Monday, November 26, 2018

♡ ဘယ်အချိန် အလေးလျှော့ဖို့လိုမလဲ ❆



(Gym ဆော့ပြီး Result မရသူတွေ ဖတ်ရန်)

အလေးဆော့တဲ့အခါ ဆော့နေကျပမာဏကို ထိန်းနိုင်ရင်ထိန်း၊ မဟုတ်ရင်အမြဲတန်းတိုးလုပ်နိုင်ဖို့ ကြိုးစားပါလို့ ဆိုရင် မမှားပါဘူး။

ပမာဏလျှော့ပြီးလုပ်တာကြာရင် Strength ကျသွားမယ်၊ Strength နဲ့အတူ ခက်ခက်ခဲခဲရထားတဲ့ ကြွက်သားထုပါကျသွားမယ် လို့ယူဆကျတာကြောင့် ဘယ်သူမှ လျှော့ပြီး မလုပ်ချင်ကြပါဘူး။

ဒါပေမယ့် အလေးပမာဏလျှော့ပြီး လုပ်ရတဲ့ Scenario တွေတော့ရှိပါတယ်။ ဥပမာ

၁- ဒဏ်ရာအနာတရ ဖြစ်သလိုခံစားရတဲ့အခါ

၂- ဆော့တဲ့ Program အရ သုံးပတ် အလေးကြီးလုပ်၊ တစ်ပတ်အလေးလျှော့ စသဖြင့်

၃- ဆော့တဲ့ Program အရ တစ်နေ့အလေးအကြီး၊ တစ်နေ့အလေးလျှော့ စသဖြင့်

၎- ကြွက်သားပေါ်အောင် အဆီချချိန် ဆော့နေကျအလေးကြီးတွေကို မလုပ်နိုင်တော့လို့ အလေးမလျှော့မဖြစ်လျှော့ရသူတွေ

၅- ဆော့တာကာလတစ်ခုကြာပေမယ့် Result သိပ်မမြင်ရသူတွေ

ဒါကတော့ အဖြစ်များတဲ့ အလေးလျှော့ရတဲ့ အခိုက်အတန့်တွေပေါ့။ ဒီအပေါ်က ၅ ချက်မှာ ၁ ကနေ ၄ အထိက ရိုးရှင်းပါတယ်။ ဒဏ်ရာဖြစ်ရင်လျှော့၊ ဆော့နေကျ Program အရလျှော့၊ အဆီချတုန်း အားလျော့လာရင် လျှော့။

ဒါပေမယ့် Result မမြင်ရသူတွေကို ဘာကြောင့်အလေးလျှော့သင့်တယ် ပြောသလဲ။ ဒီအကြံပေးချက်နဲ့ ပတ်သက်ပြီး ပြောချင်လို့ ဒီဆောင်းပါးကို ရေးလိုက်တာပါ။

ခန္ဓာကိုယ်တစ်ခုပြောင်းလဲလာဖို့၊ Result မြင်ရဖို့ဟာ အချိန်ကြာပါတယ်၊ စိတ်ရှည်ရပါတယ်။ မသိမသာပြောင်းလာဖို့ဆိုတောင် ၄-၆ လလောက်ကြာတတ်ပြီး ပတ်ဝန်းကျင်က လူတွေလုံးဝသတိထားမိဖို့

" ဟရောင် ၊ ဆော့နေတာလား " ဆိုပြီး အထူးအဆန်းအနေနဲ့ ရင်ဘတ်တွေလာထိ၊ လက်မောင်းတွေ လာညှစ်ဖို့ဆို တစ်နှစ်ကျော်လောက်ကြာတတ်ပါတယ်။  ဒီတစ်နှစ်ကျော်ဆိုတာတောင် လူတွေစအထင်ကြီးနေပေမယ့် လိုချင်တဲ့ Target Body မျိုးမဟုတ်သေးပါဘူး။ လိုချင်တဲ့ Target Body မျိုးဆိုရင်တော့ ၃ နှစ်အထပ်လောက်မှ စပါမယ်။ ဒါက ပျမ်းမျှ အလုပ်တွေ၊ ကျောင်းတွေနဲ့ ဆော့နေတဲ့ လူအတွက်ပါ။

အိုကေ၊ Result က နှေးတယ်၊ စိတ်ရှည်ရမယ်ဆိုတာကို သိပြီ။ ဒါပေမယ့် ကိုယ့် Result ကနှေးတာထပ်ကို ပိုနှေးနေတယ်။

ဒါဆိုရင် ပြန်သုံးသပ်ဖို့လိုလာပါပြီ။

ဒီနေရာမှာ ပိုကြိုးစားမယ်၊ တစ်နေ့ Gym ၂ ခေါက်သွားမယ်၊ တစ်နေ့ ၃ နာရီဆော့မယ်ဆိုတာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ဒါဟာ ပြတင်းပေါက်မှန်ကို ခွဲပြီးသွားနိုင်လေမလားလို့ ယူဆပြီး ခေါင်းနဲ့တိုးနေတဲ့ ယင်ကောင်ပါပဲ။ သိပ်မကြာဘူး၊ သူ့လိုပဲ ဒဏ်ရာရပြီး ကိန်ပါလိမ့်မယ်။

Workout လုပ်ချိန်မှာ မခိုမကပ်လုပ်ပြီး မိနစ် ၄၀-၇၀ ဝန်းကျင်ကြာတယ်၊ ဒါ့ထပ်လဲ ပိုမပေးဆပ်နိုင်တော့ဘူး။ Diet ကလဲမှန်တယ်။ ဒါနဲ့တောင် ဘာကြွက်သားမှ သိသိသာသာ တက်မလာဘူး။

ဒါဆိုရင်တော့ ဒီနေရာမှာ ရှေ့တစ်လှန်းတိုးမယ့်အစား နောက်တစ်လှန်းဆုတ်သင့်ပါပြီ။ အလေးတွေကို မလျှော့ချင်ပေမယ့်လဲ လျှော့ချဖို့ ကြိုးစားသင့်ပြီ။

ဒီနေရာမှာ ရင်ထဲဘယ်လိုခံစားရမလဲကို နားလည်တယ်လို့ ပြောချင်ပါတယ်။ အလေးလျှော့ဖို့ ဘယ်သကောင့်သား၊ ဘယ်သကောင့်သမီးမှ မလုပ်ချင်ပါဘူး။ ခက်ခက်ခဲခဲ ဒီအဆင့်ထိရောက်အောင် လုပ်ထားရပါတယ်ဆိုမှ အလေးလျှော့ရတဲ့အခါ ရင်ထဲမချိဖြစ်တတ်ပါတယ်။ ဒါပေမယ့်လဲ လျှော့ပြီး ပြန်ကြိုးစားကြည့်ပါ။

ဒီနေရာမှာ ဂိမ်းဆော့တာနဲ့ ဆင်ပါတယ်။ လူသိများတဲ့ Mobile Legends တို့၊ Dota တို့နဲ့ ဥပမာပေးလို့ရပါတယ်။ လွယ်တဲ့ Mobile Legends နဲ့ ဥပမာပေးကြည့်ရအောင်။

Hero တစ်ကောင်မှာ သုံးရတဲ့ Spells က ၃-၄ မျိုးပဲရှိပါတယ်။ ဘာမှမခက်ပါဘူး။ ခလုတ်ကလေး သုံးလေးခုပါပဲ။

အလေးဆော့သလိုပေါ့။ ရင်ဘတ်ထွားချင်တယ်၊ တင်သားလှချင်တယ်ဆို တစ်ခုချင်းစီအတွက် လေ့ကျင့်ခန်းပုံစံ ၃-၄ မျိုးလုပ်ရုံပါပဲ။

ဒါပေမယ့် ဒီ Hero ကိုကျွမ်းကျင်ဖို့ကျ မလွယ်ပါဘူး။ တစ်ချို့ဆိုပွဲပေါင်း ရာချီဆော့ကြတယ်။ ဒါတောင်မှ ပွဲများတိုင်း ဆရာမကျတဲ့ သူတွေကရှိပါသေးတယ်။

အလေးဆော့တဲ့အခါမှာလဲ တူတူပါပဲ။ တစ်နေ့မှာ ၁ဝကြိမ် ၅ ကြော့မလို့ အကြိမ် ၅၀ပဲထား။ တစ်လမှာ အကြိမ် သုံးလေးရာ ဖြစ်နေပြီ။ ဒါပေမယ့် ဘာမှမထူး။

ဒီတော့ ဒီ Hero ကို ဆရာမကျရင် ကျွမ်းကျင်အောင် ကျင့်ရတော့မယ်ဆိုတာတော့ ရိပ်မိလာပြီ။ ဒါဆိုရင် Rank တွေမှာ ကျင့်မလား၊ Basic ကျတဲ့ Skill တွေကို လွယ်ကူတဲ့နေရာမှာ ကျင့်မလား။ ခက်တဲ့ Rank တွေမှာ ကျင့်တဲ့အခါ ဒီ Hero ရဲ့ အားသာချက်၊ အားနည်းချက်၊ Farming skill စတာတွေကို လေ့လာဖို့ အချိန်မရှိဘူး။ ဒီတော့ Basic တွေ သင်ဖို့အတွက် လွယ်တဲ့နေရာမှာ ပြန်လေ့ကျင့်ရမယ်။

အလေးဆော့တဲ့အခါမှာ Personal records ဖြစ်တဲ့ စံချိန်တင်အလေးကြီးတွေနဲ့ ကြွက်သားတွေ လှုပ်ရှားပုံ၊ ညှစ်ပုံကို သင်ယူဖို့ မဖြစ်နိုင်ပါဘူး။ အလေးကြီးတွေနဲ့ဆော့ရင် မယိမ်းယိုင်အောင်တောင် မနည်းထိန်းနေရတာကိုး။ ဒီတော့ Basic အခြေခံတွေကို ပြန်သင်ယူဖို့ နိုင်နင်းတဲ့ အလေးပမာဏနဲ့ ပြန်ဆော့ရပါမယ်။ ဥပမာ ၁၂-၁၅ ကြိမ်လောက်ကို ဖြေးဖြေးလေး Control နဲ့ လုပ်နိုင်တဲ့အလေးတွေနဲ့ ပြန်သင်ရပါမယ်။

----------------

တွန်းမယ်၊ ပြန်ချမယ်။
Hero တစ်ကောင်ကို လေ့ကျင့်သလိုပဲ အလေးဆော့တာဟာရိုးရှင်းပါတယ်။

ဒါပေမယ့် ပိုနားလည်လာတဲ့အခါ

တွန်းမယ်၊ ပြန်ချမယ်။

ကြွက်သားတွေနဲ့ ထိန်းပြီးတွန်းမယ်၊ ပြန်ချမယ်။

ကြွက်သားတွေနဲ့ ထိန်းပြီးတွန်းမယ်၊ ထိန်းပြီးပြန်ချမယ်။

ဘယ်ကြွက်သားတွေနဲ့ ထိန်းပြီးတွန်းမယ်၊ ထိန်းပြီးပြန်ချမယ်။

ဘယ်ကြွက်သားကို သုံးမယ်၊ ဘယ်ကြွက်သား ပါဝင်မှုကိုတော့ ကန့်သတ်ထားမယ်။

ဘယ်အချိန်မှာ အရှိန်ယူမယ်၊ ဘယ်အချိန်မှာ အရှိန်ကို ကန့်သတ်ထားမယ်။

ဒီလိုမျိုးတွေ အထာနပ်လာဖို့၊ ဆရာကျလာဖို့ဟာ အလေးဆော့ခြင်းရဲ့ အခြေခံဖြစ်တဲ့ ကိုယ်လုပ်တဲ့ကြွက်သားတွေကို ခံစားရဖို့လိုပါတယ်။ ဒီတော့ ဒီခံစားချက်တွေကို မကျွမ်းကျင်သေးရင် အလေးလျှော့ပြီး ပြန်ကျင့်ရပါမယ်။

----------------

Diet ကောင်းပေမယ့် Result မရဘူး၊ ဘယ်လိုလုပ်ရမလဲ ဆိုပြီး Page မှာ မကြာခဏလာမေးကျသူတွေ ရှိပါတယ်။ မေးသူလဲများတာရယ်၊ ဖြေချင်လွန်းတာရယ်နဲ့ အချိန်ပေးပြီး ဒီတစ်ခေါက်ဖြေပေးလိုက်ပါတယ်။

အလေးလျှော့ပြီး ပြန်ကြိုးစားကြည့်ပါ။ ကြွက်သားတွေကို ခံစားပါ။ Skill တစ်ခု သင်ယူသလို ကိုယ့်ခန္ဓာကိုယ် ကြွက်သားလှုပ်ရှားပုံကို လေ့လာပါ။ လုပ်နည်းမှန် မမှန်ကို ကျင့်ပါ။

Personal records တွေ ခဏတာမချိုးရလို့ ဝမ်းမနည်းပါနဲ့။ ကြွက်သားတွေ နိုးထလာတဲ့အခါ ဒီ Record တွေကို ခဏလေး ပြန်ချိုးနိုင်လာပါလိမ့်မယ်။

အားလုံးပဲ ဒီနည်းလေးသုံးကြည့်ပြီး Result တွေ ရှာတွေ့နိုင်ကြပါစေ။  😊

————————-
 မူရင်းတင်ဆက်သူ - Golden_Dreams❤️

No comments: