Tuesday, November 13, 2018

ဆီးကျိတ်ကြီးခြင်းရောဂါ (BPH) ကို အနေအထိုင်၊ အစားအသောက်ဖြင့် ကုသခြင်း



****************************************

🔴 USN: ဆီးကျိတ်ကြီးရောဂါ (BPH) ဖြစ်နေတဲ့သူတစ်ယောက်အနေနဲ့ ဘယ်နည်းဘယ်ပုံ ကုသမှုခံယူနိုင်ပါသလဲ ဆရာ..

Dr.KML: အချို့ကလဲထင်ကြတယ်.. BPH ဖြစ်ပြီဆိုတာနဲ့ ငါတော့ခွဲစိတ်ရတော့မှာပဲဆိုပြီး ကြောက်ကြပါတယ်.. BPH ဖြစ်တဲ့သူတိုင်းကို ခွဲစိတ်ကုသဖို့ မလိုအပ်ပါဘူး.. အချို့လိုအပ်တဲ့သူတွေကိုသာ ခွဲစိတ်ကုသရမှာဖြစ်ပါတယ်.. ရောဂါအနု/အရင့်ပေါ်မူတည်ပြီး ကုသနည်း (၃) မျိုးရှိပါတယ်..

(၁)အနေအထိုင်၊ အစားအသောက်ဖြင့် သက်သာပျောက်ကင်းအောင် ကုသခြင်း (Life style modification)

(၂) ဆေးဝါးများဖြင့် ကုသခြင်း(Medical Treatment)

(၃) ခွဲစိတ်ကုသခြင်း (Surgical Treatment)
တို့ပဲဖြစ်ပါတယ်..

🔴 USN: ကျွန်တော့်အနေနဲ့တော့ မခွဲမစိတ်ရဘဲ သက်သာသွားမယ်ဆိုရင် အတော့်ကိုကျေနပ်ပါပြီ.. အနေအထိုင်၊ အစားအသောက်နဲ့ ပတ်သတ်လို့ ဘယ်လိုမျိုးပြုမူနေထိုင်ရမယ်ဆိုတာလဲ အသေးစိတ်သိပါရစေ ဆရာ..

Dr.KML: အရေးအကြီးဆုံးကတော့ အစားအသောက်ဖြစ်ပါတယ်.. ပြည့်ဝဆီပါတဲ့ တိရိစ္ဆာန်အဆီတွေကိုလျှော့စားပြီး ဟင်းသီးဟင်းရွက်များများစားပေးရင် BPH ဟာ သက်သာပါတယ်.. အထူးသဖြင့် BPH ဟာ အနောက်နိုင်ငံတွေမှာ ပိုဖြစ်လေ့ရှိပါတယ်.. ကမ္ဘာပေါ်မှာ ဖြစ်ပွားမှုနှုန်းအများဆုံးဖြစ်တဲ့ အမေရိကန်ပြည်ထောက်စုမှာ အသက် ၄၀ အထက် အမျိုးသား ၅၀% ဟာ BPH ဖြစ်နေပြီး တရုတ်ပြည်မှာတော့ ၅% ပဲဖြစ်တာဟာ အစားအသောက်ကြောင့် အဓိကဖြစ်ပါတယ်.. အနောက်နိုင်ငံသားတွေဟာ ပြည့်ဝဆီပါတဲ့အသားတွေ၊ ထောက်ပတ်လိုဟာမျိုးတွေ ပိုစားလို့ဖြစ်တယ်လို့ ဆိုပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ အဆီစားရင် Testosterone ကနေ DHT အဖြစ် ပိုပြီးပြောင်းအောာင် လှုံ့ဆော်လို့ DHT တွေ ပိုများလာလို့ပဲဖြစ်ပါတယ်.. အဆီအဆိမ့်စားတာ များလေလေ လူကလဲ ပိုဝလာလေလေ၊ Testosterone ပမာဏ ပိုနည်းလေလေဖြစ်ပြီး Sex drive လည်းကျလာကာ ပန်းသေရောဂါ (Impotence) ဖြစ်ဖို့ အလားအလာပိုများလာလေ ဖြစ်ပါတယ်..

🔴 USN: ဒါဆိုရင် ငါးကရတဲ့အဆီကရော ဘယ်လိုနေပါသလဲ ဆရာ..

Dr.KML: ငါးကရတဲ့အဆီကတော့ မပြည့်ဝအဆီနဲ့ Essential fatty Acid လို့ခေါ်တဲ့ Omega-3 တို့ Omega-6 တို့ပဲဖြစ်ပါတယ်.. ဒါတွေကတော့ ဆီးကျိတ်ကျန်းမာရေးကို အထောက်အကူပြုလို့ စားသင့်ပါတယ်.. ရေချိုငါးပဲဖြစ်ဖြစ်၊ ပင်လယ်ငါးပဲဖြစ်ဖြစ် စားနိုင်ပါတယ်..

🔴 USN: နောက် ဆက်ပြောပါဦးဆရာ..

Dr.KML: ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတဲ့ အစားအစာတွေကို မှန်မှန်မှီဝဲရင်ပဲ BPH ဟာ သက်သာနိုင်ပါတယ်.. ဗီတာမင်ထဲမှာ အထူးသဖြင့် Vitamin C နဲ့ Vitamin E ကို နေ့စဉ်စားတဲ့အထဲမှာ ပါဖို့လိုအပ်ပါတယ်.. အစားမစားနိုင်ရင်လဲ Vitamin C နဲ့ Vitamin E ပါတဲ့ဆေးဝါတွေကို မှီဝဲနိုင်ပါတယ်.. နောက်သတ္တုဓာတ်တွေထဲမှာ အရေးကြီးတာက Zinc နဲ့ Selenium တို့ပဲဖြစ်ပါတယ်.. Zinc ဆိုရင် ကြီးပြီးသား Prostate gland ကိုတောင် ပြန်သေးအောင် လုပ်နိုင်ပါတယ်.. Zinc ဟာ 5-Alphareductase enzyme ကို ဟန့်တားနိုင်စွမ်းရှိတဲ့အတွက် DHT အထွက်နည်းစေပါတယ်.. ဒါ့အပြင် Testosterone ပုံမှန်ထွက်စေဖို့ကအစ ဆီးလမ်းကြောင်းမှာရောဂါပိုးမ၀င်အောင် ကာကွယ်ပေးတဲ့အထိပါ အသုံးဝင်ပါတယ်.. Zinc ပါတဲ့အစားအစာတွေကတော့ နေကြာစေ့တို့၊ ကွာစေ့တို့၊ ဖရုံစေ့တို့ပဲဖြစ်ပါတယ်.. ဒါမှမဟုတ် ဆေးအနေနဲ့သောက်ရင် တစ်နေ့ကို 30 mg Zinc Picolinate အနေနဲ့ သောက်လို့ရပါတယ်..

Zinc လိုပဲ အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးကတော့ Selenium ဖြစ်ပါတယ်.. Selenium ဟာ Prostate gland ကိုရောင်စေတဲ့ heavy metal တွေ အထူးသဖြင့် Cadmium တွေကိုဖျက်ဆီးပေးတဲ့အတွက် များစွာအသုံးဝင်ပါတယ်.. တစ်နေ့ကို 200 mg လောက် သောက်သင့်ပါတယ်..

ဒါ့အပြင် Vitamin B complex တွေဟာလဲ အကျိုးရှိလှပါတယ်.. အကောင်းဆုံးကတော့ အသီးအနှံမျိုးစုံကိုစားရင် ဒီဗီတာမင်တွေရော သတ္တုဓာတ်တွေပါ အကုန်ရမှာဖြစ်ပါတယ်.. မစားနိုင်သူတွေအနေနဲ့လဲ ဗီတာမင်နဲ့သတ္တုဓာတ်တွေ အစုံပါတဲ့အားဆေးတစ်မျိုးမျိုးကို သောက်သင့်ပါတယ်..

🔴 USN: ဆီးကျိတ်ကြီးတဲ့သူတွေဟာ အရက်တို့ ဘီယာတို့သောက်ရင် ပိုဆိုးတယ်လို့ ပြောကြတာဟုတ်ပါသလား ဆရာ.. ကျွန်တော်နဲ့ အင်မတန်ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက် ညဘက် Dinner မှာ အရက်သောက်တာများသွားလို့ နောက်တစ်နေ့မှာ ဆီးမသွားနိုင်ဖြစ်ပြီး အရေးပေါ်ခွဲစိတ်ကုသရတာ တွေ့ဖူးလို့ပါ ဆရာ..

Dr.KML: မှန်ပါတယ်.. အရက်ပဲဖြစ်ဖြစ်၊ ဘီယာပဲဖြစ်ဖြစ်သောက်ရင် Prolactin လို့ခေါ်တဲ့ ဟိုမုန်းတစ်မျိုး သွေးထဲမှာများလာပါတယ်.. အဲ့ဒီ Prolactin တွေဟာ DHT ပိုထွက်စေပြီး BPH ကို ပိုဆိုးစေပါတယ်.. BPH ရှိသူတိုင်းဟာ အရက်၊ ဘီယာကို လုံးဝဖြတ်ရမှာဖြစ်ပါတယ်.. မဖြတ်ရင်တော့ ခွဲစိတ်ကုသရတဲ့အထိ ရောက်တတ်ပါတယ်..

🔴 USN: ကော်ဖီတို့ လက်ဖက်ရည်တို့ရော ဘယ်လိုနေပါသလဲ ဆရာ..

Dr.KML: ကော်ဖီနဲ့ လက်ဖက်ရည်၊ ရေနွေးကြမ်းမှာပါတဲ့ Caffeine ဓာတ်ဟာများရင် BPH ကို ပိုဆိုးစေပါတယ်.. Caffeine ဓာတ်ဟာ ဆီးရွှင်စေတဲ့အတွက် ဆီးသွားဖို့ခက်တဲ့သူတွေဆိုရင် ပိုပြီးဒုက္ခရောက်နိုင်ပါတယ်.. ဆီးအိမ်တင်းပြီး အရေးပေါ်ဆီးပိုက်ထည့်ရတာတို့ဘာတို့ ဖြစ်တတ်ပါတယ်.. ဒါ့ကြောင့် ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်းကို တစ်နေ့ (၃) ခွက်ထက် ပိုမသောက်သင့်ပါ..

🔴 USN: တရုတ်ပြည်ကလာတဲ့ သတင်းတစ်ပုဒ်ထဲမှာ green tea ဟာ BPH ကိုသက်သာစေတယ်လို့ သိရပါတယ်.. အခု ဆရာပြောတာနဲ့ ဆန့်ကျင်နေသလိုများ ဖြစ်နေမလား ဆရာ..

Dr.KML: ဒါလဲမှန်သင့်သလောက် မှန်ပါတယ်.. green tea မှာပါတာက Flavonoid ရယ်၊ Caffeine ရယ်ဆိုပြီး နှစ်ပိုင်းပါပါတယ်.. Flavonoid တွေဟာ BPH ကိုသက်သာပျောက်ကင်းစေတာဖြစ်ပြီး Caffeine ကပိုဆိုးစေတာဖြစ်ပါတယ်.. သူတို့ပြောတဲ့ green tea က Caffeine ဓာတ်ကို ဖယ်ထုတ်ထားတဲ့ green tea ကို ဆိုလိုတာဖြစ်ပါတယ်.. ဒါမျိုးဆိုရင် အကျိုးရှိပါတယ်.. Caffeine ဓာတ်မထုတ်ထားရင်တော့ များများမသုံးသင့်ပါဘူး..

🔴 USN: ကိုယ်လက်လှုပ်ရှားမှုတွေရော ပြုလုပ်လို့ရပါသလား ဆရာ..

Dr.KML: လေ့ကျင်ခန်းအနေနဲ့ ပြောရမယ်ဆိုရင် ကိုယ်လက်လှုပ်ရှားမှုမှန်မှန်လုပ်ပေးဖို့လဲလိုပါတယ်.. လမ်းလျှောက်တာတို့၊ ဂေါက်သီးရိုက်တာတို့လုပ်ပေးရင် Pr၀state gland သာမက ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက်ပါ အကျိုးရှိပါတယ်.. Testosterone ပုံမှန်ဖြစ်ပြီး DHT ပါ အထွက်နည်းစေတဲ့အတွက် BPH ကိုသက်သာစေပါတယ်.. Aerobic လေ့ကျင့်ခန်းတွေလုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်.. နောက်ပြီးအမျိုးသမီးတွေ မီးမဖွားခင်နဲ့ မီးဖွားပြီးကာလတွေမှာလုပ်လေ့ရှိတဲ့ Pelvic floor exercise လုပ်ပေးရင် ပိုအကျိုးရှိပါတယ်.. တစ်နေ့ ၂ ကြိမ်လောက်လုပ်ပေးရင် များစွာအကျိုးရှိပါတယ်..

🔴 USN: ကျွန်တော်သတိပြုမိတာတစ်ခုရှိတယ် ဆရာ.. ၀မ်းချုပ်တာနဲ့ဆီးသွားလို့ဒုက္ခရောက်တာပဲ.. ဒါနဲ့ပဲ ၀မ်းမချုပ်အောင် အမြဲဂရုစိုက်နေရတယ်.. အဲ့ဒီနှစ်ခု ဘယ်လိုများ ဆက်စပ်မှုရှိသလဲဆိုတာ သိချင်ပါတယ်..

Dr.KML: ၀မ်းချုပ်ခြင်းဟာ BPH ကိုပိုဆိုးစေပါတယ်.. ၀မ်းချုပ်ရင် စအိုနဲ့အူမကြီးမှာ စမြင်းတုံးတွေ ခံနေတဲ့အတွက် Prostate gland ကိုဖိပါတယ်.. ဆီးသွားခါနီးမှာ ဆီးပြွန်ဟာ အပြင်ဖိအားကြောင့် တော်တော်နဲ့မပွင့်ပါဘူး.. ဒါကြောင့် ဆီးနဲ့ပတ်သက်လို့ ဒုက္ခရောက်ရပါတယ်.. နောက်တစ်ခုက ၀မ်းချုပ်ရင် အူထဲမှာအညစ်အကြေးတွေ ပိုများလာတဲ့အတွက် သွေးထဲကိုရောက်သွားပြီး အဆိပ်အတောက်ဖြစ်စေပါတယ်.. Prostate ရဲ့ပုံမှန်လုပ်ငန်းတွေကိုပါ ထိခိုက်တတ်ပါတယ်..
ဒါကြောင့် ၀မ်းကို တစ်နေ့ အနည်းဆုံးတစ်ခါသွားအောင် ဂရုစိုက်ရပါမယ်.. ၀မ်းသွားဖို့ကတော့ အမျှင်ပါတဲ့အသီးအရွက်တွေ များများစားပေးဖို့ လိုပါတယ်.. ဥပမာ ချဉ်ပေါင်ဟင်းတို့ ကင်ပွန်းချဉ်တို့နဲ့ ထမင်းစားတဲ့အကျင့်၊ ပြီးရင် ရေများများသောက်ပေးတာ ပိုကောင်းတာက သဘာဝသစ်သီး Juice (ဖျော်ရည်) တွေသောက်ပေးတာတို့ မန်ကျည်းသီးဖျော်ရည် (သဘာဝ) သောက်တဲ့အလေ့အကျင့်တွေဟာ ပိုကောင်းပါတယ်..

🔴 USN: ကျွန်တော်တို့မိတ်ဆွေတွေစုပြီး yoga သင်တန်းတစ်ခုမှာ လေ့ကျင့်နေကြပါတယ် ဆရာ.. အဲ့ဒါကရော BPH အတွက် အကျိုးရှိ/မရှိ ဆရာ့အမြင်လေး သိပါရစေ..

Dr.KML: အများကြီးအကျိုးရှိတာပေါ့.. Yoga ကျင့်စဉ်ဟာ ဆီးကျိတ်ရောဂါ ကာကွယ်ရေးမှာရော ကုသရေးမှာပါ အကျိုးရှိပါတယ်.. အခုဆိုရင် တရုတ်၊ ကိုရီးယား၊ ဂျပန်စတဲ့ အရှေ့တိုင်းနိုင်ငံတွေသာမကပဲ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုအထိပါ ပျံ့နှံ့နေပါပြီ..
Yoga လုပ်ရင် Prostate area ကို သွေးလှည့်ပတ်မှုကောင်းစေတဲ့အတွက် Prostate gland ရဲ့  Function ကို ကောင်းစေပါတယ်.. အဓိကအသုံးပြုတဲ့ Posture (၃) မျိုးရှိပါတယ်.. ဒါတွေကတော့ Shoulder stand၊ Butterfly ရယ်၊ Spinal twist တို့ပဲဖြစ်ပါတယ်.. တစ်ခါလုပ်ရင် ၁၀-၁၅ မိနစ် တစ်နေ့နှစ်ကြိမ် လုပ်ပေးသင့်ပါတယ်..

🔴 USN: BPH ရောဂါဖြစ်သူတစ်ဦးအနေနဲ့ ရှောင်ကြဉ်သင့်တဲ့ ဆေးဝါးတွေများရှိရင်လဲ သိချင်ပါတယ် ဆရာ..

Dr.KML: ရှိပါတယ်.. အဓိကကတော့ အအေးမိတုပ်ကွေးတွေမှာ သောက်လေ့ရှိတဲ့ cold tablet အုပ်စုဝင်ဆေးတွေ ဖြစ်ပါတယ်.. အဲ့ဒီဆေးတွေထဲမှာ ephedrine လို့ခေါ်တဲ့ adrenergic အုပ်စုဝင် ဓာတုပစ္စည်းတွေရယ်၊ Anti-histamine အုပ်စုဝင်ဆေးတွေရယ် ပါဝင်လေ့ရှိပါတယ်.. အဲ့ဒီဆေးတွေဟာ ကြွက်သားတွေကို ကျုံ့စေပါတယ်.. သွေးကြောတွေကို ကျဉ်းစေပါတယ်.. decongestant action ရှိစေတာကြောင့် ဖြစ်ပါတယ်.. ဒီဆေးတွေစားလိုက်ရင် Prostate gand ဟာ ကျုံ့သွားတဲ့အတွက် ဆီးလမ်းကြောင်း ရုတ်တရက်ပိတ်သွားတာမျိုး ဖြစ်တတ်ပါတယ်.. ဒါကြောင့် အအေးမိနှာစေးဖြစ်တိုင်း အဲ့ဒီဓာတုဗေဒပစ္စည်းပါတဲ့ဆေးတွေကို ရှောင်ရမှာဖြစ်ပါတယ်..

🔴 USN: နောက် ကျန်တာများရှိရင်လဲ သိချင်ပါတယ် ဆရာ..

Dr.KML: အရေးကြီးတာတစ်ခုကတော့ stress ပါ.. စိတ်ပူပင်သောက စိတ်ဖိစီးမှုတွေများရင် catecholamine တွေထွက်ပါတယ်.. အဲ့ဒါဆိုရင် ဆီးကျိတ်ဟာ ပိုပြီးဆိုးတတ်ပါတယ်.. ဒါကြောင့် စိတ်ကိုပျော်ရွှင်အောင် နေထိုင်တတ်ဖို့ အရေးကြီးပါတယ်.. BPH လူနာအများစုဟာ meditation လို့ခေါ်တဲ့ တရားထိုင်ရင် သက်သာလာတာကိုတွေ့ရလို့ အချို့နိုင်ငံဆေးရုံတွေမှာတောင် စတင်ကျင့်သုံးနေပါပြီ.. ဆေးရုံမှာရှိတဲ့လူနာတွေကို တရားမှတ်ခိုင်းထားရင် ရောဂါမြန်မြန်ပျောက်ပြီး ဆေးရုံတက်ရတဲ့အချိန်လဲ ပိုတိုအောင်လို့ဖြစ်ပါတယ်..
နောက်တစ်ခုက ညဘက်ကို အရည်တွေ များများမသောက်ဖို့လိုပါတယ်.. ညစာစားပြီး ၇ နာရီနောက်ပိုင်း အရည်ကို အတတ်နိုင်ဆုံးလျှော့သောက်ဖို့ပါ.. လက်ဖက်ရည်၊ ကော်ဖီကတော့ ညဘက်မှာ လုံးဝမသောက်သင့်ပါဘူး.. ဘာလို့လဲဆိုတော့ ညဘက်မှာ ကျောက်ကပ်ဟာ ပိုပြီးအလုပ်လုပ်တဲ့အတွက် ဆီးပိုသွားစေလို့ပဲဖြစ်ပါတယ်.. တစ်ညကို ၃-၄ ခါထရရင် အိပ်ရေးပျက်ပြီး စိတ်လဲတိုလာမယ်ဆိုရင် ရောဂါကိုပိုဆိုးစေနိုင်လို့ ဖြစ်ပါတယ်..


ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals) 

#MWDHealthTalkProgramme

No comments: