Sunday, November 25, 2018

❄ ကံစမ်းမဲ ❄



စုလှိုင် တဖွဲဖွဲရွာနေတဲ့ မိုးရေတွေကို ငေးရင်း စိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။ မိုးတစွတ်စွတ် ရွာနေသော ဒီလို ညမျိုးတွေကို စုလှိုင် မုန်းသည်။ တာဝန်ချိန်က ည ကိုးနာရီထိုးမှ ပြီးမည်မို့ နာရီကို လှမ်းကြည့်လိုက်တော့ ရှစ်နာရီ ကျော်ကျော်လေးတင် ရှိသေးတာမို့ လိမ်တွန့်ပျင်းရိစွာ အညောင်းဆန့်လိုက် မိသည်။ သူတို့ အဖွဲ့ခေါင်းဆောင် ကိုရေခဲကတော့ တစ်ဖက်စားပွဲမှာ အအေးတစ်ပုလင်းနှင့် ငြိမ့်နေသည်။ တစ်စားပွဲတည်း မျက်နှာချင်းဆိုင် ထိုင်နေသော လွင်လွင်နှင့် သက်မာကို ကြည့်ရတာ လည်း အိမ်ပြန်ချင်နေသည့် ပုံနှင့် ငြီးငွေ့ပင်ပန်းစွာ။ ဒါပေမဲ့ မတတ်နိုင်၊ ကိုယ် ရွေးချယ်ခဲ့သည့် လုပ်ငန်းပေပဲ။

ယောက်ျားသားတွေ အများအပြား ဖွာရှိုက်ကြသည့် စုလှိုင်တို့ ကုမ္ပဏီပိုင် ပစ္စည်းကို လူစည်ကားရာ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ ရောင်းအား မြှင့်တင်ရေး ဝန်ထမ်းဘဝနှင့် စုလှိုင် လုပ်သက်ကြာခဲ့ပြီ။ ကနေ့ စားသောက်ဆိုင်ထဲ အရောက် မိုးက သည်းလာ၍ ဘယ်လိုမှ ထပ်သွားစရာ မလိုတော့။ အနေအေးလွန်း၍ စုလှိုင်တို့က နာမည်ပြောင် ကိုရေခဲဟု ခေါ်သည့် အဖွဲ့ခေါင်းဆောင် ဆရာကလည်း ကုမ္ပဏီက လာကြိုမည့် ကားကို ဖုန်းဆက် ခေါ်ပြီးပြီ။ စုလှိုင် ငေးငေးငိုင်ငိုင်နှင့် မိုးရေတွေ မှန်ပြတင်း အပြင်ဘက်ကနေ စီးကျနေတာ ငေးကြည့်ရင်း ကိုးနာရီထိုးရန် စိတ်စော စောင့်မျှော်နေဆဲ။

“မိန်းမရေ၊ မင်း မောင့်ကို မချစ်ပါဘူးကွာ”

ဟု အသံပြဲကြီးနှင့် တစ်ဖက် ထောင့်စားပွဲက လှမ်းအော်လိုက်သံ ကြားတော့ စုလှိုင် အလန့်တကြား လှည့်ကြည့်မိ လိုက်သည်။ တစ်ဆက်တည်းမှာလည်း နှာခေါင်းလေးကို ရှုံ့လိုက်မိသည်။ စားပွဲမှာတော့ ဝရုန်းသုန်းကား ဖြစ်နေပြီ။ အရက်အမူး လွန်နေသည့် အရက်သမား တစ်ယောက်က ခေါင်းတယမ်းယမ်းနှင့် အော်ဟစ်နေသည်။ ကျန်သည့် အပေါင်းအသင်း လေးငါးယောက်ကလည်း မျက်နှာနီနီ ထူအန်းအန်းတွေနှင့်၊ မူးယစ်သံတွေနှင့် နှစ်သိမ့်ဖို့ ကြိုးစားနေကြတာကို စိတ်ပျက်စရာ တွေ့နေရသည်။ ဒါပေမဲ့ လူကျဲပါးနေသည့် စားသောက်ဆိုင်ထဲမှာ စုလှိုင်တို့ လေးယောက်နှင့် ဒီဝိုင်း တစ်ဝိုင်းတည်း ရှိတော့ အော်သံဟစ်သံတွေက မကြားချင်မှ အဆုံး။

“မင်းတို့ ဘာသိလဲ။ မင်းတို့ ဘာသိလဲ။ ငါ့မိန်းမက ငါ့ကို မချစ်ဘူးကွ။ ဂရုလည်း မစိုက်ဘူး”
“ဟုတ်ပါဘူးကွာ။ ငါတို့ သိသလောက်တော့ မအေးဟာ အိမ်ထောင် တာဝန်လည်း ကျေပါတယ်”
“ဘာကျေတာလဲ။ ဘာမှ မကျေဘူး။ ဒီမှာ ဟေ့ကောင်၊ မိန်းမ တစ်ယောက်ဟာ ထမင်းချက်တတ်ရုံနဲ့ မပြီးဘူးကွ။ ယောက်ျား ဘာကြိုက်တတ်လဲ သိရမယ်။ ဘာမှ အသုံးမကျဘူး။ ငါ ဘာကြိုက်လဲ မသိဘူး။ မိန်းမရေ၊ မင်း ငါ့ကို မချစ်ပါဘူးကွာ”

မိုးသည်းလို့ စိတ်ပျက်နေတဲ့ စုလှိုင်တော့ သေသာ သေချင်တော့တာပဲ။ ဘယ်မှလည်း ထသွားလို့ မရတော့ အရက်မူးသမား စကားတွေ၊ ဗလုံးဗထွေး အော်ဟစ်နေကြတာတွေ သည်းခံပြီး နားထောင်နေရသည်။ ဆရာ ကိုရေခဲကလည်း အအေးပင် မသောက်နိုင်ဘဲ ငေးကြည့်နေတာကို လွင်လွင်နှင့် သက်မာတို့က လက်တို့ပြပြီး ရယ်နေကြသည်။

“မိန်းမ၊ မင်း မောင့်ကို မချစ်ပါဘူးကွာ”

အရက်သမားထုံးစံ ထပ်တလဲလဲ အော်နေတာ စုလှိုင် အတော် နားငြီးလာစဉ် သူ့လိုပဲ နားငြီးလာပုံရသော အရက်ဝိုင်းက သိပ်မူးသေးပုံ မရသည့် လူတစ်ယောက်က ထလာပြီး စုလှိုင်တို့ဆီ တည့်တည့်ကြီး လျှောက်လာသည်။ လွင်လွင်က ဖျတ်လတ်နိုးကြားစွာ ကုန်ပစ္စည်း ဂျပ်သေတ္တာကို ဖွင့်ပြီး ကုန်ပစ္စည်း တစ်ခုကို နှိုက်ယူရင်း-

“ကျွန်မတို့ ကုန်ပစ္စည်းကို အသုံးပြုပါရှင်”

ဆိုပြီး လက်ထဲကို ထိုးထည့် ပေးလိုက်သည်။ ထိုသူက လိုက်လိုက်လျောလျောနှင့် …

“ကံစမ်းမဲ ပါသလား ညီမ”
“ပါ ပါတယ်ရှင်၊ ဒီမှာ ဦးထုပ်နဲ့ တီရှပ်ပါ”

အလုပ်ကိစ္စ ဆိုတော့ စုလှိုင် မပျင်းတော့။ ဖျက်ခနဲ ထရပ်မိချိန်မှာ တစ်ဖက်စားပွဲက ကိုရေခဲလည်း ထလာသည်။ ထိုသူက အရက်ဝိုင်းဘက်သို့ လှည့်၍-

“ဟေ့ ... ကိုလတ်။ ဒီမှာ ငါ စိတ်ကူးတစ်ခုရလို့ ဒီကိုလာဟေ့”

ဟု လှမ်းခေါ်သည်။

“ဘာလဲကွ၊ ဘာလဲ” ဟု မေးသံ၊ ဒယီးဒယိုင် လျှောက်လာသော ခြေလှမ်းများနှင့် တစ်ပါတည်း ပါလာသော ချဉ်စူးစူး အနံ့ကြောင့် စုလှိုင် မသက်မသာ ဖြစ်နေစဉ် အရက်သမားက အနားရောက်လာသည်။ အမယ်လေး သူ့နောက်မှာ တစ်ဝိုင်းလုံး ထလာကြသည်။

“ဒီကုန်ပစ္စည်းကို ဝယ်ရင် ကံစမ်းမဲ နှိုက်ရမှာ။ တီရှပ်နဲ့ ဦးထုပ် ရမှာတဲ့ကွ”
“ဘာလဲ ဦးထုပ် ဟုတ်လား။ ဦးထုပ် ၊ ဦးထုပ် ဆိုရင် ငါ့သားက သိပ်ကြိုက်တာကွ”
“အေး … မင်း နှိုက်”
“ဟင် … ဘာလို့ နှိုက်ရမှာလဲ”
“ဒီလိုလေ ငါတို့လည်း နားငြီးလှပြီ။ ဦးထုပ်ပေါက်ရင် မင်းသားက မင်းကို ချစ်လို့။ တီရှပ်ပေါက်ရင် မအေးက မင်းကို ချစ်လို့”
“မချစ်ဘူး။ မချစ်ဘူး။ အေးက ငါ့ကို မချစ်ဘူး”

အရက်သမားက မမျှော်လင့်ဘဲ ဟီးတိုက် ငိုချလိုက်လို့ သူတို့အုပ်စု တစ်ခုလုံး အလုပ်ရှုပ်သွားကြသည်။ စုလှိုင်ခမျာ စိတ်ညစ်လှပြီ။ စားသောက်ဆိုင် နံရံက နာရီကို လှမ်းကြည့်မိတော့ ကိုးနာရီ ထိုးတော့မှာမို့ တီရှပ်က တစ်မဲတည်း ပါ၍ ပေါက်ရန် အလွန်ခက်ခဲတာ သတိရမိသည်။ စိတ်ချဉ်ချဉ် ရှိသည်နှင့် ဒီအရက်သမားကြီး မပေါက်ပါစေနဲ့တော်ဟု စိတ်ထဲက ဆုတောင်းမိသည်။

“နှိုက် …. နှိုက်”

ဆိုသည့် အသံတွေ ပြန်ပေါ်လာပြီး အရက်သမားက ကြုံရာမဲလိပ် တစ်လိပ်ကို နှိုက်ပြီး အနီးဆုံး စုလှိုင် လက်ထဲကို ထည့်လိုက်သည်။ စုလှိုင် မြန်မြန် ဖွင့်ကြည့်လိုက်ပြီး ပါးစပ် အဟောင်းသား ဟသွားသည်။ ကိုရေခဲက-

“စုလှိုင် ဘာပေါက်မဲလဲ ပေးစမ်း”

ဆိုပြီး ကံစမ်းမဲလိပ် ကလေးကို စုလှိုင် လက်ထဲက ဆွဲယူလိုက်ပြီး ဖြန့်ကြည့်လိုက်သည်။

“အံ့ဩစရာပါပဲ ခင်ဗျာ။ လူကြီးမင်းရဲ့ ကံစမ်းမဲက ဒီနေ့အဖို့ ပထမဆုံး တီရှပ်ကို ပေါက်သွားပါပြီ”

ဆိုပြီး မဲလိပ်ကို စုလှိုင်လက်ထဲ ထိုးထည့်လိုက်သည်။

“ဆရာ” ဆိုသည့် စုလှိုင် အသံ တိုးတိုးလေးက နစ်မြုပ်သွားသည်။ အော်ကြသည့် အထဲတွင် ဝိုင်းမှလူတွေတင်မက စားပွဲထိုး ကောင်လေးတွေရော၊ လွင်လွင်နှင့် သက်မာပါ ပါနေတာကို စုလှိုင် မျက်လုံး အဝိုင်းသားနှင့် ကြည့်နေရသည်။ ဆရာ ကိုရေခဲက ပုံးထဲက တီရှပ်ကို အရက်သမားကြီးကို ပေးလိုက်တာ။

“အေးက ငါ့ကို ချစ်နေတာပါလား။ ကံစမ်းမဲက သက်သေပဲ ကြည့်စမ်း၊ ဒါကို ငါ ဘာလို့ အရင်က မသိရတာလဲ”

ဆိုပြီး အရက်သမားကြီး တုန်တုန်ယင်ယင် ဖြစ်နေတာ။

သူ့အဖော်တွေက အိမ်ပြန် … အိမ်ပြန်၊ အေးဆီပြန် ဆိုပြီး တွန်းလွှတ်လို့ တီရှပ်ကလေးကို အမြတ်တနိုး ရင်မှာပိုက်ပြီး ဆိုင်ကယ်ကို မိုးရွာထဲမှာ စီးထွက်သွားတာ။

အဲဒါတွေ အားလုံးကို စုလှိုင် ကြက်သေသေပြီး ငေးမောကြည့်နေမိသည်။ အရက်ဝိုင်းလည်း လူစုကွဲပြီး ပြန်ကြပြီ။ စုလှိုင်တို့ကို ကိုးနာရီထိုးတော့ ကားလာကြို၍ လွင်လွင်တို့၊ သက်မာတို့ ကုန်ပစ္စည်းပုံးတွေ သယ်ပြီး ကားဆီ လျှောက်သွားကြသည် အထိ စုလှိုင် ငိုင်နေဆဲ။ မဲလိပ်ကလေးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားဆဲ။ ဆရာ ကိုရေခဲကို စုလှိုင် အဓိပ္ပါယ်ပါပါ စိုက်ကြည့်တော့ ဆရာက သက်ပြင်းချသည်။

“ဒီလို ပြဿနာမျိုးနဲ့ ဆရာ့ အဖေနဲ့ အမေ ကွဲခဲ့ကြတာ၊ ဆရာက မိဘမဲ့ ဘဝနဲ့ အဒေါ်နဲ့ ကြီးရတယ်။ ကနေ့ ဟို အရက်သမားကြီးရဲ့ သားကလေးကို စာနာစိတ်နဲ့ ဆရာ ကောင်းမှုတစ်ခု ပြုလိုက်တာပါကွာ”

ဆရာ ကိုရေခဲ ရှေ့မှ ထွက်သွားတော့ စုလှိုင် နောက်မှ လိုက်လာပြီး ကားပေါ်တက်ခါနီး အခုထိလက်ထဲမှာ ဆုပ်ကိုင်ထားဆဲ ဖြစ်သည့် ဗလာ ကံစမ်းမဲ စာရွက်ကလေးကို မိုးရေစီးကြောင်းထဲမှာ မျောပါသွားစေရန် သေသေချာချာ လုံးခြေလွှင့်ပစ် လိုက်ပါတော့သည်။



ယဉ်ယဉ်နု (မန္တလေး)
ရုပ်ရှင် အမြုတေ၊ ဇွန်၊ ၂၀၀၇။

Credit*-မြန်မာဝတ္ထုတိုများ

No comments: