှ သက်ရှိမှန်း သိရတဲ့ ကျောက် သတ္တ၀ါတွေ။ အို...ကောင်လေး အတွက်တော့ ပင်လယ် ဆိုတာ ဆန်းကြယ်မှုတွေ ပြည့်နှက် နေတဲ့ နေရာ တစ်ခုပါပဲ။
ကောင်လေး စလုပ်ရတဲ့ အလုပ်က မိုးလင်းတာနဲ့ ရွက်စုတ် ပြက်္ခဒိန်က ရက်စွဲပါ စာရွက်လေး တွေကို တစ်နေ့ တစ်ရွက် ဆွဲဖြုတ်ပြီး ပင်လယ်ထဲကို လွှင့်ပစ် ရတာ။ ပြီးရင်တော့ သင်္ဘော တစ်ခုလုံးကို သန့်ရှင်းရေး လုပ်ရတယ်။ စားဖိုချောင်က ခိုင်းရင်လည်း ကူရတယ်။ အသားဘူး ငါးဘူးတွေ ဖောက်ပေး ရတာ များတယ်။ ဟင်းသီး ဟင်းရွက်ဆိုတာ ပင်လယ်နဲ့ ရန်ဖြစ်ထား သလား အောက်မေ့ရတယ်။ စားရ ခဲတယ်။ ငါး၊ ပုစွန်၊ ဂဏန်းတွေ ကတော့ ၀ိုင်း ကြီးပတ်ပတ် ဒူဝေေ၀ပေါ့။
အလံတင် အလံချလည်း လုပ်ရတယ်။ ဒါကတော့ နေရာ တစ်ခုနဲ့ တစ်ခု အကူးအပြောင်း မှာပါ။ အလံတွေက ပင်လယ် ထဲက ငါးတွေလိုပဲ အရောင်စုံ တယ်။ ကောင်လေးက စာမတတ်တော့။ ဘယ်အလံက ဘယ်နိုင်ငံကို ကိုယ် စားပြုမှန်း မသိပါဘူး။ ခိုင်းရင် လုပ်လိုက်တာပဲ။ သုံးခါတိတိ ကောင်လေး လွှင့်တင်တဲ့ အလံတွေ တိုင်လယ် ကနေ သေနတ်နဲ့ ပစ်ချခံ ရတယ်။ အလံတိုင် ကတော့ သံတိုင်ပါပဲ။ ဒါပေမဲ့ ဘယ်လို သေနတ်နဲ့ ပစ်တယ်။ ဘယ်ဆီ ကနေပစ်တယ် ဆိုတာကတော့ ကောင်လေးလည်း မသိဘူး။
အလံ ပစ်ချခံ ရပြီဟေ့ ဆိုရင်တော့ ကောင် လေးတို့ သင်္ဘောက မောင်းးလိုက်တာမှ မြန်မှမြန်။ နောက်မှ ကောင်လေးလည်း ရိပ်မိတယ်။ ပင် လယ်မှာ ငါးခိုးဖမ်းတဲ့ သင်္ဘော ဆိုတာ။
ပြောမယုံ ကြုံမှသိ ဆိုတာလိုပဲ။ ထိပ်ထုမှ ဓားပြမှန်း သိရတဲ့ အဖြစ်ကို စိတ်နာ လိုက်တာ မပြောနဲ့။ ရသမျှ ဘုရားစာ လေးတွေ ရွတ်နေမိ တာလည်း နားပါတဲ့ သတ္တ၀ါဆို ပင်လယ်ကြီး လည်း နားကန်း လောက်တယ်။ ဒုက္ခ အဖုံဖုံကို ရင်ဆိုင် ရတိုင်းလည်း ကိုယ်ချင်းစာ တရားမရှိတဲ့ လူပွဲစားကိုပဲ မြင်ယောင် နေမိတယ်။ ကျေးဇူးရှင် တွေကတော့ တိုက်ပဲ ဆောက်နေ သလား။ ကား ပဲစီး နေသလား။ ဒါမှမဟုတ် သူ့လို တောင်ပံကျိုး လေးတွေကို ရေထဲပဲ ကန်ချ နေပြီလား။
ဘာကိုမှ ရေရေရာရာ မှန်းဆလို့ မရတော့ရင် တော့ အဆုံး၊ အစမသိတဲ့ ပင်လယ် ရေပြင်ကြီးကို ငေး။ စာချုပ် မြန်မြန် ပြည့်ပါစေလို့ ဆုတောင်းရ တယ်။ အလုပ် ပင်ပန်းတဲ့ ညတွေဆို အိပ်မက်ထဲ အထိ ရွက်စုတ် ပြက္ခဒိန်က နေ့စွဲ စာရွက်လေးတွေ ကို တစ်ရွက်ပြီး တစ်ရွက် ဆွဲဖြုတ် နေရ တတ်တယ် လို့ အိပ်မက်မက် တတ်တယ်။ မိုးလင်းလို့ ယောင် ပေပေ သွားကြည့် မိရင်တော့ ရွက်စုတ် ပြက္ခဒိန် အဖုံးပေါ်က ရေသူမ ဒီဇိုင်းနဲ့ ရိုက်ထားတဲ့ တစ် ကိုယ်လုံးပေါ် နိုင်ငံခြား မင်းသမီးက ကောင်လေး ကို ပြုံးနှုတ်ဆက်လို့။ နေ့စွဲ စာရွက်လေးက မနေ့ က အတိုင်း။ ကောင်လေး ကတော့ နိုင်ငံခြား မင်း သမီးကို ဘုကြည့်ကြည့်ပြီး စာရွက်ကိုဆွဲဖြုတ် စိတ်ရှိ လက်ရှိ လုံးခြေ ပစ်လွှင့်လိုက်တာ ပင်လယ် ကတောင် အသံမြည် သွားသလိုလို။
“ဖတ်...ဖတ်”
“စွပ်...စွပ်”
ဒီညနေ ကောင်လေး အရမ်းပျော် နေတယ်။ နေ့လယ်ခင်းက ငဘ ထမင်းခိုး ထည့်လာ ပေးတဲ့ ပလတ် စတစ် အိတ်ထဲကို ညနေ အလုပ်သိမ်းတော့ ရွေးကျ ငါးသေးတွေ ထည့်လာခဲ့တာ ကုန်လုကုန် ခင်ဖြစ်နေပြီ။ ကောင်လေးက ငါးတစ်ဆုပ် ပစ်ချလိုက် တဖတ်ဖတ်နဲ့ ပင်လယ်က အသံမြည် လိုက်။ စင်ရော်ငှက်တွေက ကောင်းကင် ကနေ ထိုးသုတ် စားတော့ တစွပ်စွပ်နဲ့ ပင်လယ်က အသံမြည် လိုက်နဲ့ ပင်လယ်ရဲ့ ညနေ ဆည်းဆာဟာ သဘာဝကျစွာ လှပနေတယ်။
အပြာရောင် ပင်လယ် တစ်ခု။ ပင်လယ်ထဲမှာ သင်္ဘော တစ်စင်း။ သင်္ဘော ဦးစွန်းမှာ ကောင် လေးတစ်ယောက်။ ဆည်းဆာရဲ့ ရောင်စုံစုတ် ချက်တွေ ကြားထဲမှာ စင်ရော် တစ်အုပ်။ ဒီရှုခင်းကို လက်ကျန် အားအင်နဲ့ ငေးရီနေတဲ့ နေ၀န်းနီနီ။ ဒါကို လှပတဲ့ ပန်းချီကား တစ်ချပ်ဆိုဆို။ လောကဓံ တရားက ကောင်လေး အတွက် ဖန်ဆင်းပေးလိုက် တဲ့ သေသပ် ပိရိတဲ့ လှည့်ကွက် တစ်ခုလို့ပြော ပြော။ ကောင်လေး ကတော့ ရင်ထဲ၊ အသည်းထဲ၊ အသိဉဏ် တွေထဲကပါ ပျော်နေတယ်။
ကောင်လေးရဲ့ မျက်လုံးတွေက မနက် အလုပ် ထဲက ပိုက်ခေါင်းဆောင်ရဲ့ ရိုင်းပျမှု တွေနဲ့ ဆန့် ကျင်စွာ လင်းလက် တောက်ပ နေတယ်။ နေ၀န်းနီနီ ကြီးကတောင် ကောင်လေးရဲ့ပျော်ရွှင်မှုကို မနာလို ကာ အနောက်ဘက် ပင်လယ်ထဲကို ရှက်ရွံ့စွာ တိုးဝင်လို့။ ပင်လယ်ကြီး ကတော့ ဟိုတုန်းက သူ့ရဲ့ မောက်မာမှုတွေ အတွက် ကောင်လေးကို လေပြည်ညင်း တွေနဲ့ မျက်နှာချို သွေးလို့။
ကောင်လေး ပျော်နေ ပါတယ်။ ပိုက်ကွန်က လွတ်တဲ့ ငါးတစ်ကောင်လို ကောင်လေးတစ်ကိုယ် လုံး ဆတ်ဆတ် တုန်အောင် ပျော်နေပါတယ်။ သုံးနှစ် လုံးလုံး မသေအောင်စား၊ မနားရ အောင် ခိုင်းစေ ခံခဲ့ ရတာတွေ။ မုန်တိုင်းနဲ့ အသက် ခန္ဓာ လောင်းကြေး ထပ်ကစား ခဲ့ရတာတွေ။ ပင် လယ် ဓားပြတွေနဲ့ လိုက်တမ်း ပြေးတမ်း ကစားခဲ့ရ တာတွေ၊ သူတစ်ပါး ရေပိုက်နက်ထဲ ငါးခိုးဖမ်းလို့ သေနတ်နဲ့ အပစ်ခံ ရတာတွေ အားလုံးကို မေ့လျော့ ပြီး ဒီညနေ မှာတော့ ကောင်လေး အရမ်းပျော်နေ တယ်။
ဟုတ်တယ်။ ကောင်လေးအတွက် ပျော်စရာ ကောင်းတဲ့ ညနေ။ လှပတဲ့ ဆည်းဆာ။ လှပတဲ့ ပင်လယ်။ လှပတဲ့ မနက်ဖြန်။
“စင်ရော်ငှက် ကလေး တွေရေ...မနက်ဖြန် ဆို ငါ အိမ်ပြန်ရတော့မယ်။ မင်းတို့နဲ့ နောက်ဆုံး မှာ မဟုတ် တော့ဘူး။ ဒါပေမဲ့ မင်းတို့ကို ငါ အမြဲ သတိရ နေမှာပါ။ မင်းတို့ ဘယ်လောက် လှတဲ့ အကြောင်း။ ပင်လယ်ကြီး ဘယ်လောက် ကျယ် ကျယ်၊ မုန်တိုင်းတွေ ဘယ်လောက်ထန်ထန်၊ မင်း တို့အန်တု အနိုင် ယူနိုင်တဲ့အကြောင်း။ ငါဟာ မင်း တို့ကို အားကျ အတုယူ ခဲ့ရတဲ့ အကြောင်းတွေ ငါ့အမေကို ပြောပြ ဖြစ်မှာပါ။ ငါ့အမေက ငါ့ကို မျှော်နေ မှာကွ သိလား။ ဘာပဲဖြစ်ဖြစ် ပင်လယ်ကြီးရယ်၊ မင်းတို့ရယ်၊ မနက်ဖြန်ဆို ဟောင်းသွား တော့မဲ့ ငါ့ရဲ့ ကံကြမ္မာဆိုး နေ့ရက်တွေရယ်ကို ငါ့ အသက် ခန္ဓာရှိနေ သမျှ သတိ ရနေမှာပါ။ ငါတို့ တွေ့ဆုံတာ ဒီညနေဟာ နောက်ဆုံးပါပဲ။ စိတ်မကောင်း ပါဘူးကွာ။ ကဲ၊ နေလည်း ၀င်တော့မယ်။ မင်းတို့ လည်း ပြန်တော့။ နောက်ထပ်ဆုံ တွေ့ဖို့ ဆုမတောင်း ရဲတဲ့ ငါ့ကိုတော့ ခွင့်လွှတ် ကြပါကွာ” ကောင်လေးရဲ့ အသံက ၀မ်း နည်းမှုကြောင့် တုန်ခါနေတယ်။ ကောင်လေးက လက်ကျန်ငါးတွေ အကုန်လုံး ပင်လယ်ထဲ ပစ်ချ လိုက်တယ်။ စင်ရော်ငှက်တွေက အလုအယက် ထိုးသုတ် စားကြတာ ဆူညံလို့။ စောစောက လှပခြင်း တွေနဲ့ ပြည့်စုံခဲ့တဲ့ ပင်လယ်ပြင်ကြီးဟာ တဖြည်းဖြည်း ချင်း အနက်ရောင် ၀တ်ရုံကို လွှမ်းခြုံ လိုက်တယ်။ နေ၀န်းနီနီကြီး ကတော့ ပင်လယ်မှာ အိပ်စက်ဖို့ ခေါင်းတိုး ၀င်သွားပြီ။ စင်ရော် ငှက်ကလေး တွေကလည်း ကောင်လေး အတွက် နှုတ်ဆက်တေး တွေသီရင်း ကျောက်ဆောင် တွေဆီ အိပ်တန်းတက် ဖို့ပြန်ကြပြီ။ ကောင်လေး ကတော့ ကျောက်ရုပ် တစ်ရုပ်လို မတ်မတ်ရပ်ကာ စင်ရော်ငှက်တွေ အိပ်တန်းပျံ ရာဘက်ကို ငေးမောလို့။
စင်ရော်ငှက်၊ ပင်လယ်ရဲ့ ဘုရင်တစ်ပါး။ မုန်တိုင်းဘယ် လောက်ပြင်းပြင်း။ လေဆန် ဘယ်လောက်ကြမ်းကြမ်း ကိုယ့်အိမ် ကို အရောက် ပြန်တဲ့ငှက်။ ကောင်လေးရဲ့ မျက်လုံးတွေမှာ အားကျ ရိပ်တွေ စွန်းထင်းလာတယ်။ အမေ၊ အမေ့အိမ်၊ မနက်ဖြန်၊ အို၊ ဖျတ်ခနဲ လင်းလက်သွားတဲ့ ပင်လယ်ရဲ့ အရောင်ကြောင့် ကောင် လေး အမှတ်မထင် ကောင်းကင်ကို မော့ကြည့်တယ်။ ကြယ် တစ်စင်း ပင်လယ်ထဲ ထိုးဆင်း လာတာ မြင်လိုက်ရတယ်။ ကောင်လေး အမေ့စကား တစ်ခွန်းကို အမှတ်ရတယ်။“ကြယ်ကြွေ တာ မြင်ရင် ဆုတောင်း ရတယ်။ ကိုယ် တောင်းတဲ့ဆု ဆုံးရဲ့သားနဲ့ ကြယ် ကြွေတာ မပျောက် သေးရင် တောင်းတဲ့ဆု ပြည့်တယ်။ မှတ်ထား သား”တဲ့။ ဒါပေမဲ့ ကောင်လေး နောက်ကျ ပါတယ်။ ကြယ်ကြွေက ကောင်လေးရဲ့ ဆုကိုလည်း မစောင့်ဘူး။ ပင်လယ် ကိုလည်း ရောက်အောင် မလာ ခဲ့ဘူး။ ကောင်လေး ကတော့...။
တကယ်လို့များ...သင်
ပင်လယ်ပြင်ကို ရောက်ခဲ့မယ် ဆိုရင်
စင်ရော် ငှက်ကလေး တွေကို
တွေ့ခဲ့မယ် ဆိုရင်
အလံမျိုးစုံ ပြောင်းလဲ တပ်ဆင်နေတဲ့
သင်္ဘော တစ်စင်းကို တွေ့ခဲ့မယ် ဆိုရင်
ဒါမှမဟုတ် ပင်လယ် ရေပြင်ထဲမှာ
မျောနေတဲ့ နေ့စွဲ ပြက္ခဒိန် စာရွက်လေးတွေ
တွေ့ခဲ့မယ် ဆိုရင်
သင် အသိပေး လိုက်ပါ။
သားပျောက် နေတဲ့ အမေတစ်ယောက်
ကမ္ဘာမြေပေါ်က စောင့်မျှော် နေဆဲဆိုတာ...။
ရာဇာမျိုး၊အင်းကုန်း၊
(Teen မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment